Wednesday, July 6, 2011

သစ်တောမြေ၊ လမ်းအမှတ်…

ဒီတလောလေး စာကို လုံးလုံးမရေးဖြစ်ပါဘူး။ ဝိုင်းဝိုင်းလည်းမရေးဖြစ်ဘူး..မိုးပန်းချီလည်း မရေးဖြစ်ပါဘူးး)) အလုပ်တွေရှုပ်ပြီး အရှုပ်တွေလုပ်နေသောသူမှာ မိုးပန်းချီဖြစ်ပါသည် လို့အဓိပ္ပါယ်ဖွင့်ချင်တော့တာပဲ..။ ရေးချင်ပေမယ့်လည်း အခြေအနေကမပေးဖြစ်နေတာမို့ ရင်ဘတ်ထဲကစာတွေ အငွေ့ပြန်၊ အတောင်ပေါက်သွားရပါတယ်..။ အဖြစ်ကဒီလို… ဒီလိုရယ်ပါလေ..။

ဇွန်လ ၁၉ ရက်နောက်ပိုင်း..
အလုပ်ရှုပ်လွန်းနေခဲ့ပါတယ်..ဇွန်လ ၂၄ရက်နေ့မှာ အမောပြေဆေးလေး ရောက်လာမယ်ဆိုတာကြောင့်ရယ်။ ၂၄ရက်ည ၆း၅၅ နာရီတိတိမှာအတောင်ပါတဲ့ယာဉ်တစ်ခုနဲ့ အမောပြေဆေးရောက်လာပါတယ်..။ ခေါင်းစွပ်အနွေးထည် အဝါရောင်လေးဝတ်ဆင်လို့။ အဲဒီအမောပြေဆေးက မူးရင်ရှူ၊ မောရင်သောက် လို့တော့မရပါဘူး..။ အဲ…ရှူချင်ရင်တော့ရှူလို့ရပါတယ်..ပထမတစ်ကြိမ်မှာ သူကငြိမ်နေပေမယ့် ဒုတိယအကြိမ် ရှူမိရင်လူကို လက်နဲ့တွန်းထုတ်တတ်ပါတယ်..။ တွေ့တွေ့ချင်း အောက်သွားလေးနှစ်ချောင်းပေါ်အောင် ပြုံးပြ၊ ရယ်ပြတာမို့ အမောကိုပြေလို့…။ အရင်ရက်တွေက မောသမျှ၊ ပန်းသမျှပြေရတော့တာပါပဲ..။ အမောပြေဆေးနာမည်က အသက်တမျှချစ်ရလို့ “သက်တမျှ” ရယ်လို့အမည်နာမ မှည့်တွင်စေပါတယ်..။ ရောက်လာတာကတော့ သူမကလေး တစ်ယောက်တည်း မဟုတ်ပါဘူး..အိမ်ကလူရဲ့ ညီဝမ်းကွဲလေးရယ်၊ အမေ (အိမ်ကလူရဲ့ အမေ) ရယ်ပါ..ပေါင်း သုံးယောက်ဆိုတော့ သုံးဆမောရတာပေါ့လေ..။


ဇွန်လ ၂၅ ရက်နေ့….
အမေက စကြဝဠာလုံးဆိုင်ရား)) စတူဒီယိုကို ရောက်ဖူးချင်တယ်ဆိုလို့ လိုက်ပို့ခဲ့ပါရဲ့..။ အိမ်ကလူကတော့ ဝင်ကြေးအဖြစ် အိပ်ကပ်ထဲက ဒေါ်လာ ၃၀၀ ကျော် အတောင်မပါပဲပျံတက်သွားတာမို့ မျက်လုံးကလေးပုတ်ခတ် ပုတ်ခတ်လုပ်ပြီးတော့ရယ် နောက်တော်ပါးကတစ်ဖဝါးမခွာ လိုက်ရှာပါတယ်..။ အဲဒီမှာ တော်တော်လေးစုံပလုံစိအောင် လည်ပတ်စရာရှိပေမယ့်…ဒီတစ်ကြိမ် နောက်ဆုံးလို့ကို စိတ်ထဲကမှတ်လိုက်မိတော့တယ်..။ ဝင်ကြေးကောင်းမှုအကြောင်းပြုလို့ရယ်..။ တစ်ယောက် ၇၀ ဆယ်ကျော်ပေးရတာ ဈေးကြီးတယ်လို့ မထင်မိကြဘူးလား…..ဟင်…..
ကလေးတွေအတွက်ပျော်စရာကောင်းသလို၊ လူကြီးတွေအတွက် ဓါတ်ပုံရိုက်ချင်စရာ နေရာတွေအတော်ပေါပါရဲ့..။ ထွေထွေထူးထူးတော့မပျော်မိပါဘူး… မာရီလင်မွန်ရိုး နဲ့တော့တွေ့ခဲ့ပါသေးတယ်…။ ဘတ်တီ ရယ် ချာလီချက်ပလင်ရယ်၊ နောက်…နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသား၊ မင်းသမီးများ အစုံအလင်ပေါ့လေ…အတုတွေချည်းး))

