ကျိန်းစပ်နေသေးသော မျက်လုံးအစုံကို လက်နှင့်ပွတ်သပ်ပြီး ခေါင်းအမော့တွင် ကျွန်တော့်ရင်ခုန်သံတို့ တစ်ခဏရပ်တန့်လောက်သည့် အရိပ်ကလေးတစ်ခု မလှမ်းမကမ်းလေးမှာ ကျလာသည်။
မဟာဆန်လိုက်တာ..
ခပ်တိုးတိုးရေရွတ်လိုက်သည့် နှုတ်ခမ်းအစုံကို လက်နှင့်ယောင်ယမ်းတို့ထိကာ ပိတ်မိသည်ထင်သည်။ မရမ်းစေ့ရောင် ပန်းခက်နွယ်ကလေးများဖြတ်ပြေးနေသော မီးခိုးရောင်ထမီအနားသတ်တို့ လေပြေမှာ လွင့်မျောလျက်ရှိသည်။ နံနက်ခင်းလေနုအေးထဲတွင် အတောင်ပံဖြန့်နေသော ဆံနွယ်လေးများ၊ ကြယ်သီးတံတပ် ရင်ဖုံးလက်တိုမီးခိုးဖျော့ရောင်၊ ကတ္တီပါဖိနပ်၊ လက်တစ်ဖက်တွင် လက်ကိုင်ပုဝါ အဝါနုရောင် ဆုပ်ကိုင်ထားလျှက်၊ ဝေလီဝေလင်း အလင်းရောင်အောက်မှ သွယ်နွဲ့သော ဟန်ပန်၊ အားလုံး အားလုံး စည်းဝါးကိုက်ထားသကဲ့သို့ပင် လိုက်ဖက်ညီလွန်းနေသည်။ တစ်ဒင်္ဂအတွင်း မင်သက်နေမိသည့်ကျွန်တော့်ကို သူငယ်ချင်းဖြစ်သူ ညီညီက လက်နှင့်ပုတ်ကာထိုင်ရာမှထစေသည်။
သူငယ်ချင်း ညီညီ၏ ညီမဖြစ်သူ သော်သော် ဆိုသောမိန်းကလေးမှာ ခပ်လှမ်းလှမ်းမှပင် ပြုံးပြနှုတ်ဆက်သည်။ သော်သော့်ဘေးမှ မဟာဆန်သူကတော့ ခရီးဆောင်အိတ်ကို သူမရပ်နေသော ခြေထောက်နားတွင်ပင် ကပ်ထောင်ဖို့ကြိုးစားနေလေ၏။ ဘယ်သူ့ကိုမှ မကြည့်၊ မပြုံးပြပေ။
“ကိုလေးရယ်..သော်တို့ကနောက်ကျနေပြီတောင် ထင်နေတာ…ကားကခုထိမဆိုက်သေးဘူးလား”
“အေး..အစ်မလေးတို့ မြင်တော်မူတဲ့အတိုင်း…ခင်ဗျားတို့ကားက နေဖင်ထိုးမှလာမယ်ထင်တယ်..။ အဲဒါကအရေးမကြီးဘူး..ဒီကောင် ငသက်၊ ငါ့ကိုကျိန်ဆဲနေပြီ..မနက်အစောကြီးထရလို့တဲ့”
ညီညီ ထိုသို့ပြောအပြီးတွင် မဟာဆန်သူ နှင့် သော်သော်တို့ ပြုံးနေကြသည်။ သူမပြုံးလိုက်တဲ့အခါ သွားတက်ကလေးနှစ်ခုသည် လမ်းမီးဝါကျင်ကျင်အောက်မှာပင် လက်ကနဲပေါ်လာလေသည်။ ကျွန်တော်တို့အားလုံး တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်စကားဆိုပြီးသည့်အချိန်တွင် “ကျိုက်ထီးရိုး၊ သာမည၊ ချောင်းသာ” အထူးဘုရားဖူးယာဉ်ကြီး ကားဂိတ်မှာထိုးလေပြီ။ မဟာဆန်သူသည် ဒီခရီးကို ဆိုင်းမဆင့်ဗုံမပါ စီစဉ်ပြီး သော်သော်နှင့် လိုက်လာခြင်းဖြစ်သည်ဟု သော်သော်က သူမ၏အစ်ကိုဖြစ်သူ ညီညီ့အား ပြောပြနေသည်။
ဒီခရီးစဉ်ကို ညီညီဇွတ်ခေါ်လွန်း၍သာ လိုက်လာခဲ့ရသည်…စိတ်ထဲသိပ်ပါလှ၍တော့မဟုတ်ပါ။ ခုတော့ ဒီခရီးကို ကျွန်တော်ကိုယ်တိုင် လိုလိုလားလား သွားချင်နေသည့်အကြောင်းကို ဘာကြောင့်ရယ်တော့ ခုထိအဖြေမရှာမိသေးပါပေ။ အမျိုးအမည်မသိသော စိမ့်ခဲနေသည့် ခံစားချက်ကလေးတစ်ခု ရင်ထဲတွင် လှစ်ကနဲဖြတ်ပြေးသွားသည်။ ကျွန်တော့်အပေါ် တွယ်တာလွန်းသော၊ တစ်ခါတစ်ရံလည်း ကလေးတစ်ယောက်လို နွဲ့ဆိုးဆိုးတတ်သော “ဆု” နဲ့တုန်းကရော ကျွန်တော် ဒီလိုခံစားခဲ့ဖူးသည်လား ဘာသာမဝေခွဲတတ်သလိုပင်။ အမည်နာမ တပ်၍မရသော ခပ်စောစောက စိမ့်ခဲခဲခံစားချက်ကြောင့် ကားပေါ်မှ မြင်ရသော ရှုခင်းများစွာနှင့် မျက်နှာပေါ်ဆော့ကစားသွားသော လေပြေသည်ပင် ကျွန်တော့်ရင်ခွင်တစ်ခုလုံးကို အေးမြနေစေလေသည်။ တစ်စုံတစ်ရာဆက်စပ်မှုမရှိပါပဲ ကျွန်တော်တို့ ရှေ့ခုံမှာထိုင်နေသော မဟာဆန်သူ သူမ၏ နာမည်ကို ရင်ထဲမှ မသိမသာ တီးတိုးကလေး ရေရွတ်မိသည်။ “ညိုချော”။
ကားအရှိန်မြန်မှုနှင့်အတူ မှေးစင်းလာသော မျက်တောင်ကြားမှာ တစ်စုံတစ်ယောက်၏ မျက်နှာကလေးတစ်ခု ပေါ်လာသည်။ ‘ဆု’ လား ‘ညိုချော’ လားမဝေခွဲတတ်ပေ။ ထိုမျက်နှာကလေးမှာ ဆု ဖြစ်လိုက်၊ ညိုချောဖြစ်လိုက် တစ်လှည့်ဆီဖြစ်လို့နေသည်။ ဆု ကျွန်တော့်ကို သတိများရနေသလား?။ ဆု ဆိုသော ကောင်မလေးကတော့ သူမ၏ နှလုံးသည်းပွတ်တွင် အရိပ်ထင်ပြီး အမြဲတစေ သတိတရရှိသူမှာ သူမ၏မေမေနှင့် ကျွန်တော် နှစ်ယောက်တည်းသာရှိသည်ဟုဆိုခဲ့ဖူးသည်။ ရုတ်တရက် ကျွန်တော့်မျက်စေ့ရှေ့က မိန်းကလေးကို တစ်စုံတစ်ရာက တွန်းဖယ်လိုက်၍ထင်သည် တစ်စတစ်စဝေးရာသို့ လွင့်ထွက်သွားနေပြီ။ ကျွန်တော့်ရင်ထဲတွင် တလှပ်လှပ်တုန်ခါပြီး စိုးရိမ်တကြီး လှမ်းဆွဲသော်လည်း ဘယ်လိုမှမမီတော့ပေ။ ကျွန်တော်၏ ကြောက်လန့်တကြားဖြစ်မှုကို တစ်စုံတစ်ယောက်က ရယ်သွမ်းသွေးနေလေသည်။
“ဟေ့..ငသက်..ထမင်းဆိုင်ရောက်ပြီကွ..ထတော့။”
ညီညီသည် ကျွန်တော့်ကို ပြုံးကြည့်ကာ ကားအောက်သို့ဆင်းရန် ဟန်ပြင်နေပြီ။ မက်ခဲ့သော နိုးတစ်ဝက်အိပ်မက်အား ဘာသာမပြန်နိုင်ခင် ကျွန်တော့်ခြေလှမ်းတို့ဆိုင်ထဲသို့ရောက်နှင့်ပြီးသား။ ညိုချောနှင့်သော်သော်မှာ ဆိုင်၏အလယ်နားလောက်မှာရှိသော ခုံတစ်ခုံမှာ နေရာယူထားနှင့်သည်။
“ကိုလေးတို့ ဘာစားမလဲ..? မီးနဲ့ ညိုကတော့ ငါးရံ့အူဟင်းစားမှာ..ဟင်းတွေကြည့်ပြီးပြီ..”
“မင်း..ဘာစားမလဲ ငသက်..ငါကတော့ အသည်းအမြစ်ဟင်းရှိရင် ရပြီ။”
“ဘဲဥချဉ်ဟင်းနဲ့ပဲစားတော့မယ်ကွာ..ရင်ထဲမှာတစ်မျိုးကြီး..မူးချင်သလိုလို..”
ကျွန်တော့်စကားအဆုံးမှာပဲ သော်သော်နှင့် ညိုက အံ့သြသလိုမျက်နှာပေးနှင့် လှမ်းကြည့်သည်။ ယောင်္ကျားအရင့်အထည်ကြီးဖြစ်ပြီး ဒီလောက်ခရီးလေးကို ခံနိုင်ရည်နည်းလှချည်လားဟု ကိုယ့်ကိုကိုယ်ပြန်မေးကာ လိပ်ပြာမလုံဖြစ်ရသည်။ သူတို့လှမ်းအကြည့်မှာ နည်းနည်းရှက်သွားသည်ကို ကျွန်တော်ဝန်ခံပါသည်။ နောက်တော့ ညိုချောက သူမအိတ်ထဲလက်နှိုက်ကာ ဟိုရှာဒီရှာလုပ်ပြီး ခဏအကြာမှာ..
