Saturday, January 7, 2012

ဂျင်းပင်န်နက်ပြာ...

ပြန်ပြောပြရရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါပေမယ့်လည်းမရှက်နိုင်ပါဘူး…။ ဘာကြောင့်လည်းဆိုတော့ တန်ဖိုးတစ်ခုသတ်မှတ်ခံထားရတဲ့ သက်မဲ့အရာလေးတစ်ခုကပေးတဲ့ အသိ (သို့မဟုတ်) သင်ခန်းစာ…တစ်ခုကို ကောင်းကောင်းကြီးရခဲ့လို့ပါ။

အဲဒိအချိန်တုန်းက……
နက်ပြာရောင်လွင်လွင်ကလေး၊ ပုံပန်းဂိုက်ဆိုက်ကလည်း ကျကျနန လှမှလှမို့လို့ ကိုယ့်မျက်စေ့အကြည်ဓါတ်ကလေးနဲ့ အဲဒိအရောင်ရုပ်ကလေးတိုက်လိုက်တဲ့ခဏ ကြိုက်မိ၊ စွဲမိတဲ့စိတ်ကလေးတစ်ခုရယ်ကြောင့် ခဏကိုင်ကြည့် တို့ကြည့်မိတယ်..။ နူးညံ့တဲ့အထိအတွေ့ကြောင့် ကိုင်ကြည့်မိတာနဲ့အားမရပြန်ဘူး…။ ကိုယ်ပေါ်အရောက်ဆင်ယင်ကြည့်တော့ ကိုယ်နဲ့ကလည်း အံဝင်ခွင်ကျ၊ ခါးကျဉ်ကျဉ်မှာ လှလှကလေးတင်လို့နေတယ် (အိမ်ကလူနဲ့အကြောင်းမပါခင် ကျောင်းသူဘဝ ဆိုတော့ ပိန်ပိန်သေးသေးရှိနေပါသေးတယ်း)) ။ ကိုယ်လုံးပေါ်မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ကိုကိုယ် ဘဝင်ခိုက်ပြီး ပြုံးလို့ကြည့်နေလိုက်တာ…ဘေးကအရောင်းစာရေးမလေးက တကယ်လှတယ်၊ ညီမ ခန္ဓာကိုယ်လေးနဲ့ သိပ်လိုက်ဖက်တာပဲလို့ တွန်းအားပေးလိုက်ပြန်ရော သဘော မနောတွေခွေ့ပြီး “အင်း…ဝယ်တော့ဝယ်မယ်…ဒါပေမယ့် ခုမဟုတ်သေးဘူး”။ ခုနကမြှောက်ပြောလိုက်တဲ့ အရောင်းစာရေးမလေးက ပြုံးရာကနေ ခပ်တည်တည်ဖြစ်သွားတယ်…။ လျှော့ဈေးက ဒီလကုန်တဲ့အထိပဲနော်လို့ ကျွန်မကို သတိပေးလိုက်သေးတယ်။ 

ခေါင်းအသာအယာငြိမ့်ပြီး ခုနကဝတ်ကြည့်မိတဲ့ ဂျင်းဘောင်းဘီ ပြာလွင်လွင်ကလေးကို အရောင်းစာရေးမဆီပြန်အပ်ခဲ့ပြီး အိမ်ပြန်ခဲ့ပါတယ်။ အဲဒိအချိန်တုန်းက ကျွန်မက ဒီခြင်္သေ့ကျွန်းမှာ ကျောင်းတက်နေဆဲ ကျောင်းသူဘဝဆိုတော့ အဲလို ဈေးကြီးပေးရတဲ့ Levis  ဂျင်းဘောင်းဘီကို ကိုင်ကြည့်၊ စမ်းဝတ်ကြည့်ရုံကလွဲလို့ သဘောကျတဲ့စိတ်ကို အင်မတန်မြိုသိပ်ပြီး အိမ်ပြန်ခဲ့ရတဲ့ ခံစားချက်က အတော်လေး ကသိကအောက်နိုင်လှတယ်။ သူ့ဘာသာ လျှော့ဈေးက ဒီလကုန်မကလို့ နောက်နှစ်အထိရှိရှိ ကျွန်မလက်ထဲမှာ လောလောဆယ်ဆုပ်ကိုင်ထားမိသလောက်က 20 SGD ထက်မပိုပါဘူး။ ဘောင်းဘီရဲ့ ခြေတစ်ဖက်တောင် မဝယ်နိုင်တဲ့ကိန်းဂဏန်းပါ။ သူ့ဈေးက 149 SGD ဆိုတော့ ခေါင်းနည်းနည်းကိုက်ချင်သလိုလိုတောင်ဖြစ်ခဲ့တယ်။ 

