Showing posts with label ချစ်သူတို့ အကြောင်း. Show all posts
Showing posts with label ချစ်သူတို့ အကြောင်း. Show all posts

Tuesday, December 29, 2015

တစ်ဆောင်းသစ်ပြန်ပြီ

အလုပ်ကထွက်လိုက်ရင် အချိန်တွေပိုထွက်လာမယ်လို့ တွေးခဲ့မိတာ၊ လက်တွေ့မှာ ထင်သလိုမဟုတ်မှန်း ကြာလေပိုသိလာရလေ။ အောက်တိုဘာလလယ်လောက်ကတည်းက အလုပ်ထွက်လိုက်တာမို့ ဒီဇင်ဘာလလောက်ဆို ဝါသနာပါတဲ့ စာတိုပေစကလေးများရေးဖို့ အချိန်ထွက်လာနိုင်ကောင်းရဲ့၊ တက်ဖို့ရည်ရွယ်ထားတဲ့ သင်တန်းကလေးများတက်နိုင်ကောင်းရဲ့လို့ တွေးခဲ့မိတာ တစ်ဆိတ်တော့ စိတ်ကူးယဉ်ဆန်သလိုပါ။ ခုချိန်ထိ ဘာတစ်ခုမှ ရေရေရာရာမရှိ၊ ခြေမကိုင်မိ လက်မကိုင်မိ၊ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ဘဝသာရယ်။ ဒီဇင်ဘာမှာ သူများတွေဆွိသလို ကိုယ်လဲဆွိချင်တာပေါ့လေ။ တစ်ကယ်တော့ ဒီဇင်ဘာဟာ ကိုယ့်ကိုဘာမှကောင်းကျိုးပေးခဲ့တာမဟုတ်ဘူး။ ကိုယ့်ဘဝမှာရှိသမျှ အကြမ်း၊ အရမ်းတွေအတော်များများကို ဒီဇင်ဘာထဲမှာပဲ ပစ်ချလိုက်တော့လို့ ကျိန်စာသင့်ခဲ့လေသလား.. ဒီဇင်ဘာ ရေ။  

Monday, December 31, 2012

ချစ်သော..ကမ္ဘာပြိုရင်တောင် မိုးထားပေးမယ့်သူ



(1)
ဒီနေ့ဟာ ဘယ်လိုနေ့ကြီးပါလိမ့်။ အရင်ဆို မိုးရွာခါနီးဆိုရင် ဒီလိုပဲ အပြင်မှာ မှောင်မည်းနေကျ။ ဒါပေမယ့် ခုလိုမျိုး မီးခိုးရောင်လို ခပ်မှိုင်းမှိုင်းအငွေ့တွေ၊ အမှုန်တွေလွင့်မျောနေတာမျိုး ‘သီး’ အသက် တစ်ဆယ့်လေးနှစ်အတွင်း ဒီတစ်ခါပဲ မြင်ဖူးသေးတယ်။ မိုးရွာခါနီးလက္ခဏာပါပဲ။ တစ်ခုသေချာတာက အရင်အခါပေါင်းများစွာ တိမ်ထူထပ်တဲ့နေ့တွေကလို အရောင်မျိုးနဲ့ ကောင်းကင်ကို လွှမ်းခြုံထားတာမျိုးမဟုတ်ဘူး ဆိုတာပဲ။ ဒီလိုနေ့မျိုးမှာ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့မယ်ဆိုတာကိုလည်း ဘယ်သူကကြိုသိနိုင်မှာလဲ? မိုးရွာခါနီးဖြစ်ပေမယ့် ထူးခြားတဲ့အရောင်တစ်မျိုးနဲ့ မိုးခေါ်နေတဲ့ ကောင်းကင်ဟာ  မထင်မှတ်ထားတဲ့ သတင်းတစ်ခုကိုလည်း သယ်ဆောင်ခဲ့တယ်ဆိုရင် ဒါဟာ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်မှာပါ။

