Tuesday, July 17, 2012

ကြည်ဖြူကောင်းကင် ရဲသွေးဆင်သော် (ဇာတ်သိမ်း)


တံခါးကို အတွင်းကလုံအောင် ဂျက်ထိုးပိတ်ထားပြီးတဲ့ကြားက ကျောနဲ့ထိကပ်နေအောင် အားကုန်ဖိထားလိုက်တယ်။ နောက်တော့ တစ်ဖြည်းဖြည်းချင်း အသက်ကိုရှုပြီး ကိုယ်ကိုလည်း ခပ်သာသာလျှောချရင်း။ တံခါးရွက်ကို မှီထားရင်း ကြမ်းပေါ်ကိုပုံရက်သား ထိုင်မိနေရက်သား။ ခေါင်းထဲ တစ်ဒိန်းဒိန်းထိုးတက်နေတဲ့ လှုပ်ခုန်နေတဲ့ သွေးကြောတွေ။ ဒါဟာ ရင်ခုန်တာ မဟုတ်ရပါဘူး။ အို..တကယ် အဲသလိုမဟုတ်ဘူး။ ဦးခေါင်းကို အသာစိုက်ထားလိုက်တော့ ရင်ဘတ်ပေါ်က အင်္ကျီစလေးတောင် လှုပ်ခုန်နေတာကပဲ ရဲရဲအတွက်တော့ အဖြေမထွက်တဲ့ ပုစ္ဆာတစ်ပုဒ်ကို ထိုင်ကြည့်နေရသလို။ မောလည်း မောတယ်။ စိတ်လည်းတိုတယ်။ ယွန်းကိုရော၊ ဟိုလူကိုရော။ စိတ်ကို ခပ်သာသာလျှော့ရင်း စားပွဲပေါ်က ရေတစ်ဖန်ခွက်ကို လှမ်းယူလိုက်တဲ့အခါ နှုတ်ခမ်းနားရောက်လာတဲ့ ရေခွက်က တုန်ခါနေပါရောလား။ ဘယ်ဟုတ်ရမလဲ…ခွက်ကိုကိုင်ထားတဲ့ လက်ကိုက တစ်ဆတ်ဆတ်တုန်ခါနေလို့သာ ခွက်ကလှုပ်ယမ်းနေတာ။ 

စောစောတုန်းကလည်း ခုလို လှုပ်လှုပ်ရှားရှား တုန်ယင်ခဲ့ရတဲ့အဖြစ်နဲ့ ကြုံခဲ့ရတာကို မျက်စေ့ထဲ တစ်ခုချင်းမြင်ယောင်လာတော့တယ်။ ခုနလေးတင်က။ ဟုတ်တယ်။ ယွန်း နဲ့ ရှိခဲ့တုန်းကပေါ့..။
ခရေပင်အောက်မှာ သူရှိတယ်လို့ ယွန်းပြောလိုက်မှ စောစောကခေါင်းနပန်းကြီးရာကနေ ကျောထဲမှာတောင်စိမ့်သွားသလို ခံစားလိုက်ရတဲ့ ရဲရဲ တစ်ကိုယ်လုံးတောင့်တောင့်ကြီးဖြစ်သွားတော့တယ်။

“ဘယ်သူလဲ..ဟို…ဟိုတစ်ယောက်လား” အထစ်ထစ် အငေါ့ငေါ့ဖြစ်ပြီးမေးနေတဲ့ ရဲရဲစကားကို ယွန်းကမသိမသာနှုတ်ခမ်းကြိတ်ပြီး ‘အေး’ လို့ဖြေအပြီး…
“ငါ..သွားတော့မယ်..နင်တို့နှစ်ယောက် ငါ့ကိုတမင်ပေါင်းကြံတာ”
“ဟဲ့..မဟုတ်ဘူး..နေဦး..ဟာ…” ယွန်းမှာဘာပြောရမှန်းမသိတော့တာမို့ ရုတ်တရက်ထပြန်တော့မယ့် ရဲရဲလက်ကိုအတင်းဆောင့်ဆွဲရင်း သက်ပြင်းမောတစ်ခုချလိုက်ပြန်တယ်။
“ခဏလေး..အိနြေ္ဒမပျက်ဆက်ထိုင်ပါဦးရဲရဲရယ် ငါ..ရှိကြီးခိုးပါရဲ့ သူနင့်ကိုစာပေးခိုင်းလို့ပါ..”
“ဘာာာာာ…နင်…”
“တောင်းပန်စာပါဟဲ့ နင်ကလဲ”
“မလိုပါဘူး..နင်သိထားဖို့က ငါသူနဲ့ပတ်ကို မပတ်သက်ချင်တာ..ဘာမှဇာတ်လမ်းလုပ်ဖို့ မစဉ်းစားနဲ့လို့ပြောလိုက်”
“အေးပါ..ငါ့အထင်သူကနင့်နဲ့ ငြိမ်းချမ်းရေးယူချင်တဲ့သဘောပါ”
“နင်..သူ့အကြောင်းသိပ်သိနေပါလား..ဘာလဲ နင်တို့နှစ်ယောက်က”
“ရဲရဲ နင်စကားပြောတာကြည့်ပြောဟာ..နင်တို့နှစ်ယောက်ကို ပြေလည်စေချင်တာကလွဲလို့ ငါ့မှာဘာအကန့်မှမရှိဘူး။ ရော့ သူပေးတဲ့စာ ငါ့တာဝန်ကဒါအကုန်ပဲ…သြော..မေ့တော့မလို့ ဟောဒီမှာ ပန်း။ သူပေးတာပဲ ကျေကျေလည်လည်ဖြစ်ချင်လို့တဲ့…”

