စကားလုံး (၁)
တုံ….တုံ…..တုံတုံးတုံ….တုံးတုံ…
ဟင်..ဘာသံကြီးပါလိမ့်။ ဖုန်း? ဖုန်းမြည်သံလား။ ဒါအိတ်ထဲကလာတဲ့ဖုန်းမြည်သံပဲ။ ဖုန်းက ဒီတစ်ခါလည်း အူကြောင်ကြောင်ဖြစ်ပြီး ဖုန်းမြည်သံပြောင်းနေပြန်ပြီ ထင်ပါရဲ့။ နေဦး..တံခါးပိတ်ပါရစေဦး။ ပြီးခဲ့တဲ့အပတ်ကမှ လဲတပ်ပေးထားတဲ့ fingerprint recognition system နဲ့တံခါးက ခတ္တာ အတွက်အဆင်တော့ပြေသားပဲ။ keyless lock မို့ အရင်တပ်ထားခဲ့ဖူးတဲ့ နံပါတ်တွေနှိပ်ပြီးမှ အိမ်ထဲကိုဝင်နိုင်တဲ့ တံခါးလိုတော့ ဒုက္ခမပေး။ မေ့တတ်လွန်းတဲ့ သူတွေအတွက်တော့ ဒီလိုတံခါးတွေဟာ အဆင်အပြေဆုံး။ ဒါပေမယ့် တံခါးဆိုရင်တော့ Lock တန်းလန်းလေးတွေနဲ့မှ ပိုပြီးကြည့်ကောင်းသလားလို့။ တံခါးပိတ်ပြီးအပြင်ထွက်တော့ ကောင်းကင်တစ်ပြင်လုံး ညိုမှိုင်းနေလိုက်တာ။ မိုးရွာတော့မယ်…။
ခုနကခေါ်နေတဲ့ဖုန်းကို ပြန်ခေါ်ရဦးမှာ..အမောင် ပဲနေမှာပေါ့။
“နင်ငါ့ကိုခေါ်ထားတယ် မဟုတ်လား”
“ပျံလွှား မှ လင်းယုန် ရထားဖြစ်လား၊ ဖြစ်ရင်အကြောင်းပြန်..ဒါပဲ။ ဟဲဟဲ….”
“ပေါက်ကရက စပြီ”
“ဘာလို့ဖုန်းမကိုင်တာလဲ..နေဦး ငါသိပြီ။ နင်တံခါးပိတ်နေတာ..ဟုတ်တယ် မဟုတ်လား”
“ဟဲဟဲ..ဟုတ်တယ်..အဲဒါကြောင့်နင်က ငါ့အချစ်ဆုံး သူငယ်ချင်းဖြစ်နေတာပေါ့ အမောင် ရဲ့။ ဟဲ့…..Happy Birthday နော်”
“နောက်ကျတဲ့သူဆိုတော့ ချွဲပြီ။ ငါ…နင့်အတွက် hot chocolate မှာထားနှင့်မယ်။ မိုးရွာတော့မယ်.. တက္ကဆီ ရပြီလား”
“အေး။ ….ဟင့်အင်း”
***
စကားလုံး (၂)
ကော်ဖီဆိုင်ထဲရောက်တော့ မိုးတွေသည်းကြီးမည်းကြီး ရွာနေပြီ။ တော်ပါသေးရဲ့ မိုးမမိလို့။ မိုးမိရင် အဖျားလွယ်လွန်းလို့။ သစ်ပင်အစိမ်းပုလေးနားက ထောင့်အကျဆုံးဝိုင်းမှာထိုင်နေတဲ့ အမောင် ကတော့ ပြုံးပြုံးကြီးစောင့်ကြိုနှင့်ပြီ။ စားပွဲဝိုင်းမှာ ဝင်ထိုင်တော့ အမောင် မှာထားတဲ့ ကော်ဖီ နဲ့ ချောကလက် နံ့ကသင်းသင်းမွှေးမွေးကလေးမို့ ရွာနေတဲ့မိုးနဲ့လိုက်ဖက်လို့ရယ်။
“နင်…ဒီဂါဝန်လေးနဲ့ လှတယ်”
“အမောင် ကတော့လုပ်ပြီ။ မချီးမွမ်းမဖူး”
“အမှန်ပြောတာ။ ကဲ..ပြော..ဘယ်ကို အရင်သွားမှာလဲ”
“ဟင်..နေပါဦး ငါတောင် hot chocolate မသောက်ရသေးဘူး။ ဘာလို့လောနေတာလဲ။ နင့်ကို မွေးနေ့လက်ဆောင်လိုက်ဝယ်ပေးမှာ စိတ်ချ”
“အာ..အတာ..နင်ကလဲ။ မဟုတ်ပါဘူး။ ကျွတ်…နင်ဟာလေ..ဘယ်တော့မှ ကဗျာမဆန်ဘူး။ မွေးနေ့လက်ဆောင်ဆိုတာ ကြိုဝယ်ထားပြီး surprise လုပ်ရတဲ့ဟာမျိုး။ နင့်ဆီက ဘာလက်ဆောင်မှ မလိုချင်ဘူး။ ငါကပေးချင်တာ…”