“ဟို…ကိုသက်..ဒီဆေးလေး ထမင်းစားပြီးရင်သောက်လိုက်..အမူးပျောက်ဆေး..ရေနွေးလေးနဲ့သောက်နော်..။”
“သြော်..ဟုတ်ကဲ့..အားနာလိုက်တာဗျာ..ကျွန်တော်ခဏနေရင်ကောင်းသွားမှာပါ..အိပ်ရေးဆက်တိုက်ပျက်တဲ့ နေ့တွေများလို့ထင်တယ်။”
အားနာသော်လည်း ညိုချောကမ်းပေးလာသော ဆေးကိုယူထားပြီးနှင့်ပြီ။ ကျေးဇူးတင်ကြောင်းပြောတော့ သူမကပြုံး၍သာနေသည်။ ထမင်းစားကြသောအခါ ညိုချောသုံးသော ဇွန်းနှင့်ခရင်းမှာ သူမအိမ်မှ တကူးတကန့်ယူဆောင်လာဟန်ရှိလေသည်။ လက်ကိုင်မှာ ကျွန်းသားနှင့် ထွင်းထုထားသော ပန်းကနုတ်ကလေးများနှင့်ဖြစ်လေသည်။ လက်သုတ်ပုဝါကတော့ စက္ကူလက်ကိုင်ပုဝါကိုမသုံးပဲ သူမ၏လုံချည်ပေါ်တွင် စောစောကတည်းကတင်ထားနှင့်ပြီးဖြစ်သော ဆင်စွယ်ရောင် ပိုးလိုလို၊ ဖဲလိုလို အစမျိုးဖြစ်သည်..။ သူမ၏ လှုပ်ရှားမှုအား မည်မျှကြာအောင် ငေးမိသည်မသိ၊ ညီညီ လက်တို့ပြီး ထမင်းစားစေသောအခါမှ သတိဝင်လာသူကျွန်တော့်အား မျက်ခုံးတစ်ဖက်ပင့်၊ မျက်စတစ်ချက်ဝင့်ကာ ပြုံးကြည့်နေသော သော်သော်အား မချိုအချဉ်မျက်နှာပေးနှင့်တွေ့ရသည်။ ကျွန်တော့်အကြည့်အား သော်သော်ဘယ်လိုဘာသာပြန်လိုက်သည်ကိုတော့ ကျွန်တော်မသိပေ။ ကျွန်တော်ဆုကို သတိရဖို့မေ့နေပါပြီ။ အမြဲသတိတရရှိနေစရာ မလိုအပ်လှအောင်ပင် ကျွန်တော်သည် ဆုအား ညီမလေးအရင်းသဖွယ်သာ ချစ်ခင်ကြင်နာသည်မှ လွဲ၍ ထိုထက်ပိုသော ခံစားချက်တို့ မပါဝင်ခဲ့ပေ။ သို့ပါသော်လည်း ကျွန်တော်နှင့် ဆု တို့ သူငယ်ချင်းအဖြစ်မှ ချစ်သူဘဝရောက်ခဲ့ကြသည်မှာ တစ်နှစ်ပင် ပြည့်တော့မည်။ ကျွန်တော့်အားစိုက်ကြည့်နေသော ညီညီ့ အကြည့်မှာ ဘယ်လိုလဲဟူသော သဘောမျိုးမို့ ပုခုံးပင့်ကာပင် မရေမရာ တုန့်ပြန်လိုက်သည်။
++++++++++++++
ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရာ တောင်ပေါ်သို့ တောင်ပေါင်း ၃၃ လုံးကိုကျော်ကာ ခြေလျင်ပင်တက်၍ ဖူးမျှော်ကြဖို့ မတိုင်ပင်လိုက်ရပဲ အားလုံးသဘောတူလိုက်ကြသည်။ မနက် ၁၁ နာရီတွင် တောင်ပေါ်စတက်ကြပြီ။ တောင်တက်သော ခရီးတစ်လျှောက်လုံးတွင် သော်သော်နှင့်ညိုချောမှာ ကျွန်တော်ထင်ထားသလောက် အားမနွဲ့ကြပါ။ ခရီးတစ်ထောက်နားလျှင်လည်း ခဏသာထိုင်လေ့ရှိကြပြီး တက်ညီ၊ လက်ညီ ဆက်တက်ကြပြန်သည်။ ညီညီတစ်ယောက်မှာသာ ဆေးလိပ်သောက်တတ်သောသူမို့ ခဏခဏနားတတ်သောကြောင့် ညီမဖြစ်သူနှင့် ညိုချောတို့၏ မခံချင်အောာင် စနောက်ခြင်းကိုခံရလေသည်။
“ကိုလေးရေ…ရေမြောင်ကြီးပြီးရင် ဆိုင်တမော့နော်…။ နားနားပြီးတက်…ဟဲဟဲ…ရေမြောင်ကြီးမှာ ရေမိုးလေးချိုး၊ တစ်ရေးတစ်မောလေးအိပ်ပြီးမှ တက်..ဟုတ်လား…။” ညိုချောက ညီညီ့အဖြစ်ကိုကြည့်ကာ တဟားဟားရယ်သည်။
ညီညီသည် မောနေသောကြားမှပင် သော်သော့်အား လှမ်းကြည့်ပြီး..
“အေးပါ..ဘုရားပေါ်ရောက်တော့မှ တွေ့မယ်.. ညည်းလေးတို့ကို ဘာမှကို ဝယ်မကျွေးဘူးမှတ်..။”
“ဟဲဟဲ…နောက်တာပါ ကိုလေးကလဲ.. စိတ်ဆိုးနဲ့။”
ညီညီသည် သော်သော်နှင့် ညိုချောတို့ နှစ်ယောက်တည်း ရှေ့ကသွားနေခြင်းကို စိတ်မချဟုဆိုကာ ကျွန်တော့အား သူမတို့နှင့်အတူ ဆက်တက်စေသည်။ သော်သော်က ပန်းကလေးများမြင်တိုင်း ခူးကာ ကစားချင်သည်။ ပန်ကြည့်သည်။ ညိုချောကတော့ လမ်းဘေးဝဲယာတွင် စမ်းရေကလေးများမြင်လျှင် ခြေဆေးကာ ပျော်မြူးသည်။ ရွေညီကို တွင် ဗူးသီးကြော် ဝင်စားကြသေးသည်။ ကျွန်တော် စားဖူးသော ဗူးသီးကြော်ထဲတွင် ကျိုက်ထီးရိုး တောင်တက်လမ်းမှ ရွှေညီကို ဗူးသီးကြော်မှာ အကောင်းဆုံးဖြစ်မည် ထင်သည်။ ညိုချောက ဗူးသီးကြော်ကို သူမယူဆောင်လာသော ခက်ရင်းဖြင့် ထိုးကာစားသည်။ ထိုမိန်းကလေးနှစ်ယောက်မှာ စိတ်မြန်လက်မြန် တောင်တက်ကြသော်လည်း နေရာတစ်ခုတွင် တစ်ထောက်နားတိုင်း မိန်းကလေးပီပီ ဒေသခံများတွေ့လျှင် အမေးအမြန်းလည်း ထူကြသေးသည်။ တောင်ပေါ်မှဆင်းလာသော တိုင်းရင်းသားတစ်ဦးက ဆံတော်ရှင်သို့ ရောက်ရန် အနည်းငယ်သာလိုတော့သည်ဟု ဆိုကာ အားတင်းထားရန် အားပေးစကားပြောသွားသဖြင့် စိတ်တင်းကာ ဆက်တက်ကြပြန်သည်။
“အိုး……..”