ဇွန်လ ၂၆ ရက်နေ့….
တနင်္ဂနွေနေ့….သက်တမျှရဲ့ မွေးနေ့အကျဉ်းရုံးပွဲကလေး….တကယ်တော့ သူမကလေးရဲ့ ၃၆၅ ရက်ပြည့်မွေးနေ့က အင်္ဂါနေ့ကျပါတယ်..။ ရုံးဖွင့်ရက်ကြီးမှာ ကျမှာမို့ ပိတ်ရက်ကလေးမှာလုပ်ဖြစ်လိုက်တာပါပဲ..။ အနီးကပ်မိတ်ဆွေတစ်ချို့သာဖိတ်ဖြစ်ပါတယ်..။ အဝေးကပ်မိတ်ဆွေများကတော့ တော်တော်ဝေးလို့ မလာနိုင်မှာကြောင့် မဖိတ်ဖြစ်ပါဘူး..း) အဲဒီအတွက် သည်းခံခွင့်လွှတ်ကြပါရှင်..။

ဇွန်လ ၂ရ ရက်နေ့…
ရုံးကပြန်ချိန်မှာ အမေကဈေးဝယ်ထွက်ချင်တယ်ဆိုပြီး ကျွန်မအလုပ်ရှိရာ ဗီဗီမြို့တော်ကို ချီတက်လာပါတယ်…။ အိမ်ပြန်ချိန်ကိုတောင် မသိတော့သူ…ဖြစ်သွားပါတယ်..။ ညဥ့်၁၂နာရီ လောက်အိမ်ပြန်ရောက်ပါတယ်..။

ဇွန်လ ၂၈ ရက်နေ့…
ခေါင်းကိုက်လွန်းလို့ ရုံးကခွင့်ယူထားပေမယ့် အမေ့ရဲ့ အလုပ်ကိစ္စအတွက် supplier တစ်ယောက်နဲ့ ချိန်းဆိုပေးခဲ့ရသေးတယ်…ကံမကောင်းချင်တော့ အမေကအဲဒီကိုမသွားတတ်တာကြောင့် လိုက်ပို့ခဲ့ရပြန်ပါသေး…အရှေ့ဂျူရောင်း လမ်းခွဲဘူတာကနေ အငှားယာဉ်ကလေးစီးလို့ သွားရပါတယ်..အင်မတန်ဝေးတာကြောင့်ရယ်..။ ညနေရောက်တော့ သက်တမျှရဲ့ အတည်မွေးနေ့မို့ ညစာထွက်စားကြပြန်ရော..။ အင်း…ဖြစ်သလိုပဲ ပင်လယ်စာ စားသောက်ဆိုင်တစ်ခုမှာ စားလိုက်တာပါပဲး))

ဇွန်လ ၂၉ ရက်နေ့…..
ဈေးဝယ်ထွက်ချင်သောအမေ ဗီဗီမြို့တော်သို့ ဒုတိယမ္ပိ အလည်တစ်ခေါက်ရောက်ပြန်ပါတယ်…အရင်တစ်ခါ အလည်လာခဲ့တုန်းက ရောက်ဖူးတဲ့ အေအမ်မ်ကေ ဟပ်ပ် ကိုသွားချင်သေးတဲ့ အမေ့ကို ရုံးမှာဘယ်လောက်ပဲ ပင်ပန်းခဲ့ပေမယ့် မညည်းမညူလိုက်ပို့ရပြန်ရော..။ အပျော်ဆုံးသူက သက်တမျှရယ်…။ လမ်းထွက်ရရင် ဘယ်လောက်ပင်ပန်းနေပါစေ.. အပြုံးကလေးနဲ့ ခရီးဆက်သူ… သူမကလေးကြောင့် အမောတော်ရယ် မပြေ့တပြေပါ…။