ပြောပြီးပြီးချင်းပြုံးနေတဲ့ အမောင့် မျက်နှာမှာ တစ်ခုခုကိုဖုံးကွယ်ထားသလိုပါပဲ။ ဒီကောင်ကလေးဟာ တစ်ခါတလေတော့လည်း ထူးဆန်းတယ်။ ပန်းခတ္တာ ကို သူများတွေခေါ်သလို ပန်း တို့၊ ခတ် တို့၊ အခတ် တို့၊ ခတ္တာ တို့၊ ပန်းခတ် တို့ လို့မခေါ်ပဲ အတာ လို့ခေါ်တာသာကြည့်တော့။ အဲဒိတော့ သူ့နာမည် လွမ်းဝေမောင် ကလည်း ခတ္တာ နဲ့ကျမှ အမောင် ဖြစ်သွားရော။ အရင်တုန်းကတော့ သူ့ကို အဝေ လို့ခေါ်တာ..နောက်တော့ သူငယ်ချင်းတွေလိုက်ခေါ်လွန်းလို့ပါဆိုတော့ အမောင် လို့ခေါ်ဖြစ်သွားတာပဲ။
“ဟွန့်..တစ်မျိုးပါလား။ မွေးနေ့ရှင်ကပြန်ပြီး လက်ဆောင်ပေးရတယ်လို့။ ကြားဖူးပေါင်”
“ခုကြားဖူးပြီမဟုတ်လား။ ဒါ..နင့်ကို ပထမဦးဆုံး ငါ့မွေးနေ့မှာ လက်ဆောင်ပေးတာနော်။ ဘယ်သူ့ကိုမှ မပေးဖူးဘူး”
“အမောင်…နင့်ဟာက အဆန်းတွေချည်းပဲ။ နင်ဒီနေ့ မရိုးသားဘူး”
အမောင် ခေါင်းနည်းနည်းငုံသွားတယ်။ နှုတ်ခမ်းထောင့်ကိုလည်း မသိမသာကိုက်ထားသလိုပဲ။ သူ့ရှေ့မှာထိုင်နေရတဲ့ ခတ္တာတောင် မဆီမဆိုင် ရှက်ချင်သလိုလို။ ပြီးတော့ ဘာမှမဖြစ်သလိုလိုနဲ့…
“အတာ..နင့်ကို ငါ အီးမေးလ်တစ်ခုပို့ထားတာ ဖတ်ပြီးပြီလား..”
“ဟင့်အင်း ဘာမေးလ်လဲ”
“သီချင်းတစ်ပုဒ်ပါ။ ငါ့သူငယ်ချင်းတစ်ယောက်ဆီက ရလို့ နင့်ဆီကို ဖော်ဝါ့ဒ် လုပ်ထားတာ။ ခု..ဖုန်းနဲ့ဖွင့်ကြည့်လိုက်လေ”
ကိုင်ထားတဲ့ ဖုန်းနဲ့ပဲ မေးလ်စစ်ကြည့်နေပေမယ့် ကံဆိုးချင်တော့ မေးလ်က lock ဖြစ်နေပြီး ဘယ်လိုမှဖွင့်လို့မရ။
“အမောင် လုပ်ပါဦး။ မေးလ် က လုံးဝပွင့်မလာဘူး။ ID နဲ့ password တစ်ခုခု မှားနေတယ်လို့ပဲ ပြောနေတယ်”
“ပေး ငါ့ကို”
အမောင် ဖုန်းကိုဆွဲယူလိုက်ပြီး ဟိုစစ်ဒီစစ် လုပ်၊ နောက်တော့ setting ထဲမှာ password ပြန်ရိုက်ပေးဖို့ ဖုန်းကိုပြန်ပေးတယ်။ password ရိုက်ထည့်တယ်။ မရဘူး။ ဒုတိယအကြိမ် ထပ်ရိုက်ပြန်တယ်။ မရပါဘူး။ စိတ်ထဲနည်းနည်း ကသိကအောက်ဖြစ်ချင်ပေမယ့် အမောင့် မွေးနေ့မို့ စိတ်ကိုမနည်းဆွဲဆန့်ထားရတော့တာပေါ့။
“ငါ..စိတ်မရှည်တော့ဘူးဟာ။ အဲဒါကြောင့် facebook ရော twitter ရော ဘာမှမသုံးတာ။ နေရာတကာ အဲဒိ password တွေပဲ ရိုက်ထည့်နေရတာ မုန်းလွန်းတယ်။ ဒီအီးမေးလ်တောင် ဖေဖေ နဲ့ အဆက်အသွယ်ရအောင် လုပ်ထားတာ။ နို့မို့လား…ဝေးသေး”
“အဲဒါကြောင့် နင့်အဖေက တံခါးတောင် keyless entry lock နဲ့ပြောင်းပေးထားတယ် မဟုတ်လား အတာရယ်။ စိတ်ကိုလျှော့။ ရော့…နင့် ဂျီမေးလ် က hijacked လုပ်ထားခံရလို့ google က lock လုပ်ထားတာ… password ပြန် reset လုပ်ပေးလိုက်..ရော့။ ငါဆို မေးလ်တွေကို password အတူတူဘယ်တော့မှ မထားဘူး”
