မိုးပန်းချီ ခရီးသွားနေသည်း)
ဟုတ်ကဲ့။ ကျွန်မ ခရီးသွားနေပါတယ်။ မနက်ဖြန်မနက်အစောကြီး ခရီးမထွက်ခင်လေး ဒီစာကိုရေးခဲ့ခြင်းပါ။
ပြန်မလာခဲ့ရင်လည်း မျှော်မနေကြပါနဲ့ (ဒီလိုပဲ ကြီးကြီးကျယ်ကျယ် ပြောရတာပဲး)) ပြီးခဲ့တဲ့လမှာတင်ပဲ
အင်ဒိုနီးရှားကို နှစ်ခေါက်နှစ်ရားတိတိ အရောက်သွားခဲ့ပါတယ် (ကာရန် အတင်းညှိထားရတာ)။
အိမ်ကလူကြောင့်ပေါ့။ သူကအင်ဒိုနီးရှားက resorts တွေကိုသိပ်ကြိုက်သလားတော့မသိပါဘူး။
အဲဒီရောက်တော့ ကျွန်မဖြင့် သူကြိုက်တဲ့ flying fox activity ကြီးမလုပ်ရဲလို့
အားရင် ရေကူးကန်ထဲပဲ ဝင်ဝင်စိမ်တော့တာ။ တစ်ချီမှာတော့ငြင်းမရခဲ့ဘူး။ သူအတင်းဆွဲခေါ်နေတာကြောင့်
မီဒီယာတွေဝိုင်းအုံလာမှာစိုးတာနဲ့ သူခေါ်ရာကို အသာတကြည် ယက်ကန်ယက်ကန်နဲ့ ပါသွားရတယ်
:D ကျွန်မက အမြင့်ကြောက်တတ်တဲ့ ဖိုဘီးယားရှိတယ်။ flying fox စီးဖူးတဲ့သူတွေ သိမှာပါ။
တစ်ကိုယ်လုံးကို ကြိုးနဲ့တုပ်ထား၊ ဟဲလ်မတ်စောင်းထား၊ ကိုယ်ပေါ်ကကြိုးကို ကောင်းကင်မှာ
ဟိုဖက် နဲ့ ဒီဖက်ထိပ် မီတာ ၁၂၀ အတွင်းသွယ်တန်းထားတဲ့ကြိုးနဲ့ ချိတ်ဆက်လို့ ဝေဟင်မှာ
လေအလျင်စီးရတာပါ။ တစ်နည်းပြောရရင် ကောင်းကင်မှာ ထုတ်တန်း တန်းပြီး ပုခက်အကြီးစားစီးရတာနဲ့တောင်
တူနေသေးတော့တယ်။ သူများတွေတော့မသိပါဘူး ကျွန်မတော့ တစ်ခါစီးပြီးတာနဲ့ ရင်ထဲမှာ ကတုန်ကယင်
ဒိန်းတပ်တပ်ကြီးဖြစ်လို့ နေရတာမကောင်းဘူး။
Banana boat လဲစီးခဲ့တယ်။ အဲဒါစီးရတာတော့ တကယ်ပျော်စရာကောင်းတယ်။ Banana
boat ကို speed boat ကကြိုးနဲ့ဆွဲပြီး မောင်းရတာဆိုတော့ ရှေ့က speed boat မတော်တဆ စက်ရပ်သွားတာ
ဒါမှမဟုတ် ဆက်ထားတဲ့ကြိုးပြတ်ကျန်ခဲ့တာဆိုရင် ရေလယ်မှာ ကြွေတယ် ဖြစ်သွားနိုင်တဲ့ကိန်း
(နောက်ထပ်ကယ်မယ့် Boat တစ်ခုခုမလာခင်အချိန်ထိပေါ့) ကိုယ်ပေါ်မှာ safety jacket တွေဝတ်ထားရတယ်ဆိုပေမယ့်
တကယ်တော့ အဲဒါစီးရတာလဲ ရင်တထိတ်ထိတ်ပဲ။ ဘာလို့ဆို ပြန်ခါနီးအချိန်နဲ့ကွက်တိတိုက်ပြီး
စီးရတာဆိုတော့ တစ်ခုခုမမှားရအောင် ဘုရားတပြီး စီးခဲ့ရတာ။
လိုအပ်ရင်ထုတ်သုံးဖို့ သေနတ်ပစ်ပါ လေ့ကျင့်ခဲ့တယ်း)) သိတယ်မဟုတ်လား ပေါက် နဲ့
ကျေး၊ ပေါက် နဲ့ ကျေး….။ မနက်ဖြန်သွားမယ့်ခရီးက မလေးရှားမှာရှိတဲ့ Sibu Island ဆိုတဲ့ကျွန်းကလေးကိုပါ။
ခရီးတွေသွားနေလို့၊ အလုပ်တွေရှုပ်နေလို့ စာမရေးဖြစ်တာပါလို့ အကြောင်းမပြချင်တော့ပါဘူး။
စာမရေးဖြစ်တာကြာဆို စိတ်ဓါတ်အကြီးအကျယ်ကျနေလို့။ စိတ်ဓါတ်အကြီးအကျယ်ကျဆို ကိုယ်ရေးထားတဲ့စာတွေ
ကိုယ့်ဘာသာပြန်ဖတ်ရင်း အားမရဖြစ်လို့။ အားမရဖြစ်ဆို စာကမရေးတာကြာ။ စာမရေးတာကြာဆို…..