“ဖွား..အိမ်ရှေ့မှာ လူနှစ်ယောက်ရပ်နေတယ်” အဖွားလုပ်သူကို ‘သီး’ အော်ပြောလိုက်တော့
“အဲဒါဘာဖြစ်တုန်း? ဘယ်သူတွေလဲ၊ ဘာလဲ သွားမေးချေလေ” တဲ့။
ဂျာကင်အင်္ကျီဆင်တူဝတ်ထားတဲ့ လူနှစ်ယောက် အိမ်တံခါးဝနားမှာ ရပ်ပြီး ‘သီး’ ကိုလက်ပြနေကြတယ်။ အပြင်မှာမှောင်လာနေတာဆိုတော့ တံခါးနားကို မရဲတရဲကပ်သွားလိုက်တုန်းမှာပဲ..
“အိမ်မှာလူကြီးတွေ မရှိကြဘူးလား သမီး” သူတို့ဟာ ‘သီး’ ကိုမြင်တာနဲ့ ယဉ်ယဉ်ကျေးကျေးပဲ မေးလိုက်တယ်။
“ဖွားသက်ရှိတယ်…ဘာကိစ္စများလဲ မသိဘူး”
“ဦးတို့က xxx ကုမ္ပဏီကပါ။ အရေးကြီးတဲ့ သတင်းတစ်ခုလာပေးတာ အိမ်ထဲခဏဝင်ခွင့်ရမလား”
“ဒါဆို ခဏလေးနော်”
နောက်တော့ ဖွားသက်ထွက်လာပြီး တံခါးဖွင့်ပေးလိုက်တာနဲ့ သူတို့နှစ်ယောက်စလုံး ခေါင်းစိုက်ချပြီး အိမ်ထဲကိုဝင်လာကြတယ်။
“အမေက ဒီအိမ်က မခင်လဲ့ နဲ့ဘာတော်ပါလဲခင်ဗျာ?” သူ့ကို အမေလို့ ခေါ်လိုက်တဲ့ လူကို ဖွားသက်က ခဏကြောင်ကြည့်နေပြီး…

“နေပါဦး မင်းတို့ကဘယ်သူတွေများလဲကွယ်။ ဘာကိစ္စ ဖွားသမီး မခင်လဲ့နဲ့ ဖွားကိုဘာတော်သလဲ လို့ မေးနေရသတုန်း?”
ဖွားသက်ကတော့လုပ်ပြီ။ အဖြေကပေါ်နေပြီးများ မေးခွန်းပြန်ထုတ်နေရသေးတယ်။ ဖွားသက်မေးလဲ မေးစရာပါ။ အဲဒီလူနှစ်ယောက်က တစ်ဆိတ်တော့ ထူးဆန်းနေသလားပဲ။ ဂျာကင်ဆင်တူ ဝတ်ထားတဲ့ နှစ်ယောက်ထဲက အရပ်နည်းနည်းပိုရှည်တယ်လို့ ထင်ရတဲ့ လူက ဖွားသက်ကို သူ့ဂျာကင် အတွင်းအိတ်ထဲက စာအိတ်အညိုရောင် ခပ်ကြီးကြီးကို ထုတ်ပြီး လှမ်းပေးလိုက်တယ်။ စာအိတ်ထဲက အဖြူရောင် စာရွက်ခေါက် ကို ဖွားသက်က ဖြည်းဖြည်းလေးထုတ်ယူလိုက်ပြီး ဖြန့်ဖတ်လိုက်တဲ့အခါ ဖွားသက်လက်တွေဟာ သိသိသာသာကြီးကို တုန်ခါနေလေရဲ့။ ဖွားသက်က အသက်ခုနစ်ဆယ်စွန်းစွန်းရှိပေမယ့် လက်တုန်၊ ခြေတုန်၊ ခေါင်းတုန်တဲ့ အဖွားကြီးမျိုးမဟုတ်သေးဘူး ဆိုတာ ‘သီး’ သိတာပေါ့ ကိုယ့်အဖွားပဲ။

“အမယ်လေး၊ အမယ်လေး ငါသေချင်တယ်၊ ငါသာသေလိုက်ချင်တယ်ဟယ်…ဒုက္ခလှလှကြီးတော့ရောက်ကြပါပြီ”
ဖွားသက်က တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်ရင်း မျက်နှာကို လက်ဖဝါးနဲ့ အုပ်ထားတယ်။ ခဏကြာတော့…
“ဟဲ့…နင့်အမေ ခင်လဲ့ ကို ဖုန်းသွားခေါ်စမ်း ခုချက်ချင်း..”

Saturday, December 10, 2011

တွဲလက်များ...

တွဲလက်များ….။

တွဲလက်များဆို..ဟိုသွားသတိရတယ်…။ သီချင်းလေးတစ်ပုဒ်ပါ…။ ထူးအယ်လင်း နဲ့ မီးမီးခဲ ဆိုထားတာပေါ့..။

ဘဝအချိန်ခဏလေး…ရှင်သန်ခွင့်ရ..တို့ဘဝတစ်သက်တာ…အပေါင်းအသင်းတွေကြား….မင်းနဲ့တို့ဟာ ကြင်နာစွာ….
အချစ်လိုအင်တိုင်း….လိုအပ်တိုင်းပဲ…မင်းအနားရှိမှာ….
မပြောင်းလဲပါဘူး….မင်းအတွက်ကိုယ့်မှာ ကြည်ဖြူစွာ….