အမောင် ဖုန်းကို ပြန်ပေးတဲ့အချိန် google ကပြောနေတဲ့ message ကိုဖတ်ရတာ စိတ်ထဲမသက်မသာရှိလိုက်တာ။ suspicious activity ကြောင့်ပိတ်ထားပါသတဲ့။ ကောင်းလေစွ လို့ရေရွတ်မိရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ။ reset ပြန်လုပ်လိုက်ရုံပေါ့။ အကုန်ပြီးသွားလို့ မေးလ်ဖွင့်ကြည့်လိုက်တော့ Delivery Status Notification (Faliure) ဆိုတဲ့မေးလ်တွေ အများကြီး။ စိတ်ပျက်လိုက်တာ။ သေဖို့ပဲကောင်းတယ်။ ကိုယ့်မေးလ်ကို hacked လုပ်ထားပြီး အလွဲသုံးစားလုပ်ထားခံရတာ။ ကိုယ့်မေးနဲ့ Bank တစ်ခုကိုတောင် မေးလ်ပို့ထားသေးတယ်။
“အတာ….ဟေ့..အတာ…ဘာတွေတွေးနေတာလဲ”
“ငါ password ပါတာတွေ ဘာမှမသုံးချင်တော့ဘူးဟာ တစ်ကယ်ပဲ။ စိတ်ရှုပ်စရာကောင်းတယ်။ နင်ကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဆိုတော့မေးလ်တွေ အများကြီး၊ social network တွေလည်း အပုံအပင်”
“ဘာမှတွေးမနေနဲ့တော့။ ကိစ္စအသေးလေးပါဟာ နင်ကလည်း စိတ်မညစ်နဲ့တော့..။ ပြော..ဘယ်သွားမလဲ။ ဘာစားမလဲ။ ဘယ်ကိုလိုက်ပို့ရမှာလဲ”
“xxxx mall ကိုလိုက်ပို့ပေး။ ပြီးရင် ဘုန်းကြီးကျောင်း သွားမယ်”
“OK! ဟိတ်..နေဦး..ငါပို့ထားတဲ့ သီချင်းကို နားထောင်ပြီးမှသွားလေ ဟဲဟဲ”
“တကတည်း….”
အမောင့်ကို စိတ်မဆိုးပေမယ့် မျက်စောင်းတော့ထိုးလိုက်သေးတယ်။ ဒီနေ့ သူဘာဖြစ်နေမှန်းကို မသိဘူး။ နားထဲကို နားကြပ်တပ်ပြီး မွေးနေ့ရှင် စိတ်ကျေနပ်အောင်တော့ နားထောင်ရတော့တာပဲလေ။
xxxx I remember so well, the day that you came… into my life.
You.. asked for my name..
You have the most….beautiful smile…..
Mylife….started to change. I wake up each day….feeling all right.
With you…right by my side makes me feel things will work out….just fine……….xxxx
ခတ္တာ မပြုံးပဲမနေနိုင်တော့ဘူး။ ဒီကောင်လေး လူလည်ကျလွန်းတယ်။ သူကတော့ ခေါင်းငုံပြီး သူ့ wallet ကို ဖွင့်လိုက်ပိတ်လိုက် ကစားနေလေရဲ့။
***
စကားလုံး (၃)
“အာ…ငါ အဲဒီအရောင်ကြီး မကြိုက်ပါဘူးဆို။ ပြန်ထားလိုက် မလိုချင်ဘူး”
“မရှည်နဲ့။ ငါဝယ်ပေးတာယူ။ မယူရင်နင်ငါ့ကို လာမခေါ်နဲ့တော့။ ငါ ငွေသွားရှင်းတော့မှာ ကောင်တာကိုလိုက်ခဲ့”
“ဟမ်…ကလေးကလားတွေပြောပြန်ပြီ…”
ယောက်ျားလေးတန်မဲ့ ဗေဒါရောင်နုနုလေးတွေ ကြိုက်တတ်တဲ့ သူ့အကြောင်းမသိတာလိုက်လို့။ ခတ္တာကို လက်ဆောင်ဝယ်မပေးစေချင်လို့ အတင်းငြင်းနေတာများ အသိသာကြီး။ ပြီတော့ ရှပ်အင်္ကျီဆို လက်တိုမှ ဝတ်တတ်သူ။
ငွေရှင်းခါနီးတောင် လက်ထဲကအင်္ကျီကို အတင်းဆွဲပြီးပြန်ထားမယ်လုပ်နေလို့ အရောင်းစာရေးမလေးက ရယ်ချင်ချင်ဖြစ်နေပြီ။ အရောင်းစာရေးမလေး လက်ထဲကို ငွေရှင်းမယ့် ဘဏ်ကဒ်ကိုတောင် မြန်မြန်ထည့်လိုက်ရတယ် လွမ်းဝေမောင် တို့ လုပ်ပုံ။
“Nets နဲ့ရှင်းမှာလား၊ Master နဲ့ရှင်းမှာလား?”
“Nets နဲ့ပါ။ ကျေးဇူးပြုပြီး...”