အသံလာရာမော့ကြည့်မိသည်တွင် ညိုချောမှာ ထိုင်လျက်သားလဲကျနေလေပြီ။ ညိုချောအား သော်သော်ရော ကျွန်တော်ပါ ကူညီပြီး ဆွဲထူကာထစေသည်။ ခြေထောက်ခေါက်သွားသည် ဆို၏။ သော်သော်က ညို့ခြေထောက်ကို ပရုပ်ဆီလူးပေးပြီးသောအခါ လက်ကိုင်ပုဝါဖြင့် စည်းနှောင်သည်။ သော်သော်မှာလည်း မောဟိုက်လွန်း၍ စကားသံပင် တိုးလျကာနေသောကြောင့် သိပ်မလျှောက်နိုင်တော့သော ညို အား ဘုရားပေါ်သို့အရောက် ကျွန်တော်ကိုယ်တိုင်ပင် ဆွဲခေါ်လာဖို့ ခွင့်တောင်းကာ ခေါ်လာရတော့သည်။ ကျွန်တော့်လက်ကိုတွဲခို၍ လျှောက်ရမှာ ရှက်နေသော ညို ကြောင့် ခရီးမှာထင်သလောက်မတွင်ပေ။
ခရီးဆုံးသို့တိုင်သောအခါ တည်းခိုမည့် ဟိုတယ်ရှိရာသို့ ခြေမလှမ်းခင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ကျွန်တော်တို့ သုံးယောက်စလုံး လက်အုပ်ချီကာ ဖူးမြော်ကြည်ညိုမိကြသည်။ တောင်ပေါင်း ၃၃ လုံးကိုကျော်ကာ တက်ခဲ့ကြသော အမောများ ယူပြစ်သလိုပင် ပျောက်ကာသွားသည်။ ဟိုတယ်တွင်၂ ယောက်အိပ်ခန်း နှစ်ခန်းယူလိုက်ကြသည်။ ညီညီတစ်ယောက်မှာတော့ ကျွန်တော်တို့ တည်းရမည့်အခန်းသော့ယူပြီး ၄၅ မိနစ်ခန့်ကြာပြီးသည့်တိုင်မှ ရောက်လာသည်။
++++++++++++++
ညနေ ရ နာရီရှိပြီမို့ ဘုရားရင်ပြင်ပေါ်တွင် ဘုရားဖူးများနှင့် စည်ကားလှသည်။ ရွှေရောင်ဝင်းအိနေသော ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်ကြီး၏ သပ္ပါယ်လှသော ရွှေရောင်များကြောင့် ဘုရားရင်ပြင် တစ်လျှောက် လင်းထိန်နေအောင် ထွန်းညှိထားသော ဝါကျင်ကျင်မီးများနှင့် မီးချောင်းအဖြူများ၏ အရောင်များသည်ပင် မှေးမိန်ကုန်သည်ဟုထင်ရလေသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသူများအား ပျားပန်းခတ်မျှတွေ့ရသည်မှာ အလွန်ကြည်နူးစရာကောင်းသော မြင်ကွင်းပင်ဖြစ်သည်။
ဘုရားဖူးများထဲတွင် အလွန်မြန်မာဆန်သော မြန်မာမလေးတစ်ယောက်လည်း ဘုရားဝတ်ပြုလျှက်ရှိသည်။ ထိုသူမှာ ထူးထူးခြားခြား အနောက်ဟန်မနှောသော အဝတ်အစားမျိုးကိုသာ မြန်မာဆန်လွန်းစွာပင် ဆင်ယင်လေ့ရှိသော ညိုချောပင်ဖြစ်သည်။ ထိုကဲ့သို့သာ အမြဲဝတ်စားဆင်ယင်လေ့ရှိသော ညိုချောသည် ယဉ်ကျေးရုံသာမဟုတ်ပဲ ကျွန်တော့်အတွက်တော့ ပဟေဠိတစ်ပုဒ်လို အဖြေညှိမရသော ပုစ္ဆာတစ်ပုဒ်လည်းဖြစ်နေသေးသည်။
ရွှေသင်္ကန်းကပ်ပြီးသော ညီညီနှင့် ကျွန်တော်သည် သော်သော်နှင့် ညို ထိုင်နေရာဘေးတွင် ဝင်ထိုင်လိုက်သည်။ ညိုသည် ကျွန်တော်နှင့် ခုမှတွေ့ဖူး၍ ခရီးအတူသွားရသော်လည်း ငယ်ဖော်ကြီးဖော်သူငယ်ချင်းများကဲ့သို့ တစ်ရင်းတစ်နှီး ပြောဆိုနေထိုင်ခြင်းကြောင့် ခဏလေးအတွင်း အလွန်ခင်မင်စရာကောင်းသော ခရီးသွားဖော်ဖြစ်လာရသည်။
ထိုင်နေရင်း ပင့်သက်တစ်ခုရှူရှိုက်လိုက်မိသောအခါ လေထဲတွင် အမျိုးအမည်မသိသော၊ ယဉ်ကျေးသော ရနံ့လေးတစ်ခုကပ်ပါလာသည်။ သေချာသည်။ ထိုရနံ့မှာ ညို့ဆီကဖြစ်မည်။ လန်းဆန်းလတ်ဆတ်သော နံနက်ခင်းတစ်ခုတွင် အဝေးမှသင်းပျံ့လာသော မွှေးမြမြပန်းပေါင်းစုံရနံ့မျိုး၊ သို့မဟုတ် ပန်းဥယျာဉ်တစ်ခုမှ အေးမြမြ ပန်း၏ရနံ့၊ နှင်းဆီရနံ့ကဲနေသော အလွန်မွှေးပါသည်ဆိုသော ထိပ်တန်းပန်းမျိုးတို့ စုပေါင်းထားသည့်ရနံ့၊ ကျွန်တော်တစ်ခါမျှ မရှုရှိုက်ဖူးသော ယဉ်ကျေးသောရနံ့မျိုးပင်။
"ညို…ရေမွှေးသုံးသလားဟင်? ဟို..စိတ်တော့မဆိုးပါနဲ့ဗျာ အနံ့ကတစ်မျိုးလေးသင်းပြီး စိတ်ကိုလန်းဆန်းစေတယ် ဒါ့ကြောင့်ပါ"
"သြော်..မဆိုးပါဘူးရှင့်။ ရော့..ကြည့် အဲဒါကျွန်မသုံးတဲ့ရေမွှေး။"
ပြောပြောဆိုဆို ညိုက လက်ကိုင် အိတ်သေးသေးလေးထဲတွင် ပါလာသော လက်သန်းလောက်ရှိသည့် အဖြူရောင် ဗူးသေးသေးရှည်ရှည်လေးကိုထုတ်ပြနေသေးသည်။
“IDYLLE - Eau de parfum (Guerlain Paris) ဗူးကသေးသေးလေးပါလားဗျ.."