အားငယ်ချိန်တိုင်း…အနားမှာအစဉ်အားပေးခဲ့တာ…မင်းရဲ့အပြုံးတွေပဲ…ချစ်စရာ ဒီအပြုံးလေး….။
အပြုံးလေးများနဲ့ တို့ဘဝကို ဖန်တီးဆေးခြယ်…ရင်ဆိုင်မယ် အဆိုးဆုံးကြုံလဲ…
အကောင်းဆုံးနေ့များ မျှဝေလို့ တို့ခံစားကြမယ်…
ယုံကြည်ထားတယ်…ခိုင်မာသော….တွဲလက်များ…ရယ်….

သီချင်းတော့သိပ်မရတော့ဘူး…တမင်ကိုမေ့ထားတာ။ နာမည်ကြီးမင်္ဂလာပွဲတစ်ခုမှာ သုံးထားတာကြောင့်လည်းပါတယ်။ ဘာမှတော့မဆိုင်ဘူး..။ ကိုယ့်ဘာသာ နှလုံးသားကလက်မခံတော့တာပါပဲ..း)) စာသားလေးတွေက ဘယ်အချိန်နားထောင်ထောင်၊ ဘယ်အချိန်ကြားလိုက် ကြားလိုက်…တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ကြည်နူးစရာ၊ သတိရစရာတွေပြည့်လို့။ မတိုက်ဆိုင်တဲ့ သူတွေအတွက်တော့ ခဲနဲ့ထုချင်စရာ..။ ကျွန်မကတော့ တိုက်ဆိုင်မှုမရှိတဲ့အချိန်နဲ့ကြုံလာရင် ခဲနဲ့တော့မထုပါဘူး..နားမထောင်ပဲနေလိုက်တာပေါ့..။

ဒါပေမယ့်..အရေးကြုံလို့ ရေးစရာရှိလာတော့လည်း…အဲဒိတွဲလက်များကို ခဏလောက်တော့ ခလုတ်တိုက်ချင်ပါတယ်ရှင့်။ အဲဒိ တွဲလက်များအကြောင်းပဲ နည်းနည်းပြောပြချင်လာပါတယ်။ ဘာရယ်လည်းမဟုတ်ပါဘူး…။

Saturday, January 8, 2011

အသစ်နေ့..ဆီ

 ကြာမြင့်ခဲ့ပြီဖြစ်သော အချိန်ကာလများသည် သူမ၏စိတ်ဒဏ်ရာကို ကုစားနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သောသူမ မျက်ဝန်းအိမ်များမှာတော့ အရောင်မှေးမှိန်နေဆဲ.. တစ်စုံတစ်ရာတောက်ပမှုတို့ကင်းဆဲ..ဒီနေရာလေးမှာသူမထိုင်နေခဲ့သည်မှာလည်းနာရီပေါင်းများစွာကြာမြင့်လို့နေခဲ့..တစ်ယောက်သောသူသည်သူမ အိမ်ပြန်အလာကို မျှော်လင့်ကောင်းမျှော်လင့်နေလိမ့်မည်.. သို့သော်မသေချာ...အားတင်းပြီး ထရန်ဟန်ပြင်တိုင်း ပင်ပန်းနွမ်းနယ်မှုတို့ကြောင့်တစ်ကိုယ်လုံးလေးလံလို့နေလေသည်။ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုဆိုလျှင် ပို မှန် မည်.. ခုံတန်းပေါ်တင်းထားသော လက်များကတော့ မလှုပ်မရှပ် အေးစက်စက်.။ မိုးရွာတော့မည်လား...သူမအိမ်ပြန်ရမည်..ဟုတ်သည်....အို...မဟုတ်ပါဘူး..အိမ်နှင့်တူသောနေရာသို့သာပါ...ရာသီဥတုသုံးပါးဒဏ်၊ ခိုးသားဓားပြဒဏ် မှလွဲ၍ သူမလိုအပ်သောအရာများပေးစွမ်းနိုင်ခြင်းမရှိသော အိမ်နှင့်တူသော အိမ်ရယ်ပါ...ထိုအိမ်သို့ပြန်ရောက်လျှင် ခေါက်ရိုးကျိုးနေသော လုပ်နေကျ အလုပ်များဖြင့်သာရှုပ်နေလိမ့်ဦးမည်.. အရင်ရောက်နှင့်နေလိမ့်မည်ဖြစ်သောသူတစ်ယောက်ကတော့ သူမကိုနှုတ်ဆက်စကားစဆိုမည်.. ပြီးလျှင်သူမ၏ဆံစတို့ကိုပယ်ကာနဖူးပြင်ကိုခပ်ဖွဖွအထိအတွေ့ကလေးတစ်ခုခြွေမည်.သူဘာမှမဖြစ်ခဲ့သလို ဘာကိုမှမပြောခဲ့သလို ခပ်မဆိတ်နေမည်..ဒါဆိုရင် ဖြစ်နေသောပြဿနာဖြေရှင်းပြီးပြီဟုသူထင်လေသလား..

"မင်းတောင်းဆိုတဲ့အရာတွေကို မပေးနိုင်ဘူးဆိုရင်ရော"