Wednesday, December 21, 2011

အို…..ဒီဇင်ဘာ…



ဒီဇင်ဘာ နဲ့ နှင်းဟာ ကိုယ်သတိမမူလိုက်မိခင်လေးမှာပဲ ကိုယ့်ဘဝထဲ တစ်ဆတစ်ဆ တိုးဝင်လာတယ်။ ဖန်တရာတေအောင်ဖတ်ဖူး၊ ကြားနာဖူးထားပြီးသား  ဒီဇင်ဘာ နဲ့ နှင်း အကြောင်းကတော့ ပုံသေကားကျသီအိုရီ တစ်ခုထဲကမထွက်ပေမယ့် မရိုးနိုင်တဲ့ ခေတ်ဟောင်းသီချင်းတစ်ပုဒ်လို ကာရန်တွေ၊ စာသားတွေချိုမြနေပြီး၊ ကိုယ်ဖတ်နေကျ စာအုပ်အဟောင်းအနွမ်းတစ်အုပ်လို ဘယ်အချိန်ထိကိုင်မိပါစေ ဟောင်းပေမယ့် ရနံ့တစ်ခုသင်းပျံ့နေဆဲ….။ သိလိုက်တဲ့အချိန်မှာတော့ ဒီဇင်ဘာဟာ အေးခဲပြီး နှင်းမှုန်လေးတွေက ဖြူလွနေကြတယ်ဆိုတာပဲ။ 

ဟိုးအရင်အချိန်တွေကို ပြန်တွေးကြည့်မိတဲ့အခါ ဒီဇင်ဘာဟာ ကိုယ်နဲ့ သူစိမ်းပြင်ပြင် ရှိနေခဲ့တဲ့ အကြောင်းကိုလည်း သတိရတတ်ရင် အမှတ်တရပဲ မဟုတ်လား။ ဒီဇင်ဘာဟာ ဘာကြောင့်အေးခဲနေပြီး၊ နှင်းတွေဟာဘာကြောင့် ဖြူဖွေးနုလွ နေရသလဲဆိုတာတော့ ယောင်လို့တောင်မတွေးမိခဲ့။ အချိန်တစ်ခုခုရောက်ပြီဆိုရင် ကောင်းကင်ဟာ စောစောညိုမှိုင်းတတ်ပြီး၊ တိမ်တွေနေစရာမရှိတာ၊ ငှက်တွေစောစောအိပ်တန်းတက်ကြတာ၊ ကိုယ်အိပ်တဲ့အိပ်ယာတွေ အေးစက်နေတတ်ခဲ့တာ၊ နှင်းအိပ်မက်မဟုတ်ပဲ ဆောင်းအိပ်မက်ဆိုတာတွေ မက်တတ်ခဲ့တာ၊ သည်အရာတွေဟာ ဒီဇင်ဘာဆိုရင် ကိုယ်ဘာမှမပြောလိုတော့ဘူး..။ ဒါဆိုရင် အဲဒီ ဒီဇင်ဘာဆိုတာဟာ ကိုယ်မသိလိုက်ပဲ ရင်းနှီးကျွမ်းဝင်နေခဲ့တဲ့ သူစိမ်းပြင်ပြင်ပေါ့…..။ ဒါဆိုရင် ကိုယ်တိုင်ရင်းနှီးကျွမ်းဝင်အောင်တော့ အားမထုတ်ခဲ့ရပါပဲ...ကိုယ့်ဆီကို ဒီဇင်ဘာက ခြေသံခပ်ဖွဖွ၊ ခပ်လုံလုံကလေးနဲ့ချည်းနင်းဝင်ရောက်နေခဲ့တာပေါ့…။ ဒါဆိုရင် ဒီဇင်ဘာကိုယ်တိုင်က ကိုယ့်ကို ခံစားတတ်အောင် စေညွှန်းသူပေါ့…။ ဒီလိုတော့လည်း မဟုတ်သေးပါဘူး..။ 

အို…ဒါလေးလောက်နဲ့တော့ ဒီဇင်ဘာဟာ ရင်ခုန်စရာမကောင်းပြန်ပါဘူးလေ။ သူ့ဘာသာအေးခဲတာ၊ သူ့ဘာသာနှင်းကျတာ၊ သူ့ဘာသာ မီးပွင့်ရောင်စုံတွေကို စီခြယ်စေခဲ့တာ၊ သူ့ဘာသာပွဲလမ်းသဘင်တွေ ဆင်ယင်ပြီး လူတွေရဲ့စိတ်ကိုညှို့ယူ ဆွဲငင်နေတာ…ကိုယ်နဲ့ဘာဆိုင်သလဲ..? တစ်ချိန်တုန်းကတော့  ပြတင်းတံခါး ခပ်စေ့စေ့ပိတ်ထားတာတောင် ချမ်းစိမ့်နေသေးတဲ့ခံစားချက်ကို သတိရနေမိတယ်။ အပြင်ကဂီတသံတစ်ချို့ ကိုယ့်အခန်းထဲကို ဇွတ်တိုးဝင်ဖို့ကြိုးစားနေခဲ့ကြတယ်။ ဆူညံသံတွေမဟုတ်တဲ့ သာယာငြိမ့်ညောင်းတဲ့အသံမျိုးပေမယ့် ကိုယ့်ကိုနည်းနည်းမှ သွေးဆောင်ဖျားယောင်းမနေခဲ့ဘူး….။ တံခါးတွေစေ့ပိတ်ထားတာတောင် အပြင်ကမီးရောင်လဲ့လဲ့တစ်ချို့နဲ့ ဂီတသံသဲ့သဲ့ တစ်ချို့ကကိုယ့်အိပ်ခန်းကို အတင်းအဓမ္မ တန်ဆာဆင်နေခဲ့ကြတယ်။ 

Saturday, December 10, 2011

တွဲလက်များ...

