Saturday, January 2, 2016

အဆင်းရှိသောအရပ်၊ ရနံ့သင်းသောကမ္ဘာ

ပန်းပန်ရတာ မကြိုက်ပေမယ့် ပန်းတွေကို ငေးကြည့်ရတာ၊ ပန်းရနံ့ မွှေးရှိုက်ရတာ၊ ပန်းခင်းထဲလျှေက်ကြည့်ရတာ၊ ပန်းတွေသီကုံးရတာ၊ ပန်းခူးရတာ၊ ပန်းတွေကို ထိရ၊ ကိုင်ရ၊ ငေးကြည့်ရတာကိုတော့ အတော်လေးကြိုက်တယ်။ တစ်ရက်တော့ ကိုယ့်မိဘအရင်းသဖွယ် ချစ်ခင်လေးစားရတဲ့ အစ်ကို နဲ့ အစ်မက ပန်းတွေရှိတဲ့နေရာ သွားကြရအောင်ဆိုတော့ ရောက်လဲ မရောက်ဖူးသေးတာနဲ့ လိုက်သွားဖြစ်တယ်။ တစ်ကယ်တော့ အစ်ကိုနဲ့အစ်မမှာက ဖရီးတစ်ကက် ရှိပြီးသား၊ ကျွန်မတို့ မိသားစုကို လိုက်ဖို့ခေါ်မိတော့ သူတို့ကပဲ တစ်ကတ်ဖိုးပေးသွားတာနဲ့ အားနာစွာ၊ ကျေးဇူးတင်စွာ (ဝမ်းမြောက်စွာ) နဲ့ပဲလက်ခံလိုက်ရတော့တယ်။ အားလဲနာတယ်၊ ခင်လဲခင်ပါတယ်း)

အိမ်ကလူရော၊ ကျွန်မရော သိပ်မသွားဖြစ်တဲ့ နေရာတွေ သွားကြမယ်ဆိုရင် အိတ်ထဲကို အော်တိုမတ်တစ် သတိတရကောက်ထည့်မိတာက ဖုန်မတက်အောင် မနည်းသိမ်းထားကြရတဲ့ ကင်မရာတွေပါပဲ။ အိမ်ကလူကတော့ မကြာခဏ ဆိုသလို အလုပ်သွားရင်း၊ ခရီးသွားရင်း ကင်မရာသုံးတတ်ပေမယ့် အခါများစွာမှာတော့ ကင်မရာထည့်တဲ့ ကြောင်အိမ်ထဲမှာပဲ ထည့်သိမ်းထားတာ တွေ့ရတတ်တယ်။ ကင်မရာကို ကျွန်မထက်ခင်တွယ်သူပီပီ ကြောင်အိမ်ထဲက သူ့ကင်မရာကို တစ်လတစ်ကြိမ် ပုံမှန်ဖုန်သုတ်လေ့ရှိသေးတယ်။ ကျွန်မကင်မရာကိုပါ အဆစ်ဖုန်သုတ်ပေးရတိုင်း မျက်စောင်းခဲတာတော့ ခံရတာပေါ့လေ၊ လွယ်တော့မလွယ်ဘူးး)

Tuesday, December 29, 2015

တစ်ဆောင်းသစ်ပြန်ပြီ

အလုပ်ကထွက်လိုက်ရင် အချိန်တွေပိုထွက်လာမယ်လို့ တွေးခဲ့မိတာ၊ လက်တွေ့မှာ ထင်သလိုမဟုတ်မှန်း ကြာလေပိုသိလာရလေ။ အောက်တိုဘာလလယ်လောက်ကတည်းက အလုပ်ထွက်လိုက်တာမို့ ဒီဇင်ဘာလလောက်ဆို ဝါသနာပါတဲ့ စာတိုပေစကလေးများရေးဖို့ အချိန်ထွက်လာနိုင်ကောင်းရဲ့၊ တက်ဖို့ရည်ရွယ်ထားတဲ့ သင်တန်းကလေးများတက်နိုင်ကောင်းရဲ့လို့ တွေးခဲ့မိတာ တစ်ဆိတ်တော့ စိတ်ကူးယဉ်ဆန်သလိုပါ။ ခုချိန်ထိ ဘာတစ်ခုမှ ရေရေရာရာမရှိ၊ ခြေမကိုင်မိ လက်မကိုင်မိ၊ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ဘဝသာရယ်။ ဒီဇင်ဘာမှာ သူများတွေဆွိသလို ကိုယ်လဲဆွိချင်တာပေါ့လေ။ တစ်ကယ်တော့ ဒီဇင်ဘာဟာ ကိုယ့်ကိုဘာမှကောင်းကျိုးပေးခဲ့တာမဟုတ်ဘူး။ ကိုယ့်ဘဝမှာရှိသမျှ အကြမ်း၊ အရမ်းတွေအတော်များများကို ဒီဇင်ဘာထဲမှာပဲ ပစ်ချလိုက်တော့လို့ ကျိန်စာသင့်ခဲ့လေသလား.. ဒီဇင်ဘာ ရေ။  

