သူအသက်ရှုကြပ်လွန်းလို့ ပြေးထွက်ချင်နေပြီ။ အိမ်ရောက်ဖို့ နည်းနည်းတော့ လိုနေသေးတာ ခက်တာပဲ။
ဘေးဘီဝဲယာတောင် လှုပ်မရအောင်ကြပ်သပ်လွန်းလိုက်တာ။ သူ့ဘေးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးမို့ ကိုယ်ကိုအတတ်နိုင်ဆုံးကျုံ့ထားရလို့ ပိုမွန်းကြပ်တာ။ ဘာပဲဖြစ်ဖြစ် ဒီဘက်ဘေးက သနပ်ခါးပန်းလေးတွေကို မဟာဆန်ဆန်ပန်ထားတဲ့ ကောင်မလေးတစ်ယောက်ကြောင့် မူးဝေနောက်ကျိနေတာတွေ သက်သာရာရတယ်လို့လည်း သူ့ဘာသာတွေးပြီးပြုံးလိုက်တယ်။ သနပ်ခါးပန်းလေးတွေဟာ သူ့အတွက်တော့ ငရဲပန်းတွေကြားက ကျဉ်းကျဉ်းကြပ်ကြပ် ပွင့်နေတဲ့ နတ်ပန်းကလေးတွေလို၊ မွှေးမြမြ ရနံ့လေးတွေကလည်း အော်ကလီဆန် အနံ့ဆိုးတွေကြားက အောက်ဆီဂျင်လို။ သနပ်ခါးပန်းအသည်းစွဲကြိုက်တတ်တဲ့ ချစ်သူကို သူ ရုတ်တရက် သတိရသွားတယ်။ သနပ်ခါးပန်းတွေ ပွင့်နေသေးတယ်ဆိုတာ သူမသိ။ သူ့အတွက် ရက်အချိန်မသိ ပြက္ခဒိန်မရှိဖြစ်ခဲ့တာ နှစ်ပေါင်းများခဲ့ပြီ။ ခုရော.. ချစ်သူ သနပ်ခါးပန်း ကြိုက်သေးရဲ့လားတော့ သူ မသေချာ။ ငါးပိငါးချဉ်သိပ်ကားကြောင့် သနပ်ခါးပန်းပန်ထားတဲ့ ကောင်မလေးမျက်နှာကတော့ လေလျော့ကျနေတဲ့ ဘောလုံးတစ်လုံးလို ရှုံ့တွတွ၊ မဲ့တဲ့တဲ့တောင်ဖြစ်နေပြီ။ ကားပေါ်ကလူတွေရဲ့ မျက်နှာတွေဟာ ခုချိန်မှာ တစ်ပုံစံတည်းဖြစ်နေပုံကို သူ ကြည့်ရင်းနည်းနည်းစိတ်သက်သာရာရသွားပြီး နှုတ်ခမ်းတစ်ချက်မဲ့လိုက်တယ်။ ကိုယ်တစ်ယောက်တည်းမှ မဟုတ်ပဲလေ။ အားလုံးအိမ်ပြန်ရောက်ချင်ကြပြီမဟုတ်လား။
ကားမောင်းဆရာကပဲကြမ်းလွန်းတာလား၊ လူတွေပဲကြပ်သပ်လွန်းနေတာလား၊ လူတွေတောင် တစ်ယောက်အပေါ်တစ်ယောက်ပိမတတ် ခဏခဏဖြစ်သွားရတယ်။ မလိုအပ်ပဲ ခဏခဏဘရိတ်အုပ်လွန်းလို့ ငယ်တုန်းကစီးတဲ့ ရဟတ်လို ချာလပတ်ရမ်းပြီး အီတီတီ မူးဝေဝေတောင်ဖြစ်လို့။ ဟော..ဘရိတ်အုပ်ပြန်ပြီ။ ဒီတစ်ခါအတော် အရှိန်ပြင်းလွန်းတယ်။ အင်း..လုပ်ချလိုက်ဦး ကားဆရာ။ သူ တွေးနေတဲ့အတွေးတောင် မရပ်သေး…
အိုး…
ဟာ…
ဟဲ့..လုပ်ကြဦး…
ဘုရား….
အားးးးး…..
***
ဒီလောက်ကြမ်းတဲ့ ကားမောင်းဆရာကို ဘတ်စ်ကားမမောင်းခိုင်းပဲ လေယာဉ်မောင်းခိုင်းရမှာ။ လေယာဉ်ပေါ်ကလူတွေတော့ အသက်ကိုဖက်နဲ့ ထုပ်ထားဖို့သာပြင်ပေတော့ပဲ။ ကားပေါ်ကနေ ချက်ချင်း သူရုန်းထွက်ခဲ့တယ်။ ခုမှပဲ သိသိသာသာကြီး အသက်ရှုချောင်သွားမှန်း သူ သိလိုက်တယ်။ ညပ်သပ်နေတဲ့ လူတွေကြားထဲက တိုးကြိတ်ပြီးထွက်လာရလို့ ကြေမွနေတဲ့ သူ့အင်္ကျီကို ပြန်ပြီးဆွဲဆန့်ရင်း နောက်ပြန်လှည့်ကြည့်မိတော့ ခုနသူစီးလာတဲ့ကားနားမှာ လူတစ်ချို့ရပ်နေကြသေးတယ်။ နေပါဦး..ကားပေါ်ကတိုးထွက်လာတဲ့အချိန်မှာ သူ့ကိုယ်ဟာ တိမ်ဆိုင်ကလေးလို ပေါ့ပါးလို့ လျှောကနဲ တိုးထွက်လိုက်နိုင်ခဲ့တဲ့ ခံစားချက်ကို သူ ရလိုက်တယ်။ တစ်ခဏချင်းပဲ လွတ်လပ်မှုကို သူ ရရှိလိုက်ပုံများ ကြည့်ပါဦး။