ဇွန်လ ၃၀ ရက်နေ့….(အပြောင်းရယ်တဲ့ မှ အရွှေ့)
ခွင့်နှစ်ရက်ယူပလိုက်တယ်…။ ရေးးးး လို့ မအော်နိုင်၊ မပျော်နိုင်ပါဘူး..။ နောက်ဆုံး၊ ဖိုင်နယ်လိုက်စ် အဝတ်အစားတွေ ထုပ်ပိုးရမှာမို့ပါ..။ ဇာတ်ရှိန်ကဒီမှာစတက်တော့တာပါပဲ…။ ကျောက်စိမ်းလက်ကောက် ဝယ်ချင်တဲ့ အမေ့ကို ကျောက်စိမ်းတွေရှိရာ မြို့တော်ခန်းမသို့ လိုက်ပို့ပါတယ်..။ အပြန်မှာတော့ ပြောင်းရမယ့်အိမ်ရဲ့ သော့ကို အကျိုးတော်ဆောင်ဆီက သွားယူရပါတယ်…။ ချိန်းဆိုတဲ့ နေရာက မြို့တော်ခန်းမနဲ့ သိပ်မဝေးရှာပါဘူး…။ တစ်နာရီလောက် ရထားတစ်တန်၊ ကားတစ်တန် သွားရတဲ့ သစ်တောမြေပါပဲ…ရှင်း))
သော့ယူပြီးတော့ အိမ်အပြန်မှာ မိုးမင်းလွန်ကဲ ဝဿန်ခါမို့ သည်းသည်းမဲမဲရွာတဲ့မိုးကြောင့် ရေနစ်တဲ့ကြွက်စုတ်ဖြစ်ပြီးပြန်လာရပါတယ်..။ အိမ်ရောက်တော့လည်း ထုပ်စရာရှိတာထုပ် ပိုးစရာရှိတာပိုးပေါ့..။ အကုန်ပြီးသွားတော့မှ ဇာတ်လမ်းလည်းအပြီး ရဲကားလည်းရောက်လာသလို အိမ်ကလူကရုံးကပြန်လာပါတော့တယ်..။ သူရောက်လာတော့ ည ၇ နာရီထိုးခါနီးပြီမို့ ပုစွန်ခေါက်ဆွဲ အပြေးဝယ်ပြီး ညစာအတွက်လွေးကြရတာပါ..။ 

ည ၇ နာရီကျော်ကျော်မှာတော့ mover ဆီကနေ ဖုန်းထဲကို စာတိုလေးပို့လာပါတယ်..။ ပစ္စည်းတွေသယ်ရွှေ့မယ့် mover ကို တစ်လနီးပါး ကြိုငှားထားပေမယ့် အနီးကပ် ကပ်ဖြုတ်သွားပါလေရော…မလာနိုင်ပါဘူးတဲ့…ဒါပေမယ့် ကံကောင်းပြန်ပါတယ် ဆရာရယ်ပဲ ပြောရမလားမသိပါဘူး။ တစ်ခြား mover တစ်ယောက်ကို ဖျက်လိုက်တဲ့ mover ကိုယ်တိုင် စီစဉ်ပေးပါတယ်..။ လာတဲ့ ကုန်တင်ကားအသစ်ကိုတော့ဖြင့် အဟောင်းကိုပေးတဲ့ ဈေးထက် ဒေါ်လာ ၃၀ ပိုပေးလိုက်ရပါတယ်..။ အဟောင်းနဲ့ လည်း ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ လိုတဲ့အတွက် ရန်မဖြစ်လိုက်တော့ပါဘူး..။ ဒီပစ္စည်းတွေ နဲ့ အမြန်ဆုံး သစ်တောမြေကို ရောက်ဖို့ကအရေးကြီးတယ်မဟုတ်လားလေ..။ 

ပစ္စည်းတွေ ရွှေ့ကြတဲ့အခါ ကိုယ့်ပစ္စည်းတွေနဲ့တင် သိပ်မနည်းဘူးရယ်။ အိမ်ကလူရဲ့ ပစ္စည်းတွေကျတော့ အများသားး)) တကယ်တွက်ကြည့်တော့ အိမ်ကလူနဲ့ ကိုယ့် အဝတ်အစားက သေတ္တာ ၂ လုံးခွဲရယ်..။ ကျန်တာတွေကတော့ စာအုပ်တွေ၊ သူ့ရဲ့ ဒီဗီဒီတွေ၊ ဂိမ်းတွေ၊ မီးဖိုချောင် အသုံးအဆောင်တွေ၊ သက်တမျှရဲ့ sterilizer နဲ့ မင်းသမီး ဒိုင်ယာနာတောင် ထိုင်ငိုလောက်တဲ့ အဝတ်အစားတွေ၊ အမေ့ရဲ့ခရီးဆောင်အိတ် နဲ့တစ်ခြားအထုပ်အပိုးတွေ၊ အိမ်ကလူရဲ့ ညီဝမ်းကွဲ လိမ်းတဲ့မိတ်ကပ်ဘူး (သူက အောက်ခံမျက်နှာချေ လိမ်းတာဝါသနာပါသူးD ) နဲ့ သူ့အဝတ်အစားထုပ်၊ တစ်ခြား တိုလီမုတ်စ ဟိုဟာဒီဟာတွေပေါ့လေ..။ 

