Tuesday, December 29, 2015

တစ်ဆောင်းသစ်ပြန်ပြီ

အလုပ်ကထွက်လိုက်ရင် အချိန်တွေပိုထွက်လာမယ်လို့ တွေးခဲ့မိတာ၊ လက်တွေ့မှာ ထင်သလိုမဟုတ်မှန်း ကြာလေပိုသိလာရလေ။ အောက်တိုဘာလလယ်လောက်ကတည်းက အလုပ်ထွက်လိုက်တာမို့ ဒီဇင်ဘာလလောက်ဆို ဝါသနာပါတဲ့ စာတိုပေစကလေးများရေးဖို့ အချိန်ထွက်လာနိုင်ကောင်းရဲ့၊ တက်ဖို့ရည်ရွယ်ထားတဲ့ သင်တန်းကလေးများတက်နိုင်ကောင်းရဲ့လို့ တွေးခဲ့မိတာ တစ်ဆိတ်တော့ စိတ်ကူးယဉ်ဆန်သလိုပါ။ ခုချိန်ထိ ဘာတစ်ခုမှ ရေရေရာရာမရှိ၊ ခြေမကိုင်မိ လက်မကိုင်မိ၊ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ဘဝသာရယ်။ ဒီဇင်ဘာမှာ သူများတွေဆွိသလို ကိုယ်လဲဆွိချင်တာပေါ့လေ။ တစ်ကယ်တော့ ဒီဇင်ဘာဟာ ကိုယ့်ကိုဘာမှကောင်းကျိုးပေးခဲ့တာမဟုတ်ဘူး။ ကိုယ့်ဘဝမှာရှိသမျှ အကြမ်း၊ အရမ်းတွေအတော်များများကို ဒီဇင်ဘာထဲမှာပဲ ပစ်ချလိုက်တော့လို့ ကျိန်စာသင့်ခဲ့လေသလား.. ဒီဇင်ဘာ ရေ။  

နောက်တစ်ခုရှိသေးတယ်။ ဆောင်းတွင်းကျပြီဆို ငယ်ငယ်ကနေခဲ့တဲ့အိမ်ကပဲ အချမ်းမလုံတာလား၊ ကိုယ်ကပဲ သိပ်ချမ်းတတ်လွန်းတာလားတော့ မသိပါဘူး၊ ညညဆို စောင်ပုံတွေထဲမှာ တစ်ကိုယ်လုံးကွေးပြီးအိပ်ရလို့ မနက်နိုးတဲ့အခါ တစ်ကိုယ်လုံးမအီမသာ နဲ့ ကိုက်ခဲသလိုခံစားရတာကြီးလဲ မကြိုက်ဘူး။ အိမ်မှာဆို ဒုတိယအစ်မက အားကစားလိုက်စားတဲ့သူဆိုတော့ ဆောင်းတွင်းမို့နှင်းကျပြီဆို မနက်စောစောထပြီး ပြေးလေ့ရှိတယ်။ သူကတော့ ဆောင်းရာသီကိုကြိုက်တယ်ထင်ပါရဲ့၊ နှင်းမှုံတွေကြားထဲမှာ ပြေးရတာ၊ နှင်းထုကြီးကို ဖောက်ထွင်းပြီးထွက်ရတာ ပျော်စရာလိုလို၊ စွန့်စားခန်းတစ်ခုလိုလိုပဲတဲ့။ ကိုယ်လဲတစ်ရက်တော့ ထပြေးကြည့်တယ်၊ သူပြောသလို မခံစားရခင် မြောက်ပြန်လေအေးကြောင့် နှာသီးဖျားတွေ အေးခဲပြီး မျက်လုံးတွေစပ်ဖျဉ်းဖျဉ်း ဖြစ်တဲ့ဒဏ်ပဲ ခံစားလိုက်ရတယ်။ ခဏကြာတော့ ချွေးစို့စို့ထွက်လာပြီး တစ်ကိုယ်လုံး နွေးတေးတေးဖြစ်လာလို့ နှာသီးဖျားကို ယောင်ယမ်းစမ်းကြည့်မိတယ်၊ အံသြစရာကောင်းတာက အေးစက်စက်ကြီးဖြစ်နေသေးမှန်း အလန့်တကြားသိရတော့တာပဲ။...နှာခေါင်းတစ်ခုတည်း ကွက်ပြီးအေးနေတာ အတော်ကသိကအောက်နိုင်လွန်းတယ်။ အဲဒီဖြစ်စဉ်ပြီးကတည်းက ဒီဇင်ဘာဟာ ရင်ခုန်စရာကောင်းတယ်လို့ အစ်မ ပြောဖူးတာ ဟုတ်မှာပါပဲလို့ တွေးမိသွားတယ်။ သူ့ကို စာရေးစရာမ ဖြစ်လာမယ်ထင်ခဲ့တာ ဒါပေမယ့် သူက စာရေးဖို့သိပ်စိတ်ဝင်စားခဲ့ပုံမပေါ်ဘူး။ အများစုရဲ့ခံစားချက်နဲ့ အမြဲလိုလိုဆန့်ကျင်ခံစားတတ်တဲ့ ကိုယ်ကသာ စာချရေးဖြစ်တဲ့ ဘဝရောက်လာတယ်။ 