သူစီးလာခဲ့တဲ့ကားဟာ လမ်းချိုးငယ်ကထွက်လာတဲ့ကားနဲ့ တိုက်မိတော့မလို့ တော်သေးရဲ့။ မထူးတော့ဘူး နောက်ထပ်ကားစောင့်ရင်လည်း ကြပ်ညပ်နေလို့ တက်မရမှာနဲ့ ဘာနဲ့ဆိုရင် နောက် နာရီဝက်လောက် ဒါမှမဟုတ် ဒိထက်တောင်ကြာနိုင်သေးတယ်လို့ သူတွေးရင်း လက်ဖျောက်တစ်ချက်တီးလိုက်ပြီး ဆုံးဖြတ်ချက်ကျသွားတဲ့ပုံစံနဲ့ ဆက်လျှောက်နေတော့တယ်။ ဟုတ်တယ်။ ခုလို ကတ္တရာလမ်းပေါ်ခြေချလိုက်တော့မှ ကားပေါ်ကမွန်းကြပ်တာတွေ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားတာ။ ကတ္တရာလမ်းမည်းမည်းဟာ မညီညာပေမယ့် သူ့အရေပြားကို လာပြီးကပ်နေတဲ့ တစ်စုံတစ်ယောက်မှ ရှိမနေဘူးဆိုတော့ ဘယ်လောက်လွတ်လပ်လိုက်သလဲ။ အသက်ဝဝ ပြင်းပြင်းရှုရင်း သူ ဆက်လျှောက်ဖို့ပြင်လိုက်တယ်။
တကယ်တော့ ခုလိုအိမ်နဲ့ခရီးအတော်လှမ်းနေသေးတဲ့နေရာကနေ လမ်းလျှောက်ပြန်ဖို့ တစ်ခါဖူးမှ သူ မစဉ်းစားဖူးဘူး။ ဒါပေမယ့် ဒီနေ့လိုမွန်းကြပ်တာမျိုး သူ ထပ်မခံစားချင်တော့ဘူး။ ချက်ချင်းပဲ သူ့ဝန်းကျင်ဟာ လင်းရာကနေ မီးခိုးရောင်လိုလိုအရောင်ပြောင်းလာနေပြီ။ တိမ်တွေလည်း သူ့ခေါင်းပေါ်မှာ လေနဲ့အတူ လွင့်မျောလာနေတာ ကြည့်လို့တောင်ကောင်းသေးတော့။ မိုးအုံ့တာများလား။ အင်း…သူ့မှာ ထီးလည်းပါမလာတာ အခက်ပဲ။ အို..သူ ဘယ်တုန်းကမှ ထီးသယ်ယူလေ့ မရှိတာပဲလေ။ ချက်ချင်း ချစ်သူကို သူ သတိရသွားပြန်တယ်။ ခုလို မိုးအုံ့ပြီဆို ချစ်သူက တွေ့လား..ထီးယူပါဆို ဘယ်တော့မှမယူချင်ဘူး၊ မိုးရွာရင် ဘယ်လိုလုပ်မလဲဆိုပြီး စိတ်မဆိုးပေမယ့် အသံခပ်မာမာ လုပ်ပြီးပြောတတ်တာ၊ မိုးတစ်ဖြောက်ဖြောက်ကျပြီဆို ထီးတစ်ချောင်းအောက်မှာ နှစ်ယောက်သား ပူးပူးကပ်ကပ်ခိုလို့ ချစ်သူရဲ့ မခို့တရို့ရယ်သံကြားမှာ ကိုယ်ပေါ်ကျလာနေတဲ့ မိုးစက်တွေကိုတောင် ဂရုမစိုက်နိုင်အားတာ၊ ဒါတွေကို တစ်ခုချင်းပြန်သတိရနေမိတယ်။ အဲဒါတွေအားလုံး မှုံဝါးဝါးရုပ်ရှင်ကားတစ်ကားလို အတိတ်မှာ ကျန်ခဲ့ပေမယ့် သူ့အတွက်တော့ အရာအားလုံးမနေ့ကလိုပဲ။
ခုတော့ ချစ်သူကို သူရွတ်ပြခဲ့ဖူးတဲ့ မိုးဖွဲ့ ကဗျာတစ်ပုဒ်ကို သူ တစ်ယောက်တည်း ရေရွတ်နေမိရပြီပေါ့။ ဟင်..လွမ်းစရာကဗျာကြီးလို့ ချစ်သူက ငြူငြူစူစူ ပြောခဲ့သေးတာပဲ။
“ကြိုင်ပျံ့ရှား၊ စကားဆီကနှောင်။
လေ့တသွေး မဝေးမကွာလှလေဘူ့။
နန်းယက္ခတောင်။
ညိုလို့သာဝန်းတော့တယ်၊ မြယွန်းဆီကမှောင်။
ပူအောင်ဖွဲ့ဖန်ပျိုး။
ဆည်လို့ထဲ၊ ကြည်ကွဲအောင် မဆင်လာနှင့်
ရှစ်ခွင်မှာ ပြာရီမှည့်
လွမ်းနယ်ချဲ့မိုး။”
ရုတ်တရက်ပါးပြင်ပေါ် ပူနွေးတဲ့ခံစားမှုတစ်ခု စီးဆင်းလာရဲ့။ စိုးရိမ်တကြီး လက်နဲ့ယောင်ယမ်းစမ်းမိပေမယ့် ဒါဟာ မိုးရည်စက်တွေပါလို့ သူ့ဘာသာ ပြန်နှစ်သိမ့်လို့နေတယ်။ သူ့ မျက်ရည်တွေခမ်းခဲ့တာ ကြာပြီပဲလေ။ ခပ်ဖွဲဖွဲမိုးက ရုတ်တရက် သည်းသည်းရွာချလိုက်တယ်။ သူ လျှောက်နေတဲ့ လမ်းတောင် မိုးရေကြောင့် အိုင်ထွန်းစပြုနေတယ်။ သူ့ကော်တွန်အင်္ကျီ အဖြူဟာလည်း ပါးလျလျမို့ အသားမှာလာကပ်နေတယ်။ ချစ်သူဘေးမှာ မရှိတော့တဲ့ အချိန်တွေဟာ လူကို အချမ်းများပိုစေသလားရယ်လို့ သူတွေးနေသေးတယ်။ မဆိုင်လိုက်တာ။ မိုးရွာရင် လွမ်းစရာကောင်းတယ်ဆိုတာ ချစ်သူနဲ့အတူရှိနေသူတွေအတွက်တော့ မမှန်လောက်ဘူး။ ထားပါလေ။ သူဆက်လျှောက်ရဦးမယ်။