ကဲ…ပြောင်းကြပြီဆိုတော့ ကုန်တင်ကားနဲ့တောင် ၄၅ မိနစ်လောက်မောင်းရတဲ့ ခရီးပါ…အတိုချုပ်ကြပါစို့ရဲ့…. သစ်တောမြေကို ရောက်ပြီဆိုပါတော့လေ..။ အိမ်ခန်းနှစ်ခန်းကို စရှင်းတဲ့အခါ ကိုယ့်ကိုကိုယ် တိမ်ဆိုင်တိမ်လိတ်တွေကြားထဲများရောက်သွားသလား အောက်မေ့ရလောက်အောင် ဖုန်တွေထူထပ်နေလို့ပါပဲ..။ မျက်နှာဖုံးတပ်ပြီးများတောင် ရှင်းလိုက်ရပါရဲ့…သိပ်မကြာပါဘူး…၃ နာရီခွဲကျော်ကျော်လောက်ကြာအောင် ဖုတ်တွေစုပ်ထုတ်၊ ကြမ်းတိုက်၊ တံမြက်စည်းလှည်း၊ အံတိုင်းဗက်တီးယီးယား ဆေးတွေဖြန်းပြီး သကာလ နာရီကိုကြည့်မိတော့ ၁ နာရီထိုးခါနီးမို့အိပ်ကြဖို့ စီစဉ်ရပါပြီ..။ သက်တမျှကတော့ သူ့အဖွားကိုယ်ပေါ်မှာ အိပ်ပျော်နေရှာခဲ့ပါပြီ..။ တစ်ကိုယ်လုံး ချွေးရော၊ ဖုန်ရော တသောသောနဲ့ဆိုတော့ ရေချိုးရပါတယ်..။ အိပ်ချိန်.. ဇူလိုင်လ ၁ ရက်နေ့ မနက် ၃ နာရီ..။

ဇူလိုင်လ ၁ ရက်နေ့….
အမေတစ်ယောက်တည်း ဇူလိုင် ၂ ရက်နေ့မှာ ပြန်တော့မှာမို့ ဟင်းချက်ကျွေးချင်တာနဲ့ မနက်စောစောထရပြန်တယ်..။ ဈေးသွား၊ ဈေးပြန်၊ ချက်ပြုတ်အပြီးမှာ မောလွန်းလို့ ကိုယ်ချက်တာတောင် ကိုယ်မစားနိုင်ပါဘူး..။ ဟင်းခွက်တွေကတော့ ပုစွန်ဆီပြန်၊ ဝက်သားအချိုချက် (အမေ အစပ်မစားတာကြောင့်)၊ တုမ်ရမ်း ဟင်းချို (အချဉ်အစပ်လျှော့) ၊ အမေသိပ်ကြိုက်တဲ့ ဒူးရင်းသီး (ထမင်းစားပြီးအချိုတည်းဖို့အတွက်)…စတာတွေပါပဲ…။ နေ့လည်ကျတော့ သတင်းဆိုးတစ်ခု ရုတ်တရက်ကြားရပါတယ်.. အသိတစ်ယောက် ရုတ်တရက်ဆုံးပါးသွားခြင်းပါပဲ…။ အင်မတန်မာမာချာချာ ရုပ်ခံရှိသူတစ်ယောက် ကွေးသောလက်မဆန့်ခင် ဆုံးပါးသွားရတာမို့ ကြားကြားချင်း ခေါင်းနပန်းတောင်ကြီးသွားပါတယ်..။ စိတ်မကောင်းဖြစ်မိလွန်းလို့ ဘာမှဆက်မလုပ်နိုင်ပဲ နေရာမှာတင် ဆယ်မိနစ်လောက် ကြက်သေသေသလိုမျိုးငြိမ်ပြီး တောင်စဉ်ရေမရတွေ တွေးနေမိပါသေးတယ်… ။ ခဏနေတော့ ရေမိုးချိုးကြပြီး အိမ်ကထွက်ပြန်ပါတယ်..။ အစ်မဖြစ်သူက အမေ့ကို ညစာဖိတ်ကျွေးတာပါ..။ ညမှာတော့ မနက်ဖြန်မနက်အတွက်၊ လေဆိပ်ဆင်းဖို့အတွက်၊ ဘာအတွက်၊ ညာအတွက် ပြင်ဆင်ရင်း၊ အိမ်ပြောင်းတုန်းကထုပ်ထားတဲ့ အထုပ်အပိုးတွေလည်း ပြန်ဖြည်ရင်းပါ..။ ဒီလိုနဲ့ပဲ ခွင့်နှစ်ရက်ကုန်ပါရောလား….။