း)) သံသရာလည်နေပြီ။ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်ရော့မယ်။ မပြောတော့ပါဘူးရှင်။
စကားမပြောရတာကြာလို့ စကားစမြည်လေးပြောကြည့်တာပါ။
ဘာပဲဖြစ်ဖြစ် မနက်ဖြန် ကျွန်မခရီးသွားပါဦးမယ်း)
သီချင်းလေးတွေကို အတူတူဆိုရအောင်
ငယ်တုန်းကသာ ဘာဖြစ်ချင်သလဲလို့ မေးဖူးခဲ့ကြရင် အဆိုတော်လို့သေချာပေါက်ပြောမှာ။
ကျွန်မ သီချင်းဆိုတာ ဝါသနာပါတယ်။ ဆိုတော့…ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား အော်ဟစ်ပြီးတော့ကိုဆိုတာ
ရှက်ရကောင်းမှန်းလဲမသိဘူး ငယ်သေးတာကိုး..လေ နော့း)) အဖွားကဆို ..ဟမ်မလေး တော်စမ်းပါအေ..ညည်းအသံဟာ
နေထက်ပူပြင်းပါသတဲ့ :D
စဉ်းစားတာသာကြည့်ပါတော့ နားသောတဆင်သူများ နွေရာသီခေါင်ခေါင်ကြီး
ဆောင်းအိပ်မက်တွေဘာတွေ မက်နိုင်တဲ့အသံပိုင်ရှင်မျိုး။ ဘယ်လောက် အသံ၏ကောင်းခြင်းနဲ့ပြည့်စုံတဲ့
အဆို..တော် လဲဆိုတာ။
ကျွန်မကိုအားပေးတာဆိုလို့ ဘေးကပ်ရပ်အိမ်က ဦးလေးကြီးနဲ့ အန်တီကြီးတို့
စုံတွဲ။ သူတို့ကလည်း အိမ်ချင်းကပ်ရပ်ဆိုတော့ ရှောင်ပြေးလို့မရလို့နေမှာပါ။ ခုများတော့
အဆိုတော်ဖြစ်ချင်သေးလားလို့ လာမေးတဲ့သူရှိရင် မဖြစ်ချင်တော့ပါဘူးလို့ ဖြေရမှာပါပဲ။
လူကလဲ မကြီးမငယ်၊ ကျန်းမာရေးကလည်းမကောင်း ဆိုတော့ ဖြစ်နိုင်တာထက် ဖြစ်သင့်တာဦးစားပေးရတော့မှာ။
ဒုတိယအရွယ်၏ စတုတ္ထဝေဒနာ မဖြစ်ချင်တော့ပါဘူး :D ဒါပေမယ့် တတ်သည့်ပညာ မနေသာ ဆိုတော့ကာ…
♪သီချင်းလေးတွေကို အတူတူဆိုရအောင်…မေရယ့် မောင်ရယ် သံပြိုင်ဆိုကြမယ်
း)) ♫ သင်္ကြန်မိုး ရုပ်ရှင်ကားကြီးထဲက ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ ဒီသီချင်းလေးကို တော်တော်များများ ကြိုက်ကြမယ်ထင်တယ်။
♪ ကမ္ဘာမကြေ၊ မြန်မာပြည်.. တို့ဘိုးဘွားအမွေအနှစ်မို့
ချစ်မြတ်နိုးပေ…. ♫ ဒီသီချင်းဆိုရင် အသက်ရှုမဝဘူး။
နောက်တစ်ပုဒ်ပြောင်း…. ♪ I am sexy …and ..I know it ♪ :D… ဒါလေး မဆိုးဘူး…ကိုယ့်ကိုကိုယ် အားပေးအားမြှောက် လုပ်တဲ့သီချင်းမျိုး။ လူကနည်းနည်းဝလာတယ်ဆိုတော့
ဒီသီချင်းမျိုး ခဏခဏဆိုသင့်တယ်း))
♪ ကမ္ဘာမကြေ၊ မြန်မာပြည်.. တို့ဘိုးဘွားအမွေအနှစ်မို့
ချစ်မြတ်နိုးပေ…. ♫ ဆိုမိပြန်ပြီ ။ ခက်တယ်။