Tuesday, April 16, 2013

နွေဦးလေပြေ..မောင့်ကိုစေ...


 
ညဦးပိုင်းက ရွာထားတဲ့မိုးကြောင့် ဒီကနေ့မနက်တော့ သိပ်ပြီးအိုက်စပ်စပ်မရှိလှ။ အချိန်မီရွာတဲ့ သင်္ကြန်မိုးကို စိတ်ထဲမှပင် ကျေးဇူးတင်မိသည်။ ဒီနှစ်နွေက အရင်နှစ်တွေကထက် ပိုပြီးပူလောင်အိုက်စက်လှသည်ထင်သည်။ နွေဆိုမှတော့ နွေပီပီပူပြင်းဦးမှ အဓိပ္ပါယ်ပြည့်ဝပေမည်။ ခြံဝင်းထဲက ပိတောက်ပင်ကြီးကတော့ သင်္ကြန်မိုးကြောင့် ဝါဝါဝင်းရွှေဖြစ်လို့နေပြီမို့ အိမ်ထဲမှ လှမ်းကြည့်မိတိုင်း ကြည်နူးရသည်။ ဒီအပင်ကြီးက ကိုရွှေဖိုးသင်္ကြန်ရဲ့ အသည်းအသက်၊ နွေနှင့် ဖိုးသင်္ကြန်တို့ရဲ့ မေ့မရသော အမှတ်တရ ချစ်သစ်ပင်။ 

သင်္ကြန်အကြိုနေ့
“မေမေ၊ မေမေ့..”
“ဘာလဲ..သားရဲ့”
“မေမေ ဟိုဖက်အိမ်က ခူမ ကိုမပြောတော့ဘူးလား? တား တူ့အမေနဲ့ တွားတိုင်မှာနော်”

သားဖြစ်သူ ဖိုးသိကြား က အိမ်ရှေ့တွင် ငိုမဲ့မဲ့နှင့် အမောတကောရောက်လာတော့ နွေ့မှာရုတ်တရက် ကြောင်အမ်းအမ်းနှင့် ဘာပြန်ပြောရမှန်းမသိပေ။

“မေမေ့…”
“အေး….ဘာဖြစ်ပြန်ပြီတုန်း သား နဲ့ ခူးခူး”

သားကဘာမှပြန်မဖြေဘဲ နွေ့လက်ကိုဆွဲကာ အိမ်နှင့်မလှမ်းမကမ်းက ကလေးတွေရေကစားသော အုန်းလက်မဏ္ဍပ်ရှိရာသို့ ဦးတည်တော့သည်။ ပြီးတော့ သား လက်ညှိုးညွန်ပြရာသို့ လှမ်းကြည့်မိတော့ ဘေးနှစ်အိမ်ကျော်က သားထက်တစ်နှစ်သာငယ်သော တန်ခူးဆိုသော ကောင်မလေးက ရေဇလားကြီးထဲတွင် အခန့်သားထိုင်နေလေသည်။

Tuesday, January 29, 2013

အလွဲများနှင့် ယဉ်ပါးခြင်း...