တွဲလက်များ….။

တွဲလက်များဆို..ဟိုသွားသတိရတယ်…။ သီချင်းလေးတစ်ပုဒ်ပါ…။ ထူးအယ်လင်း နဲ့ မီးမီးခဲ ဆိုထားတာပေါ့..။

ဘဝအချိန်ခဏလေး…ရှင်သန်ခွင့်ရ..တို့ဘဝတစ်သက်တာ…အပေါင်းအသင်းတွေကြား….မင်းနဲ့တို့ဟာ ကြင်နာစွာ….
အချစ်လိုအင်တိုင်း….လိုအပ်တိုင်းပဲ…မင်းအနားရှိမှာ….
မပြောင်းလဲပါဘူး….မင်းအတွက်ကိုယ့်မှာ ကြည်ဖြူစွာ….

အားငယ်ချိန်တိုင်း…အနားမှာအစဉ်အားပေးခဲ့တာ…မင်းရဲ့အပြုံးတွေပဲ…ချစ်စရာ ဒီအပြုံးလေး….။
အပြုံးလေးများနဲ့ တို့ဘဝကို ဖန်တီးဆေးခြယ်…ရင်ဆိုင်မယ် အဆိုးဆုံးကြုံလဲ…
အကောင်းဆုံးနေ့များ မျှဝေလို့ တို့ခံစားကြမယ်…
ယုံကြည်ထားတယ်…ခိုင်မာသော….တွဲလက်များ…ရယ်….

သီချင်းတော့သိပ်မရတော့ဘူး…တမင်ကိုမေ့ထားတာ။ နာမည်ကြီးမင်္ဂလာပွဲတစ်ခုမှာ သုံးထားတာကြောင့်လည်းပါတယ်။ ဘာမှတော့မဆိုင်ဘူး..။ ကိုယ့်ဘာသာ နှလုံးသားကလက်မခံတော့တာပါပဲ..း)) စာသားလေးတွေက ဘယ်အချိန်နားထောင်ထောင်၊ ဘယ်အချိန်ကြားလိုက် ကြားလိုက်…တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ကြည်နူးစရာ၊ သတိရစရာတွေပြည့်လို့။ မတိုက်ဆိုင်တဲ့ သူတွေအတွက်တော့ ခဲနဲ့ထုချင်စရာ..။ ကျွန်မကတော့ တိုက်ဆိုင်မှုမရှိတဲ့အချိန်နဲ့ကြုံလာရင် ခဲနဲ့တော့မထုပါဘူး..နားမထောင်ပဲနေလိုက်တာပေါ့..။

ဒါပေမယ့်..အရေးကြုံလို့ ရေးစရာရှိလာတော့လည်း…အဲဒိတွဲလက်များကို ခဏလောက်တော့ ခလုတ်တိုက်ချင်ပါတယ်ရှင့်။ အဲဒိ တွဲလက်များအကြောင်းပဲ နည်းနည်းပြောပြချင်လာပါတယ်။ ဘာရယ်လည်းမဟုတ်ပါဘူး…။

Monday, December 5, 2011

ဝိရောဓိ သေတ္တာတစ်လုံး…

                                                                               ဘယ်သူမှမမြင်ရတဲ့…ဟိုးအတွင်းဘက်နားမှာ သေတ္တာတစ်လုံး..
 
ပထမ…
ပင့်သက်တစ်ချို့…သိမ်းကြုံးလို့ထည့်..
ခပ်ပြုံးပြုံးပါပဲ…။

ဒုတိယ…
အလိုမကျမှုတွေ…အပြည့်အသိပ်သိမ်း…
ခပ်စိမ်းစိမ်းနေတော့မယ်…။

တတိယ…
ဝမ်းနည်းတာတွေ…ထိုးသိပ်သွတ်သွင်း…
ခပ်ရှင်းရှင်းလေးနေချင်တယ်…။


စတုတ္ထ…
ကျမျက်ရည်တွေ…သေချာထုပ်ပိုး…
ခပ်ရိုးရိုးကလေးပါပဲ…။

ပဉ္စမ…
ခေါက်ရိုးကျိုးကျိုး…အလွမ်းတစ်ချို့…
အင်း……ခပ်တိုးတိုးကလေးတော့..လွမ်းမောချင်သေးတယ်…။

ကဲ…
ဖြစ်ချင်ရာဖြစ်…သေတ္တာရဲ့အပြင်ဖက်က…
သော့ခတ်ဖို့လိုလာပြီဆို…
မလျော့မတင်းတော့…ဖြစ်ပါစေ…။
နောက်ထပ် နှောင်ကြိုးတွေရစ်ပတ် မလာခင်ကလေး…
နောက်ထပ် လှည့်ဖျားသွေးဆောင် မခံရခင်ကလေး…
နောက်ထပ်…အလွမ်းတွေသံစဉ်ဖွဲ့မလာခင်ကလေး…