♪ ဟေ့..သူငယ်မရာ ချောလို့၊ ဝလို့၊ လှလို့ပါ..အို တကယ်ပဲဗျာ
အသားကလေး ဝင်းဝါဝါ ♪ ...အမှန်တကယ်က အသားကလေး ဝင်းပြာပြာလို့ ပြောင်းဆိုရမှာ။ ကျွန်မအသားက ညိုပြာမှောင်ကလေးဆိုတော့။
ကြော်ငြာ သီချင်းတစ်ပုဒ်ဆိုပေမယ့် ကိုယ့်ကိုကိုယ် အမှန်မြင်စေတဲ့သီချင်း။ ဝတယ်ဆိုပေမယ့်
လှရုံလေးဝတား))
♪ ကမ္ဘာမကြေ၊ မြန်မာပြည်.. တို့ဘိုးဘွားအမွေအနှစ်မို့
ချစ်မြတ်နိုးပေ…. ♫ …မဖြစ်ဘူး။ ဒီခေါင်းစဉ်ကို မြန်မြန်လေးပိတ်မှရတော့မယ်…ကဲ အပိတ်သီချင်း ကျွန်မနဲ့အတူတူဆိုရအောင်။
♪ မြနန္ဒာ…နေညိုညို..ရစ်ကာသမ်းတော့…ရွှေမန်းတောင်ရိပ်..တူတူခိုမယ် ပျိုဖြူမေရယ်♪… ရိုးရာကြီးကိုဖြစ်လို့။ အင်း နောက်ဆုံးတော့လည်း ဒီဘူတာပဲဆိုက်တာပဲ။ နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း
ပွဲပြီးအပိတ်သီချင်းက မပြောင်းဘူး။ ခက်တယ်။ တစ်ခါလာလည်း မဲပြာပုဆိုးတွေ မဆိုပါရစေနဲ့တော့…
ဘာပဲဖြစ်ဖြစ် ဝါသနာတူမိတ်ဆွေဘလော့ဂ်ဂါများနဲ့ ဆုံဖို့အကြောင်းပါခဲ့ရင် သီချင်းတူတူဆိုချင်ပါသေးတယ်
း)
တစ်ဆောင်းသစ်ပြန်ပြီ…
နှစ်တစ်နှစ်ရဲ့အချိန်ဆိုတာများ ကုန်လွယ်လိုက်တာ၊ ရုတ်တရက် လွင့်ကြွေသွားတဲ့ သစ်ရွက်ခြောက်တစ်ရွက်ရဲ့
သစ်ပင်နဲ့ မြေပြင်ကြားက လေဟုန်စီးလိုက်ရတဲ့ ကာလတစ်ခုလောက်သာပဲ။ တကယ့်ကိုဖြုတ်ကနဲ။ မနှစ်က
ဒီလိုအချိန်မှာ တွဲလက်များအကြောင်းရေးခဲ့တာ မနေ့ကလိုပါပဲ။ စာချုပ်အရ ကျွန်မတို့ရဲ့နှစ်ပတ်လည်နေ့က
မနက်ဖြန်ဆိုရောက်တော့မှာ။ ဒီအကြောင်းကို သက်သက်ပို့စ်တစ်ပုဒ်အနေနဲ့မရေးတော့ပါဘူး။ ဒီလိုလေး စကားစမြည်ပြောရင်းနဲ့ပဲ
ပြောလိုက်တာ ကောင်းပါတယ်..နော်း) နှစ်ပတ်လည်တိုင်း အိမ်ကလူက ထူးထူးခြားခြားဖြစ်အောင် လုပ်တတ်တယ်။
ကျွန်မကတော့ သိပ်စိတ်မဝင်စားတတ်လို့ အေးစက်တဲ့နှလုံးသားပိုင်ရှင်တဲ့…ဖြစ်ရတယ်း)) ဒါပေမယ့်
သူ့ကိုကျေးဇူးတင်ရပါမယ်။ ဘာလို့ဆို ခုချိန်ထိတိုင် ကျွန်မအပေါ်ကို တာဝန်ကျေပွန်ဆဲ၊ သစ္စာထားနေဆဲ
သူတစ်ယောက်ဖြစ်ပေးနေလို့ပါ။ တစ်ကယ်တမ်းက သူနဲ့ကျွန်မမှာ အသွင်မတူတာတွေအများကြီး၊ တစ်ခြားစုံတွဲတွေလို
အဆင်မပြောတာတွေ၊ ရန်ဖြစ်ရတာတွေ၊ စိတ်ဆိုးရတာတွေ၊ စိတ်သဘောထားချင်း မတိုက်မဆိုင်ဖြစ်ရတဲ့အချိန်တွေလဲ