***
သည်းသည်းထန်တဲ့မိုးကြောင့် လမ်းတွေတောင် ဝိုးတဝါးနဲ့၊ ဝန်းကျင်တစ်ခုလုံးလည်း ခဲပုပ်ရောင်ထလို့။ သူ လမ်းများမှားနေသလားလို့ တွေးမိပေမယ့် ဒီလမ်းတစ်ချို့ကိုသူမြင်ဖူးသားပဲ။ ဘာပဲဖြစ်ဖြစ် အိမ်ကိုတော့ ရောက်မှာပဲ။ ခုထိတော့ လမ်းမပေါ်ရောက်နေတဲ့ လွတ်လွတ်လပ်လပ် သူ့ခံစားချက်ကို လွှတ်မချလိုက်ချင်သေးဘူး။
ဒီလမ်းသေးသေးကလေးကို သူတစ်ခါမှမလျှောက်ဖူးဘူး။ လမ်းကလေးက ဖြူးဖြူးသာသာကလေးရယ်။ မြေသားတွေလည်း နီကျင်ကျင်နဲ့ဆိုတော့ မြေနီလမ်းကလေးများလား။ လမ်းဘေးဝဲယာက အလေ့ကျပေါက်နေတဲ့ ပန်းကလေးတွေတောင် မိုးရေထိပြီးချမ်းနေရော့သလားလို့ သူတွေးနေတုန်း ချက်ချင်းကောင်းကင်ဟာ ဖြူရောင်နည်းနည်းသမ်းလာတယ်။ လေတစ်ချက်ဝှေ့လိုက်လို့ ချမ်းစိမ့်တဲ့ခံစားချက်နဲ့အတူ မရေမရာအလွမ်းတစ်ချို့ဖိတ်စင်ကျသွားပေမယ့် မြက်ပင်ရှည်မျောမျောကလေးတွေကတော့ အချင်းချင်းထိယှက် လှုပ်ခတ်ပြီး လေနဲ့အတူ လွင့်လူးလို့ ပျော်မြူးနေကြတယ်ထင်ပါရဲ့။ ဒီလို အနုစိပ်နေတာတွေ သူမခံစားရတာ ကြာခဲ့ပြီပဲ။ မြက်ပင်တွေထဲမှာ ပန်းပွင့်အဝါရောင်ခပ်သေးသေးကတွေလည်း ရောပြီးပေါက်နေသေးတယ်။ သူ ကိုယ်ကိုနည်းနည်းကိုင်းပြီးခူးဖို့ပြင်လိုက်ပေမယ့် မခူးရက်တော့ဘူး။ သူ့ဘာသာနေတာ လှနေတာပဲ၊ နေပါစေ။
မြက်စိုတွေကြားမှာ ခရုတစ်ကောင် လမ်းပေါ်တက်ဖို့ကြိုးစားနေတာ သူတွေ့ရတော့ မျက်မှောင်နည်းနည်းကြုံ့မိသွားတယ်။ ခရုတွေကိုတော့ သူမကြိုက်ဘူး။ သူ မကြိုက်တာတွေ တော်တော်တော့များသား။ ပြောရရင် ကုန်မှာတောင် မဟုတ်ဘူး။ မကြိုက်တဲ့အရာတွေအကြောင်းစဉ်းစားမိရင် ချစ်သူအကြောင်းလည်း ပါလာလိမ့်ဦးမှာ။ ချစ်သူ သူ့ကိုမကြိုက်တဲ့အချက်ထဲမှာ အဲဒီ သူ မကြိုက်တဲ့အရာတွေကြောင့်လည်းပါတယ်။ ထားပါ၊ လောလောဆယ် ဒီလမ်းကလေးဟာ သူ့ကို စိတ်ချမ်းသာစေသလိုပဲ။ ကြည့်ဦးလေ ရှေ့နားမှာ ပြန့်ပြန့်ပျူးပျူးလမ်းကလေးနဲ့ တစ်ဆက်တည်း ကုန်းမြင့်ကလေးတစ်ခုတွေ့နေရပြီ။ စိမ်းစိမ်းကိုစိုလို့။ အဲဒီအစိမ်းရောင်တွေကြားမှာ ဝါကျင်ကျင်ရိုးတံရှည်ကလေးတွေနဲ့ ပန်းလိုလိုအပင်ကလေးတွေ။ ရိုးတံရဲ့ထိပ်မှာ အဖြူရောင်အဆံဖွားဖွားကလေးတွေ။ အဲဒီမှာခဏလောက်တော့ လှဲပြီးနေလိုက်ချင်တယ်လို့ သူတွေးရင်း ကုန်းမြင့်လေးဆီ ခြေဦးတည့်လိုက်တယ်။
ကုန်းမြင့်လေးပေါ်ရောက်တော့ သူ ခြေပစ်လက်ပစ်ထိုင်ချလိုက်တယ်။ အိုး…ကုန်းအဆင်းနားလေးမှာ စမ်းချောင်းငယ်ကလေးပါလား။ ဒီကလှမ်းမြင်ရတာနဲ့တင် စမ်းရေဟာ အေးမြကြည်လင်မယ်မှန်း သူအလိုလိုသိနေတယ်။ စမ်းချောင်းထဲက ကျောက်စရစ်ခဲကလေးတွေကိုတောင် မြင်နေရတာမို့လား။ သူချက်ချင်းပဲ စမ်းချောင်းလေးဆီအရောက်သွားလိုက်တယ်။ သစ်ပင်တွေလည်း အုံ့အုံ့ဆိုင်းဆိုင်းနဲ့ သာယာလိုက်တာ။ ခေါင်းကိုမော့ပြီး