ဘာပဲဖြစ်ဖြစ် ပိုက်ဆံလေးစုပြီး ဝယ်ဖြစ်အောင်ဝယ်ဖို့ ဆုံးဖြတ်ချက်ကတော့ကျပြီးသားပါ။ ကျွန်မက အချိန်ပိုင်းအလုပ်ကလေးလုပ်နေတာဆိုတော့ အနည်းဆုံးတော့ ၂ လလောက်စုဖြစ်တယ်ဆိုရင် ကြိုက်မိတဲ့ ဘောင်းဘီကလေးကို ကျွန်မဝယ်နိုင်ပြီလို့ စိတ်ကူးရင်းပေါ့။ ၂လအတွင်းရမယ့်လခကိုလည်းစိတ်ကူးထဲမှာ တွက်ချက်နေခဲ့သေးတယ်။ တစ်ဝက်ကကျွန်မကျောင်းမုန့်ဖိုး ဘာညာသာရကာ၊ ကျန်တစ်ဝက်ထဲကမှ အိမ်အတွက်လက်ဆောင်ပစ္စည်းဘာညာအတွက်ပါ…။ နှစ်ကုန်ခါနီးဆိုတော့ ရန်ကုန်ပြန်တဲ့အခါ ရွာပြန်လက်ဆောင်လေးတွေကလည်း ပေးချင်တာကပါသေးတယ်ဆိုတော့…။ အားလုံးတွက်ချက်ပြီး လစာထဲကနည်းနည်းကျန်တာကို စုမယ်ဆိုရင် နှစ်လ၊ သုံးလအတွင်းတော့ ကျွန်မလိုချင်တာလေး ဝယ်နိုင်ပြီဆိုတဲ့ စိတ်ကူးကလေးနဲ့ ပျော်နေမိခဲ့တယ်။


တစ်ကယ်တမ်းကျတော့ အချိန်ပိုင်းလုပ်တဲ့ လစာလေးနှစ်ပဲခြောက်ပြားထဲကမှ စုရတာဆိုတော့ လေးလလောက်စုပြီးမှ ဝယ်နိုင်ခဲ့ပါတယ်။ ကျွန်မကံကောင်းတယ်လို့ ဆိုရမလားပဲ။ သွားဝယ်တဲ့အချိန်မှာ အရင်တစ်ခါဆုံခဲ့ရတဲ့ အရောင်းစာရေးမလေးနဲ့ပဲ တိုးပါတယ်။ သူမက ကျွန်မကိုမမှတ်မိပေမယ့် အတိတ်ကိုပြန်ဖော်ပြီး ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်တော့ အားရပါးရရယ်ပါတယ်။ ဒီကောင်မလေး ခုမှပဲလာဝယ်နိုင်တော့တယ် ဆိုတဲ့သဘောလားတော့မသိပါ။ ဂျင်းဘောင်းဘီဈေးကလည်း လျှော့ဈေးနဲ့ရလာခဲ့တယ်။ SGD 99.90 နဲ့ဆိုတော့ အပျော်ပေါ်အပျော်ထပ်ဆင့်လို့ ပြုံးပြုံးကြီးပြန်လာ၊ အသစ်ဆိုရင် လျှော်ပြီးမှဝတ်တတ်တဲ့ ကျွန်မအဖို့ အရင်ဆုံးလက်နဲ့အသေအချာလျှော်ပြီးလှန်း၊ မီးပူလေးကျွတ်ကျွတ်ထိုးထားပြီး အမွှေးအိတ်ကလေးထည့်လို့ သိမ်းထုပ်သေချာလေး လုပ်ထားလိုက်တယ်။ နောက်တစ်ပတ် သူငယ်ချင်းတွေနဲ့သွားစရာတစ်ခုရှိလို့ ချိန်းထားပြီးသားဆိုတော့ အသစ်ဝတ်စရာရှိနေတဲ့ ကျွန်မကတော့ ဟန်တပြင်ပြင်နဲ့ရှိနေခဲ့ပါတယ်။
xxxxxxxx