အရောင်းစာရေးမလေးက Nets နဲ့ရှင်းမှာလား၊ Master နဲ့ရှင်းမှာလားလို့ မေးတော့ Nets နဲ့ရှင်းပါမယ်လို့ပြောအပြီး
“ကျေးဇူးပြုပြီး Pin No. ရိုက်ထည့်လိုက်ပါ”
လမ်းသွားရင် လက်ထဲမှာ ပိုက်ဆံဆောင်မသွားတတ်တဲ့ ခတ္တာအတွက်တော့ တစ်ခုခုဝယ်ပြီးရင် အဲဒီလို ဘဏ်ကဒ်နဲ့ရှင်းပြီး Pin No. ပေးရတာလောက် စိတ်ညစ်တာမရှိ။ ဒါပေမယ့် တတ်နိုင်ပါဘူးလေ။ ပိုက်ဆံထည့်လာရင်လည်း ရေတွက်ရတာကို စိတ်မရှည်တာမျိုးက ပိုဆိုးတယ်။
အင်း…ခက်ပြန်ပါပြီ။ ဒီနေ့တစ်နေကုန် ဒီ နံပါတ်တွေ စာလုံးတွေနဲ့ပဲ လုံးထွေးနေရတော့တာ။ ပြီးရင်ဘဏ်အကောင့်တစ်ခု သွားထပ်ဖွင့်ရဦးမယ်။ ဖေဖေ မှာထားတာမို့ မလုပ်လို့မဖြစ်။ အကောင့်အသစ်ဖွင့်တဲ့အခါလည်း နောက် password တစ်ခုထပ်ပြီးပေးရဦးမယ်။ အဲဒီအသစ်ကိုလည်း မှတ်ထားရဦးမယ်။ အဲဒီနံပါတ်အသစ်ကို ခဏခဏမေ့နေဦးမှာလည်း ဗေဒင်တောင်မေးနေစရာမလို။ တစ်ကယ်ပဲ အဲဒီ စကားဝှက်တွေကို မုန်းပါတယ်။
Pin No. ရိုက်မထည့်ခင် အရောင်းစာရေးမလေးက…
“မေ့လို့ member လား” လို့မေးလာတယ်။
“အို..ဟုတ်ပါရဲ့။ ပြီးခဲ့တဲ့အပတ်ကမှ ဖေဖေ့အတွက် အနွေးထည်လာဝယ်တုန်းက member လုပ်ခဲ့တာ”
“ကောင်းပါပြီ။ ဒါဆို member card ပြပါ”
“အဲ..ပါမလာဘူးထင်တယ်။ ရှင်တို့ပြောတော့ ဖုန်းနံပါတ်ဖြစ်ဖြစ်၊ IC နံပါတ်ဖြစ်ဖြစ် (မှတ်ပုံတင် နံပါတ်)၊ ပြောရင်လည်း ရတယ်ဆို”
“သြော်..ဟုတ်ပါတယ်။ ဖုန်းနံပါတ်ပြောပါ”
“98xx xxxx…”
“…..မရှိဘူးရှင့်။ IC နံပါတ်ပြောကြည့်ပါဦး”
“S77xxxxxG, Germany စာလုံးပေါင်းနဲ့ G ပါ”
“…..ဒါလည်းမရှိပါဘူး”
“ဘယ်လိုဖြစ်ရတာလဲ။ အရင်အပတ်ကလေးတင်ကမှ register လုပ်ထားခဲ့တာပဲ”
“ဝမ်းနည်းပါတယ်ရှင်။ တစ်ခြားဝန်ထမ်း key entry လုပ်တုန်းက မှားတာများလား မသိပါဘူး။ နောက်တစ်ခါလာရင် ကဒ်ကိုမမေ့မလျော့လေး ယူခဲ့ပါရှင်”
ကိစ္စမရှိဘူး။ အသင်းဝင်အဖြစ် ခံစားခွင့်ရှိတဲ့ ၁၅ ရာခိုင်နှုန်းလျှော့ဈေးလောက်လေးနဲ့ တော့စိတ်အပင်ပန်းမခံချင်ပါဘူး။ လုံခြုံစိတ်ချရပါတယ်ဆိုတဲ့ စကားဝှက်တွေတောင် လုံမှမလုံခြုံပဲ။ ဒီမှတ်ပုံတင်နံပါတ်တွေ၊ ဖုန်းနံပါတ်တွေလည်း သိပ်တော့အသုံးဝင်မယ်မထင်ပါဘူး။ ဒီနေ့တစ်နေကုန် ဒီနံပါတ်တွေနဲ့ပဲ အချိန်ကုန်နေတော့မှာလားလို့ တွေးပြီး သက်ပြင်းမောတစ်ခုတောင် ချမိပါရဲ့။ နံပါတ်တွေ၊ စကားဝှက်တွေ မရှိရင်ကောင်းမှာ။
***
စကားလုံး (၄)
ဘုန်းကြီးကျောင်းရောက်တော့ လူတွေသိပ်ပြီးမစည်ကားသေးတာမို့ အေးအေးချမ်းချမ်း ဘုရားပရဝုဏ်ကို ပတ်ပြီး ပူဇော်ရတာ ကြည်နူးချမ်းမြေ့စရာ။ စံပယ်ပန်းအကုံးလိုက်ကလေးတွေ ကိုင်ပြီး ဘုရားဖူးနေကြတဲ့ သူတွေကိုကြည့်ပြီး စိတ်ထဲမှာချမ်းသာလိုက်တာ။ မွေးနေ့ရှင်လွမ်းဝေလည်း ခတ္တာကို တစ်နေကုန်အဖော်လုပ်ပေးနေရပေမယ့် အနည်းဆုံးတော့ စိတ်ချမ်းသာမှာပါပဲလို့ တွေးလိုက်မိတယ်။
“အတာ….”