ယွန်းကပြောပြောဆိုဆို ဆောင့်အောင့်ပြီး စာတစ်အိတ်နဲ့ပန်းတစ်ပွင့်ကို ရဲရဲအိတ်ထဲကို ဆတ်ကနဲထိုးထည့်လိုက်ချိန်မှာပဲ ရဲရဲ ကြောင်အမ်းအမ်းဖြစ်ပြီး ဆွံအနေခဲ့ရတော့တာပဲ မှတ်မိလိုက်တယ်။  ဘာကိုမှခံစားလို့မရတော့တဲ့ အခိုက်အတန့်တစ်ခုမှာ မိနစ်အနည်းငယ်ကြာတဲ့အထိ ဆန့်ဆန့်ကြီးရပ်နေခဲ့မိတယ်။ နောက်တော့ ယွန်းဆက်ပြီးကတုန်ကယင်ပြောလိုက်တာက ဟောဟိုမှာ သူဒီဘက်ကိုလာနေပြီတဲ့။ ယွန်းစကားကိုကြားပြီးတာနဲ့ လွယ်အိတ်ကိုဆတ်ကနဲဆွဲယူပြီး အဲဒိနေရာကနေ ဘာမှမြင်နိုင်စွမ်းမရှိတော့ဘဲ သုတ်ခြေတင်ပြန်ခဲ့ရတဲ့အဖြစ်။
ရေတစ်ဖန်ခွက်သောက်ပြီးလို့ ငြိမ်ကျသွားတဲ့အခါမှ အမြင်အာရုံထဲကို စိမ်းဖန့်ဖန့်အရာတစ်ခုရောက်လာလို့ မျက်လုံးပို့ပြီးလှမ်းကြည့်မိတော့ လဲကျနေတဲ့လွယ်အိတ်ထဲမှာ တစွန်းတစပေါ်နေတဲ့ စာအိတ်ကလေး။ စာအိတ်အရောင်ကလဲ အစိမ်းရောင်ကြီး။ ကျေလည်ချင်လို့ပေးတဲ့ပန်းကလည်း ဒေလီယာပန်းတဲ့လား။ ဒေလီယာပန်းက ရန်သူတွေကျေအေးဖို့ပေးတဲ့ အထိမ်းအမှတ်ပန်းလားလို့ ကိုယ့်ဘာသာ ဇဝေဇဝါဖြစ်ပြီး ဂူဂဲလ်ကြည့်ပြီး အဖြေရှာချင်သွားရလောက်အောင် ဒီလူဟာ တစ်ဆိတ်တော့ ဂေါက်လွန်းတယ်လို့ ရဲရဲထင်တာပဲ။ ပေးစမ်းပါ နှင်းဆီပန်းတို့ ဘာတို့လေ..။ အို..သူ့ဘာသာ ဘာပန်းပေးပေး ဘာလို့မို့ ကိုယ်လိုရာဆွဲပြီး ဝေဖန်နေရတာပါလိမ့်..။ ခက်လိုက်တာ။ နေပါဦး..ဒီလူရဲ့ပန်းတစ်ပွင့်နဲ့တင် ဒီကိစ္စကို လွယ်လွယ်ကျေအေးလို့ရမတဲ့လား? ပထမနှစ်ကတည်းကနေ ခု တတိယနှစ် နှစ်စရောက်တဲ့အထိ ရဲရဲ ကိုမခံချိမခံသာဖြစ်အောင် အနှောင့်အယှက်ပေးနေခဲ့တာကို ဒီလောက်နဲ့တော့ ကျေအေးမပေးနိုင်သေးပါဘူးလေ။ စဉ်းစားနေရင်းက လွယ်အိတ်ထဲမှာ ပြူတစ်တစ်ဖြစ်နေတဲ့ အစိမ်းရောင်စာအိတ်ကို ဆတ်ကနဲဆွဲထုတ်လိုက်ပြီး အခန်းထောင့်နားက အမှိုက်ပုံးထဲကို ဆောင့်အောင့်ပြီး ချက်ချင်းပဲ လွင့်ပစ်လိုက်တော့တယ်။ ကဲ..မှတ်ထား ကြည်ဖြူ နင့်ကို တစ်ကယ်မကျေဘူး..။