“ဟုတ်တယ်။ ခရီးဆောင်ပါ။ ဒါကတော့ ဘုရားရေသပ္ပါယ်တဲ့အခါ ထည့်ပြီး သပ္ပါယ်ဖို့ နံသာဖြူရေမွှေး။”
ညိုကနောက်ထပ် ဗူးအဖြူရောင်လေးတစ်ဗူးကိုထုတ်ပြကာပြောသည်။ ညိုသည် မဟာဆန်ဆန်ဝတ်စားဆင်ယင်တတ်သော်လည်း ထိုကဲ့သို့ ဈေးကြီးသော ခေတ်မီပစ္စည်းများကိုလည်း သုံးတတ်သေးသည်။ ညိုသည် ကျွန်တော့အတွက်တော့ ပုံပြင်ထဲက မင်းသမီးလေးတစ်ပါးလိုသာ ဖြစ်နေတော့သည်။
++++++++++++++
ဒုတိယည၏လသည် မီးခိုးငွေ့ရောင် တိမ်အစုပ်လိုက်တွေ ကြားမှာပင် ရွှန်းရွှန်းပပ သာလွန်းနေသည်။
တိတ်ဆိတ်အေးချမ်းနေသော ညချမ်းထဲတွင် ဝန်းကျင်တစ်ခုလုံးမှာလည်း အေးချမ်းငြိမ်သက်လို့နေသည်။ ခပ်လှမ်းလှမ်းက ထိုင်ခုံပေါ်မှာ ထိုင်နေသူမှာ ညိုပင်ဖြစ်သည်ဟု စိတ်ထဲမှ တစ်ထစ်ချသိလိုက်သည်။ ညိုတစ်ယောက်တည်းထိုင်ပြီး ဘာတွေတွေးနေသည်လဲ? ညဥ့်လေတစ်ချက်ဝေ့တိုက်လိုက်သောအခါ ခိုက်ခိုက်တုန်အောင်ချမ်းသွားသော ကိုယ့်အဖြစ်ကို ပြုံးချင်ချင်ဖြစ်သွားပြီးလက်ကိုခပ်ထွေးထွေးပိုက်ထားလိုက်မိသည်။
တည်းခိုဆောင်ဖက်ကို ပြန်ဝင်ဖို့စဉ်းစားမိသော်လည်း ခြေလှမ်းတို့က ညိုရှိရာ လေသာဆောင်ဆီသို့သာ….။
“ကိုသက်..လာလေ..ထိုင်…။”
“ဟုတ်ကဲ့..”
ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ကာ သွားပြန်သည်။ ထိုဆိတ်ငြိမ်မှုကို ကျွန်တော်ကပင် မနေနိုင်စွာ စတင်ဖြိုခွဲသည်။
“ဟို…အိပ်မပျော်လို့လား ညို..”