ဇူလိုင်လ ၂ ရက်နေ့…. (စနေနေ့)
အိမ်ထပ်ရှင်းခြင်းဆိုပါတော့..။  ဧည့်ခန်းဆိုတာများ ကုလားထိုင်တွေ ခုံတွေ မရှိသေးတော့ သက်တမျှ ဟိုသွားဒီသွား အင်စပက်ရှင်ဝင်ရင် ခက်တော့မှာမို့ ကြမ်းတိုက်ရပါတယ်..။ ထမင်းစားကြတဲ့အခါ ဧည့်ခန်းအတွက် မှာထားတဲ့ ထိုင်စရာ ဆိုဖာနဲ့ ထမင်းစားပွဲ လာမပို့သေးတာနဲ့ပဲ အသက်ရှည်ရှည် ခင်ခင်မင်မင် ရှေးကထက်ပိုချစ်ရအောင် လက်ရည်တပြင်တည်း စားကြရတာပါး) ။ စားပြီးကြတော့ အမေက သရက်သီးဆိုင်သွားချင်ပါသေးတယ်တဲ့..။ သရက်သီးစားချင်လို့တော့ မဟုတ်ဘူးရယ်..။ သရက်သီးတံဆိပ် အင်္ကျီဝယ်ချင်လို့နေမှာ.း)) ။ နောက်တော့လည်း သူ့ဘာသာပဲ မသွားချင်တော့ဘူးဆိုလာပြန်ပါတယ်..။ ပြန်ခါနီးတောင် ရှော့ပင်း ချင်သေးတဲ့ အမေ...။

လေဆိပ်ဆင်းပါပြီ..။ အမေကတော့ အိမ်အပြန်ပီပီ သယ်လာလိုက်တာ ငါးကီလိုပိုနေတာရယ်..။ သူ့မှာအဲဒီအတွက် လူကြုံရှာရပြန်ပါရော..။ တွေ့ပါပြီ..။ အိမ်ကလူရဲ့ သူငယ်ချင်းပါ..။ သယ်သွားမပေးနိုင်ပါဘူးတဲ့..။ သူကိုယ်တိုင်ကလည်း ကီလိုမပါ လက်ဗလာနဲ့ပြန်တာဆိုတော့ မသယ်ပေးနိုင်တာနေမှာပါ..။ နောက်ပြီး သူက မင်္ဂလာပြန်ဆောင်မယ့် မင်္ဂလာသူတို့သားလောင်းဖြစ်နေပြန်သေးတယ်..သယ်ခိုင်းလို့ဘယ်ကောင်းပါ့မလဲလေ…ကိုယ့် အထုပ်ကြောင့် လမ်းမှာတစ်ခုခုဖြစ်သွား ဘယ့်နှယ်လုပ်ရပါ့…သူတို့သမီးလောင်းကို ပြန်လျော်ပေးစရာမရှိ ဘာမရှိး)) ဒါနဲ့ပဲ နောက်ဆုံးမတော့ အဆင်ပြေသွားပါတယ်..လေယာဉ်လက်မှတ်ဖြတ်ပေးတဲ့ Officer ရဲ့ကောင်းမှုနဲ့ပဲ ပိုနေတဲ့ကီလိုတွေ အခကြေးငွေပေးစရာမလိုပဲ လေယာဉ်စီးခွင့်ရသွားလေရဲ့…။ အမေနဲ့လမ်းခွဲနှုတ်ဆက်တဲ့အခါ ထုံးစံအတိုင်း ကျန်ခဲ့သူလည်း လွမ်း..လွမ်းတော့ရမယ့်….ချန်ခဲ့သူလည်း လွမ်း…လွမ်းရတော့မယ်…ဆိုတဲ့သီချင်းထဲကလို အမေငိုပါတယ်..။ 