နောက်ထပ်…………………………………….
နောက်ထပ်………………………………………………..
နောက်ထပ်………………………………………………………………..။

xဝ xဝ xဝ xဝ xဝ xဝ xဝ xဝ xဝ
း) ဇို  ဇို  ဇို  ဇို  ဇို  ဇို  ဇို  ဇို  ဇို  ဇိုး)


Monday blue ကြောင့်ပဲထင်ပါတယ်။ ထွက်ကျလာတာတွေကလည်း ပြာတာတာ နှမ်းတမ်းတမ်းတွေ။ ခုတစ်လော..ဘာမှန်းမသိပါပဲ…အဲဒါတွေနဲ့အချိန်ကုန်နေတယ်…း) မရည်ရွယ်ပါပဲ လွမ်းမောစရာတွေ ကူးစက်ခံလိုက်ရတယ်ဆိုရင်တော့ အဲဒီသေတ္တာထဲသာ ထိုးသိပ်ပြီးပြန်ထည့်ခဲ့ပါ…းP ပျော်ပျော်ရွှင်ရွှင်ကလေးဖြစ်သွားရအောင်း))…။

ရက်သတ္တပတ်ရဲ့ အစမှာ အားလုံးပျော်ရွှင်ငြိမ်းချမ်းကြပါစေရှင်…။

မေတ္တာမွန်ဖြင့်…
မိုးပန်းချီ 

Sunday, November 27, 2011

ခြေရာမဲ့မိုးတိမ်…(ဇာတ်သိမ်း)

                                                              “ညို……….ညို…ဟေး..ညို…ဟောဗျာ….ငိုနေသလား…ကျ..ကျွန်တော်ဘာလုပ်ပေးရမလဲ….…”
 
တစ်ဖြည်းဖြည်းနှင့် ကျယ်လောင်လာသော ညို့ရှိုက်သံမှာ ကျွန်တော့် နှလုံးသား၊..ဦးဏှောက်နှင့် တစ်ကိုယ်လုံးကိုပင် ပျာယာခတ်စေသည်။ တစ်ကိုယ်လုံး တစ်သိမ့်သိမ့် လှုပ်ရှားလောက်အောင် ညိုငိုနေပြီ။ ညို့ကိုအလိုက်သင့် ကျွန်တော့်ပုခုံးပေါ်မှာ မီစေရမလား…ရင်ခွင်မှာထားပြီး ငိုစေရမလား..။ ကျွန်တော်ဘာလုပ်ရမလဲ။ မေးခွန်းပေါင်းများစွာဖြင့် ထိုင်ရာမှထရမလို၊ ရှေ့တိုးလို့ ညို့ကိုနှစ်သိမ့်ရမလိုလို၊ ဦးဏှောက်မှအဖြေမပေါ်ခင်..ညွတ်ခွေလုမတတ် ရှိုက်ငိုနေသော ညိုအား ကျွန်တော့်ရင်ခွင်တွင် မှီစေ၍ နှစ်သိမ့်လိုက်မိလျက်သားဖြစ်နေသည်။ ညိုသည် ကြိုးတစ်ချောင်းကဲ့သို့ ကျွန်တော့်ရင်ခွင်တွင်းသို့ ပျော့ခွေကျလာသည်။  

“အားရအောင်ငိုချလိုက်ပါ ညို….ကျွန်တော့်ကိုရှက်စရာမလိုဘူး….”

သို့သော်ချက်ချင်းဆိုသလို ကျွန်တော့်ငယ်ထိပ်မြွေပေါက်ခံလိုက်ရသလိုပင် ညိုကကျွန်တော့်ရင်ခွင်အားတွန်းဖယ်ကာ အားကုန်ထုနှက်ရက်လေပြီ။

“သွား..သွား….မလာနဲ့…ရှင်ဟာအလကားပဲ…ရှင့်ကိုကျွန်မအလိုမရှိဘူး…။”

တွန်းကန်ရုန်းဖယ်နေသော ညို၏လက်အစုံတို့သည် ကျွန်တော့်အား ညို့အနား မှ ကြောက်လန့်တကြားပင် ဖယ်ခွာစေလေသည်။ ကျွန်တော့်ရင်တွေ အခုန်မြန်လှပြီ..ညိုရယ်..။ ဘယ်လိုအရာကများ ညို့ကိုဒီလောက် ထိခိုက်နေစေရသည်လဲ? ညို၏ ငိုသံတို့စဲသွားသော်လည်း ကျွန်တော့်ရင်ထဲဗလောင်ဆူကာ လှိုင်းတံပိုးထန်နေဆဲ။ ဒီည ညို့ဆီက တစ်ခုခုကြားရမှဖြစ်မည်။ သည်အခြေအနေမျိုးနှင့်တော့ ယနေ့ညသည် ကျွန်တော်နှင့်အတူ သတ်ပုံမှားနေတော့မည်။ 