အများကြီးရယ်။ ဒါပေမယ့် ဟိုသီချင်းထဲကလို xxxx သူပြန်ချော့လာတော့လည်း ပျော့ရတော့တာပါပဲကွယ်
xxx ဆိုတာလိုပေါ့လေး)) ဘဝဆိုတာ တိုက်ပွဲလို့ကြားဖူးလေ့ရှိတဲ့စကားကို ငယ်တုန်းက သိပ်မခံစားရဘူး။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တဲ့ အချိန်ကျမှ တည့်တည့်ကြီးကို တိုးတာပါပဲ။
ဘာသာတူ အိမ်ထောင်ဖက်တွေတောင်မှ လျှာနဲ့သွားလို ကိုက်မိကြသေးတာ ကျွန်မတို့က ပိုဆိုးတာပေါ့။
အယူဝါဒ နဲ့ ဘာသာစကားချင်း သွေဖည်ကြလေတော့ အဆင်မပြေမှုတွေအတော်များပါတယ်။ အဲဒီအဆင်မပြေမှုတွေကြားမှာပဲ
မပြောင်းမလဲ အဆင်ပြေနေသေးတာလေးတစ်ခု တည်းတည်းလေးကျန်နေသေးတယ်။ အဲဒါက အနေကြာလာတာနဲ့အမျှ
ရစ်တွယ်ခိုင်မာလာတဲ့ သံယောဇဉ်ကြိုးတစ်ချောင်းပါပဲ။ သက်တမျှလေးက ကျွန်မတို့နှစ်ယောက်ရဲ့ကြားက
ကြိုးကိုပိုခိုင်မာလာစေတဲ့ ဆက်ကြိုးကလေးပေါ့။
ပန်းစည်းလေးတစ်စည်း၊ ကဒ်ကလေးတစ်ကဒ် အပြင် မွေးပွအရုပ်ကလေးတစ်ရုပ်၊
ရေမွှေးတစ်ပုလင်း၊ မနှစ်ကသူဝယ်ပေးထားတဲ့ ဆွဲကြိုးလေးပျောက်သွားလို့ အစားပြန်ဝယ်ပေးထားတာလေးရယ်၊
ခရီးတိုလေးတစ်ခုရယ်၊ အဲဒါတွေကတော့ နှစ်တိုင်းလို မပျက်မကွက် သူပေးနေကျဖြစ်တဲ့ လက်ဆောင်လေးတွေပါပဲ။ ကျွန်မပေးတဲ့လက်ဆောင်ကိုတော့
သူကလက်ခံပေမယ့်အမြဲလိုလို ပြစ်တင်စကားဆိုခံရပါတယ်။ ကျွန်မလက်ဆောင်တွေက ရိုမန်တစ်မဆန်လို့ပါတဲ့
းD သူဝယ်ချင်တာဝယ်ရအောင် ဘဏ်အကောင့်ထဲပိုက်ဆံလွှဲပေးလိုက်ပြီး greetings ကဒ်တစ်ကဒ်ကို ဖြစ်သလိုလက်ဆောင်ပေးလိုက်လို့ပါပဲ။
ပြောတော့လဲခံရတာပါပဲ ကျွန်မကမှ အဲသလိုတွေမလုပ်တတ်ပဲလေ..ဒီလိုလူမျိုးမှန်း သူသိရက်နဲ့
စာချုပ်ချုပ်လိုက်တာကိုးး) နောက်မှ သူနဲ့ကျွန်မရဲ့ တိုက်ပွဲခေါ်သံတွေအကြောင်း ရင်ဖွင့်ရဦးမယ်.. မရယ်ကြေးနော်
း))
ဘာပဲဖြစ်ဖြစ် ရထားတဲ့လက်ဆောင်တွေ အချိန်ရရင် FB မှာလာကြွားပါမယ်။ ဇွတ်းD
Will put an end here this talk show with MoePanChi ;)
***
ခုတလောဘာစာရေးရေး လေးနက်မှုမရှိတဲ့ ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်ရတယ်။
စာကောင်းလေးတွေ ရေးဖြစ်အောင် ကြိုးစားပါဦးမယ်။
အားလုံးပဲ ပျော်ရွှင်စရာ weekend ပါရှင်။
မေတ္တာအားဖြင့်
မိုးပန်းချီ