သူ့သားနဲ့ ချွေးမကိုလွမ်းရတော့မှာမို့လို့မဟုတ်ပါဘူး…အမေအင်မတန်ချစ်ရှာတဲ့ တစ်ဦးတည်းသော မြေးမကလေး သက်တမျှနဲ့ခွဲရမှာမို့ရယ်ပါ..။ ကိုယ်ချင်းစာပါတယ်လေ…။ အမေ့အတွက်ကလည်း မြေးဦးဖြစ်နေတာမဟုတ်လား..။ အမေငိုတော့ ကိုယ်လည်းရောငိုမိပါတယ်..နှလုံးသားရှိသူဆိုတော့ တကယ်ပဲ မခံစားနိုင်ပါဘူးရှင်..။ သက်တမျှကတော့ ဟိုလူမျက်နှာကြည့်လိုက်၊ ဒီလူမျက်နှာကြည့်လိုက်နဲ့ပေါ့…ငိုနေသူတွေကိုလည်း…”ဟိတ်” လို့တပ်လှန့်သလို အော်လိုက်သေးတာ..း)
အိမ်ရောက်တော့ သီချင်းလေးညည်းမိပါတယ်..။

ဖြစ်လွယ်ပျက်လွယ် သဘောရယ်၊ လောကဝယ် ပြောလို့ မဆုံးဘွယ်၊ သင်္ခါရ အတောမသတ်လို့ မတည်မြဲလေတယ်။ ယသော အယသော၊ လာဘော အလာဘော နိနံ္တ၊ ပဿနံ္တ၊ သုခံ ဒုက္ခံ လောကဓံ တရားမြတ်ရယ် × လောကီဘုံအလယ် ဆုံလာကြတဲ့ ပုထုဇဉ်လည်း မလွဲပါတယ် (သံသရာခရီးသည်)၃ ×××
ဘာရယ်တော့မဟုတ်ပါဘူး..အပြောင်းအလဲများလွန်းလှတဲ့ ကိုယ့်ဘဝကိုယ် သံဝေဂရနေမိသလို တစ်မျိုးလည်းဝမ်းနည်းနေမိတာကြောင့်ရယ်..။ အိမ်ကလူကတော့ အမေပြန်သွားတာဖြင့် အိမ်ကိုလေယာဉ်မဆိုက်သေးဘူး…သီချင်းညည်းပြီး ပျော်လို့မော်လို့ရယ် အထင်ရောက်နေတော့တာ..။

ဒီရက်တွေအတွင်း အပြောင်းအလဲတွေ အများကြီးနဲ့ ဖြတ်သန်းခဲ့ရတာမို့ အဲဒီသီချင်းလေးညည်းမိတာပါပဲ…။ တစ်ကယ်တွေးကြည့်မိတော့ ကျွန်မတို့တစ်တွေအားလုံး မတည်မြဲခြင်းသာလျှင် အမြဲရှိတဲ့ မမြဲတဲ့လောကထဲမှာ နေကြရသူမို့ လောကဓံရှစ်ပါးကို ကြံ့ကြံ့ခံနိုင်ကြဖို့ လိုတယ်မဟုတ်ပါလားရှင်..။ လောကဓံရှစ်ပါးကို အောက်မှာ ဗဟုသုတ အနေနဲ့ ဖော်ပြအပ်ပါတယ်..။

၁။ ယသော = အခြွေအရံများခြင်း
၂။ အယသော = အခြွေအရံနည်းခြင်း
၃။ လာဘော = ပစ္စည်းဥစ္စာပေါများခြင်း
၎။ အလာဘော = ပစ္စည်းဥစ္စာနည်းပါးခြင်း
၅။ နိန္ဒာ = ချီးမြှောက်ခံရခြင်း
၆။ ပသံသ = ကဲ့ရဲ့ခံရခြင်း
၇။ သုခံ = ချမ်းသာခြင်း
၈။ ဒုက္ခံ = ဆင်းရဲခြင်း 

ခုတော့လည်း ကျွန်မတို့ရဲ့ အိမ်အသစ်ဖြစ်တဲ့ နေသားမကျသေးတဲ့ အိမ်၊ သစ်တောမြေ၊ လမ်းအမှတ် ရှစ်ဆယ်ကျော် မှာ နေသားတကျဖြစ်အောင်ကြိုးစားကြရဦးမှာပါပဲ… ဇူလိုင်လ ၄ ရက်နေ့ကစလို့ ရုံးမှာလည်း resume work as usual ဆိုတဲ့စာတမ်းလေးပြန်ထောင်ရင်းပေါ့….း)))))) သံသရာခရီးသည်တွေဆိုတော့ မပြတ်သေးသရွှေ့ဆက်ကြရဦးမှာပါ။


စာကြွင်း။ ။ ဒီပို့စ်ဖတ်ပြီးတဲ့အခါ အသက်ပြင်းပြင်းဝအောင်ရှူပြီး ဟန်ပါပါပြုံးလိုက်ရန် မမေ့ပါနှင့်..း))