“ညို….”
“……….”
“ညို….ငိုလို့ဝပြီလား..ကျွန်တော့်ကိုစကားပြောနိုင်ပြီလားဟင်…”
“……….”
“ခွင့်လွှတ်ပါ..ကျွန်မလွန်တာပါ…။”
“ကျွန်တော်လည်း တောင်းပန်ပါတယ်ဗျာ..ဟို..ထူပူပြီး…..”
"နားလည်ပါတယ်။"

Friday, November 18, 2011

ခြေရာမဲ့မိုးတိမ်…(၁)

မနက်စောစောစီးစီး ရောင်နီတောင် ရောက်မလာတတ်သေး၊ အဝေးပြေးကားဂိတ်မှာ ခရီးသည်တွေနဲ့ ပြည့်နှက်လုပြီ။ အုတ်ခုံတစ်ခုပေါ်ထိုင်ရင်း သူငယ်ချင်းလုပ်သူကို မကျေနပ်စွာ တစ်ချက်လှမ်းကြည့်မိသောအခါ ပြုံးစိစိမျက်နှာပေးဖြင့် လှမ်းကြည့်နေပြန်သည်။ ကျွန်တော့်မှာ သူ၏ ဝီရိယကောင်းမှုကြောင့် ဒီကားဂိတ်မှာ မနက်လေးနာရီ မထိုးခင်ကြီး လာထိုင်စောင့်ရသည်မှာ စိတ်မသက်မသာရှိလွန်းလှပြီ။ လက်နှစ်ဖက်နှင့် ဆံပင်ပျော့ပျော့တို့ကိုသာ ထိုးဖွာနေမိသည်။ အရုဏ်ဦးလေပြေကလေးကလည်း အေးအေးစိမ့်စိမ့်နှင့်မို့ အိမ်ပြန်ကွေးချင်စရာ ကောင်းသည်ဟု တွေးနေမိ၏။

ကျိန်းစပ်နေသေးသော မျက်လုံးအစုံကို လက်နှင့်ပွတ်သပ်ပြီး ခေါင်းအမော့တွင် ကျွန်တော့်ရင်ခုန်သံတို့ တစ်ခဏရပ်တန့်လောက်သည့် အရိပ်ကလေးတစ်ခု မလှမ်းမကမ်းလေးမှာ ကျလာသည်။
မဟာဆန်လိုက်တာ..
ခပ်တိုးတိုးရေရွတ်လိုက်သည့် နှုတ်ခမ်းအစုံကို လက်နှင့်ယောင်ယမ်းတို့ထိကာ ပိတ်မိသည်ထင်သည်။ မရမ်းစေ့ရောင် ပန်းခက်နွယ်ကလေးများဖြတ်ပြေးနေသော မီးခိုးရောင်ထမီအနားသတ်တို့ လေပြေမှာ လွင့်မျောလျက်ရှိသည်။ နံနက်ခင်းလေနုအေးထဲတွင် အတောင်ပံဖြန့်နေသော ဆံနွယ်လေးများ၊ ကြယ်သီးတံတပ် ရင်ဖုံးလက်တိုမီးခိုးဖျော့ရောင်၊ ကတ္တီပါဖိနပ်၊ လက်တစ်ဖက်တွင် လက်ကိုင်ပုဝါ အဝါနုရောင် ဆုပ်ကိုင်ထားလျှက်၊ ဝေလီဝေလင်း အလင်းရောင်အောက်မှ သွယ်နွဲ့သော ဟန်ပန်၊ အားလုံး အားလုံး စည်းဝါးကိုက်ထားသကဲ့သို့ပင် လိုက်ဖက်ညီလွန်းနေသည်။ တစ်ဒင်္ဂအတွင်း မင်သက်နေမိသည့်ကျွန်တော့်ကို သူငယ်ချင်းဖြစ်သူ ညီညီက လက်နှင့်ပုတ်ကာထိုင်ရာမှထစေသည်။ 

သူငယ်ချင်း ညီညီ၏ ညီမဖြစ်သူ သော်သော် ဆိုသောမိန်းကလေးမှာ ခပ်လှမ်းလှမ်းမှပင် ပြုံးပြနှုတ်ဆက်သည်။ သော်သော့်ဘေးမှ မဟာဆန်သူကတော့ ခရီးဆောင်အိတ်ကို သူမရပ်နေသော ခြေထောက်နားတွင်ပင် ကပ်ထောင်ဖို့ကြိုးစားနေလေ၏။ ဘယ်သူ့ကိုမှ မကြည့်၊ မပြုံးပြပေ။

Sunday, October 16, 2011

သူ၊ ကျွန်မနှင့် စကားပြောသောဓါတ်ပုံများ (၂)

နောက်တစ်ခါလာပြန်ပါပြီ။ နံပါတ်မှာ (၂) နဲ့နှိပ်စက်ချင်လို့ နံပါတ် (၁) ကလေးနဲ့ စထားခဲ့တာလေးမှတ်မိမယ်ထင်ပါရဲ့။ အတော်ကလေးမေ့လောက်ရှိမှ နံပါတ်၂ ကိုတင်ရတာကလည်းအကြောင်းရှိပါတယ်။ မအားချင်ယောင်ဆောင်ပြီး အလည်လွန်နေလို့ဆိုရင် မှားနိုင်ဖွယ်ရာအလျဉ်းမရှိပါး) အလည်လွန်တာကလည်းအကြောင်းရှိပါတယ်။ သက်တမျှကြောင့်ဆိုပါတော့ရှင်။ သက်တမျှကို ခေါင်းတုံးရိတ်ပေးချင်တာလည်းပါ ပါတယ်။ 