ပထမတစ်ယောက်နာမည်က လုံးလုံး။ နောက်တစ်ယောက်ကတော့ ဝိုင်းဝိုင်း။ တိုက်ပဲတိုက်ဆိုင်လွန်းသည်။ နောက်ထပ်တစ်ယောက် ထပ်ရှာတော့လဲ ပြားပြား ပဲရောက်လာမလား? ချွန်ချွန်များဖြစ်နေမလား? လေးထောင့်များ ဖြစ်မလားနဲ့ ရင်တထိတ်ထိတ်ဖြစ်ရသည်။ အဲဒီလို ပုံသဏ္လာန်တွေပါတဲ့ နာမည်တွေဆိုရင် မြ မှာရင်ခုန်လိုက်ရတာအမော။ တစ်ခုခုတော့ ကမောက်ကမကြုံရဦးမှာပဲဆိုတဲ့ ကြိုတင်စိုးရိမ်စိတ်မျိုးနဲ့ ရင်ခုန်ရတဲ့ အခုန်မျိုးပဲဖြစ်သည်။ ခဲမှန်ဖူးတဲ့ စာသူငယ်ဆိုတော့လဲ မြကတော့ လေးခွမြင်တာနဲ့ အဖျားတက်ရပြီ။ ခုလဲ နောက်တစ်ယောက်ရှာနေတာ ကြာပဲကြာလှပြီ။ မိတ်ဆွေတစ်ယောက်အကူအညီနဲ့ ကောင်မလေးတစ်ယောက်ကို အလုပ်အင်တာဗျူးဖို့ ပြောထားပြီးနှင့်ပြီ။ အသိမိတ်ဆွေရဲ့ အဆက်အသွယ်နဲ့ရမယ့်လူဆိုတော့ နည်းနည်းတော့ စိတ်အေးရပါသည်။ ဒါပေမယ့် မြ ကတော့ ကိုယ့်ကံကြမ္မာကို တင်းပြည့်ကျပ်ပြည့်မယုံနိုင်သေး။ ဒီတစ်ခါတော့ ကံကောင်း ကောင်းပါရဲ့။
မြ တို့လင်မယားမှာက အခါလည်ကျော်ကျော် သမီးကလေးတစ်ယောက်ရှိသည်။ ရေခြားမြေခြား၊ နိုင်ငံရပ်ခြားမှာ အသက်မွေးဝမ်းကျောင်းရတာဆိုတော့ သမီးကလေးနောင်ရေးစိတ်အေးရအောင် လင်ရော၊ မယားရော အလုပ်ထွက်လုပ်ကြရသည်။ အရင်တုန်းကတော့ ဆွေးမျိုးညာတကာများက သမီးကလေးကို ခဏတဖြုတ်လာပြီး စောင့်ရှောက်ပေးပေမယ့် နှစ်ရှည်လများကျတော့ ဆွေမျိုးတွေမှာ သူ့အလုပ်နဲ့သူ၊ သူမိသားစုအရေးနဲ့သူ၊ အချိန်တန်တော့ သူတို့လဲ အိမ်ပြန်ကြရသည်။ နောက်တော့လဲ မြမှာ ယောက်ျားလုပ်သူ ကိုမောင်နဲ့ ရက်ပေါင်းများစွာ ခေါင်းချင်းဆိုင် တိုင်ပင်ပြီး သမီးကလေးကို ထိန်းကျောင်းစောင့်ရှောက်ပေးဖို့နဲ့ မြရဲ့ အိမ်မှုကိစ္စအချို့ကိုကူညီလုပ်ကိုင်ပေးဖို့ အိမ်အကူကောင်မလေးတစ်ယောက်ငှားဖို့ မြတို့နှစ်ယောက်လုံးသဘောတူစွာပဲ ဆုံးဖြတ်လိုက်ကြတော့သည်။ မြ တို့အတွက် တစ်ခြားရွေးခြယ်စရာ နည်းလမ်းမရှိတော့ပြီ။

xxxxx

“ညီမနာမည်ကိုပြောပါဦး”
“ဌေးဌေး လို့ခေါ်ပါတယ်။ ဒါပေမယ့် ထဆင်ထူး နဲ့ ထေးတာနော်အစ်မ”
“ဟေ..အင်း။ ဟုတ်ပါပြီ”
ကောင်မလေးနာမည်က ထဆင်ထူးနဲ့ထေးထေး၊ ထဝမ်းဘဲနဲ့ပဲဌေးဌေး ပုံသဏ္လာန်ပါတဲ့ နာမည်မဟုတ်လေတော့ မြ သက်ပြင်းခိုးချမိသည်။ ထေးထေးက ရခိုင်တိုင်းရင်းသူလေးမို့ စကားပြောတဲ့အခါ တိုင်းရင်းသူသံဝဲလေသည်။
“ကလေးလေးကို ကြည့်ပေးနိုင်ပါ့မလား။ အစ်မတို့ နှစ်ယောက်စလုံးက တနင်္လာနေ့ကနေသောကြာနေ့အထိ ရုံးတက်ရတာဆိုတော့ အိမ်မှာ ထေးထေးနဲ့ ကလေးပဲ ကျန်ခဲ့မှာ။ အိမ်အလုပ်တွေက အရေးမကြီးဘူး။ သမီးလေးကို အစ်မပြောတဲ့အတိုင်း ကိုယ့်ဆွေမျိုးသားရင်းလေးလို သေသေချာချာ ဂရုတစိုက်စောင့်ရှောက်ပေးဖို့ပါပဲ”
“ရပါတယ်အစ်မ။ အရင်အိမ်မှာလုပ်တုန်းကလဲ ကလေးပဲကြည့်ပေးခဲ့ရတာပါ”
“အရင်အိမ်ကနေ နှစ်မစေ့ခင် ဘာလို့အလုပ်ထွက်သွားတာလဲ ပြောပြနိုင်မလား”