***
“တူ.တူ…တူ.တူ….”
“ဟဲလို..”
“ရဲရဲ…”
“……..”
“နင်ငါ့ကို စိတ်ဆိုးနေသေးတာလား?”
“……..”
“အဲလိုကြီးတိတ်မနေပါနဲ့ဟာ…ပုစွန်ခွက်ကြော်သုတ်သွားစားမယ်လေ..ငါကျွေးမယ် ဘယ့်နှယ့်လဲ? ဟို ကြည်ဖြူဆိုတဲ့လူ ကျွေူးတာမစားနဲ့လေ..ငါကျွေးမှာပါ..”
 “ဘယ်နှယ့် နင့်ကြည်ဖြူကြီးကပါလာရပြန်တာလဲ…နင်ဟာလေ ယွန်း ဆေးမမီတော့ဘူးထင်တယ်။”
“ဟမ်..ကြည်ဖြူပြောတော့ သူ့စာထဲမှာရေးထားတယ်ဆို..”
“ဘာလဲ..အဲဒီစာကိုအမှိုက်ပုံးထဲ တန်းပြီးကို ထည့်လိုက်တာ…”
“နင်ကတော့လုပ်ပြီ ရဲမ ရာ..သူကနင့်ကို ကျေအေးဖို့ မုန့်လိုက်ကျွေးမလို့ဆို။ ငါလည်းပါတယ်လေ ဟဲ..ဟဲ..ပြီးရင် နင့်ဖေးဘရိတ် macadamia icecream လည်းကျွေးဦးမှာ….ငါကျွေးမှာနော်..သူ မဟုတ်ဘူး..သူကျွေးတာနင်စားမှာမဟုတ်ဘူးဆိုတာ ငါသိနေတယ်။”
တွေ့ကြသေးတာပေါ့ ခိုင်ကြည်ဖြူ..သိပ်ကျွေးချင်တော့လဲ သိပ်စားရတာပေါ့..။ ရဲရဲတစ်ယောက်တည်း နှုတ်ခမ်းထောင့်စွန်းတစ်ခုတည်း ကွေးနေအောင် ညစ်တစ်တစ်ပြုံးလိုက်တယ်။ ရုပ်ရှင်တွေထဲက လူဆိုးတွေရဲ့အပြုံးမျိုးနဲ့ပေါ့…။
“ဘယ်ဖြစ်မလဲ..ယွန်းမရယ်။ သူကကျေအေးချင်လို့ ကျွေးချင်မွေးချင်တဲ့လူ..နင်ကကြားထဲကနေကန့်လန့်လုပ်ပြီး မကျွေးစမ်းပါနဲ့..ငါတို့သူကျွေးတာစားမယ်..”
“ဘုရားရေ… ရဲမ နင်..”
“ဘာလဲ? တွေ့ကြမယ်လေ ဒါပဲ။”

အပြောင်းအလဲမြန်လွန်းတဲ့ ရဲရဲကို နားမလည်နိုင်လွန်းလို့ ယွန်းတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ပြီး ဖုန်းခွက်ကိုလည်း ဆက်ကိုင်ထားဦးမှာလားလို့ မြင်ယောင်ကြည့်မိရင်း ရဲရဲပါးစပ်ကိုလက်နဲ့အသာအုပ်လို့ တစ်ယောက်တည်း ခပ်အုပ်အုပ်ရယ်လိုက်မိတော့တယ်။
***

ထီးခပ်ကြီးကြီးအနီရောင် ပြန့်ကားကားအောက်က ခုံတန်းပုလေးတွေမှာထိုင်နေကြတဲ့ ရဲရဲ၊ ယွန်း နဲ့ ကြည်ဖြူတို့ သုံးယောက်သားမှာ တစ်ခြားဘေးဝိုင်းကလူတွေလို ဟက်ဟက်ပက်ပက် ရယ်မောလို့ စကားဆိုမနေကြ။ တီးတိုးတီးတိုး သဖန်းပိုးလည်း လုပ်မနေ။ တကယ့်ကိုတိတ်ဆိတ်ငြိမ်သက်လို့ တုပ်တုပ်မှမလှုပ်မိကြ။

“အဟမ်း…” ယွန်းရဲ့ လုပ်ချောင်းဟန့်သံ
“အဟွတ်”.. ကြည်ဖြူရဲ့ အာလုပ်ချောင်းသံ။ ငြိမ်သက်နေတာကို မနေတတ်လို့ အသံပေးနေကြပေမယ့် ဘယ်သူမှ စကားမဆိုကြတဲ့အဆုံး..ရဲရဲက
“ကဲကဲ..ချောင်းဆိုးမနေနဲ့တော့…နင်ဘာစားမှာလဲ ယွန်း”
“အေး..ပုစွန်ခွက်ကြော်သုပ်လေ..နင်နဲ့အတူတူပ”ဲ
“ငါ ဘာမှမမှာရသေးဘူးလေ…”
“ဟင်..နင်နဲ့ငါဖုန်းထဲမှာ ပြောပြီးပြီလေ..”
လုပ်ချလိုက်တော့ ယွန်းမရယ်..နင်ဟာ တစ်ခါတစ်ခါ သိပ်နုံလွန်းတာပဲ။ ခေါင်းကိုသာထခေါက်လိုက်ချင်လောက်အောင် ရဲရဲစိတ်ထဲမချင့်မရဲဖြစ်မိရတယ်။ တစ်ဆက်တည်း စားပွဲထိုးကောင်လေးတစ်ယောက်ကို ခေါင်းဆတ်ပြရင်း ခေါ်လိုက်တယ်။