“ဟုတ်တယ်..ကျွန်မဒီလို အေးချမ်းတဲ့ ညတွေကို ကြိုက်တာလည်းပါတယ်။ ကျိုက်ထီးရိုးဆံတော်ရှင် ဘုရားကိုဒီနေရာကနေ တစ်ဝကြီးဖူးနိုင်တယ်လေ။ ဟိုတည့်တည့်က ခပ်မှောင်မှောင်မှိုင်းမှိုင်းတောင်တန်းတွေကို မြင်ရတာလည်း အရသာတစ်မျိုးရှင့်…။ အေးစိမ့်နေတဲ့ လေကိုရှူနေရတာကိုလည်း ကြိုက်တယ်။ ကိုသက်ကရော…အိပ်မရတာပဲလား..။”
“အင်း..မအိပ်လိုက်ချင်သေးတာပါ..ဒီခရီးက ကျွန်တော့်အတွက်တော့ တကယ်ကို ရွှေလိုပဲအဖိုးမဖြတ်နိုင်ဘူးလေ..။ ကျွန်တော်ကခရီးသွားခဲတယ်။ ညီညီ့ကိုကျေးဇူးတင်ရမှာပဲ..ဒီကောင်ကြီးသာအတင်းဆွဲခေါ်မလာရင် ဒီတစ်သက်ကျွန်တော် အနားရပါ့မလားတောင်မသိဘူး…စကားမစပ် ညို့ခြုံထည်ပုဝါလေးကချမ်းမှာပေါ့..ကျွန်တော့် ဂျာကင်ခဏယူခြုံထားပါလား..ဟို…တစ်မျိုးမထင်ပါနဲ့ဗျာ…”
ဘယ်သူကမှ အပြစ်မဆိုသေးပါပဲ ကျွန်တော်အယူခံဝင်မိသည်ကို ညိုကရိပ်မိပုံရသည်..။
“ဘာကိုဘယ်လိုထင်ရမှာလဲရှင့်..အဟင်းး ။ ရပါတယ်..ဒီလိုလေး ချမ်းချမ်းစီးစီးဖြစ်နေရတာကို ကြိုက်လို့ပါ။”
ညို ကပြုံးပြီးပြောသော်လည်း ကျွန်တော့်မှာ ကိုယ့်လိပ်ပြာကိုယ်မလုံသူဖြစ်နေရသည်။
“ညို့ကိုဂရုတစိုက်ရှိတာကျေးဇူးတင်ပါတယ်ရှင်..။ ခရီးတစ်လျှောက်လုံးလည်း ဆွဲတင်လာရတာ လက်တွေတော့တော်တော်လေးနာမှာပဲ…”
“တစ်လျှောက်လုံးတော့လည်း မဟုတ်ပါဘူး..။ ကျွန်တော်မသိဘူးဗျာ..ဒီလောက်အချိန်တိုလေးအတွင်းမှာ ညို့ကိုကျွန်တော်ဘာကြောင့် ဂရုစိုက်မိနေရတာလဲ…တစ်ခါမှဒီလိုမဖြစ်ဖူးဘူးဗျ..”
ပြောပြီးမှသတိထားမည်သည်က ကျွန်တော်မပြောချင်သော၊ ခုလိုချိန်မှာ ပြောရန်မသင့်တော်သောစကားကို ပြောမိခြင်းဖြစ်သည်။ ထိုစကားသည် ရွှန်းလဲ့စွာသာနေသော လရောင်နှင့် မဆိုင်ပါ..။ ညခင်းထဲတွင် ညင်းသွဲ့သွဲ့ တိုက်ခတ်နေသော မြညင်းလေပြေနှင့်လည်း မပတ်သက်ပါ။ ထိုအရာအားလုံးတို့နှင့် လိုက်ဖက်ညီစွာ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသော ညတစ်ခုကြောင့်လည်း မဟုတ်ပါ။ သို့ပါသော်လည်း တစ်ဆိတ်ဖြင့် မြန်လွန်းနေသည်ဟု ကျွန်တော်ထင်ပါသည်။
ညိုနှင့်ပတ်သက်၍ ရိုးသားစွာ ဖြစ်တည်မိသော ခံစားချက်တို့ကို အချိန်တိုလေးအတွင်းမှာ အံ့သြစွာဖြစ်တည်ခွင့်ပေးနေခြင်းသည်ပင် ရာဇဝတ်မှုတစ်ခုကိုကျူးလွန်သူ တစ်ယောက်လိုခံစားမိသည်။ ဖြစ်သင့်သည်က ဆုအတွက် အနည်းဆုံးတော့ ကိုယ်ရှိန်သတ်ပြီးနေဖို့ လိုအပ်သည်မဟုတ်လား။ ဒါပေမယ့် ခုလိုပြောထုတ်လိုက်တော့ရော ဘာဖြစ်သေးလဲ..ဒါဟာ လက်ရှိမှာ တကယ်ခံစားနေရတာမဟုတ်လား။ ဆင်ခြင်တုံတရားကို ရင်မှဖြစ်သောခံစားချက်မှ ကောင်းကောင်းအနိုင်ယူနေလေပြီ။
ညို သည် ကျွန်တော်ပြောမိသော စကားအား ဘယ်လိုမှမခံစားမိသလိုပင် ရယ်ပါသည်။ လှောင်ရယ်တော့မဟုတ်တန်ရာပေ။
“အင်း..အဲဒါ ရေစက်ပေါ့..ကိုသက်ရဲ့..ကျွန်မတို့ရေစက်ရှိလို့ ခုလို့လာတွေ့ရတာလေ.. အဟင်း..ဒီရေစက်က ရေစက်တိုပဲဖြစ်မှာပါ.. “
ပြောပြီးပြီးချင်း ဆက်၍ရယ်မောနေသော ညိုအားကျွန်တော်နားမလည်ပါ။ သူမရယ်သံမှာ ခြောက်ကပ်ကပ်ဖြစ်နေသည်ဟု ကျွန်တော်ထင်သည်။ ခနဲ့သောရယ်သံနှင့် ပင်ဆင်တူနေသေးတော့သည်။
“ဘာကြောင့်အဲလိုပြောရတာလဲညို..ကျွန်တော်တို့ရေစက်က ရေစက်တိုဘာကြောင့်ဖြစ်ရတာလဲ…။ အဲလိုတော့မပြောပါနဲ့ဗျာ..ကျွန်တော်ခင်ဗျားနဲ့တွေ့ချင်သေးတယ်..။”
ကျွန်တော့်အသံမှာ လှုပ်ခတ်မှုတစ်ခုပါနေသလို မချင့်မရဲဖြစ်လည်းဖြစ်နေသည်ကို ညိုချောကအံ့သြသောမျက်ဝန်းတို့ဖြင့် ကြည့်ပါသည်။
“ကျွန်မသေချာပါတယ်။ ဒီခရီးစဉ်က ကျွန်မအတွက် ပထမဆုံးနဲ့ နောက်ဆုံးခရီးစဉ်ဖြစ်မှာပါ။ ဘာလို့လည်းဆိုတော့..”