“အေး..ပြော”
ဘုရားပန်း၊ ထီး၊ တံခွန်၊ ကုက္ကားအစုံနဲ့ ပန်းစည်းနှစ်စည်းကို လက်ကကိုင်မြှောက်ရင်း ဘုရားပန်းတူတူကပ်ရအောင်လို့ ပြောလာတယ်။ သူ့နားမှာ ကျုံ့ကျုံ့လေးဝင်ထိုင်ရင်း အတူတူဘုရားကန်တော့ ဆုတောင်းပြီးတဲ့အခါ ခတ္တာလက်ထဲက ပန်းစည်းကို သူ့ပန်းစည်းနဲ့ အတူတူပေါင်းပြီး ပန်းစည်းရှင်းနေတဲ့ ပန်းအိုးရဲ့ ညာဖက်ထောင့်နားမှာ စိုက်ထိုးပြီး ဘုရားပန်းကပ်လိုက်တယ်။ ဒီကောင်လေးဟာ ဒီလိုဆိုတော့လည်း ရိုးသားပုံပေါက်သားလို့ ဘာသာတွေးပြီး ပြုံးမိသွားမှာစိုးတာနဲ့ အကြည့်တွေကို အဝေးပို့လိုက်ရတာ လိပ်ပြာတောင်မလုံသလို။
“ဘာဆုတောင်းလဲ…အတာ”
“အယ်…ဒါက စီးကရက်တ် လေ”
“ဟင်..နင်ပဲ..လျှို့ဝှက်တာတွေ၊ စကားဝှက်တွေ မကြိုက်ဘူးဆို”
“လူလည်မကျနဲ့လေ..ငါက စကားဝှက်တွေကိုသာမကြိုက်တာ။ ခုဟာက ငါ့ဆုတောင်းလေ ဆိုင်မှမဆိုင်ပဲ”
ခတ္တာစကားကို ဘာတွေသဘောကျမှန်းမသိ တဟားဟားရယ်နေတော့တယ်။ ပြီးတော့ ခေါင်းလောင်းအတူသွားထိုးရအောင်လို့ ပြောလာပြန်တယ်။
ခေါင်းလောင်းထိုးနေတုန်း မဆီမဆိုင်…
“အတာ..သင်္ကြန်တောင်နီးနေပြီနော်။ နင်ဘာအစီအစဉ်ရှိလဲ”
“အမောင်..နင်ဟာလေ ငါ့ကို အခုမှသိတဲ့လူကျနေတာပဲ။ ဘာအစီအစဉ်မှမရှိဘူး”
“ငါသိတယ်။ အိမ်ထဲမှာကုပ်ပြီး နင့်အဖေပို့ပေးထားတဲ့ မရိုးနိုင်တဲ့ သင်္ကြန်မိုး ရုပ်ရှင်ကြီးပဲထိုင်ကြည့်နေမှာ မဟုတ်လား”
“ခတ္တာခေါင်းငုံပြီးသာ ပြုံးနေလိုက်တယ်” နေတောင်ဝင်တော့မယ်။
“နေပါဦး..ငါတစ်ခုမေးဦးမယ်။ မင်းကွန်းခေါင်းလောင်းရဲ့ အလေးချိန်ကို သိလား?”