စနေနေ့ မနက်ခင်းတစ်ခုကတော့ ကျွန်မအတွက် အားလုံးကွက်တိပါပဲ။ ရာသီဥတုကသာသာယာယာ၊ ညကအိပ်ရေးဝဝ အိပ်လိုက်ရလို့ စိတ်နှလုံးကလည်း ကြည်လင်ရွှင်ပ၊ ရေမိုးချိုး ဖြီးလိမ်းပြင်ဆင်ပြီး အဝတ်အစားလဲပြီးတော့လည်း ကိုယ့်စိတ်တိုင်းတကျဝယ်ထားတဲ့ ဂျင်းဘောင်းဘီကလေးနဲ့ဆိုတော့ ချပ်ရပ်လို့ ပေါ့ပါးသွက်လက်နေတဲ့ ကျွန်မက ချိန်းဆိုထားတဲ့ သူငယ်ချင်းများနဲ့ တွေ့ဖို့ရာ အိမ်ကထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ ကျွန်မဝတ်ထားတဲ့ဂျင်းဘောင်းဘီကို သတိပြုမိပြီး ချီးမွမ်းထောပနာပြုတော့လည်း အကျေနပ်ကြီးကျေနပ်လို့ပါ…။ အပြင်ကနေပြန်ရောက်တဲ့အခါမှာတောင် မှန်ထဲကိုတစ်ချက်တော့ ပြန်ကြည့်လိုက်သေးတယ်..ဒီလောက်တောင် အူမြူးနေတဲ့ ကိုယ့်ကိုကိုယ် ဖြစ်ရလေဆိုပြီး မှတ်ချက်တောင်ချမိလိုက်သေးတာပါ။ အဝတ်အစားလဲပြီးတာနဲ့ အင်မတိအင်မတန် အကဲပိုလွန်းတဲ့ကျွန်မက အပြန်မှာ မိုးနည်းနည်းစိုလို့ ဘောင်းဘီအစွန်းလေးတွေကွက်နေတာကို လျှော်ဖြစ်အောင်လျှော်ပြီး အိမ်ထဲမှာပဲလှန်းထားလိုက်ပါတယ်။ နောက်တော့ မိုးနည်းနည်းသည်းနေတာနဲ့ အိမ်ထဲမှာလှန်းရင် အနံ့နံမှာစိုးလို့ အပြင်မှာထုတ်လှန်းချင်လှန်းပါလားလို့ အိမ်ကအန်တီကြီးက အကြံပေးပါတယ်။  စိတ်ကချီတုံချတုံဖြစ်နေတုန်း…
“အစ်မတို့ ဒီမှာနေတာနှစ်ပေါက်နေပြီ ဘာအဝတ်မှ မပျောက်ဖူးဘူး..စိတ်သာချ…” လို့ အန်တီကြီးကပြောလာတာနဲ့ ပေါ့ပေါ့ပါးပါးပဲ အပြင်ကတန်းမှာ သူ့ဂျင်းဘောင်းဘီတွေနဲ့အတူ လှန်းထားလိုက်တော့တယ်။ ညအိပ်ယာဝင်တာတောင် ဘောင်းဘီပျောက်မှာ စိတ်ပူလိုက်ရသေးတယ်။ ဒါပေမယ့် တနင်္ဂနွေ မနက်ခင်းဟာ ကျွန်မထင်ထားတာထက်ပိုပြီး ကျွန်မဘက်မှာရှိနေခဲ့ပါတယ်။ နိုးနိုးချင်း စောင်မခေါက်အားသေးပဲ ရှုပ်ပွနေတဲ့ဆံပင်ကို အသာအယာသပ်ပြီး အပြင်ဘက်ကို မပြေးရုံတမယ်ပြေးကြည့်တော့ ညကဘောင်းဘီလှန်းထားတဲ့ နေရာလေးမှာ ကျွန်မရဲ့ဂျင်းဘောင်းဘီလေး အသာအယာလဲလျောင်းနေရက်သားလေးတွေ့ရလို့ အတော်သည်းတဲ့ ကိုယ့်အဖြစ်ကိုပြုံးမိပါသေးတယ်။ ဘောင်းဘီခြောက်မခြောက်စမ်းကြည့်တော့ နည်းနည်းစိုထိုင်းထိုင်းရှိနေသေးတာနဲ့ မနက်စာစားဖို့ အောက်ထပ်မှာ မုန့်ဆင်းဝယ်ပါတယ်။ 