ညို စကားစပြတ်ကာ တိတ်ဆိတ်နေသည်ကို ကျွန်တော်မနေတတ်ပါ။ တိတ်ဆိတ်လွန်းသော ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကိုယ့်ရင်ခုန်သံကို အကျယ်ဆုံးကြားနေရသည်ကိုလည်း မနေတတ်မထိုင်တတ်သလို ဖြစ်ရသည်။
ထိုတိတ်ဆိတ်ငြိမ်သက်မှုကိုစတင်ဖြိုခွဲသည့်အရာမှာ အံသြစရာကောင်းလောက်အောင် ညို၏ ရှိုက်သံသဲ့သဲ့တို့ဖြစ်နေလေသည်။
++++++++++++++
++++++++++++++
ဆက်ပါမည်။း)
ဒီဇာတ်ကို အကွက်ချထားခြင်းမရှိပဲ စိတ်ထဲရှိတဲ့ flow အတိုင်း ချရေးနေတာမို့ နည်းနည်းရှည်သွားရပါတယ်။ ဇာတ်သိမ်းကိုတောင် မစဉ်းစားရသေးပါဘူး..းD အချစ်ဇာတ်လမ်းကို ချစ်စရာကောင်းအောင် (romantic ဖြစ်အောင်) ကျွန်မ မရေးတတ်ပါဘူးရှင်။ ချဉ်ချင်းဖြစ်လွန်းလို့သာ ကြိုးစားပြီးရေးမိပါတယ်။ ဟာကွက်၊ ပျော့ကွက်များ ရှိခဲ့ရင်လည်း မပိုင်တဲ့ခြင်ကို ရိုက်နေမိခြင်းသာဖြစ်ပါတယ်လို့ ကြိုပြီး မေတ္တာရပ်ခံပါရစေး) ထပ်ပြောပါရစေ.. အချစ်ဇာတ်လမ်း မရေးတတ်ပဲ ရေးကြည့်ခြင်းပါးD
ဟုတ်ကဲ့…မနက်ဖြန် စနေနေ့း) အားလုံးပဲ ပျော်ရွှင်၊ အေးချမ်း၊ သာယာသော ပိတ်ရက်ဖြစ်ပါစေကြောင်း…း))
Very nice novel, sis. I love it. Good description of Nyo and places. Now I'm very curious to know why Nyo said so to Ko Thet. Do not take so many days to write next part, sis :))) Have a nice weekend too.
ReplyDeleteဆရာမကလဲ ပြောရသေးတယ်...ရေးတာကောင်းနေတာကို အဆက်မျှော်နေမယ်...။
ReplyDeleteတော်လိုက်တာ.. ၀တ္ထုလေးရဲ့ အရေးအသားက အနုစိတ်ကိုခြယ်မှုန်းနိုင်တယ်။ စဖတ်လိုက်တာနဲ့ အဆုံးအထိကို တခါတည်းမျောသွားတော့တာပဲ။ ဆက်ရန်ဆိုမှပဲ လူက မချင့်မရဲဖြစ်ကျန်နေခဲ့တော့တယ်။း))
ReplyDeleteအာ... အစ်မကလဲ ကောင်းခန်းရောက်မှ ရပ်ထားတယ်။ ရေးထားတာလေး အရမ်းကောင်းပြီး အရေးအသားက နူးညံသိမ်မွေ့ စွာနဲ့ စာဖတ်သူကို ဆွဲခေါ်သွားနိုင်တယ်။ ဒါတောင် လက်တန်းရေးတာမို့ နော်။ တို့ အစ်မ တကယ်ရေးတတ်တယ်။ ဆက်ရန်ကို မျှော်နေပါ့မယ် အစ်မ...
ReplyDeleteအဟမ်း..အဟမ်း တခါတုန်းက...တို့နဲ့အတူသွားဖူးတဲ့ ကျိုက်ထီးရိုးခရီးလေးများ လွမ်းနေသလားကွယ်။
ReplyDelete:D :D :D
Thu Hnin See
ဝတ္ထုလေးဖတ်ပြီး ကျောင်းသားဘဝတုန်းက လမ်းလျှောက်တက်ခဲ့ရတဲ့ ကျိုက်ထီးရိုးခရီးစဉ်လေးကို လွမ်းသွားမိတယ်.. ညသန်းကောင်မှာ မီးတုတ်ကြီးတွေ ကိုင်ပြီးတက်ခဲ့ကြရတာ.. လမ်းမှာ ချော်လဲရင်တောင် ကိုသက်လို လာထူပေးမဲ့သူ မရှိခဲ့တာ နာတာဘဲ :P
ReplyDeleteတောင်ပေါ်မှာ ချမ်းစိမ့်စိမ့်ညချမ်းမှာ ထိုင်စကားပြောကြတဲ့ ကိုသက်နဲ့ ညို့အကြောင်းလေးရောက်တော့ လွမ်းမောတဲ့ ခံစားချက်လေး ဖြစ်လာတယ်.. ညို့ရဲ့ ပုံစံလေးကို ပုံဖော်ထားတာလေးလည်း သဘောကျတယ်.. နူးညံ့သိမ်မွေ့ လျှို့ဝှက်သော ညို
မပန်းချီရေ...ဆက်ဖတ်ဖို့ စောင့်နေပါတယ် ဗျို့။
ReplyDeleteLil sis rose,
ReplyDeleteThank you so much for your time to read this and sweet commentsး) will try my best to continue it ASAP :))
မမိုးရေ...
...တကယ်တော့ wanna be ပါ အစ်မရယ် :D..အားပေးလို့ ကျေးဇူးပါး)
အစ်မ မအိမ်သူ...
စာလာဖတ်ပြီး အားပေးသွားတာ ကျေးဇူးတင်ပါတယ် အစ်မရေ..။ အဆက်ကို ဆက်ဆက် ဆက်ရေးပါဦးမယ်ရှင်..း)
ကိုညီရဲရေ...