“ပုစွန်ခွက်ကြော်သုပ် နှစ်ပွဲ၊ ထောပတ်သီးဖျော်ရည် နှစ်ခွက် ပေးနော်။”
“ဟဲ့..ရဲရဲ ငါထောပတ်သီးဖျော်ရည် မသောက်ဘူးလေ။”
“သိပါတယ်။ နှစ်ခွက်စလုံးငါ့အတွက်ပဲ။ နင့်အတွက်နင်မှာလေ။”
“သြော..အေး… အင်း…ကျွန်မကို သံဗူးတစ်ခွက်ပေး။ ကြည်ဖြူ ဘာမှာမလဲ..မှာလေ။”
“သြော်..အင်း ကျွန်တော့်ကိုလည်း ပုစွန်ခွက်ကြော်သုပ် နဲ့ ထောပတ်သီးဖျော်ရည်ပဲပေးပါ။”
“ဟုတ်ကဲ့..ဒါဆို ပုစွန်ခွက်ကြော်သုံးပွဲ၊ သံဗူးတစ်ခွက်၊ ထောပတ်သီးဖျော်ရည် နှစ်ခွက် နော်”
စားပွဲထိုးကောင်လေးက မှာထားတာတွေကို မှန်မမှန်ပြန်ရွတ်ပြလိုက်တယ်။
“ထောပတ်သီးဖျော်ရည်က သုံးခွက်လေ”
“ဒါဆိုသံဗူးတစ်ခွက် မယူတော့ဘူးလား”
“အဲ…မဟုတ်သေးဘူး အော်ဒါကို ကျွန်မပြန်ရွတ်ပြမယ်။ ပုစွန်ခွက်ကြော်သုပ် သုံးပွဲ၊ ထောပတ်သီးဖျော်ရည် သုံးခွက်၊ သံဗူးတစ်ခွက်..ရပြီလား”
“ဟုတ်ကဲ့..ဟုတ်ကဲ့ ရပါပြီ။”

စားပွဲထိုးကောင်လေးက သူ့ဂုတ်ပိုးကို လက်နဲ့ပွတ်ပြီး ခေါင်းတစ်ချက်ဆတ်ခါရင်းထွက်သွားတော့တယ်။ ကြည်ဖြူတံတွေးတစ်ချက်မျိုချလိုက်မှန်း ကြည့်မနေပါပဲ ရဲရဲရဲ့မျက်ကွင်းထဲကနေကို မြင်ဖြစ်အောင်မြင်လိုက်သေးတယ်။
“ဟို…ကျွန်တော် ဟိုနေ့ကဖြစ်တဲ့ဟာက..ဟို..သူငယ်ချင်းတွေ လုပ်လို့ဖြစ်တာ..အဲဒါလေ..”
ခိုင်ကြည်ဖြူတစ်ယောက် တောင်းပန်ဖို့ ကြိုးစားနေပေမယ့် အထစ်ထစ်အငေါ့ငေါ့နဲ့မို့ ရယ်ချင်စရာတော့အကောင်းသားပဲ။ ဒီလူဟာတစ်ဆိတ်တော့ ဟန်ဆောင်ကောင်းလွန်းတယ်လို့တော့ ရဲရဲထင်တာပဲ။ ခုတော့မှ သူ့ကိုယ်သူ ကျွန်တော်လေး ဘာလေးနဲ့ ယဉ်ကျေးနေလိုက်တာ။

“ရပါတယ်။ ခု..မုန့်လိုက်ကျွေးနေပြီပဲဟာ..ကျေပါတယ် ကိုသိန်းဖေရယ် လုပ်ရတော့မှာပေါ့..ရဲရဲတို့က ဗွေမယူတတ်ပါဘူး။ ကျွန်တော်တွေ ဘာတွေလုပ်မနေနဲ့ အရင်လို နင်နဲ့ငါနဲ့ပြောတာ ပိုအဆင်ပြေပါတယ်။”
“ဟုတ်ကဲ့..အဲ…ဟုတ်ပါပြီ။ ကျေးဇူးတင်ပါတယ်။”
“ယွန်း..ဝက်သားတုတ်ထိုးစားဦးမလား..ငါ..ဟိုဖက်ဆိုင်ကို မှာလိုက်မယ်။ macadamia icecream လည်းကျွေးဦးမှာလို့ နင်ပြောထားတယ်နော်”
“ဟင်..နင့်ဗိုက်ကလည်း ဆန့်လှချည်လား..ခါတိုင်း ဒီလိုမဟုတ်ပါဘူး။”

အလိုက်မသိတတ်တဲ့ ယွန်းကို ခုံအောက်ကနေ ခြေတစ်ဖက်ထိုးပြီး လှမ်းတို့လိုက်တော့မှ အင် ကနဲဖြစ်သွားပြီး ခပ်ကြောင်ကြောင်နဲ့ ရဲရဲကိုလှမ်းကြည့်လိုက်၊ ကြည်ဖြူကိုတစ်ချက်လှမ်းကြည့်လိုက် လုပ်နေတာ ရယ်စရာတောင်ကောင်းသေးတော့။ 