ထုံးစံအတိုင်း စာရေးရင် လိုရင်းမရောက်တဲ့အကျင့်က ဖျောက်မရဘူး။ ပြောချင်တာက ဒီဇင်ဘာ နဲ့ကိုယ်ဟာ ဘယ်တော့မှ သဟဇာတမဖြစ်ခဲ့တဲ့အကြောင်း။ အိမ်ကဟိုလူကြီးနဲ့ မတွေ့ခင်အချိန်ထိ ဆိုပါတော့လေ။ 

လွန်ခဲ့တဲ့ ဒီဇင်ဘာတစ်ပတ်တုန်းက မင်္ဂလာနှစ်ပတ်လည်နေ့မို့ ထုံးစံအတိုင်း သူ့ဆီကနှစ်ပတ်လည် လက်ဆောင်တစ်ချို့ရလိုက်သေးတယ်။ သူပေးတဲ့ နှင်းဆီပန်းစည်းက အရင်နှစ်တွေတုန်းကလောက် မကြီးပဲ ခပ်သေးသေးဖြစ်နေလို့ စိတ်ထဲသိပ်အစာမကြေချင်သလိုလို။ တစ်ကယ်ဆို 'ပန်းပေးတာ မကြိုက်ဘူးနော်၊ နောက်ဘယ်တော့မဝယ်ရဘူး' လို့ရာဇသံထုတ်ထားပေမယ့် သူကပေးမြဲတိုင်းပေးနေတော့လဲ၊ နှဲ့ပါများတဲ့ ကျောက်တုံးခမြာ မနဲ့ပဲ မခံနိုင်ရှာဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ အမှတ်တရနေ့တွေကို အမှတ်မရနိုင်တော့တဲ့၊ မရချင်တော့တဲ့ အခြေအနေတွေ ဖြစ်ကောင်းဖြစ်လာနိုင်တာကိုလဲ နှလုံးသွင်းထားရမှာပဲ။ ဘယ်အရာမှ ပုံသေကားကျတွက်ထားလို့မရဘူး မဟုတ်လား။ 

ခုပဲကြည့်.. မနှစ်ကတော့ အမှတ်တရနေ့မို့ ဝတ်ကောင်းစားလှလေးဝတ်ပါဆိုတော့ သူ့သဘောအတိုင်း သူကြိုက်တဲ့ဂါဝန်အရောင် ဝတ်ရသေးတယ်။ ဒီနှစ်တော့ သူ့ဘတ်ဂျက်က မနှစ်ကစံနှုန်းကို ခြေဖျားတောင် မမီချင်တော့။ သမီးနဲ့ဆင်တူ မီနီမောက်စ်ရှပ်ကလေးပဲ ဝတ်ပါဆိုတော့ ကိုယ်လဲ မီနီမောက်စ်လိုက်ရတော့တာပေါ့။ သူကတော့ မစ်ကီမောက်စ် ဘဝပြောင်းသွားရရှာတယ်။ ဆိုတော့.. မင်္ဂလာနှစ်ပတ်လည်နဲ့မတူပဲ မစ်ကီမောက်စ် ကလပ်ဟောက်စ်တွေ ဘာတွေ ဖြစ်ကုန်တာပဲ။ ဘာပဲပြောပြော သူ့ရင်ထဲမှာ မိသားစုဆိုတဲ့ပုံရိပ်ကလေး ထင်ဟပ်နေသးလို့ သက်မ ခပ်ဖွဖွချရတယ်။ မှတ်မှတ်ရရ ဘလော့ဂ်မှာ သူနဲ့တွေ့ပေးခဲ့တဲ့ ဒီဇင်ဘာအကြောင်း ရေးခဲ့ဖူးသေးတယ်။ အင်း.. ဒီဇင်ဘာဟာ ဆွိသလား၊ မဆွိသလား မေးလာရင်တော့ ဆွိမှာပါလေလို့ ဖြေရမှာလား၊ ဆွိပါတယ်လေလို့ ဖြေရမှာလား မိသိန်းကြည်ဖြစ်နေပြီ။ တိတိကျကျ ဖြေရရင် ဒီဇင်ဘာဆိုတာ အိမ်ကလူရဲ့ကောင်းမှုကြောင့် တစ်ကြိမ်တစ်ခါ ဆွိခဲ့ဖူးပါတယ်လေ။ 
ဒီဇင်ဘာနဲ့ လမ်းကြုံတဲ့အခါ ပြောပေးပါဦး... သင်းဟာ တယ်လဲ ဂွတီးဂွကျနိုင်လှတယ်ဆိုတာ..။ 
 :D 

===========•••••===========
MPC :)

No comments:

Post a Comment

ရင်ထဲရှိတာပြော..း)