“အောင်မာ..ငါ့ကိုစမ်းတယ်ပေါ့။ “မမင်းဖြူမှန်မှန်ပြော”…”
“ဟားဟား…မှားတယ် မင်းဖြူမှန်မှန်ပြော ပဲ။ ကြေးပိဿာချိန် ၅ ငါးလုံးပဲ။ ‘မ’ မပါဘူး”
“ငါပြောသားပဲ နံပါတ်တွေနဲ့ငါ အကျွမ်းဝင်ဖို့သိပ်ခဲယဉ်းပါတယ်လို့”
“နင်ကိုက အမှတ်သညာနည်းတာ”
“အဲဒါဘာဖြစ်လဲ။ ငါပြန်ချင်ပြီ”
“အဲ..အဲ..စိတ်ကောက်တော်မမူလိုက်နဲ့ဦး”
ပြောရင်းဆိုရင်း ခတ္တာကို လက်ညှိုးညွှန်လို့ အမောင် သီချင်းတစ်ပိုဒ်ကောက်ညည်းနေတော့တယ်။
“xxxx နှစ်ကိုယ်တူ ချစ်သမျှတွေ၊ အလိုတူ ရှစ်ဆကဲနေ…ကြည်သာပြုံးမမုန်းတမ်းစိတ်မှာလေ…ဒီပါလုံးတစ်မိုးအောက် တစ်ယောက်ထင်နေ…မောင့်အချစ်ပန်းတွေ မညှိုးနွမ်းပေ..တစ်မျိုးလန်းစေ… xxxxx”
“ဟဲ့..တော်…တော်…တော်….ဘုန်းကြီးကျောင်းဝင်းကြီးထဲမှာ။ လူတွေကြည့်ကုန်တော့မယ်.. နင်ဒီနေ့ တော်တော်အူမြူးနေတယ်။ မွေးနေ့ရှင်မို့လို့ ဘေးမဲ့ပေးထားတာနော်” မျက်စောင်းကောက်ချိတ်လိုက်တဲ့ ခတ္တာကို တဟားဟားရယ်ပြီး ကြည့်နေပုံကလည်း ထုနှက်ချင်စရာကောင်းလောက်အောင် အသည်းယားစရာ။
***
စကားလုံး (၅)
အချိန်တန်တော့လည်း အိမ်ပြန်ရတာပါပဲ။ နင် ဒီနေ့ပျော်တယ်လို့ ငါထင်ပါတယ် ဆိုပြီး လက်ပြနှုတ်ဆက်သွားတဲ့ အမောင့် မျက်နှာဟာလည်း အပျော်ဖုံးလို့ တပြုံးပြုံးနဲ့။ ခတ္တာ ဒီနေ့ တကယ်ပျော်ပါတယ်။ ဒိထက်ပျော်စရာတစ်ခုရှိသေးတယ်။ အဲဒါက အိမ်ထဲဝင်ဝင်ချင်း ခတ္တာကို ဆီးကြိုနေတဲ့ ခရမ်းနုရောင်ဖဲပြားချည်ထားတဲ့ လက်ဆောင်ထုပ်ခပ်ကြီးကြီးတစ်ခုပေါ့။ ဒါ..လွမ်းဝေမောင်ရဲ့လက်ချက်မှန်း အတတ်သိနေပေမယ့် အံ့တော့အံ့သြသွားတာ အမှန်ပဲ။ ဖဲပြားကိုဖြည်ပြီး ခပ်ဖြည်းဖြည်းလေး ဖွင့်နေတဲ့ ခတ္တာလက်တွေ နည်းနည်းတော့ တုန်နေတယ်။
အဖြူရောင်၊ ပန်းနုရောင် နဲ့ အနီရောင် ရောနှောထားတဲ့ အသည်းပုံမွေးပွ ဖက်ခေါင်းအုံးလေး။ အိုး…ဘေးနားမှာ ဇစ်ပ်လေးတစ်ခုပါသေးတယ်။ ဇစ်ပ်ကိုဆွဲဖွင့်ရင် ခလုတ်ကလေးတစ်ခု။ ခလုတ်ကလေးကို နှိပ်လိုက်ရင် အထဲကမီးလုံးကလေးတွေက လင်းတစ်လှည့်၊ မှိတ်တစ်လှည့်။ လှလိုက်တဲ့ အသည်းပုံဖက်ခေါင်းအုံးကလေး။ ဒီလက်ဆောင်ရဲ့ အဓိပ္ပါယ်ကို ဘယ်လိုမှ ဘာသာမပြန်ချင်ပါဘူး အမောင်ရယ်။ ဖက်ခေါင်းအုံးကလေးကို ရင်မှာပိုက်လို့ မျက်လုံးကလေးစုံမှိတ်ထားလိုက်တုန်း…
Ding.. ဆိုတဲ့ ဖုန်းမြည်သံကြောင့် ဖက်ထားတဲ့ခေါင်းအုံးကလေးတောင်လက်ကလွတ်ကျသွားတဲ့အထိ တထိတ်ထိတ်တုန်ပြီး လန့်သွားတယ်။ အမောင် ပဲနေမှာပါ။ ဖုန်းကိုကြည့်လိုက်မိတော့ စာတိုကလေး…
“Happy Birthday to me. လက်ဆောင်အသစ်ကို ကြိုက်မယ်လို့မျှော်လင့်ပါတယ် အတာ”
နင်ဟာလေ ငါ့အကြောင်းများ အူမချေးခါးသိနေရော့သလား…အမောင်ရယ်။ ကိုယ့်အတွေးနဲ့ကိုယ် လှစ်ကနဲပြုံးလိုက်ရင်း သူ့ဆီကို စာတိုကလေး အမြန်ပြန်လိုက်တယ်။
“ဒီလိုပါပဲ…လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်” ခတ္တာပျော်နေတာကို အမောင့်ကိုဘာလို့ပေးမသိချင်ရပါလိမ့်။
“ILU… အတာ”
“ဘာလဲ…နင်ငါ့ကို စကားထာဝှက်ပြန်ပြီလား။ ဘာတုန်း အိုင်လူ ဆိုတာ..”
“သေပါပြီဟာ…နင်စကားဝှက်တွေကို မုန်းတယ်ဆိုတာ ငါ အကြွင်းမဲ့ယုံသွားပြီ အတာ”
ခတ္တာဘာပြန်ဖြေရမှန်းမသိအောင် ဖြစ်သွားတာမို့ ခဏတော့ ငြိမ်သက်လို့နေကြပြန်တယ်။ မကြာလိုက်ပါဘူး..
