Thursday, July 21, 2011

မျက်နှာစိမ်းများနှင့်တစ်ညတာ…

မနက်..အသိတစ်စုံပြန်အသက်သွင်းတာတောင် တစ်စုံတစ်ခုမှာ တွန့်ဆုတ်နေတယ်။
ဒါပေမယ့် ခပ်သုတ်သုတ်ပါပဲ…..
ဆပ်ပြာတွေကလည်း ဒီနေ့မှ ပိုပြစ်ချွဲနေလိုက်တာ..
ညအိပ်မက်အမှောင်တိုက်က ခုထက်ထိ ကပ်ပါးပိုးလိုပါပဲလား..။
မျက်နှာကို အဆီခပ်ပါးပါးလေးလိမ်းတော့ ရင်ထဲမှာလဲတစ်ဒိန်းဒိးန်းနဲ့…
အလို…ဘာများကိုယ့်မှာ တိမ်းစောင်းနေသလဲရယ်လည်း အဓိပ္ပါယ်ဖွင့်မရ..။
စိမ်းလိုက်တဲ့ ကားပေါ်ကမျက်နှာများ…တစ်သက်နဲ့ တစ်ခါ မကြုံစဖူး…
ထူးထူးခြားခြား…သူတို့ကိုလည်းကြောက်နေတယ်..။
မရောက်နိုင်သေးဘူးထင်ရဲ့ …
ကိုယ့်ခရီးစဉ်တစ်လျှောက်လုံး …
သူတို့မျက်လုံးတွေအောက်မှာ ပြားပြားဝပ်စင်းနေရသလို…
ပါးစပ်ကလည်း မှားပြီလို့ ခပ်လှုပ်လှုပ်ရေရွတ်…တစ်စုံတစ်ယောက် ကိုယ့်ကိုစိုက်ကြည့်နေတယ်။
ညက မအိပ်လိုက်ရတဲ့ လိပ်ပြာက မျက်စေ့ကိုပိတ်ကျစေတယ်။
ဟင့်အင်း....မအိပ်ပါဘူး….
စိတ်ဓါတ်ကျနေတယ်….။


Tuesday, July 12, 2011

သူငယ်ချင်း...အတွက်

ခုတလောလေး စိတ်မအား လူမအားမို့ အသစ်ရေးဖို့ရာ အင်အားမရှိဖြစ်နေပါတယ်။ ဒါပေမယ့် ဟိုတစ်နေ့ဆီက သူငယ်ချင်းတစ်ယောက် ကျွန်မကို အော်တိုရေးပေးဖို့ စာအုပ်လေးတစ်အုပ်ပေးလာပါတယ်။ စာအုပ်ခေါင်းစဉ်လေးက “သူငယ်ချင်းအတွက်…ရေးပေးပါ” တဲ့။ ဒီလိုအော်တိုမျိုးတွေ မရေးခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ 


ဆယ်ကျော်သက်ကျောင်းသူအရွယ် မဟုတ်လေတော့ ရေးရမှာ လက်တွန့်မိနေတုန်း အော်တိုစာအုပ်ကလေး စီစဉ်သူ (ကို) ချမ်းသာစိုး ရဲ့ စကားချီးကိုဖတ်မိတဲ့အခါ ရေးချင်စိတ်ပေါက်လာတဲ့အပြင် စာအုပ်ထဲမှာ ရေးထားနှင့်ပြီးဖြစ်တဲ့ ကျွန်မ သူငယ်ချင်းတစ်ချို့ရဲ့ ပြောင်ချော်ချော် နောက်ရွှတ်ရွှတ် စိတ်ထဲရှိသလို လွတ်လွတ်လပ်လပ် ချရေးထားပုံတွေကို ဖတ်ပြီးတော့ ပို့စ်အဖြစ်ပါတင်ချင်စိတ်ဖြစ်လာရပါကြောင်း..။ တစ်ချို့စကားလုံးတွေကတော့ အင်မတိ အင်မတန် ရင်းနှီးသူများသာ ဖတ်ရန်သင့်တော်တာမို့ ပြန်လည်ပြုပြင်မွမ်းမံခြယ်သ ထားရပါတယ်။ လူဇိုးတွေး))))