အမှန်က ကျွန်မရဲ့ နေ့လည်ခင်းတစ်ခုလုံး ထလိုက်၊ ထိုင်လိုက်၊ ရေသောက်လိုက် လုပ်ပြီးရေးရတာပါ..။ အိုင်ဒီယာတွေ အောက်အောက်နေလို့ :D ကျေးဇူးတင်ပါတယ်ရှင်..။
အစ်မသု....
ဟားဟားးးးးးးးး....တည့်တည့်ကြီးကိုထိတယ်ဗျာ....းD လွမ်းစရာလေးတွေဖြစ်ကုန်ပြီ..အဟုတ်ပဲ ဒီဇာတ်လမ်းရေးရင်း အဲဒိအကြောင်းကို မျက်လုံးထဲမှာ မြင်ယောင်တောင်လာသေး...း)))
မချောရေ...
အစ်မရဲ့ ကောမန့်လေးဖတ်ပြီး အသံထွက်အောင်တောင် ရယ်မိသေး...းD :D :D မချော ကတကယ်နောက်တယ်...း) ခုလိုခံစားဖတ်ရှုပေးသွားတဲ့အတွက်လည်း ကျေးဇူးအများကြီးနော်..မ။
အစ်ကို သတိုး...
စောင့်နေမယ်ဆိုရင် ဆက်ပါ့မယ်ရှင်း) ကျေးဇူးပါ။
စာရေးကောင်းတဲ့သူတွေ တော်တော်များများ ကောင်းတဲ့နေရာမှာ
ReplyDeleteဘာလို့ရပ်ကြတာလဲဟင် နောက်အပိုင်းလေးကိုမျှော်နေတဲ့
ချစ်ချစ်ခင်ခင် jasmine
ေ၇းနိုင်ပါပေ့သူငယ်ချင်း၇ယ်..အားပေးတယ်
ReplyDeleteအယ်... မရေးတတ်လို့သာပဲ အမရာ
ReplyDeleteအစကနေ မပြီးသေးတဲ့ အဆုံးထိ တခါတည်း မျောသွားတယ်..။
အနုစိတ်ခြယ်မှုန်းထားတာလေးတွေ ကြိုက်တယ်ဗျာ။
နော်လည်း အချစ်ဝတ္ထုတို မရေးတတ်ဘူး.. ကြိုးစားကြည့်မယ်
ခင်လျက်
ဂျွန်မိုး
အစ်မဂျက်စ်...
ReplyDeleteဟုတ်တယ်နော်...ဘာမှန်းမသိဘူး..လူဇိုး..းD
ကိုချမ်းမင်းကို(ပဥာက်)
အားပေးတာ ကျေးဇူးးးးးးးး)
JuneMoe ရေ...
ကျွန်မ တကယ်ပဲ မရေးတတ်ဘူးဆိုတာတော့ ပြောမသွားဘူး..း)) ရေးပါရှင်..ဂျွန်မိုးက ကဗျာရေးကောင်းတော့ ဝတ္ထုရေးလည်း ကောင်းမှာပါပဲ..း)
ဖတ်ရတာဖီးပျက်တယ် ဗိုလ်အောင်ဒင်
ReplyDeleteမမြ၀င်းရင် တလှပ်လှပ်ဖြစ်နေပြီ ဟင့် ဟင့်း)
မြန်မြန်ဆက်ပါ .
မပေါင်းခိုင်းရင်တော့ ဗိုလ်အောင်ဒင်ကို ပြန်ဒိုင်းညှောင့်ပစ်မယ် ဒါဘဲ
မဒမ်ဝင်း>>> (((ဟင်))) ကိုဒင်တော့ ကိုရင့် ကိုစစ်ကူတောင်းရတော့မယ်ထင်တယ်..းD ဇာတ်သိမ်းကို ဘယ်လိုသိမ်းရမှန်းမသိသေးပါဘူးကွယ်...ဒီလိုပဲရက်စက်တော့မှာလား မမြဝင်းရယ်း))
ReplyDeleteမမ အခုထိ လုံးဝမဖတ်ရသေးဘူး၊ အားလုံး ပြီး မှဖတ်မလို့စောင့်နေပါတယ် မမ၊ မြန်မြန်ရေးပေးပါ။ :P
ReplyDeleteK Khine......... :)
ညီမလေး ကေခိုင်..
ReplyDeleteနည်းနည်းတော့ဖတ်လိုက်ပါ..းP အားပေးတာကျေးဇူးပါ ညီမလေးရေ..မြန်မြန်ရေးဖို့ အရှိန်ယူနေပါတယ်းD
Ma Ma.. I wrote a comment previously, but something went wrong, it didn't appear :( ahint.
ReplyDeleteညီမလေး မြတ်ကြည်..
ReplyDeleteဘယ်လိုဖစ်ရတာလဲနော်..။ မငိုပါနဲ့ ကလေးရယ်း)
Anyway I'm happy that you dropped a line hereး)) Thanks a lot nyimalay.. muahhh...
ဆက်ရန် မြန်မြန်တင်ပါဗျို့ ..ဒီမှာ သိချင်လှပြီ...:)
ReplyDeleteစန်းထွန်းရေ..
ReplyDeleteလာဖတ်တာကျေးဇူးပါ..ရေးတော့ရေးနေပါပြီ..တင်ဖို့ အရှိန်ယူနေပါတယ်း))
ေ၇းနိုင်ပါပေတယ်ကောင်း၏
ReplyDeleteမမ ဖတ်လို့ကောင်းတယ် ။ နောက်တစ်ခါ Happy Ending နဲ့ရေးအုန်းနော် ။ မျှော်နေမယ်......:)
ReplyDeleteကေခိုင်
စာလာဖတ်သွားတာ ကျေးဇူးပါ ညီမလေးကေခိုင်။ ညီမလေးတို့အတွက် happy ending လေးတစ်ပုဒ်ရေးပေးဦးမယ်း))
ReplyDelete