Ding ကနဲအသံကြောင့် ကမန်းကတန်းဖွင့်ဖတ်မိပြန်တော့….
ဟင်..ဘာမှလည်းရေးမထားဘူး…။ dot (အစက်ကလေး) ကလေးတွေ။
“……..”
ဘာမှန်းလည်းမသိပေမယ့် သိတော့သိသလိုပါပဲ။ မထူးဆန်းဘူးလား အမောင်။ ဒီညနင်ပို့တဲ့ စာတိုကလေးတွေတိုင်းက ငါ့ကိုပြုံးစေတယ်ဆိုတာ…။ အမောင်ရဲ့ အစက်ကလေးတွေပဲပါတဲ့ စာကြောင်းကိုပဲ ပြန်ကူးပြီး ပို့ပေးလိုက်တယ်။
“……..”
“း) နင့်ကို မနက်ဖြန်ကျရင် ဖုန်းဆက်လိုက်မယ်။ ခုညတော့ ဂွတ်နိုက်တ် အတာ။ အိပ်မက်လှလှမက်ပါစေ”
“ထပ်တူဖြစ်ပါစေ အမောင်”
နင်ဘာကိုဆိုလိုချင်သလဲဆိုတာ ငါသိပါတယ်အမောင်ရယ်။ ချစ်ခြင်းတူညီကြတဲ့ နှစ်လုံးသားတစ်စုံမှာ စကားဝှက်မပြောနဲ့ စကားလုံးတွေတောင် မလိုပါဘူးလေ။ ခေါင်းအုံးကလေးကိုဖက်ရင်း ပြတင်းရဲ့ အပြင်ဖက်ကိုငေးပြီး ကောင်းကင်ပြင်ကြီးကို ငေးကြည့်မိတော့ လမင်းတောင် တိမ်တွေကြားထဲ တစ်ဖြည်းဖြည်းပုန်းကွယ်တော့မှာ။
***
***
ကျွန်မရဲ့ personal mail hijacked လုပ်ခံရလို့ ဖြစ်တည်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ နည်းနည်းတော့ တစ်မျိုးဖြစ်နေတယ်လို့ ဝန်ခံပါတယ်းD တစ်ချို့အင်္ဂလိပ်စာလုံးတွေကို ဘာသာပြန်လိုက်ရင် ရယ်စရာ ဖြစ်သွားမှာစိုးလို့ ဒီအတိုင်းပဲထားလိုက်ပါတယ်။ (တကယ်က ဘာသာပြန်ညံ့တား)) ဘာပဲဖြစ်ဖြစ် စိတ်အပန်းတော် ပြေကြစေဖို့ရယ်ပါး) ပျော်ရွှင်ကြပါစေရှင်။
မေတ္တာအားဖြင့်
မိုးပန်းချီ
စကားလုံးမရှိတဲ့ကောင်းကင်ထဲက စာသားအတိုင်းပဲပေါ့
ReplyDelete“မျက်ဝန်းများနဲ့ ပြောပါ”
ကိုမြစ်ပြောလိုက်ရင် ဒဲ့တွေချည်းးD
Delete"ဒါ..အလှဆုံးစကားထက် ပိုပြီးလှနေမယ်" (သီချင်းဆက်ဆိုတား))
ဒီလို ချစ်စရာဝတ္ထုလေးလည်း ရေးတတ်တာဘဲနော်
ReplyDeleteဖတ်ရင်းနဲ့ ကြည်နူးသွားရတယ်။
ပြီးတော့ ပြုံးလိုက်မိတယ်။
ဖတ်လို့ကောင်းပြီး ချစ်စရာကောင်းလို့လေ..
အစ်မချောရေ..ဖတ်လို့ကောင်းတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်း)) ကိုယ့်ဘာသာရေးပြီး တစ်မျိုးဖြစ်နေတာ...
DeleteDing
ReplyDeleteDing
Ding
.......
ချစ်စရာကောင်းလိုက်တဲ့ဝတ္ထုလေး၊
သိပ်ရေးတတ်တာပဲ
တကယ်လား..မမဖြိုးးD ကျေးဇူးတင်ပါတယ် မး)
Deleteမနက်ဖြန် မက်စေ့ဂ်ျ အတာပြန်ပို့လိုက်သည်မှာ
ReplyDeleteDing ..
ILU too :)
ဖတ်လို့ သိပ်ကောင်းတယ် မပန်းချီရေ..
ReplyDeleteဒီလိုနဲ့ သူတို့ နှစ်ယောက် ကြိုက်သွားကြလေသတည်းပေါ့ ဟုတ်လားအစ်မ... ဝတ္ထုလေးက နောက်ဆုံးထိ စကားထာ ဝှက်ထားချင်နေသေးတယ်...