**ဖြည့်စွက်ချက်။ ။ အောက်မှာရေးထားတဲ့ အော်တိုက ကျွန်မရဲ့ သူငယ်ချင်း (ယောက်ျားလေး) မှ ကျွန်မကို ရေးဖို့ပြောလာသူ စာအုပ်ပိုင်ရှင်၊ သူငယ်ချင်း (မိန်းကလေး) အတွက်ရေးပေးထားတာပါ။ ကျွန်မ အနည်းငယ် ဆင်ဆာလုပ်ထားတာကလွဲလို့ သူ့အာဘော်အတိုင်းထည့်ရေးထားပါတယ်။ **


----------------******----------------


Wednesday, July 6, 2011

သစ်တောမြေ၊ လမ်းအမှတ်…

ဒီတလောလေး စာကို လုံးလုံးမရေးဖြစ်ပါဘူး။ ဝိုင်းဝိုင်းလည်းမရေးဖြစ်ဘူး..မိုးပန်းချီလည်း မရေးဖြစ်ပါဘူးး)) အလုပ်တွေရှုပ်ပြီး အရှုပ်တွေလုပ်နေသောသူမှာ မိုးပန်းချီဖြစ်ပါသည် လို့အဓိပ္ပါယ်ဖွင့်ချင်တော့တာပဲ..။ ရေးချင်ပေမယ့်လည်း အခြေအနေကမပေးဖြစ်နေတာမို့ ရင်ဘတ်ထဲကစာတွေ အငွေ့ပြန်၊ အတောင်ပေါက်သွားရပါတယ်..။ အဖြစ်ကဒီလို… ဒီလိုရယ်ပါလေ..။

ဇွန်လ ၁၉ ရက်နောက်ပိုင်း..
အလုပ်ရှုပ်လွန်းနေခဲ့ပါတယ်..ဇွန်လ ၂၄ရက်နေ့မှာ အမောပြေဆေးလေး ရောက်လာမယ်ဆိုတာကြောင့်ရယ်။ ၂၄ရက်ည ၆း၅၅ နာရီတိတိမှာအတောင်ပါတဲ့ယာဉ်တစ်ခုနဲ့ အမောပြေဆေးရောက်လာပါတယ်..။ ခေါင်းစွပ်အနွေးထည် အဝါရောင်လေးဝတ်ဆင်လို့။ အဲဒီအမောပြေဆေးက မူးရင်ရှူ၊ မောရင်သောက် လို့တော့မရပါဘူး..။ အဲ…ရှူချင်ရင်တော့ရှူလို့ရပါတယ်..ပထမတစ်ကြိမ်မှာ သူကငြိမ်နေပေမယ့် ဒုတိယအကြိမ် ရှူမိရင်လူကို လက်နဲ့တွန်းထုတ်တတ်ပါတယ်..။ တွေ့တွေ့ချင်း အောက်သွားလေးနှစ်ချောင်းပေါ်အောင် ပြုံးပြ၊ ရယ်ပြတာမို့ အမောကိုပြေလို့…။ အရင်ရက်တွေက မောသမျှ၊ ပန်းသမျှပြေရတော့တာပါပဲ..။ အမောပြေဆေးနာမည်က အသက်တမျှချစ်ရလို့ “သက်တမျှ” ရယ်လို့အမည်နာမ မှည့်တွင်စေပါတယ်..။ ရောက်လာတာကတော့ သူမကလေး တစ်ယောက်တည်း မဟုတ်ပါဘူး..အိမ်ကလူရဲ့ ညီဝမ်းကွဲလေးရယ်၊ အမေ (အိမ်ကလူရဲ့ အမေ) ရယ်ပါ..ပေါင်း သုံးယောက်ဆိုတော့ သုံးဆမောရတာပေါ့လေ..။