“ပြီးတော့ ရှောက်ချိုရည်တစ်ခွက်နော်…။” ရဲရဲမှာ ဝက်သားတုတ်ထိုးမှာရင်းနဲ့ အအေးပါတစ်ဆက်တည်းမှာလိုက်တာမို့…
“ဟဲ့…နင်ဗိုက်တွေဘာတွေ နာကုန်တော့မှာပဲ ရဲရဲရယ်။”
“သူစားချင်တာ စားပါစေယွန်းရယ်။ ပြီးမှဆေးသောက်လိုက်ပေါ့ ..နော်…ရဲရဲ”
“သြော်….အင်း….မသောက်နိုင်ရင် ပါဆယ်ထုပ်သွားမှာပေါ့..”
သူပြောမှ နည်းနည်းရှက်သလိုဖြစ်သွားပေမယ့် ရဲရဲပဲလေ ဘယ်ရမလဲ။ တစ်ကယ်တမ်းတော့ ရဲရဲမှာသမျှတွေကို ကုန်အောင်မစားနိုင်ပါဘူး။ ဟိုလူကြည်ဖြူကို ပညာပေးချင်လို့သာ ပါးစပ်ထဲရှိသမျှတွေမှာနေပေမယ့် ထောပတ်သီးဖျော်ရည်တောင် ဒုတိယခွက်ကို တစ်ဝက်ကျိုးအောင် မသောက်နိုင်တော့ဘူး။ သူများကိုဒုက္ခပေးချင်တာ ကိုယ်အရင် ဒုက္ခရောက်နေမှန်း ရဲရဲခုမှ ရိပ်မိတော့တယ်။ မတတ်နိုင်ဘူးလေ..ကိုယ်ကတဲ့ဇာတ်ပဲ မဟုတ်လား။ ရဲရဲကံကောင်းတာက ယွန်းနဲ့ကြည်ဖြူနှစ်ယောက်စလုံး ရဲရဲမှာထားတဲ့ ဝက်သားတုတ်ထိုးကို ကူပြီးစားပေးနေကြလို့ပဲ။ စားပြီးကာနီးတော့မှ စောစောကကြည်လင်နေတဲ့ ကောင်းကင်က မှောင်လာတယ်။ တိမ်စိုင်ညို့ညို့တွေဖြတ်ပြေးနေပြီး ရုတ်တရက်ရွာချတဲ့မိုးကြောင့် ဆိုင်အပြင်မှာထိုင်စားနေကြတဲ့ ရဲရဲတို့သုံးယောက်အပါအဝင် လူတွေအကုန်ဆိုင်ထဲကို ဝရုန်းသုန်းကား ထပြေးကုန်ကြရော။ 

“ဟယ်..ယွန်းမ နင်ထီးပါလား”
“မပါဘူးဟ..နင် ကားယူလာခဲ့ရင်ကောင်းမှာ”
“အာ..ငါ့အိမ်နဲ့ နှစ်လမ်းကျော်လောက်ဝေးတဲ့ဆိုင်ကို ကားယူလာစရာလား။”
“ကျွန်တော့်မှာ…အဲ ငါ့မှာထီးပါတယ် နင်တို့နှစ်ယောက်ယူသွားလေ။”
ရုတ်တရက်ကိုယ်ပေါ်ကမိုးစက်တွေကိုခါနေတဲ့ ကြည်ဖြူကဝင်ပြောလိုက်တယ်။
“ယွန်းတို့ကအိမ်မှမတူတာ။ နောက်ပြီး ထီးတစ်ချောင်းတည်းနဲ့ နှစ်ယောက်ဆောင်းရရင်လည်း မဖြစ်ဘူး။ ဒီမိန်းမရဲရဲက အရပ်ကသာ ကလန်ကလား ကြီးတောင့်ကြီးမားနဲ့ မိုးမိရင် သိပ်နုတာ။ နည်းနည်းမိုးစိုတာနဲ့ဖျားတာပဲ။”
“ဟာ..နင်ငါ့ကို ဗလာချည်ကြီးဆော်နေပါလား ယွန်း။ ကိစ္စမရှိဘူး။ ငါဒီအတိုင်းပြန်လို့ရတယ်။”
“မလုပ်ပါနဲ့။ ငါ့မှာထီးပါနေတဲ့ဟာကို နင့်ကိုအရင်လိုက်ပို့ပေးမယ်။ ပြီးမှ ထီးပြန်ယူလာပြီး ယွန်းကို လိုက်ပို့ပေးမယ်။”
“ငါနင့်နဲ့ ထီးတစ်ချောင်းတည်း မဆောင်းပါဘူး ကြည်ဖြူ။”
“အော်..မဆောင်းရပါဘူး စိတ်ချ။ ငါနင့်ဘေးကနေလိုက်ပို့ပေးရုံပဲ။ မိုးရေထဲမှာ ငါကလမ်းလျှောက်နေကျ။ နင့်လိုမဖျားတတ်ဘူး။”
“ဘာာ…..” ရဲရဲမှာစိတ်ရှုပ်သွားရရင်း… “မိုးစဲအောင်စောင့်လိုက်မယ် ရတယ်။”
“တော်တော်နဲ့စဲမှာမဟုတ်ဘူး။ နောက်မှမိုးပိုသည်းလာရင် ပြန်ရပိုခက်မယ်။ မိုးချုပ်နေပြီလေ။ နင်တို့နှစ်ယောက်ကို ပို့ပြီးရင် ငါလည်းပြန်ရဦးမှာ။”
***

မိုးကလည်းသည်းလွန်းလို့ ရှေ့တစ်ကိုက်အကွာကိုတောင် မမြင်ရတော့တဲ့အထိ။ ရှေ့က နောက်က လာနေတဲ့ကားမီးတွေကြောင့် မိုးသည်းထဲလမ်းလျှောက်ရတာ ပိုဒုက္ခရောက်သလိုပါ။ ကြည်ဖြူကတော့ နဘေးကနေခပ်ခွာခွာ မိုးရွာထဲမှာလျှောက်နေတာ ဘာမှမဖြစ်တဲ့အတိုင်း။ သူ့အပေါ်ပိုးလုံးကလေးတွေ ကြဲချပေးနေတယ်များ အထင်ရောက်နေသလားမသိ။ မိုးရေရွှဲနေတဲ့ သူ့ဆံပင်နက်နက်တွေကို လက်နဲ့ထိုးပြီး မကြာမကြာသပ်ချနေတာကလွဲလို့ပေါ့။ ရဲရဲကိုကျတော့ သူ့ထီးပေးဆောင်းပြီး သူကမိုးရေထဲလျှောက်နေတာကိုကြည့်ပြီးတော့ စိတ်ထဲမှာတစ်မျိုးတော့ မလုံသလိုလို။ ကြည်ဖြူကို သနားသလိုလိုဖြစ်လာရတာမို့…