ReplyDeleteချစ်စရာ သူငယ်ချင်းနှစ်ယောက်ရဲ့ သူငယ်ချင်းတဖြစ်လဲမယ့်၊ စကားဝှက်တွေ ရောပြွန်းနေတဲ့ မွေးနေ့ရက်ကို ဖြတ်သန်းလိုက်ပါရင်း ပျော်ရွှင် ကြည်နူးမိရတယ် ပန်းချီရေ...။
ReplyDeleteဖတ်ရတာကြည်နူးစရာလေး ရေးတတ်လိုက်တာ မိုးပန်းချီတို့ကတော့....။ ဒါနဲ့လက်ဆောင်လေးသိပ်လှတာပဲ...။
ReplyDeleteညီမလေးမြတ်ကြည်၊ ညီမလေးစန်းထွန်း၊ ရဲရဲ၊ မမမြသွေး၊ မမိုး လာဖတ်အားပေးသွားတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင် :)
ReplyDeletep.s လက်ဆောင်လေးလှတယ်နော် မမိုး :D :D :D
Post လေးက ရင်ထဲကို အရမ်းသိမ်မွေ့တဲ့ ခံစားချက်လေး ပေးတယ်။ အရေးသားကောင်းလွန်းတော့ Password တွေမှတ်မထားတတ်တဲ့ ကောင်မလေးကခေါင်းကို ထုချင်နေမိတယ်ဗျာ။
ReplyDelete8Yar ရေ.. ကောမန့်ဖတ်ပြီး ရယ်လိုက်ရတာ။ အဲဒါဆိုရင်တော့ ကျွန်မပါခေါင်းအထုခံရတော့မှာပဲ password တွေကိုမေ့တတ်လွန်းလို့း))
Deleteဖတ်လို့အလွန်ကောင်းပါ၏.....ကြိုက်၏
ReplyDeleteဗိုလ်အောင်ဒင့်လက်သံကတော့နူးညံ့ပြောင်မြောက်ချက်..ပုံလေးကလဲမိုက်တယ်ကွ
ReplyDeleteဒါနဲ့နေပါဦး အဟက်ခံရတော့ခုပြန်ရပြီလား
မမြ၀င်းကတော့ဟက်တဲ့သူတွေကို ပြန်သာဟပ်လိုက်ချင်တော့တာဘဲ
သွားကိုယားနေတာ ဟဲဟဲ
ချစ်တဲ့
မမြဒမ်
Khine Zar..စာလာဖတ်အားပေးသွားလို့ ကျေးဇူးတင်ပါတယ်ရှင်း)
ReplyDeleteမမြဒမ်..မပြုံးပဲဝါးလုံးကွဲသာရယ်ချင်တော့တယ်။ ဒီမှာတော့ သွားမစုံသေးလို့ ပြန်မဟပ်လိုက်ရ :D ခုတော့အဆင်ပြေသွားပါပြီ ဒမ်ရယ်။ စကားဝှက်ခက်ခက်ခဲခဲကြီးတစ်ခု ပေးထားလိုက်တယ်။ ဘယ်တတ်နိုင်မလဲ ကိုယ့်ဒုက္ခနဲ့ကိုယ်း|
ချစ်သော ဒင်း))
သွားမစုံသေးလို့ ပြန်မဟပ်လိုက်ရ :D <<< :P :P :P
DeleteးDးDးD
Deleteသူငယ်ချင်းနှစ်ယောက်ရဲ့ကြည်နူးဖွယ်ရာ အပြောအဆိုအပြုအမူနဲ့လှုပ်ရှားပုံလေးတွေကို
ReplyDeleteဖတ်ရင်းနဲ့မြင်သွားတယ် မိုးရေ။ အထူးသဖြင့် ဖဘမှာပတ်စ်ဝပ်မကြာခန ချိန်းရတဲ့ဒုက္ခက
လွတ်အောင်တီတင့်တော့ မေးလ် ဖဘ ဘလော့အားလုံးကို အော်တိုပေးထားလိုက်တယ်း))
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ပါစေ။
မေတ္တာဖြင့်
အန်တီတင့်
စာလာဖတ်အားပေးသွားတာ ကျေးဇူးတင်ပါတယ် တီတင့်း) တီတင့်အဲလိုလုပ်ထားလိုက်တော့လည်း အေးတာပဲနော်။ တီတင့်လည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေရှင်။
Deleteအမောင် ဆိုပါလားကွယ်..လွမ်းသွားတယ် ရွှတ်ဖတ်...။
ReplyDeleteနေကောင်းလား ညီမ။ မတွေ့တာ ကြာပြီ။
ချစ်မ....သူ..သိသွားပြီး)))) ရွှတ်ဖတ်ဆိုတာ ရယ်တာဖြစ်ရမယ်းD နေကောင်းပါရဲ့ မရယ် စိတ်မကောင်းတာ..ရူးခါနီးပြီထင်ပါ့ စာတောင်မရေးနိုင်တာသာကြည့်တော့။ အိမ်ကိစ္စရှုပ်နေလို့။ မက်ရည်တောင် ခမ်းတော့မယ်း( မ လည်းနေကောင်း ကျန်းမာမယ်လို့ မျှော်လင့်ပါတယ်..
Deleteကြည်နူးစရာ တသိမ့်သိမ့် အတွေးလေးတွေ...နဲ့...:)
ReplyDelete