အဲ..ခုထိတော့ ဇာတ်ရည်မလည်နိုင်သေးမယ်မထင်ပါဘူး။ အိမ်ကလူရဲ့ သဘောထားနဲ့တည့်တည့်ကြီးဆန့်ကျင်ပြီး သက်တမျှကိုခေါင်းတုံးရိတ်ပေးချင်တဲ့ဇာတ်လမ်းကအစ အမေနဲ့ရွာကိုလွမ်းတဲ့ဓါတ်အခြေခံက အလယ်၊ ဖုတ်ပူမီးတိုက် လာ့စ်တ်မီးနစ် ကလေးမှာလေယာဉ်လက်မှတ်ဖြတ်လိုက်တာမှာ ဆုံးလို့ ရန်ကုန်ကို ကြယ်ဂျက်လေယာဉ်နဲ့ ပြန်ဖြစ်သွားခဲ့ပါတယ်…။ အခုခြင်္သေ့ကျွန်းကိုပြန်ရောက်နေပေမယ့်လည်း အကြီးမားဆုံးရည်ရွယ်ချက်ဖြစ်တဲ့ သက်တမျှခေါင်းတုံးတုံးရေးကတော့ မအောင်မြင် မထမြောက်ခဲ့ပါဘူး..။ အကြောင်းအရင်းအကျယ်ကိုတော့ နောက်ရေးမယ့် ရန်ကုန်အကြောင်းပို့စ်မှာ ထည့်ရေးဖို့စီစဉ်အကွက်ချထားကြောင်းပါရှင့်း)) ရန်ကုန်ကပါလာတဲ့ မုန့်တွေ မပုပ်မသိုးခင်ပို့စ်တင်နိုင်ဖို့ ကြိုးစားပါ့မယ်…း)

စကားချီးတွေများလွန်းပြီး ရေးမယ့်အကြောင်းအရာ လမ်းချော်ပြန်ပါပြီးD လမ်းကြောင်းပြန်တည့်ပါမယ်။
ါတ်ပုံဝါသနာပါတာနဲ့ပတ်သက်လို့ နိဒါန်းပြန်ပျိုးရမယ်ဆိုရင်တော့ ကျွန်မခပ်ငယ်ငယ် မူလတန်းလောက်တုန်းက (လေးတန်းလောက်တုန်းကပါ) စကြပါစို့ရဲ့။ ကျွန်မရဲ့ အတန်းပိုင်ဆရာမနဲ့ ကျွန်မတို့ ကလေးတွေ excursion ထွက်ကြတဲ့အခါ ကလေးတိုင်းလိုလိုကဓါတ်ပုံအရိုက်ခံချင်ကြပေမယ့် လူတတ်ကြီးသိပ်လုပ်ချင်တဲ့ ကျွန်မကတော့ ဆရာမကိုင်ထားတဲ့ ကင်မရာကိုတောင်းပြီး အုပ်စုလိုက်ပုံကို ကျွန်မကိုယ်တိုင်ရိုက်ပေးမယ်ဆိုလို့ ဆိုပါသတဲ့း) ငယ်ငယ်ကတည်းက အကဲပိုပုံများနော်း)) လူဇိုးးးပဲ…း)) စပ်စပ်စုစု ကင်မရာဆိုတာဟာ ဒါကြီးလား လုပ်ကြည့်ချင်တာလည်းပါမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ စွန့်စားခန်းက အဲဒိမှာစတွေ့ပါတယ်။ ကိုယ်သိချင်တာ၊ တတ်ချင်တာကို သိပ်တော့လည်း တစ်စိုက်မတ်မတ်လုပ်ခဲ့တာ၊ ဝါသနာပါခဲ့တာတော့မဟုတ်ပေမယ့် ဇာတ်လမ်းရဲ့ အစကအဲဒီမှာစတယ်လို့ ဆိုရမလိုပါ။ အို…ရှုပ်ပါတယ်..ဆိုလိုက်ပါပြီ.း))

ရန်ကုန်မပြန်ခင်လေးက လက်ဆော့ထားတာလေးတွေကို အားပေးပါဦးရှင်..။ ဓါတ်ပုံတွေက စကားပြော၊ မပြောဆိုတာလေးလည်း ကြည့်ပေးသွားပါဦးနော်…။ ကြည့်မိလို့ ကြိုက်သွားရင်ကွယ် တာဝန်မယူးD ပုံတွေက စကားမပြောဘူးဆိုရင်တော့လည်း မပြောဘူးပေါ့ရှင်..ကျွန်မရဲ့ လျှပ်တစ်ပြက် ညံ့ချက်ပါပဲး)) တစ်ခုလောက်တော့ကြိုပြီးတောင်းပန်ပါရစေ…အောက်က ပန်းပုံတွေရိုက်တုန်းက macro နဲ့ရိုက်ထားတာမဟုတ်ပဲ macro filter နဲ့သာရိုက်ထားတာဖြစ်ကြောင်းပါ…။ macro lens ကဈေးကြီးတယ်ရှင့်..မဝယ်နိုင်သေးဘူးတော်ရေ့…းD

 ဒီပုံက ခါတော်မီလေးတင်ချင်ပေမယ့် ခါတော်ကိုမမီလိုက်ပါဘူး..။ မီးတွေထိန်ထိန်လင်းနေပေမယ့်လည်း ကိုယ့်ပြည်ကိုယ်ရွာနဲ့မှားစရာ လားလားမှမရှိတဲ့နေရာ..။

Tuesday, October 11, 2011

သတင်းကောင်းဗျို့....