သစ်ပင်ပေါ်လှမ်းကြည့်လိုက်တော့ လည်ပင်းမှာ အဝါရစ်ကလေးတွေနဲ့ နက်ပြာရောင် ငှက်ကလေး နှစ်ကောင် ပူးကပ်ပြီး ကျီကျီကျာကျာလုပ်နေကြလေရဲ့။ ချစ်တင်းနှောတယ်ဆိုတာမျိုးလား။ မဟုတ်ဘူး။ သူတို့နှစ်ကောင်တည်းမဟုတ်ဘူး။ သေးသေးကလေးတစ်ကောင်ရှိသေးတာပဲ။ ငှက်မိသားစုဖြစ်မှာပေါ့။ သူ မိသားစုတစ်ခုလိုချင်ခဲ့တယ်ဆိုတာ ပြန်သတိရသွားတယ်။ သူအိမ်ပြန်နေတယ်ဆိုတာကိုလည်း သတိရသွားတယ်။ မျှော်သူမဲ့အိမ်ကို ဘယ်သူပြန်ချင်ဦးမှာလဲ။ ဒါပေမယ့်..သူပြန်တော့ပြန်ရမှာပဲ။
အိမ်ပြန်ဖို့တွေးရင် သူ အာခေါင်တွေခြောက်ကပ်လာတယ်။ လက်ခုပ်နဲ့ခပ်ယူလိုက်တဲ့ရေကို ပါးစပ်နားတေ့လိုက်တုန်းခဏ တစ်စုံတစ်ခုကို သူသွားသတိရတယ်။ သောက်လို့ဖြစ်ပါ့မလား? ကြားဖူးခဲ့တဲ့ပုံပြင်တစ်ပုဒ်ထဲကလို ထူးဆန်းတဲ့စမ်းရေကိုသောက်မိလို့ အရာအားလုံးမေ့သွားတယ်ဆိုရင်ဖြင့် မဖြစ်သေးဘူး။ သတိတရနဲ့ရှိနေစေချင်သေးတဲ့အရာတွေကို မေ့ပြစ်ရမှာ နှမြောစရာကောင်းတယ်လို့ သူခံယူထားတယ်။ သူစဉ်းစားနေရင်းပဲ လက်ခုပ်ထဲကရေတွေဟာ လက်ချောင်းတွေကြားထဲကနေ စမ်းချောင်းထဲကို တစ်စက်မကျန်ပြန်ကျသွားနေပြီ။ တွေဝေတတ်တဲ့အကျင့်တွေကိုလည်း ချစ်သူကမကြိုက်ဘူးပဲ။ သူအမြဲခံငြင်းလေ့ရှိတာက တွေဝေတတ်မှုတွေဟာ တစ်နည်းအားဖြင့် ကိုယ်ပိုင်ရွေးချယ်မှုတွေပဲလို့။ သူဆက်လျှောက်ရဦးမယ်။
***
စမ်းချောင်းကလေးကိုဖြတ်အပြီး သူဘယ်ဆက်သွားရမှန်းမသိတော့ဘူး။ ဒါပေမယ့် သူ့ ညာဖက်မှာ လမ်းကလေးတစ်ခုတော့ရှိသား။ လမ်းလို့ဆိုသာရုံပဲ။ လှမ်းကြည့်တာနဲ့တင် အဲဒိလမ်းကိုသူဆက်မသွားချင်တော့ဘူး။ ရွှံ့တွေလိုလို ခဲရောင်ပျစ်ခဲခဲတွေနဲ့။ ဒါပေမယ့် သူ့မှာရွေးစရာ ဒီတစ်လမ်းပဲရှိတယ်။
သူလမ်းထဲကို စဝင်တော့ လမ်းမီးတိုင်ကလေးတွေတောင် ခပ်မှိန်မှိန်လင်းစပြုနေပြီ။ လမ်းမီးတိုင်တွေဟာ တစ်တိုင်နဲ့တစ်တိုင်တော်တော်လှမ်းတာဆိုတော့ လမ်းကလိုအပ်တာထက်ပိုပြီး ညစ်ထေးနေတယ်။ တစ်ချို့လမ်းတွေဟာ အထင်နဲ့အမြင်မှာ လျှောက်ချင်စရာမကောင်းပေမယ့် စမ်းပြီးလျှောက်ကြည့်တဲ့အခါ ထင်သလောက်တော့ မကြမ်းလှဘူး။
ခြေတစ်ဖက်ချမိတာနဲ့ ဒီလမ်းမျိုးဟာ ရှောင်ရှားပြီးသွားရမယ့်လမ်းမျိုးလို့ သူခံစားလိုက်ရပေမယ့် သူ့မှာရွေးစရာမှမရှိပဲ။ ဗွက်ကလည်းထူလိုက်သေး။ ရွှံ့ညွန်လိုစေးထန်းထန်းတွေထဲကလွတ်အောင် တစ်လှမ်းပြီးတစ်လှမ်းကို မနည်းအားယူပြီးလျှောက်ရတာလည်း မသက်သာလှ။ လမ်းရဲ့အလယ်နားလောက်မှာတော့ မီးလုံးသေးသေးဝါဝါကလေးတစ်လုံးလင်းနေတဲ့ အိမ်ဆိုင်ကလေးတစ်ဆိုင် တိတ်တိတ်ကလေး လဲလျောင်းနေလေရဲ့။ အိမ်ဆိုင်ကလေးနားရောက်လာတော့ ဆိုင်အတွင်းဖက်မှာ ဈေးဝယ်သူကိုစောင့်နေသူဟာ အင်မတန်အိုမင်းရင့်ရော်နေပြီဖြစ်တဲ့ အဖွားအိုတစ်ယောက်မှန်း ရုတ်တရက် သိလိုက်ရတဲ့အခါ ဘာကြောင့်ရယ်မသိဘဲ သူ့တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတွေထကုန်တော့တယ်။ ခေါင်းကိုဒူးနှစ်လုံးကြားထဲထားရင်း ဒူးခေါင်းနှစ်လုံးကိုပိုက်ပြီးထိုင်နေတဲ့ အဖွားအိုဟာ ဆိုင်ရှေ့နားရောက်နေတဲ့ သူ့ကို ခပ်စူးစူးကြည့်လို့။ အဖွားအိုရဲ့မျက်လုံးအရောင်ဟာ မီးခိုရောင်လို မှေးမှိန်နေပေမယ့် သူ့ကို မမှိတ်မသုံ ကြည့်နေပုံက စူးနက်ရှတလွန်းနေတယ်။