ထေးထေးက မဖြေ။ ခဏနှုတ်ဆိတ်နေသည်။ 

Monday, December 31, 2012

ချစ်သော..ကမ္ဘာပြိုရင်တောင် မိုးထားပေးမယ့်သူ



(1)
ဒီနေ့ဟာ ဘယ်လိုနေ့ကြီးပါလိမ့်။ အရင်ဆို မိုးရွာခါနီးဆိုရင် ဒီလိုပဲ အပြင်မှာ မှောင်မည်းနေကျ။ ဒါပေမယ့် ခုလိုမျိုး မီးခိုးရောင်လို ခပ်မှိုင်းမှိုင်းအငွေ့တွေ၊ အမှုန်တွေလွင့်မျောနေတာမျိုး ‘သီး’ အသက် တစ်ဆယ့်လေးနှစ်အတွင်း ဒီတစ်ခါပဲ မြင်ဖူးသေးတယ်။ မိုးရွာခါနီးလက္ခဏာပါပဲ။ တစ်ခုသေချာတာက အရင်အခါပေါင်းများစွာ တိမ်ထူထပ်တဲ့နေ့တွေကလို အရောင်မျိုးနဲ့ ကောင်းကင်ကို လွှမ်းခြုံထားတာမျိုးမဟုတ်ဘူး ဆိုတာပဲ။ ဒီလိုနေ့မျိုးမှာ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့မယ်ဆိုတာကိုလည်း ဘယ်သူကကြိုသိနိုင်မှာလဲ? မိုးရွာခါနီးဖြစ်ပေမယ့် ထူးခြားတဲ့အရောင်တစ်မျိုးနဲ့ မိုးခေါ်နေတဲ့ ကောင်းကင်ဟာ  မထင်မှတ်ထားတဲ့ သတင်းတစ်ခုကိုလည်း သယ်ဆောင်ခဲ့တယ်ဆိုရင် ဒါဟာ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်မှာပါ။

“ဖွား..အိမ်ရှေ့မှာ လူနှစ်ယောက်ရပ်နေတယ်” အဖွားလုပ်သူကို ‘သီး’ အော်ပြောလိုက်တော့
“အဲဒါဘာဖြစ်တုန်း? ဘယ်သူတွေလဲ၊ ဘာလဲ သွားမေးချေလေ” တဲ့။
ဂျာကင်အင်္ကျီဆင်တူဝတ်ထားတဲ့ လူနှစ်ယောက် အိမ်တံခါးဝနားမှာ ရပ်ပြီး ‘သီး’ ကိုလက်ပြနေကြတယ်။ အပြင်မှာမှောင်လာနေတာဆိုတော့ တံခါးနားကို မရဲတရဲကပ်သွားလိုက်တုန်းမှာပဲ..
“အိမ်မှာလူကြီးတွေ မရှိကြဘူးလား သမီး” သူတို့ဟာ ‘သီး’ ကိုမြင်တာနဲ့ ယဉ်ယဉ်ကျေးကျေးပဲ မေးလိုက်တယ်။
“ဖွားသက်ရှိတယ်…ဘာကိစ္စများလဲ မသိဘူး”
“ဦးတို့က xxx ကုမ္ပဏီကပါ။ အရေးကြီးတဲ့ သတင်းတစ်ခုလာပေးတာ အိမ်ထဲခဏဝင်ခွင့်ရမလား”
“ဒါဆို ခဏလေးနော်”
နောက်တော့ ဖွားသက်ထွက်လာပြီး တံခါးဖွင့်ပေးလိုက်တာနဲ့ သူတို့နှစ်ယောက်စလုံး ခေါင်းစိုက်ချပြီး အိမ်ထဲကိုဝင်လာကြတယ်။
“အမေက ဒီအိမ်က မခင်လဲ့ နဲ့ဘာတော်ပါလဲခင်ဗျာ?” သူ့ကို အမေလို့ ခေါ်လိုက်တဲ့ လူကို ဖွားသက်က ခဏကြောင်ကြည့်နေပြီး…