“နင့် ဝါးလက်တ် ငါ့ကိုပေးထားပါလား။ အထဲကပိုက်ဆံတွေစိုကုန်မယ်။”
“ဟမ်…ဘာလဲ”
“နင့် ပိုက်ဆံအိတ်…” ရဲရဲအသံကိုနည်းနည်းမြှင့်ပြောပြီး  သူ့လက်ကိုင်ပိုက်ဆံအိတ်သေးသေးဆီကို မေးဆတ်ပြလိုက်တော့မှ…
“သြော်..ဟုတ်”
ရဲရဲတို့အိမ်ရှေ့ပေါ်တီကိုအောက်ရောက်တော့ ကြည်ဖြူတစ်ကိုယ်လုံးရွှဲရွှဲစိုလို့။ ကြွက်စုတ်ရေနစ်တဲ့ရုပ်ဖြစ်နေပြီ။
“နင်..အင်္ကျီလဲသွားပါလား။ ငါ့ပါပါးဆီက ခဏငှားပေးမယ်”
“နေပါစေ..ရတယ် အကျင့်ရနေပြီ။ ရဲရဲ..ငါ..တစ်ခါတည်းနှုတ်ဆက်ခဲ့တယ်နော်။”
“ဘာရယ်..ဘာကိုပြောတာလဲ။”
“ငါ….စာထဲမှာရေးထားတယ်လေ။ မနက်ဖြန်မနက် မန္တလေးကိုဆင်းရမယ်။ အမေနေမကောင်းလို့ ပြန်မှာ။”
“ဟယ်…ဘယ်လောက်ကြာမှာလဲ?” ရုတ်တရက်မေးပြီးမှ ရဲရဲမှာ လိပ်ပြာမလုံသလိုပါ။
“တစ်ပတ်လောက်ပါ။ ဒီထက်လည်းပိုကြာရင်ကြာနိုင်တယ်။ နင် ငါ့စာမဖတ်ရသေးဘူး။”
“….အင်း..မဖတ်ရသေးဘူး။” သူ့စာကို လွှင့်ပစ်မိတဲ့အဖြစ်ကို ရဲရဲ နောင်တရချင်သလိုလို…
“နင်ငါ့ကို အဲလောက်တောင်မုန်းသလား ရဲရဲ? တစ်လက်စတည်းလည်း တောင်းပန်ပါတယ်ဟာ။ ငါနင့်ကို နောက်ပြောင်ခဲ့တာတွေက တရားနည်းနည်းလွန်ပေမယ့် နင့်ကိုကြည့်မရလို့၊ မုန်းလို့ နောက်ခဲ့တာမဟုတ်ပါဘူး။ အဲဒီအတွက် နင်ခွင့်လွှတ်မှရမယ်။”
“အောင်မယ်..ကိုမိုးကျရွှေကိုယ်..နင့်တစ်ကိုယ်လုံး ရွှဲနစ်နေတာ စကားများနေသေးတယ်။ ပြန်တော့။”
“နင်ကျေအေးမှ…”
“အေးတယ်..အေးတယ်..ရော့ ကျေအေးတဲ့အထိမ်းအမှတ်နဲ့ ပါဆယ်ထုပ်လာတဲ့ ရှောက်ချိုရည်ပါယူသွား။”
“နင်သောက်ပါ”
“ငါ..ဝမ်းလျှောလိမ့်မယ် နင်ပဲယူသွား”
“ဟားဟားးးး နင်တကယ်ရယ်ရတယ်”
“အမေနေမကောင်းတဲ့ မျက်နှာကလဲတော်တော်ပြောင်ချော်ချော်နိုင်တယ်။”
“ငါနင့်ကို ကိုယ်တိုင်ကိုယ်ကျတောင်းပန်လိုက်ရလို့ပါ။ ခုတော့ အပူလုံးတစ်ခုကျသွားသလိုပဲ..နို့မို့ အမေ့ကိုစိတ်ပူရတာနဲ့ နင်ငါ့ကို စိတ်ဆိုးနေတာပေါင်းပြီး ရင်ဘတ်ကြီးလေးပြီး မန္တလေးဆင်းရမှာ…” လို့ပြောပြီးပြီးချင်း ကြည်ဖြူခေါင်းကိုချက်ချင်းငုံ့ချသွားပြီး ခေါင်းကိုလည်းကုပ်နေသေးရဲ့။ မောင်မင်းကြီးသားက ပြောချင်ရာပြောပြီးရှက်များနေသလား?
“ဟင် မဆီမဆိုင်…” မိန်းမ မဆန်ဘူးလို့အပြောခံရလေ့ရှိတဲ့ ရဲရဲတောင် ခုတော့ ရှက်သလိုလိုဘာလိုလို….