ဒီအိမ်ဆိုင်ကလေးနားကနေ မြန်မြန်ကျော်တက်သွားနိုင်အောင် သူ့ခြေလှမ်းတွေကိုနည်းနည်း အရှိန်ထပ်မြှင့်လိုက်တယ်။ မမျှော်လင့်ပဲနားထဲကို ခပ်တိုးတိုးဝင်လာတဲ့ အသံကြောင့်ခြေလှမ်းတွေ တုန့်ဆိုင်းမိရက်သား။ လူကလေး…တဲ့။ ဒါဟာ ဆိုင်ထဲကအဖွားအိုရဲ့အသံများလား? လှည့်ကြည့်လိုက်တော့ သူရပ်နေတဲ့နေရာဟာ အိမ်ဆိုင်ကလေးကို နည်းနည်းတောင်ကျော်လွန်နေခဲ့ပြီ။ သူ မရဲတရဲလှမ်းကြည့်လိုက်တော့ အဖွားအိုရဲ့မျက်နှာဟာ တစ်ခုခုကိုပြောတော့မယ့်အတိုင်း ဟန်ပြင်နေတယ်။ သူနောက်ပြန်လှည့်ပြီး ရှေ့ဆက်လှမ်းဖို့ ကြိုးစားပေမယ့် အချည်းနှီးပဲ။ သူ့မျက်ဝန်းတွေဟာ အဖွားအိုဆီကိုဦးတည်နေပြီး စကားပြောဖို့ကြိုးစားနေတဲ့ အဖွားအိုကိုတည့်တည့်ရင်ဆိုင်လိုက်တယ်။ ခုလိုပြုမူမိတဲ့ သူ့ကိုယ်သူ မယုံနိုင်လောက်အောင် အံသြနေမိတယ်။ တစ်ကယ်က သူဟာအဖွားအိုကို လျစ်လျူရှုပြီး ရှေ့ဆက်လျှောက်ဖို့ ကြံစည်နေတာမဟုတ်လား?
အဖွားအိုက ပါးစပ်လှုပ်ရုံသာပဲပြောနေပေမယ့် စကားလုံးတိုင်းဟာ သူ့နားမှာကပ်ပြီးပြောနေသလို ပီပီသသကြီးကြားနေရတာ တစ်ဆိတ်တော့ သူ့အတွက်ထူးဆန်းလွန်းနေတယ်။
လူကလေး..အိမ်ပြန်လမ်းကိုရှာနေတာလားတဲ့။ သူက ခေါင်းတစ်ချက်ဆတ်ပြလိုက်တော့ မင်း လမ်းမှားနေပြီတဲ့။ ဒါပေမယ့် အရေးမကြီးဘူး။ မင်းအတွက် အချိန်နည်းနည်းတော့ကျန်သေးတယ်။ ဒီလမ်းကလေးဆုံးတဲ့အခါ ရှေ့မှာ ချောက်တစ်ခု နဲ့ တောင်ကုန်းတစ်ခုကို ကျော်ပြီးမှ မင်းအိမ်ကိုရောက်လိမ့်မယ်။ မင်းရှေ့ဆက်ရမယ့် လမ်းတွေဟာ ကြမ်းတမ်းမှု နဲ့ နူးညံ့မှုတွေ ဒွန်တွဲနေလိမ့်မယ်။ ကြမ်းတာက ပိုများတဲ့အခါ စိတ်မပျက်ပဲ ခွန်းအားမွေးပါ၊ နူးညံ့တာနဲ့ တွေ့တဲ့အခါလည်း ကြာရှည်သာယာညွတ်နူးမနေပဲ အချိန်ရှိတုန်း ရှေ့ဆက်ပါ။ အချိန်ဆိုတာ အစိုးမရဘူးကွယ့်။ အဖွားအိုဟာ ခဏနားပြီး စကားကိုဆက်လိုက်တယ်။
လူကလေး….မင်း လမ်းမှန်ကိုရွေးတတ်ရလိမ့်မယ်။ လမ်းမှားနဲ့လမ်းမှန်ကြား ခြေစုံရပ်နေသူတွေဟာ ဘာအသုံးကျမှာလဲ။ အေး..လောကမှာလည်း အမှားနဲ့အမှန်ကြား ခြေစုံရပ်နေသူတွေဟာ အမှားဖက်ကိုသွားဖို့ ဖြစ်နိုင်ချေများတယ်။ အမှန်ကိုဝန်မခံရဲသူ၊ မထောက်ခံရဲသူတွေဟာ မှားတဲ့ဖက်မှာနေတာနဲ့ ဘာမှမခြားဘူးကွယ့်။ မှတ်ထား။ မင်း ရွေးခဲ့တဲ့ လမ်းမှားတွေအတွက် မင်းတာဝန်ယူပြီး မှန်အောင်ပြင်ပေတော့ လူကလေး..သွားပေဦးတော့။ အချိန်သိပ်မရှိတော့ဘူး။ အိမ်ပြန်ရောက်မယ့် လမ်းမှန်ကိုရွေးနိုင်ပါစေကွယ်။ ရော့ ဒီမီးအိမ်လေးယူသွား။ ကျတော့မကွဲစေအောင် သတိနဲ့ထိန်းပြီးကာကွယ်ချေ။