“နေပါဦး မင်းတို့ကဘယ်သူတွေများလဲကွယ်။ ဘာကိစ္စ ဖွားသမီး မခင်လဲ့နဲ့ ဖွားကိုဘာတော်သလဲ လို့ မေးနေရသတုန်း?”
ဖွားသက်ကတော့လုပ်ပြီ။ အဖြေကပေါ်နေပြီးများ မေးခွန်းပြန်ထုတ်နေရသေးတယ်။ ဖွားသက်မေးလဲ မေးစရာပါ။ အဲဒီလူနှစ်ယောက်က တစ်ဆိတ်တော့ ထူးဆန်းနေသလားပဲ။ ဂျာကင်ဆင်တူ ဝတ်ထားတဲ့ နှစ်ယောက်ထဲက အရပ်နည်းနည်းပိုရှည်တယ်လို့ ထင်ရတဲ့ လူက ဖွားသက်ကို သူ့ဂျာကင် အတွင်းအိတ်ထဲက စာအိတ်အညိုရောင် ခပ်ကြီးကြီးကို ထုတ်ပြီး လှမ်းပေးလိုက်တယ်။ စာအိတ်ထဲက အဖြူရောင် စာရွက်ခေါက် ကို ဖွားသက်က ဖြည်းဖြည်းလေးထုတ်ယူလိုက်ပြီး ဖြန့်ဖတ်လိုက်တဲ့အခါ ဖွားသက်လက်တွေဟာ သိသိသာသာကြီးကို တုန်ခါနေလေရဲ့။ ဖွားသက်က အသက်ခုနစ်ဆယ်စွန်းစွန်းရှိပေမယ့် လက်တုန်၊ ခြေတုန်၊ ခေါင်းတုန်တဲ့ အဖွားကြီးမျိုးမဟုတ်သေးဘူး ဆိုတာ ‘သီး’ သိတာပေါ့ ကိုယ့်အဖွားပဲ။

“အမယ်လေး၊ အမယ်လေး ငါသေချင်တယ်၊ ငါသာသေလိုက်ချင်တယ်ဟယ်…ဒုက္ခလှလှကြီးတော့ရောက်ကြပါပြီ”
ဖွားသက်က တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်ရင်း မျက်နှာကို လက်ဖဝါးနဲ့ အုပ်ထားတယ်။ ခဏကြာတော့…
“ဟဲ့…နင့်အမေ ခင်လဲ့ ကို ဖုန်းသွားခေါ်စမ်း ခုချက်ချင်း..”

Tuesday, December 18, 2012

ချစ်စရာ့ မေးစေ့ကလေး...