“နင့်အမေမြန်မြန်နေကောင်းပါစေလို့ ငါဆုတောင်းပေးနေမယ်…နော်။ ရော့ နင့်ထီး”
“ကျေးဇူးပါ ရဲရဲ။ ငါပြန်ရောက်ရင် နင့်ဆီအရင်ဆုံး ဖုန်းဆက်လိုက်မယ်။ စိုနေတဲ့ နင့်အင်္ကျီတွေလည်း မြန်မြန်လဲထုတ်လိုက်ဦး တော်ကြာဖျားနေမယ်။”

သူ့ထီးကိုယူပြီး လှည့်ထွက်သွားတဲ့ ကြည်ဖြူ့နောက်ကျောကိုကြည့်ရင်း ဒီလူ စိတ်ထားတော့ကောင်းသားလို့ ရဲရဲမှတ်ချက်ချနေမိတယ်။ ဒီလိုတွေးနေမိတဲ့ ရဲရဲမျက်နှာမှာလည်း ပြုံးနေပါရောလား။ ရဲရဲသူ့ကို စိတ်ဆိုးမနေတော့ဘူးမှန်း သတိထားလိုက်မိတယ်။ ဘယ်အချိန်ကများ တစ်ကယ်ကျေအေးလိုက်မိပါလိမ့်?
မိုးရေစိုနေတဲ့ အဝတ်အစားတွေလဲပြီးလို့ ကော်ဖီပူပူတစ်ခွက်ဖျော်ရင်း ထိုင်ခုံပေါ်ထိုင်ချမယ်လုပ်တော့မှ တစ်စုံတစ်ခုကို ရဲရဲ စိတ်ထဲသတိရသွားပြီး စောစောကလွယ်လာခဲ့တဲ့အိတ်ကို အပြေးထယူလိုက်မိတယ်။ ရဲရဲလက်ထဲ အလွယ်တကူပါလာတာက ကြည်ဖြူ့ပိုက်ဆံအိတ် သားရည်အိတ်အညိုရောင်သေးသေးကလေး။ ဘုရားရေ..သူဘယ်လိုအိမ်ပြန်မှာပါ့လိမ့်။ ယွန်းဆီဖုန်းဆက်ပြီးမေးရင် အကျိုးအကြောင်းတော့ သိရနိုင်တာမို့ ချက်ချင်းပဲယွန်းဆီ ဖုန်းခေါ်လိုက်တယ်။ ယွန်းလက်ကိုင်ဖုန်းဆီက ဖြေသံကိုချက်ချင်းကြားလိုက်ရတယ်။

“ရဲမ..ငါတက္ကဆီပေါ်မှာ..နင်အိမ်မှာဇိမ်ကျနေပြီပေါ့။”
“အေး ဇိမ်ကျနေတယ်မလုပ်နဲ့ ကြည်ဖြူ့ပိုက်ဆံအိတ်က ငါ့ဆီမှာကျန်ခဲ့တာ သူဘယ်လိုပြန်သွားတုန်း?”
“သြော..လက်စသတ်တော့ ဇာတ်လမ်းကဒီလိုကိုး ဟဲဟဲ။ ကိုယ်တော်က ငါ့ဆီကလမ်းစရိတ်ငါးရာ ချေးသွားလေရဲ့။ ငါတောင်သူ့ကိုနောက်လိုက်သေးတယ်။ ကျေအေးချင်တဲ့လူကြီး ခုတော့ လက်ဗလာနဲ့အိမ်ပြန်ရပြီပေါ့လို့။ မျက်နှာကြီးရဲပြီးဘာမှလဲပြန်မပြောသွားဘူး။”
“ပေါက်ကရတွေတွေးမနေနဲ့။ သူ့ပိုက်ဆံတွေစိုမှာစိုးလို့ ယူသိမ်းပေးထားတာ။ သူ့ပိုက်ဆံအိတ်ထဲ ဘာတွေပါလဲတောင်ငါမကြည့်ရသေးဘူး။”
“ဟုတ်လား? အထဲမှာ ဖုန်းနံပါတ်တွေဘာတွေ ပါချင်ပါမှာပေါ့.. ဖွင့်ကြည့်လိုက်ပါ၊”
“ပလုတ်တုတ်တွေ…” ပိုက်ဆံအိတ်ဘေးက ထွက်လာတဲ့စာရွက်ခပ်သေးသေးပေါ်မှာ ဝိုင်းစက်စက်လက်ရေးနဲ့ရေးထားတာ ‘ရဲရဲနီ’ ဆိုပါလား… ဒါဘာသဘောပါလိမ့်?
“ဘာလဲ..ဘာလဲ..ဘာတွေ့တာလဲ ရဲရဲရဲ့…နင်အော်လိုက်တာ ရင်တောင်တုန်တယ်။”
“ပိုက်ဆံ တစ်ထောင်တန်နှစ်ရွက်တည်းပါ။ အဲ…နေဦး ပလတ်စတစ်အိတ်သေးကလေးနဲ့ သူ့ပါတ်စ်ပို့ဓါတ်ပုံတစ်ပုံပါသေးတယ်” ခပ်ပြတ်ပြတ်ပြောလိုက်ပေမယ့် အသံကတော့ နည်းနည်း လှုပ်ခတ်နေသေးတယ်။ ရဲရဲတွေ့တဲ့စက္ကူအပိုင်းကလေးအကြောင်း ယွန်းကိုပြောမပြလိုက်တော့ဘူး။ ယွန်းသိရင် ဘာမှန်းညာမှန်းအတိအကျမသိသေးပဲ စလို့ အတောသတ်မှာမဟုတ်တော့ဘူး။
“ငါ့အကြွေးငါးရာပေး၊ နင်..ကျန်တဲ့ တစ်ထောင့်ငါးရာသိမ်းထားလိုက် ဟဲဟဲ။ သတိရရင် ဓါတ်ပုံထုတ်ကြည့်ပေါ့ဟာ။”
“အစုတ်ပလုတ်မ…ဒါပဲ။”