အဖွားအိုပြောသမျှစကားတွေဟာ သူ့နားထဲမှာပဲ့တင်ထပ်နေတယ်။ လူဆိုတဲ့အရာဟာ တစ်ကြိမ်တစ်ခါ မှားယွင်းမှုတစ်ခုပြုခဲ့ပြီးရင် နောက်ထပ်အကြိမ်များစွာ ဒါမှမဟုတ် တစ်သက်လုံး ဒီလိုအမှားမျိုး ကျူးလွန်နိုင်လောက်တယ်လို့ စွပ်စွဲယူဆကြတဲ့ သူတွေဟာ ဘယ်လိုသီအိုရီမျိုးနဲ့တွက်ချက်ပြီး ထင်မြင်ယူဆကြပါလိမ့်။ သူဘာသာရေရွတ်ရင်း၊ သူ့အမှားတစ်ချို့ကိုမြင်ယောင်လာရင်း ချစ်သူကိုလည်း တွေ့ချင်လာတယ်။ ချစ်သူကို ထွေးပွေ့လို့ ကျေနပ်တဲ့အထိတောင်းပန်ပါ့မယ်။ အတွေးနဲ့တင် သူပျော်လာမိတော့ အဖွားအိုက သူ့ကိုပြုံးပြီးကြည့်နေတယ်။ နောက်တော့ အဖွားအိုဟာ သတင်းစာစက္ကူလေးနဲ့ထုပ်ထားတဲ့ ပူနွေးနွေးအရာတစ်ခုကို သူ့လက်ထဲလှမ်းထည့်လိုက်တယ်။ လူကလေး…ဗိုက်ဆာရောပေါ့တဲ့။ အဖွားအိုပြောမှ ဟာတာတာနဲ့ဟောင်းလောင်းဖြစ်နေတဲ့ သူ့ဗိုက်ကိုသတိထားမိပြီး အထုပ်ကလေးကို ကပျာကယာဖြည်လိုက်တော့ အထဲမှာ အကြော်ထင်ပါရဲ့။ ဒါပေမယ့် သူ့မျက်လုံးကတော့ စားစရာကို ကျော်လွန်လို့ အောက်ခံသတင်းစာက သတင်းတစ်ပုဒ်ဆီရောက်သွားတယ်။
ယာဉ်လမ်းကြောင်းတိမ်းချော်မှုဖြစ်ပွားခြင်း။ မတ်လ ၁၃ ရက်နေ့တွင် ခရီးသွားပြည်သူများအား တင်ဆောင်မောင်းနှင်လာသော အများပြည်သူသုံးယာဉ်အမှတ် ခ/xxxxxx ………… ယာဉ်မောင်းသူနှင့်တကွ နေရာတွင်ပွဲချင်းပြီး သေဆုံးသူ ၁၂ ဦး နှင့် ပြင်းထန်စွာဒဏ်ရာရရှိသူ ၁၆ ဦး….
သတင်းဖတ်ရင်း သူ့လက်တွေဟာ တုန်ရီ၊ သူ့မျက်ဝန်းတို့လည်း ဝေဝါးလို့.. သူ့ရင်ထဲမှာ ချက်ချင်းလှိုက်တက်လာပြီး ပါးပြင်ပေါ်ကို ပူနွေးမှုတွေ တလိမ့်လိမ့်စီးဆင်းလို့လာတယ်။
အဖွား..ဒီနေ့ဘာနေ့လဲဟင်လို့ တုန်ရီစွာသူမေးတော့ အဖွားအိုက နည်းနည်းစဉ်းစားသလိုလုပ်ရင်း အဲဒါလွန်ခဲ့တဲ့ သုံးရက်က သတင်းစာ လူကလေးလို့ ကရုဏာမျက်ဝန်းတို့နဲ့ တည်တည်ငြိမ်ငြိမ်ပဲပြန်ဖြေတယ်။ လမ်းမီးရောင်တွေလည်း စောစောကထက် မှေးမှိန်လို့လာနေပြီ။ တစ်ဆတစ်ဆဝေဝါးလာနေတဲ့ သူ့မျက်လုံးအစုံကို အားကုန်ညှစ်ပြီးပိတ်ချလိုက်တဲ့အခါ ဝန်းကျင်တစ်ခုလုံးမှောင်အတိကျသွားပေမယ့် သူ့လက်ထဲက မီးအိမ်ကလေးကိုတော့ သေသေချာချာဆုပ်ကိုင်ထားဆဲ။
***
သူ့နှာခေါင်း နဲ့ ပါးစပ်ပေါ်မှာ အုပ်ထားတဲ့ဖန်လိုလို အရာတစ်ခုကြောင့် အသက်ရှုများပိုကြပ်နေတာလား။ အဲဒါကြီးကို တစ်ဆိတ်လောက်ဖြုတ်ပေးကြစမ်းပါလို့ သူ့ဘေးကလူတွေကို သူပြောလိုက်တယ်။ သူပြောနေတာကို ဘယ်သူမှမကြားကြဘူး။ သူဘယ်ရောက်နေလဲဆိုတာကိုလည်း သူမသိပါဘူး။ ပက်လက် အနေအထားမှာ ဒေါင်လိုက်ရွေ့လျားနေတဲ့ သူ့ခန္ဓာကိုယ်ကြီးကိုသာ သူသတိပြုမိတယ်။ ဒါဆိုရင် သူဟာ ဘီးတပ်အရာတစ်ခုပေါ်ရောက်နေတာများလား? သူ့မျက်နှာချင်းဆိုင်က မျက်နှာကြက်ဟာလည်း အလိုလိုလိုက်ရွေ့နေတယ်။ သေချာပြီ၊ သူမြင်နေရတဲ့ မျက်နှာပေါ်ကမျက်နှာကြက်ဟာ ခပ်ကျဉ်းကျဉ်းဖြစ်ပုံထောက်တော့ သူလမ်းကျဉ်းကလေးတစ်ခုထဲ ရောက်နေတာပဲ။ သူ လျှောက်ခဲ့တဲ့လမ်းတွေဟာ ပုံစံအမျိုးမျိုးရှိပြီး များသောအားဖြင့်တော့ ကြမ်းတမ်းခက်ထန်မှုတွေပဲ သူ့ကိုပေးခဲ့တယ်။ ချစ်သူဘေးမှာရှိရင်ရော ဒီလမ်းတွေဟာ ဒီလိုပဲကြမ်းတမ်းမှာလား? သူ သေတော့မသေချာဘူး။ မသေချာခြင်းတွေထဲက သေချာမယ်လို့ထင်ရတဲ့ သေချာခြင်းက ချစ်သူနဲ့ဆို လမ်းတွေဟာ အနည်းဆုံးတော့ လျှောက်ပျော်မယ်ဆိုတာ သူတွေးလိုက်မိတယ်။ ဒီအတွေးဟာ သူ့ကိုယ်သူ လှည့်စားနေတာလည်း ဖြစ်ချင်ဖြစ်မှာ။