သက်တမျှ ၆လ ပြည့်တုန်းကလဲ မေးစေ့နှစ်ထပ်ရှိတာပဲး))
မတွေ့ဖြစ်တာ နှစ်အတော်ကြာပြီဖြစ်တဲ့ ကျွန်မရဲ့ငယ်သူငယ်ချင်းတစ်ယောက်နဲ့ အွန်လိုင်းမှာ စကားပြောဖြစ်ကြရင်း အမြဲလို လှလှပပလေးနေတတ်တဲ့ သူငယ်ချင်းက အသက်ကြီးလာတော့ ဝလာတယ်ဆိုတဲ့အကြောင်း၊ မေးစေ့နှစ်ထပ်တောင်ဖြစ်နေပြီဆိုတဲ့အကြောင်း ပြောပြရင်း၊ ဘယ်လိုလုပ်ရလဲ၊ နည်းရှိရင်ပေးပါဦးဆိုတော့ လေ့ကျင့်ခန်းဆိုလို့ တစ်ကနေတစ်ဆယ်ထိအောင် ရယ်ရမှာပျင်းတတ်တဲ့ကျွန်မအတွက် အခက်တွေ့ပါတော့တယ်။ ဒါပေမယ့် သူငယ်ချင်းမလေးကို ကူညီချင်တာနဲ့ ကိုယ်ကလည်း ( မဆိုသလောက်လေးး) ဝလာတာနဲ့ တစ်ချက်ခုတ် သုံး၊လေးချက်ပြတ်စေတော့ရယ်လို့ ဆုံးဖြတ်ချက်ချပြီးသကာလ သူငယ်ချင်းကို နည်းလမ်းရှာပေးမယ်ဆိုပြီး တတ်ယောင်ကားနဲ့ ရဲရဲကြီးအာမခံခဲ့ပါတယ်။ အဲဒါနဲ့ပဲ သူငယ်ချင်းအတွက်ရော၊ ဘလော့မှမိတ်ဆွေများ၊ မေးစေ့နှစ်ထပ်ဖြစ်လို့ စိတ်ပျက်နေတဲ့ ချစ်စရာ့ပျိုမဒီလေးများအတွက်ပါ ဒီပို့စ်ကိုရေးဖြစ်ပါတယ်။ အလှအပနဲ့ ကိုယ်ကာယလေ့ကျင့်ခန်းဖက်မှာ ပရို မဟုတ်တဲ့အတွက် အရေးအသား ဆီလျော်မှုမရှိခဲ့ရင် ခွင့်လွှတ်သည်းခံပေးဖို့ ကြိုတင်မေတ္တာရပ်ခံပါတယ်။ မေးစေ့နှစ်ထပ်လေးနဲ့ ချစ်စရာကောင်းလိုက်တာလို့ ချီးမွမ်းခံနေရဆဲသူတွေအတွက်တော့ ဒီပို့စ်က အသုံးမဝင်တော့ပါဘူးး) ကမ္ဘာမပျက်ခင် လှချင်သူများအတွက်ရယ်ပါး))

၁)  ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်ကျယ်လေး ၁၀ စက္ကန့်ကြာအောင် ဟထားပါ။ ပြီးလျှင် ပြန်ပိတ်ပါ။   

၂) ဦးခေါင်းကို မျက်နှာကြက်နဲ့ မျက်နှာချင်းဆိုင် အနေအထားရောက်အောင် မော့ထားပါ။ အဲဒီလိုမော့လိုက်တဲ့အခါ မေးစေ့လည်း အလိုလျောက် မော့ထားပြီးသားဖြစ်သွားပါလိမ့်မယ်။ မော့ထားတဲ့ အနေအထားမှာ နှုတ်ခမ်းကို အရှေ့ကိုစူထွက်ပြီး မျက်နှာကြက်ဆီသို့ ထော်ထားလိုက်ပါ။ ဦးခေါင်းမော့ နှုတ်ခမ်းထော်ထားတဲ့ အနေအထားမှာ ၅ စက္ကန့်ကြာတဲ့အထိထားပါ။ ပြီးလျှင် နှုတ်ခမ်းကို ပုံမှန်ပြန်ထားပါ။ ဦးခေါင်းကိုတော့ ဆက်မော့ထားရင်း နှုတ်ခမ်းစုထော်တဲ့အကြိမ် ၃ ကြိမ်မှ ၅ ကြိမ်အထိလုပ်ပေးပါ။ (ဒီလေ့ကျင့်ခန်း လုပ်တဲ့အခါ ကိုယ့်အခန်းတံခါးပိတ်ပြီးလုပ်ဖို့ အကြံပြုပါရစေ။ နို့မို့ သူများရယ်စရာဖြစ်နေပါလိမ့်မယ်။ ဘယ့်နှယ် ပွဲမဝင်ခင် အပြင်ကကျင်းပတာများ မျက်နှာကြက်ကြီး မော့ မော့ နမ်းရတယ်လို့း))

၃)  မေးစေ့ကို ရှေ့သို့ဆန့်ထုတ်ပါ။ ၁၀ စက္ကန့်ကြာအောင်ထားပါ။ ဦးခေါင်းနဲ့ ပုခုံးကတော့ ပုံမှန် မတ်မတ်ပဲထားပါ။ ဦးခေါင်းနဲ့ ပုခုံး လိုက်ပါဆန့်ထွက်ခြင်း မပြုမိပါစေနဲ့။ (မြန်မာဆန်ဆန်ဆိုရရင်တော့ ဇာတ်ထဲက မြန်မာကကွက်တစ်ခုဖြစ်တဲ့ မေးထိုးအကလေးနဲ့တောင် ဆင်ပါသေးတယ်။ ဒီလေ့ကျင့်ခန်းကောင်းကောင်းလုပ်တတ်ပြီဆိုရင် ဇာတ်ထောင်လို့ရပြီးD)