Saturday, January 2, 2016

အဆင်းရှိသောအရပ်၊ ရနံ့သင်းသောကမ္ဘာ

ပန်းပန်ရတာ မကြိုက်ပေမယ့် ပန်းတွေကို ငေးကြည့်ရတာ၊ ပန်းရနံ့ မွှေးရှိုက်ရတာ၊ ပန်းခင်းထဲလျှေက်ကြည့်ရတာ၊ ပန်းတွေသီကုံးရတာ၊ ပန်းခူးရတာ၊ ပန်းတွေကို ထိရ၊ ကိုင်ရ၊ ငေးကြည့်ရတာကိုတော့ အတော်လေးကြိုက်တယ်။ တစ်ရက်တော့ ကိုယ့်မိဘအရင်းသဖွယ် ချစ်ခင်လေးစားရတဲ့ အစ်ကို နဲ့ အစ်မက ပန်းတွေရှိတဲ့နေရာ သွားကြရအောင်ဆိုတော့ ရောက်လဲ မရောက်ဖူးသေးတာနဲ့ လိုက်သွားဖြစ်တယ်။ တစ်ကယ်တော့ အစ်ကိုနဲ့အစ်မမှာက ဖရီးတစ်ကက် ရှိပြီးသား၊ ကျွန်မတို့ မိသားစုကို လိုက်ဖို့ခေါ်မိတော့ သူတို့ကပဲ တစ်ကတ်ဖိုးပေးသွားတာနဲ့ အားနာစွာ၊ ကျေးဇူးတင်စွာ (ဝမ်းမြောက်စွာ) နဲ့ပဲလက်ခံလိုက်ရတော့တယ်။ အားလဲနာတယ်၊ ခင်လဲခင်ပါတယ်း)

အိမ်ကလူရော၊ ကျွန်မရော သိပ်မသွားဖြစ်တဲ့ နေရာတွေ သွားကြမယ်ဆိုရင် အိတ်ထဲကို အော်တိုမတ်တစ် သတိတရကောက်ထည့်မိတာက ဖုန်မတက်အောင် မနည်းသိမ်းထားကြရတဲ့ ကင်မရာတွေပါပဲ။ အိမ်ကလူကတော့ မကြာခဏ ဆိုသလို အလုပ်သွားရင်း၊ ခရီးသွားရင်း ကင်မရာသုံးတတ်ပေမယ့် အခါများစွာမှာတော့ ကင်မရာထည့်တဲ့ ကြောင်အိမ်ထဲမှာပဲ ထည့်သိမ်းထားတာ တွေ့ရတတ်တယ်။ ကင်မရာကို ကျွန်မထက်ခင်တွယ်သူပီပီ ကြောင်အိမ်ထဲက သူ့ကင်မရာကို တစ်လတစ်ကြိမ် ပုံမှန်ဖုန်သုတ်လေ့ရှိသေးတယ်။ ကျွန်မကင်မရာကိုပါ အဆစ်ဖုန်သုတ်ပေးရတိုင်း မျက်စောင်းခဲတာတော့ ခံရတာပေါ့လေ၊ လွယ်တော့မလွယ်ဘူးး)