သူ့ကိုအိမ်ပြန်ပို့ပေးကြပါလို့ သူအော်နေမိပေမယ့် သူ့အသံဟာလည်ချောင်းထဲမှာတင် တစ်ဆို့ပြီးထွက်မလာတော့ဘူး။ သူ အိမ်ပြန်ချင်တယ်။ ဘယ်သူမှမရှိတဲ့အိမ်ကိုသူပြန်ချင်တယ်။ ပြန်လည်းပြန်ရမှာပဲ။ အနည်းဆုံးတော့ သူ့ မသိစိတ်ထဲမှာ ခိုအောင်းနေခဲ့တဲ့ မျှော်လင့်ချက်သေးသေးကလေး တစ်ခုအတွက်ကြောင့် သူပြန်ချင်တာ။ ချစ်သူ သူ့ကိုမချစ်နိုင်တော့သည့်တိုင်အောင် သူ့ဆီခဏတော့ပြန်လာနိုင်သေးတယ်လို့ တစ်ထစ်ချတမ်းတနေသေးတာဟာ မိုက်မဲမှုတစ်ခုမှန်း သူကောင်းကောင်းကြီးသိပေမယ့် သူဘာမှမတတ်နိုင်လောက်အောင် မျှော်လင့်ချက်သေးသေးကလေးက လွှမ်းမိုးနှိပ်စက်နေတာ။ အဲဒီမျှော်လင့်ချက်သေးသေးကလေးကပဲ သူ့ကိုဆက်ရှင်သန်နေစေတာ။
ချစ်သူမလိုချင်တော့တဲ့ သူ့အချစ်တွေကိုလည်း နှလုံးသားရဲ့ဟိုးအတွင်းကျဆုံးတစ်နေရာမှာ သေသေချာချာ သိမ်းဆည်းထုပ်ပိုးထားခဲ့ပါပြီ။ ပြုခဲ့မိတဲ့ အမှားတစ်ခုအတွက် သူ တောင်းပန်ဖို့ အဆင်သင့်ဖြစ်နေတာကြောင့် ဘာပဲဖြစ်ဖြစ် ခဏဖြစ်ဖြစ်ပြန်လာခဲ့ပါ ချစ်သူ။ ဒါပေမယ့် သူကိုယ်တိုင်က အိမ်ပြန်တဲ့လမ်းကို ရှာရဦးမယ်။
သူ့မျှော်လင့်ချက် အကြွင်းအကျန်တစ်ချို့ထဲက တစ်ခုဟာ သူ အိမ်ပြန်ရောက်တော့မယ်ဆိုတာကို သိနေစေတဲ့အချက်ပဲ။ အိမ်အပြန်လမ်းဟာ ဘယ်လောက်ခက်ခဲ ပင်ပန်းပါစေပေါ့။ အိမ်ပြန်လမ်းကို စိတ်မှန်းနဲ့ ပုံဖော်ရင်း မှိတ်နေတဲ့ သူ့မျက်ဝန်းထောင့်တွေဟာလည်း စွတ်စိုလို့နေတယ်။ ရုတ်တရက် သူ့ရင်ဘတ်ထဲမှာ စို့တက်လာနေပြီး သူ့မျက်ဝန်းတွေဟာ ပိုပြီး စွတ်စိုပူနွေးမှုတွေနဲ့ပြည့်လျှံလို့လာတယ်။ အဲဒီစွတ်စိုပူနွေးမှုတွေဟာ မျက်လုံးထောင့်တစ်လျှောက်စီးဆင်းလာပြီး နားထင်နားကနေ သူ့ဆံစတွေထဲတိုးဝင်နေတော့တယ်။ တဖြည်းဖြည်းနှေးကွေးလာနေတဲ့ သူ့နှလုံးခုန်သံကို ပြန်ကြားနေရသေးပေမယ့် အားအင်ဖျော့တော့လွန်းနေပြီမှန်းတော့ သိလိုက်တယ်။ ဖြစ်နိုင်ရင် သူ့အိမ်အပြန်လမ်းကို ကူညီလမ်းပြပေးမယ့်သူကို သူမျှော်လင့်မိတယ်။ အို…သူ့မှာမီးအိမ်ကလေးရှိသားပဲ။
သူအသက်ရှုကြပ်လွန်းလို့ ပြေးထွက်ချင်နေပြီ။ အိမ်ရောက်ဖို့ နည်းနည်းတော့ လိုနေသေးတာ ခက်တာပဲ။
***
Credits: မြဝတီမင်းကြီး ဦးစ ရဲ့ မိုးဖွဲ့ကဗျာကို ယူသူံးထားပါတယ်။
မေတ္တာအားဖြင့်
မိုးပန်းချီ
*နေသာသောနေ့များတွင် အေးချမ်းသာယာ၍၊ မိုးသည်းသောနေ့များတွင် နွေးထွေးပျော်ရွှင်နိုင်ကြပါစေ*
မေတ္တာအားဖြင့်
မိုးပန်းချီ
တော်တော်ဖတ်လို့ကောင်းတယ်....။ မျက်လုံးထဲ ကွင်းကွင်းကွက်ကွက်မြင်အောင် သရုပ်ဖော်ပြီးရေးထားတာ...။ အရမ်းကြိုက်တယ်....။
ReplyDeleteဖတ်လို့ကောင်းတယ်ဆိုလို့ ကျေးဇူးအများကြီးတင်လိုက်တာ မမိုးရေ..း)
Deleteသူ အိမ်ကိုမှ ပြန်ရောက် ပါတော့မလား...