မကြာလိုက်ပါဘူး..။ အောက်ဆင်းချိန်က ဆယ့်ငါးမိနစ် မှ တကယ့်ကို ဘုရားစူး ဆယ့်ငါးမိနစ်လောက်သာပါ။ ပြန်တက်လာတဲ့အခါ ကံကြမ္မာက ကျွန်မကိုကျီစယ်နေပါပြီ။ ကျွန်မဘောင်းဘီ လှန်းထားတဲ့နေရာမှာ မရှိတော့ပါဘူး။ အိမ်ထဲကို အပြေးတစ်ပိုင်းပြန်ဝင်၊ ဝယ်လာတဲ့မုန့်ထုပ်ကိုပြစ်ချ၊ အန်တီကြီးအိမ်က အိမ်အကူကောင်မလေးကို မျက်နှာငယ်လေးနဲ့ မေးတော့ သူမလေးကလည်း ကျမမရုတ်မိဘူး အစ်မတဲ့…။ ဒါနဲ့ အိမ်အပြင်ပြန်ထွက်၊ စီရရီ ကျန်ရှိနေသေးတဲ့ အန်တီကြီးရဲ့ဘောင်းဘီတွေကို ကျွန်မခန္ဓာကိုယ်ထက် ဆိုက်ကြီးမှန်းသိနေပေမယ့်လည်း ခါးနံပါတ်ကိုတစ်လှည့်၊ ပြောင်းပြန်လှန်းထားတဲ့ဘောင်းဘီ အတွင်းသားကိုတစ်လှည့် ပျာယာခတ်နေအောင် ကြည့်ရင်း ကျွန်မခေါင်းမှာ ဇောချွေးနည်းနည်းပြန်နေပါပြီ။ ဒါနဲ့လည်း မယုံနိုင်သေးပါဘူး။ အိမ်ထဲကိုပြန်ဝင်၊ ဘီဒိုကိုဖွင့်၊ ထပ်ထားတဲ့ဘောင်းဘီတွေကို လှန်လှောရင်း သိပ်မေ့တတ်တဲ့ ကိုယ့်ကိုကိုယ်မယုံတဲ့အနေနဲ့ ရုတ်ထားပြီးများ ထည့်မိသလားရယ်လို့ စစ်ကြည့်နေသေးတယ်။

ခဏကြာတော့ ခုတင်ပေါ်အရုပ်ကြိုးပြတ်ထိုင်ချပြီး ကျောက်ရုပ်တစ်ရုပ်လို အတန်ကြာထိုင်ငိုင်နေတယ်။ လူကသာငိုင်နေတာ အတွေးတွေကတော့ အပြေးအလွှားသူ့ထက်ငါ နေရာယူလွန်းလို့ ခေါင်းတွေတောင် နောက်ကျိနေခဲ့ပါပြီ။ ကျွန်မ မနက်စာမစားနိုင်ခဲ့ပါဘူး။ နေ့လည်စာလည်း စားမကောင်းသလို၊ ညစာလည်း စားချင်စိတ်မရှိလို့ စားမဝင်ပြန်ပါဘူး။ အိမ်ကအန်တီကြီးကို ပြောပြတော့ ဖြစ်မှဖြစ်ရလေတယ်ဆိုတာကလွဲလို့ ဘာမှထပ်မပြောနိုင်ပါဘူး။ သူမကိုယ်တိုင်က အာမခံပြီးလှန်းထားခိုင်းခဲ့တာကိုး။ ကျွန်မအန်တီကြီးကို အပြစ်မတင်မိခဲ့ပါဘူး။ ဂျင်းဘောင်းဘီကို ယူသွားတဲ့လူကိုသာ ဒေါသတွေ အလိပ်လိုက် ထွက်ချင်တိုင်းထွက်နေတော့တယ်။ ယူစရာရှားလို့ ငါ့ဥစ္စာ အသစ်စက်စက်ကလေးမှ ယူရသလား၊ levis ကိုမှရွေးရသလား၊ အန်တီကြီးဂျင်းဘောင်းဘီက မပျောက်ပဲ ကိုယ့်ဘောင်းဘီမှ ရွေးပျောက်ရသလားရယ်လို့ မေးခွန်းပေါင်းများစွာနဲ့ ကျွန်မဟာ ညအိပ်ယာဝင်တော့လည်း အိပ်မပျော်ခဲ့ပါဘူး။ နောက်တစ်နေ့မနက်လင်းတော့ ကျွန်မကျောင်းပျက်ပါတယ်။ ညကမအိပ်နိုင်တာကတစ်ကြောင်း၊ ကျွန်မရဲ့ဂျင်းဘောင်းဘီလှလှ ပျောက်ခြင်းမလှပျောက်သွားရတာတစ်ကြောင်းကြောင့် ရှုပ်ထွေးနောက်ကျိနေတဲ့ စိတ်ကြီးနဲ့ တနင်္လာနေ့မနက်မှာ ဘယ်လိုမှ ကျောင်းမသွားနိုင်ခဲ့တော့ပါဘူး။ သေချာတာတစ်ခုကတော့ ကျွန်မရဲ့ ဘောင်းဘီလေး လူခိုးခံရတယ်ဆိုတာကို မနက်မိုးလင်းမှ စိတ်တုံးတုံးချပြီး ယုံကြည်သွားခဲ့တာပါပဲ..။