MRTV သတင်း....

အားလုံး မျှော်လင့်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်လာမည်ဟူသော သတင်းကြောင့် အင်းစိန်ထောင်ရှေ့၌ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များ၊ သတင်းမီဒီယာများ စောင့်မျှော်နေကြပါတယ်..။

နေ့လည် ၁နာရီမှာ အစိုးရ MRTV သတင်းဋ္ဌာနမှ မနက်ဖြန် သီးတင်းကျွတ် လပြည့်နေ့မှာ အကျဉ်းသား ၆၃၅၉ ဦးအား ၁၂ အောက်တိုဘာမှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီဟု ကြားဖြတ်သတင်းကြေငြာလိုက်ပါတယ်..။

*** MRTV4 ကသတင်းကို မိတ်ဆွေတစ်ယောက် (ကိုမောင်မောင်) စာရိုက်ပြီးယူထားတာလေး မျှဝေတာပါ..။ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုဝင်များနဲ့ ထပ်တူဝမ်းသာပီတိဖြစ်ရပါတယ်..။ သူတို့ဘယ်လောက်များပျော်လိုက်ကြမလဲနော်..း) ***

p.s အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ခညောင်းသော သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါစေ..။

မေတ္တာဖြင့်
မိုးပန်းချီ

Saturday, October 1, 2011

Leave Letter...

Hello all,
I'm gonna say hello to Yangon in person very soon.. Pls take care of yourself and no worries, I'll surely take extra care of myself and 'thetta hmya' as well.
Hmmm, no body will miss me thou :))

Anyway, I'll be back soon to see you all again! Okie?

Love,
MPC :)

Thursday, September 22, 2011

ချစ်သောအမေ…ဧရာဝတီ..သို့…။

အမေ..

*အမေ့..သားသမီး ကျုပ်တို့တစ်တွေ…

ဆင်ကြီး၊ ကျားကြီးလို အားကြီးချင်မှကြီးပါမယ်..။

ဒါပေမယ့်အမေ..
**အမေ့…ရင်ခွင်နို့သောက်စို့လို့…

အမေ့..ခြေရင်းခေါင်းစင်းလို့…

အမေ့…ရင်လှိုင်းခတ်သံမှာ အိပ်ပျော်တတ်ခဲ့လို့…

အမေ့..ဆီကရေကြည်ချမ်းမြ တစ်ပေါက်မက သောက်သုံးခဲ့ရလို့..

သွေးကြောအပျိုင်းပျိုင်း၊ အရိုင်းရိုင်းနဲ့..

ထွားကြိုင်းခဲ့ကြပါပြီ…။

Thursday, September 1, 2011

ဖြစ်တည်ခြင်းတစ်ခု အကြောင်း (သို့) အမှတ်တရ B108 Day!

Happy Belated Blog Day to you all!:)

ဟင်….ဘလော့ဂ်ဒေးပြီးသွားပြီ…။ခုမှအိပ်မက်ထမက်ပြီး ယောင်ယမ်းနေတယ်ပြောရင်လည်း….ခံရရုံရှိပါတယ်း)) ဒီနေ့ ၁ရက် စက်တင်ဘာမှာတင်တဲ့ ပို့စ်ပေမယ့် ၃၁ ရက်နေ့ညကရေးထားခဲ့တာပါ..အိပ်ချင်လွန်းလို့ schedule နဲ့ပို့စ်ကိုတင်လိုက်ပေမယ့် အချိန်တွေလွဲပြီး ပို့စ်တက်မလာတာကတော့ မေ့အပြစ်နဲ့မေသာရှိပါစေတော့လေး) မနေ့ညက ဒီပို့စ်ကိုမရေးခင်လေးမှာ ရေးထားပြီးနှင့်တဲ့ မောင်နှစ်မများရဲ့ ပို့စ်တွေလိုက်ဖတ်ရင်း ကောမန့်ရေးရင်း နဲ့ပဲ ၂ နာရီကျော်ကျော်ကြာသွားပါတယ်။ ဘလော့ဂ်ဒေးပို့စ်ကို ဘလော့ဂ်ဂါ အစ်ကို၊ အစ်မ၊ ညီမလေး၊ မောင်လေးများ အသီးသီးရေးသားပြီး ဖြစ်တာမို့ အထွေအထူးပြောစရာလိုမယ်မထင်တော့ပါဘူး။ 

ဒါပေမယ့်..ဆိုရေးရှိကဆိုအပ်လှ၏ ဆိုသလို နည်းနည်းလေးဆိုပါရစေး) 

Monday, August 22, 2011

(မကြိုက်၊ မကြိုက်x2) ရင်မခုန်ဘူး...