ReplyDeleteအင်း..ပြောရခက်ပါတယ် မရယ်း)
Deleteအိုး .. တကယ်ပါပဲ။ မ တောင်းပန်နိုင်လောက်တော့ဘူး။
ReplyDeleteမျက်ကျိး(
Deleteဖတ်လို့ကောင်းတယ် ညီမလေး....
ReplyDeleteအိမ်အပြန်လမ်း အမြန်တွေ့ပါစေလို့.....
ကျေးဇူးပါ ချစ်မ..း) သူ့ဆန္ဒပြင်းပြခဲ့ရင်တော့ဖြင့်...
Deleteအဆုံးသတ်က ဒွိယဖြစ်စရာလေးနဲ့ ဆုံးထားတယ်
ReplyDeleteမျှော်လင့်ချင်တယ်
သူ အိမ်ပြန်ရောက်ကို ရောက်ပါစေလို့..
မရောက်ဖြစ်ခဲ့ရင် တကယ်ကို စိတ်မကောင်းစရာ
ဝတ္ထုမှန်းသိပေမဲ့ ခံစားရတယ်
ရေးထားတာ အရမ်းကောင်းတာဘဲ
သရုပ်ဖော်တာလေးတွေ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းပေါ်လာတယ်။
ကျေးဇူးပါ ချစ်မချောရေး) ဒီပို့စ်ကိုရေးနေရင်း အဆုံးသတ်ကို သူ့ကံပဲလို့ စဉ်းစားရင်း ဒီလိုလေးပဲဆုံးလိုက်တာပါ..းD
Deleteတောင်းပန်ဘို့အတွက် ကြံရွယ်ထားကာမှ အခွင့်မသာလိုက်တဲ့အတွက်
ReplyDeleteရလာခဲ့တဲ့ နောင်တမျိုး သေရာပါပဲပေါ့ မိုးရေ။
ဇာတ်အိမ်ဖွဲ့တာလေးပီပြင်တယ် သို့လောသို့လောနဲ့ စာဖတ်သူတို့ကိုထိစေတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တီတင့်ပြောသလိုပဲ အခွင့်မသာပဲ မလုပ်လိုက်ရလို့ ရတဲ့နောင်တဟာ သေရာပါ ပါပဲ တီရေ.. စာလာဖတ်အားပေးတာ ကျေးဇူးတင်ပါတယ်တီရေ..
Deleteမမိုးရေ...သမားရိုးကျ ပုံစံတွေနဲ့မတူ တမူထူးတဲ့ရေးဟန်မှာ နစ်မျောသွားတယ်။
ReplyDeleteသူအိမ်ကိုပြန်ရောက်နိုင်ပါ့မလား....
ချစ်သူကိုတောင်းပန်ခွင့်ရနိုင်ပါဦးမလားဟင်.... :(
ညီမလေး အင်ကြင်းရေ..ကျေးဇူးတင်ပါတယ်။ ဒီပို့စ်ကိုလာဖတ်အားပေးကြတဲ့ တီတင့်နဲ့တကွ မောင်နှစ်မများအားလုံး ဆက်တွေးပေးကြလို့ ကျေးဇူးတင်ဝမ်းသာရပါတယ်း))
Deleteပဥာက်: မိုးေ၇....သူငယ်ချင်းးးးးအိမ်ပြန်လမ်းကို ကူညီပေးမယ့်သူကတယောက်ပဲရှိတယ်..အမေ (ကိုပဥာက်ရဲ့ ကောမန့်လေးကို သဘောကျလို့ cbox ကနေယူသိမ်းပါတယ်း))
ReplyDeleteတဖြည်းဖြည်းနဲ့တော့အိမ်ပြန်ချိန်နီးလာမှာပါလေ
ReplyDeleteတကယ်ကိုစီးမျောသွားတယ် ဗိုလ်အောင်ဒင်ရယ်
အရောက်နောက်ကျတတ်တဲ့
မမြဒန်
ဒန်လိုက်လေ ဒမ်ဒမ်ရေ..း) ♥
Deleteအမ်းးးအိမ်တော့ပြန်ချင်ပါတယ်..
ReplyDeleteကိုပဥာက်..အိမ်တော့ပြန်ချင်ပါတယ်ဆိုတော့..နောက်ဆက်တွဲတစ်ခုခုရှိဦးမှား)
Deleteတော်တော်လေး ဆွဲဆောင်သွားတယ် မပန်းချီရေ..သူ အိမ်ပြန်လမ်းကို တွေ့ ပါ့မလား၊ အိမ်ကို ရောက်ပါ့မလား၊ ချစ်သူနဲ့  တွေ့ ပါ့မလား
ReplyDeleteကျေးဇူးတင်ပါတယ် ညီမလေးစန်းထွန်းရေ။ (း ဆက်တွေးခိုင်းသလိုတော့ ဖြစ်နေပါပြီး)
Deleteပြန်ချင်ပါတယ်ဆိုမှ ပိုပြန်ချင်အောင်လုပ်နေပါပြီ။ အစ်မလူဆိုးပဲ အတွေးတွေလဲ ပေးထားသေးတယ်။ ဟူး....
ReplyDeleteအိပ်ယာရေ..reply လုပ်တာ သိပ်များစောနေသလားမသိဘူး :P ကိုယ်ဟာလူဆိုးလေးပါ :))))
Deleteထိထိရှရှလေး... ဒီလိုခံစားမှုလေးကို ဘယ်လိုနှစ်သက်မိမှန်းမသိဘူးမမ...ကျေးဇူးပါလို့...:)
ReplyDeleteညီမလေး အိန်ဂျယ်.. စာတွေလာဖတ်အားပေးသွားလို့ ကိုယ်ကလည်း ကျေးဇူးအများကြီးတင်ရပါတယ်း)
Delete