ကျွန်မတို့ငယ်တုန်းကဆို အူမြူးပြီးတာနဲ့ အသက်အောင့်ပြီးခုနစ်ချက်ရိုက်ရင် ငိုစရာနဲ့မကြုံရတော့ဘူးလို့ ကလေးအတွေးနဲ့ ယုံကြည်ကြတဲ့အတိုင်း ကိုယ့်ကိုကိုယ် ခုနစ်ချက်ရိုက်လိုက်ဖို့ မေ့သွားခဲ့လို့ထင်ပါရဲ့လို့တောင် ရူးရူးနှမ်းနှမ်း ပူဆွေးနေခဲ့သေးတယ်…။ ဒီလိုနဲ့ ဂျင်းဘောင်းဘီပျောက်ဇာတ်လမ်းထဲမှာ တစ်ဝဲဝဲလည်နေပြီး ရက်သတ္တပတ် တစ်ပတ်မက စိတ်မကောင်းဖြစ်လိုက်၊ မေ့မေ့ပျောက်ပျောက်ဖြစ်လိုက်နဲ့ ဝမ်းနည်းတာဟာ အရှင်းကြီးပျောက်မသွားခဲ့ပါဘူး။ ဒါတောင် ကျွန်မသိပ်ကြိုက်တဲ့သက်မဲ့ အရာလေးတစ်ခုပဲရှိပါသေးတယ်။ ကိုယ်ချစ်မိတဲ့လူ၊ အစွဲကြီးစွဲမိတဲ့သူ၊ အားကိုးအားထားရမယ့်သူဆိုရင် ကျွန်မဘယ်လိုနေမလဲ။ စစတွေး၊ ရေးရေးပေါ်ဆိုသလို ခုလိုဖြစ်နေတဲ့ ကျွန်မစိတ်ဟာ တစ်ခုခုတော့မှားနေပြီဆိုတာကောင်းကောင်းကြီး သိနေပေမယ့် ဖြေမဆည်နိုင်သေးဘူး။ ကံ၊ ကံ၏အကျိုးကို ယုံပါတယ်ဆိုတဲ့ကျွန်မက ပျောက်သွားတဲ့ဘောင်းဘီနဲ့ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကိုကြည့်မိတိုင်း မျက်ရည်ဝိုင်းချင်နေပါသေးတယ်။ ဒီလိုဖြစ်နေတဲ့ကိုယ့်ကိုကိုယ်ဟာလည်း အင်မတန်ရယ်စရာကောင်းနေမှန်းလည်း ရိပ်မိပါရဲ့။ ဒါပေမယ့် မရပါဘူး…။ ငါစွဲကကြီးရှာတာကိုး။ ငါ့ဘောင်းဘီလေးပျောက်သွားတယ်၊ ငါ့ဘောင်းဘီမှရွေးပျောက်ရတယ်ဆိုတာပဲ စိတ်မှာအစဉ် ကြီးစိုးနေပြီး ငါမပါတဲ့တစ်ခြားဘက်ခြမ်းကနေ တွေးမကြည့်မိသေးဘူး။