လောလောဆယ်ဆယ် ဖန်တရာတေပြီး၊ အပ်ကြောင်းထပ်အောင် ကိုယ့်ကိုကိုယ် သတိပေးနေရတာက အားတဲ့အချိန်လေး စာရေးဖို့ပါ..။ အဲ..အဲသလိုဆိုရင်တော့ မိုးပန်းချီတို့ သိပ်ပြီးအလုပ်များချင်ယောင်ဆောင်နေတယ်လို့ အထင်ရောက်စရာရှိပါတယ်..။ ဟုတ်ကဲ့ရှင့်…အလုပ်တွေရှုပ်ပြီး၊ အရှုပ်တွေလည်းလုပ်နေရသူက ကျွန်မ မိုးပန်းချီရယ်ပါး) သမ္မတ အိုဘားမားထက်တော့ အလုပ်များနိုင်ဟန်မရှိပါဘူးလို့ အားတင်းပြီး စာရေးပြန်ပါသော်လည်း ဖီလင်အောက်နေပြန်ပါတယ်..။ ကိုယ်မလွယ်ဘူး ရူးနိုင်တယ်းD ခုလည်းပေါ့ပေါ့ပါးပါးလေးပဲ ရေးပါရစေ…။
အဲဒါကတော့ အကြွေးရှင်းတမ်းပါ..။ အကြွေးတင်တာများ အတိုးပါတွက်ရရင်တော့ ဒီနေ့တစ်နေကုန် ပို့စ်ပေါင်း ၉၉၉ (ကိုးရာနဲ့မှ ကိုးဆယ့်ကိုး) ပို့စ် ရေးရပါလိမ့်မယ်..။ ဒါပေသည့် ကျမရဲ့ ဘလော့ဂ်ဂါ ညီမငယ်ကန်ဒီ ကတော့ သဘောကောင်းစွာ အတိုးမတောင်းပါဘူးရှင်..။ တင်နေတဲ့ အကြွေးကတော့ “ကျွန်မကြိုက်၏၊ မကြိုက်၏” ပါတဲ့..။ ကျွန်မကြိုက်တဲ့အရာတွေကို အစ်မလို ချစ်ရတဲ့ မမသက်ဝေ တက်ဂ်ဖူးတဲ့ “တစ်နေ့တာ အကြိုက်များ” ပို့စ်တုန်းက ကိုယ်တို့အကြိုက် မွန်းလိုက် ပို့စ်အနေနဲ့ ရေးထားဖူးပြီးသား ဖြစ်တာမို့ မကြိုက်တာလေးတွေပဲ ရေးပါ့မယ်။ ညီမငယ် ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်နော်။ ကျေပါကွယ်…း)

Tuesday, August 9, 2011

သူ၊ ကျွန်မ နှင့် စကားပြောသော ဓါတ်ပုံများ..(၁)

ဓါတ်ပုံတွေက စကားပြောတာများကြားဖူးကြပါသလားရှင်? ကျွန်မတို့ ဓါတ်ပုံတွေကို ကြည့်တဲ့အခါ ဓါတ်ပုံတွေကလည်း ကျွန်မတို့ကို ပြန်ကြည့်နေတတ်တာကိုရောယုံကြည်ပါသလား? မယုံဘူးပဲ ဆိုကြပါစို့ရဲ့၊ ကဲ…အောက်က ဓါတ်ပုံတွေကိုကြည့်ကြည့်တဲ့အခါ သူတို့ စကားပြောမပြော သိပါလိမ့်မယ်..။ အကြောင်းကတော့ အဲဒီပုံတွေက ကျွန်မကိုယ်တိုင် လက်တည့်စမ်းထားတဲ့ ပုံတွေမို့ပါပဲရှင့်..း) 


ဘယ်ဓါတ်ပုံကိုပဲကြည့်ကြည့် ဓါတ်ပုံတစ်ပုံက ကျွန်မကိုခံစားချက်တစ်ခုဆီပေးတယ်လို့ ယုံကြည်ပါတယ်။ ဒါကလည်း တစ်ယောက်နဲ့ တစ်ကိုယ်မို့ ခံစားချက်ချင်း တူချင်မှလည်း တူပါမယ်။ 


ပုံတွေမတတ်တစ်ခေါက်ဆွဲလေ့ရှိတဲ့ ကျွန်မ ဓါတ်ပုံကိုလည်း စိတ်ဝင်စားတာ သိပ်တော့မဆန်းလှဘူးထင်ပါတယ်..။ အိမ်ကလူ mother’s day နေ့က အမှတ်တရ လက်ဆောင်ပေးထားတဲ့ ကင်မရာတစ်လုံးရတဲ့နေ့ကစလို့ (ကြုံတုန်း ကြွားထားတား)) ဘယ်အရာပဲတွေ့တွေ့ ကင်မရာတစ်ပြင်ပြင် လုပ်နေတဲ့ ကျွန်မကို သူက ပြုံးစစကြည့်ပြီး ဘယ်နှယ့်ရှိစ ဆိုတဲ့ မျက်နှာပေးနဲ့ ကြည့်တတ်နေပါပြီ။  သူ..ဓါတ်ပုံတွေကို စွဲစွဲလမ်းလမ်းစရိုက်တုန်းကတော့ ကျွန်မ အိမ်ရှေ့ထွက်ထွက်၊ နောက်ဖေးဝင်ဝင် နောက်ကတစ်ကောက်ကောက် ဓါတ်ပုံလိုက်ရိုက်ခဲ့တာကို အမြင်ကပ်၊ မျက်စောင်းထိုး၊ ကဲ့ရဲ့ခဲ့တဲ့ ကျွန်မ အခုတော့ ကြမ္မာရဟတ်တစ်ပတ်ပြန်လည်ပြီလို့ သူကဆိုပါတယ်။ 