ဖုန်းကိုဆောင့်ချလိုက်ပေမယ့် ယွန်းကိုတော့ အရင်လိုစိတ်ဆိုး မနေတော့။ သူ့ပိုက်ဆံအိတ်တစ်ခုလုံးတောင် သတိမရနိုင်အောင် ဘာတွေကများ သူ့ကိုအလောတကြီးနိုင်ခဲ့စေတာပါလိမ့်။ သူကျန်ခဲ့တဲ့ပိုက်ဆံအိတ်ကို ပြန်ပေးဖို့ တစ်ပတ် ဒါမှမဟုတ် ဒိထက်ကြာကြာတော့ စောင့်ရဦးမှာပေါ့။ ကော်ဖီပူပူတွေတောင် အေးကုန်တဲ့အထိ စားပွဲမှာထိုင်ရင်း ရဲရဲ အပြင်ကိုငေးကြည့်နေမိတယ်။ 

ညနက်နက်က မိုးရွာထားလို့ စိုစိုစွတ်စွတ်ရှိနေဆဲ။ မိုးစဲသွားလို့ ကောင်းကင်ကတော့ ကြည်လို့စင်လို့ပါ။ ကြည့်နေရင်း တိမ်စိုင်အစုပ်လိုက် တစ်စုကောင်းကင်ကိုဖြတ်ပြေးသွားတယ်။ အို…တိမ်တွေဟာ အနီရောင်တွေပဲ။ တိမ်တွေရဲ့အရောင်ကြောင့် ကောင်းကင်တစ်ပြင်လုံးပြန်ပြီး ရဲတက်လာလိုက်တာ မိုးများပြန်ရွာဦးတော့မှာလား။ ရာသီဥတုအပြောင်းအလဲကလည်း မြန်လိုက်တာလို့ တွေးရင်း ရဲရဲတစ်ယောက်တည်း ဘာရယ်မဟုတ်ပဲ နှစ်နှစ်ကာကာကြီး ပြုံးလိုက်မိရတယ်။ ပြတင်းတံခါးတွေကို အရင်လို တင်းတင်းစေ့အောင် ရဲရဲ ထမပိတ်လိုက်ချင်သေးဘူး။ မိုးရွာတာကြည့်ရင်း မနက်မိုးလင်းသွားလဲ ကောင်းသားပဲလို့ ရဲရဲ တွေးမိနေတယ်။ တစ်ခါတလေ အချိန်ဆိုတဲ့ အရာမျိုးဟာ စောင့်နေရရင် သိပ်ကြာတတ်တာမျိုးမဟုတ်လား။
ဘာပဲဖြစ်ဖြစ် သူပြန်လာရင် အရင်ဆုံးဖုန်းဆက်လိုက်မယ်လို့ပြောခဲ့တာပဲ။ မိုးထပ်မရွာခင် အိပ်ပျော်သွားအောင်တော့ ကြိုးစားရဦးမှာ…။
***
***
အပိုင်း (၁) ရေးအပြီး ၅ လလောက်ကြာမှ ဇာတ်သိမ်းရေးတင်ဖြစ်တဲ့အတွက် အရင်ဦးဆုံး အနူးအညွတ်တောင်းပန်ပါရစေ။ အချစ်ဇာတ်လမ်းရေးတာမကျွမ်းကျင်တဲ့ ကျွန်မအတွက်တော့ နူးနူးညံ့ညံ့ဖြစ်အောင် မနည်းကြိုးစားပမ်းစားရေးရတာ ဒီပို့စ်နဲ့ပါဆို သုံးပို့စ်တိတိပါ။ ကိုယ်ရေးကိုယ်တာ အခက်အခဲတွေကြောင့် စာမရေး၊ မဖတ်တာကြာပြီးမှ ပြန်ရေးရတာ ခက်ခဲနေသလိုပါ။ သည်းခံပြီး ဖတ်ရှုပေးကြပါဦးရှင်း)

ဝန်ခံချက်။ ။ သူငယ်ချင်းတစ်ယောက်ရဲ့အဖြစ်မှန်ဇာတ်လမ်းကို အသက်သွင်းကြည့်တဲ့အခါ တကယ့်အဖြစ်က ရင်နင့်စရာဖြစ်နေတာမို့ လမ်းကြောင်းလွှဲပြီး ဇာတ်သိမ်းထားပါတယ်ရှင်။ အသက်သွင်းခွင့်ပေးတဲ့ သူငယ်ချင်း "သင်သင်" ကိုကျေးဇူးတင်ပါတယ်။


မေတ္တာအားဖြင့်
မိုးပန်းချီ

2 comments:

  1.ိခိုင်ကြည်ဖြူက သေသွားတာလားဟင် အမ ပန်းချီ

    ReplyDelete
  2. ဒီဇာတ်မှာ သေမပေးထားပါဘူး ညီမလေးစန်းထွန်းရေ..စိတ်ဝင်တစားရှိတာ ကျေးဇူးတင်ရပါတယ်း)

    ReplyDelete

ရင်ထဲရှိတာပြော..း)