*****ဒီပို့စ်ထဲမှာ လမ်းအမည်တွေ၊ ရပ်ကွက်အမည်တွေ၊ ဆိုင်အမည်တွေကို မြန်မာမှုပြုထားကြောင်းပါ..။ ကျွန်မက အဲဒီလိုတွေ မဟုတ်တရုပ် ဘာသာပြန်ရတာကို အင်မတန်ခုံမင်သူမို့ပါ..။ ကျွန်မစာရေးတဲ့အခါ အင်္ဂလိပ်လိုရေးရတာ နည်းနိုင်သမျှနည်းအောင် ရေးချင်တာရယ်လည်း ပါပါတယ်..အဲဒါကတော့ ကျွန်မရဲ့ အကြိုက်သက်သက်ပါ။ ဖတ်ရတာ ကသိကအောက်ဖြစ်သွားတယ်ဆိုရင် ခွင့်လွှတ်သည်းခံတော်မူကြဖို့ မေတ္တာရပ်ခံပါရစေရှင်…။ မြန်မာမှူပြုထားတဲ့ အမည်တွေရဲ့ ခက်ဆစ်အဓိပ္ပါယ်ကို သိချင်ရင်တော့ ကျွန်မဆီတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းး))) ဆွဲထားတဲ့ပုံ ကလည်းပို့စ်နဲ့ သိပ်မအပ်စပ်လှပေမယ့် ဆွဲပြီးသားမို့ သုံးလိုက်ပါတယ်..*****

မေတ္တာမွန် အနန္တဖြင့်…။
မိုးပန်းချီ


12 comments:

  1. တစ်ပို့စ်တည်းနဲ့ အင်ဖိုမေးရှင်းတွေ အများကြီးပဲ ဆိုတော့ သေချာ ဖတ်ပြီး အစ်မပန်းချီ ရေးထားသလို အသက်ပြင်းပြင်းရှုပြီး သက်ပြင်းချပြီး ပြုံးလိုက်ပါတယ်း)အစ်မ သမီးလေး သက်တမျှနဲ့ အတူတူ နေနိုင်ပြီ ဆိုတော့ ပျော်စရာကြီးနော်။

    ဇွန်လ ၂၈ ရက်နေ့ သက်တမျှလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့မှသည် ဖေဖေ၊ မေမေ မိသားစုနှင့် အမြဲ ပျော်ရွှင်နိုင်ပါစေ။ ပညာတတ်ကြီးလည်း ဖြစ်ပါစေရှင်။

    ရို့စ်လည်း အိမ်ပြောင်းထားတော့ အိမ်ပြောင်းရတဲ့ အခက်အခဲတွေ၊ ပင်ပန်းတာတွေကို ကိုယ်ချင်းစာပါ့း)

    ReplyDelete
  2. ဟီး.. ထင်ပါတယ်.. အလုပ်တော်တော်ရှုပ်နေတယ်လို့... :D

    ReplyDelete
  3. အသက်ပြင်းပြင်းရှူပြီး ပြုံးသွားပါသည်ညီမ..

    ReplyDelete
  4. ရို့စ်ရေ..
    ဟုတ်ပနော်..။ ဒီရက်တွေမှာ အဖြစ်အပျက်တွေများလွန်းလို့ အင်ဖိုတွေ ပြွတ်သိပ်ပြီးပေးမိသလိုတော့ဖြစ်နေပြီ..။ သေချာဖတ်ပေးသွားပြီး သက်တမျှအတွက်ပါ မွေးနေ့ဆုတောင်းလေးချန်ထားခဲ့လို့ ကျေးဇူးအများကြီးတင်မိပါတယ်…ပျော်တော့ပျော်ပါရဲ့…ပျော်မောကြီးပါလေး)) ရို့စ်ရဲ့အိမ်အသစ်မှာလည်း အစစအရာရာအဆင်ပြေပါစေရှင်..။

    သကြားလုံးလေး…
    အရှုပ်တော်ပုံက ခုထိရှင်းနေရတုန်း ညီမလေးရေ..း)

    မသဒ္ဓါ…
    စာလာဖတ်ပေးပြီး အပြုံးလေးနဲ့ပြန်သွားလို့ ဝမ်းသာရပါတယ်ရှင်..။

    ReplyDelete
  5. ရေးဟန်လေးက ချစ်စရာကောင်းလို့ ၂ ခေါက်တောင် ပြန်ဖတ်သွားတယ်... မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူးလို့ သီချင်းလေး ညည်းပြီး နေလိုက်ပါ...