ဓါတ်ပုံတွေကို စိတ်ဝင်တစားကြည့်တတ်တဲ့အခါမှာတော့ ဓါတ်ပုံတစ်ပုံရဲ့ နောက်ခံအရောင်၊ အလင်းအမှောင်၊ ကာလာရောစပ်မှု စတဲ့ အရာတွေကို မြင်အောင်ကြည့်တတ်လာပါတယ်။ မျက်နှာရဲ့ နေရာတစ်ခုခုပေါ်မှာ ကျချင်တဲ့ အလင်းရောင်၊ ဒါမှမဟုတ် ကိုယ်ပေါ်ကျချင်တဲ့ အလင်းရောင် စတာတွေဟာ ဓါတ်ပုံကို အသက်ဝင်စေမှန်း ကိုယ်ကိုယ်တိုင် ဓါတ်ပုံရိုက်ကြည့်တဲ့ အခါ နားလည်ခံစားတတ်လာရပါတယ်။ အရင်ကဆို အိမ်ကလူ ဓါတ်ပုံတစ်ပုံရိုက်တဲ့အခါ scene တစ်ခုတည်း ကို အကြိမ်ပေါင်း ထောင်သောင်းမကရိုက်နေတာကြည့်ပြီး စိတ်မရှည်ချင်ဖြစ်ခဲ့ရပါသေးတယ်။ ကိုယ် ကိုယ်တိုင်ရိုက်တဲ့အခါ နဖူးကချွေး ခြေမကျအောင် ကြိုးစားပမ်းစား ရိုက်ချင်လာတော့တာပါပဲ။ ကျွန်မအတွက်ကတော့ ပုံကောင်းတစ်ပုံ (သို့မဟုတ်) အသက်ဝင်တဲ့ပုံတစ်ပုံ ရဖို့ ဝါသနာ နဲ့ ခံစားချက်လေးအခြေခံမှသာ ရနိုင်တာမို့ ပုံကောင်းထွက်ရေး ဒို့အရေးလို့ သဘောပိုက်ပြီး  ရက်အချိန်မသိ၊ ပြက္ခဒိန်မရှိ experiment များများလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထွက်လာတဲ့ပုံတွေကတော့ မြင်တဲ့အတိုင်းပါပဲ…း)) နောက်တော့လည်း ပိုကောင်းတဲ့ပုံတွေထွက်လာမှာပေါ့နော….းD


ပုံတွေက Low light မှာရိုက်ထားတဲ့ပုံတွေပါ..။ 

Thursday, July 21, 2011

မျက်နှာစိမ်းများနှင့်တစ်ညတာ…

မနက်..အသိတစ်စုံပြန်အသက်သွင်းတာတောင် တစ်စုံတစ်ခုမှာ တွန့်ဆုတ်နေတယ်။
ဒါပေမယ့် ခပ်သုတ်သုတ်ပါပဲ…..
ဆပ်ပြာတွေကလည်း ဒီနေ့မှ ပိုပြစ်ချွဲနေလိုက်တာ..
ညအိပ်မက်အမှောင်တိုက်က ခုထက်ထိ ကပ်ပါးပိုးလိုပါပဲလား..။
မျက်နှာကို အဆီခပ်ပါးပါးလေးလိမ်းတော့ ရင်ထဲမှာလဲတစ်ဒိန်းဒိးန်းနဲ့…
အလို…ဘာများကိုယ့်မှာ တိမ်းစောင်းနေသလဲရယ်လည်း အဓိပ္ပါယ်ဖွင့်မရ..။
စိမ်းလိုက်တဲ့ ကားပေါ်ကမျက်နှာများ…တစ်သက်နဲ့ တစ်ခါ မကြုံစဖူး…
ထူးထူးခြားခြား…သူတို့ကိုလည်းကြောက်နေတယ်..။
မရောက်နိုင်သေးဘူးထင်ရဲ့ …
ကိုယ့်ခရီးစဉ်တစ်လျှောက်လုံး …
သူတို့မျက်လုံးတွေအောက်မှာ ပြားပြားဝပ်စင်းနေရသလို…
ပါးစပ်ကလည်း မှားပြီလို့ ခပ်လှုပ်လှုပ်ရေရွတ်…တစ်စုံတစ်ယောက် ကိုယ့်ကိုစိုက်ကြည့်နေတယ်။
ညက မအိပ်လိုက်ရတဲ့ လိပ်ပြာက မျက်စေ့ကိုပိတ်ကျစေတယ်။
ဟင့်အင်း....မအိပ်ပါဘူး….
စိတ်ဓါတ်ကျနေတယ်….။