    ခက်ဆစ်တွေ အားလုံးလည်း နားလည်ပါတယ်... သူမို့ ကြံကြံဖန်ဖန် တွေးတတ် ရေးတတ်လေတယ်လို့ သဘောကျနေတာ...း))

    ReplyDelete
  6. သက်တမျှလေးကို ဒီကိုလည်း နည်းနည်းပေးရှုမလားဟင်း)) တွန်းထုတ်တယ်ဆိုတော့ ချစ်လိုက်တာ။ စကြာဝဠာလုံးဆိုင်ရာ စတူဒီယိုကိုတော့ မရောက်ဖူးသေးလို့ သွားမယ် စိတ်ကူးထားပါတယ် (70 ကျော်ဆိုတော့ များလိုက်တာနော်)...း(

    အမောတွေအားလုံး မျှဝေခံစားသွားပါတယ်။ ဒီမှာလည်းမောဖို့ ပြင်နေရတယ် မမပန်းချီရယ်... ဘာပဲဖြစ်ဖြစ် ပြောင်းရွှေ့ခြင်းကိစ္စတစ်ခုပြီးသွားတာ ဝမ်းသာစရာကြီးပါနော်... အမောပြေလေးလည်း ရောက်နေပြီဆိုတော့ အပျော်တွေချည်းပဲ ဆက်တိုက်လာတော့မှာပါ...

    ချစ်တဲ့
    Annoying Person

    ReplyDelete
  7. မမသက်ဝေ..
    ၂ခေါက် ၂ခါ အရောက်လာ အားပေးသွားတဲ့အတွက် ကျေးဇူးအထူးနော်..။ ဟုတ်ကဲ့..မ..♫ မောတော့ မောတာပေါ့...ဒါပေမယ့်..အတော်မောတယ်♪း))) မမတို့တော်ပုံကတော့ ဒီကပေါက်တတ်ကရတွေထည့်ရေးတာတောင် နားလည်အောင်ဖတ်ပေးသွားတယ်..သိုင်းခရု၊လိုင်းမ်ဂျု့စ်းD


    ချစ်သူ..
    သက်တမျှကို ပေးရှူပါတယ်ကွယ်..သစ်တောမြေကိုသာလာလည်လှည့်..လိပ်စာပို့လိုက်မယ်နော်..း)) ဟုတ်တယ်..အိမ်ကလူကတော့ အဲဒီစတူဒီယို သွားပြီးကတည်းကဖျားချင်သလိုဖြစ်နေတားD
    အသိုက်ပြောင်းရတဲ့ အမောကတော့ တကယ့်ကို ရွှေရင်ဆို့ပဲ ညီမလေးရေ..♪အမေပြောတဲ့ အမောပြေဆိုတာ..ကောက်ညှင်းထုပ်လက်ကလေးပါ..♪း)))))

    ReplyDelete
  8. လောကီလူ့ဘုံဆိုတော့လည်း ကိစ္စများမြောင်ပေမပေါ့။ နေရာသစ်ပြောင်းရင်တော့ ဒီလိုပါပဲ အထိုင်ကျအောင် ပြင်ရဆင်ရနဲ့ မောရတာပါပဲ။ တပါတ်လောက်ကြာမှ အိမ်သစ်ကို ဇိမ်ခံနိင်မယ်ထင်ပါရဲ့။

    ReplyDelete
  9. အစ်ကိုမြစ်ကျိုးအင်း..
    အဟုတ်ပဲ အစ်ကို..။ အထိုင်ကျပြီး ဇိမ်ခံနိုင်ဖို့ အရှိန်ယူနေရသလိုပါ..း)

    ReplyDelete
  10. ဇွန်လ၄ရက်မဟုတ်ဘူး ဇူလိုင်..ဇူလိုင်..။ :D
    သက်တမျှနဲ့ တို့နဲ့ အသက်သိပ်မကွာဘူးရယ် တစ်ရက်တည်းနော် :D :D

    ReplyDelete
  11. အစ်မသု...
    မွှားတဲ့အခါလည်းမွှားပေမပေါ့..ဘွာတေးနော်..။ သေချာဖတ်ပြီးပြင်ပေးသွားလို့ ကျေးဂျူး..း))
    သက်တမျှနဲ့ အသက်မတိမ်းမယိမ်း တစ်ရက်တည်းကျတယ်ဆိုတော့ နောက်ဆို သက်တမျှနဲ့မွေးနေ့တူတူလုပ်မယ်နော်..းD

    ReplyDelete
  12. အစ်မရေ စာတွေ ဖတ်သွားပါတယ်။ စာအရေးအသား တော်
    တော်ကောင်းတယ်။ အားပေးနေမယ်။ မြစ်ဆုံ ကိုလည်း လာလည်ဖို. တစ်ခါတည်း ဖိတ်ပါရစေ။ ပျှော်ရွှင်ပါစေ။

    ReplyDelete

ရင်ထဲရှိတာပြော..း)