ဒီလိုနဲ့နေလာတာ တစ်လလောက်ကြာတော့ အန်တီကြီးရဲ့ အိမ်အကူကောင်မလေးနဲ့ မီးဖိုခန်းထဲမှာ ထမင်းလက်ဆုံစားမိကြရင်း သူမရန်ကုန်ပြန်တော့မယ့်အကြောင်းစကားလည်းစပ်မိကြရင်း၊ သူမအတွက် ဂျင်းဘောင်းဘီတစ်ထည်လောက်ဝယ်ချင်တဲ့အကြောင်း ကျွန်မကိုပြောလာပါတယ်။ ရုတ်တရက်စကားမစပ်ဆိုတော့ ကျွန်မမျက်နှာဟာ ရွာတော့မယ့်မိုးလို ညိုမှောင်သွားပါတယ်။ မျက်မှောင်နည်းနည်းကျုံ့နေတဲ့ ကျွန်မကို ကောင်မလေးက ကြောင်ပြီးကြည့်နေတော့မှ အပြုံးတုကလေးတစ်ခုဆင်ပြီး လိုက်ဝယ်ပေးမယ်လို့ကမန်းကတန်းဖြေလိုက်ရတယ်။ နောက်ဆက်တွဲအနေနဲ့ ပျောက်သွားတဲ့ကျွန်မဘောင်းဘီဟာ ပျောက်ချိန်တန်လို့ပျောက်သွားတာပဲလို့ ခုချိန်မှာ ဖြေလို့ရနေပြီဖြစ်တဲ့အကြောင်း သူမကိုပြောလိုက်မိပါတယ်။ အဲဒါနဲ့သူမကလေးက ဟိုအန်တီကြီးကထုတ်လှန်းခိုင်းလို့လေ ဆိုပြီး မကျေနပ်သလိုလိုလေသံနဲ့ ပြောပြီး သူမအမေရဲ့တစ်ကယ့်အဖြစ်အကြောင်းကိုပြောပြလာပါတယ်။

“အစ်မရေ…ကျွန်မတို့မိသားစုဟာ ဆင်းဆင်ရဲရဲကြီးမဟုတ်ပေမယ့် ချောင်လည်ပြီး နေနိုင်စားနိုင်တဲ့ အစားထဲတော့ပါပါတယ်။ အဖေကလည်း အမေ့ကိုချစ်တော့ အမေလိုသမျှ အဝတ်ဆိုအဝတ်၊ လက်ဝတ်ရတနာဆိုလည်း တတ်နိုင်သလောက်ဖြည့်ဆည်းပေးတာပါပဲ။ ဒါနဲ့များ အမေကဘယ်တော့မှ ပြောင်ရောင်တယ်မရှိပါဘူး။” သူမကအဲသလိုဆိုလေတော့ ကျွန်မမှာပြုံးရပါသေးတယ်။
“ဘာလို့လည်းဆိုတော့ သူ့ဘီဒိုအပြည့် အဖေဝယ်ပေးသမျှဟာ ဒီနေ့ဝယ် နောက်နေ့ပျောက်တာပါပဲ။ ကျွန်မတို့အိမ်ကလည်း သူခိုးအလွယ်တစ်ကူဝင်ရလောက်တဲ့ မလွယ်ပေါက်လည်း မရှိပါဘူးအစ်မရယ်။ နှစ်ထပ်ပျဉ်ထောင်ဆိုပေမယ့် အောက်ထပ်က တိုက်ခံအိမ်လေးလို အုတ်နဲ့ဆောက်ထားတာဆိုတော့ တင့်တင့်တယ်တယ်တော့လည်းရှိတာပေါ့။ အဲ…အမေ့မှာရှိသမျှ ပြောင်ပြောင်ရောင်ရောင် အဝတ်အစားမှန်သမျှ သူများခိုးခံရတာချည်းပါပဲ။ အမေဟာ အမြဲအင်္ကျီအစုတ်နဲ့နေရရှာတယ်။ အပြင်သွားရင်လည်း ရိုးရိုးတရုတ်ပိတ်သာ ဝတ်စရာရှိတယ်။ 

တစ်နေ့တော့ အမေတို့ကိုးကွယ်တဲ့ ဘုန်းကြီးတစ်ပါးဆီ ဆွမ်းသွားကပ်ရင်း၊ အမေက ဘုန်းဘုန်းကို ညည်းပြောပြောရင်း သူ့ရဲ့ဝတ်ကောင်းစားလှ တွေဟာ တစ်စက္ကန့်တောင်မခံပဲ ပျောက်ပျောက်နေတဲ့အကြောင်း လျှောက်ထားမိရက်သားဖြစ်နေတယ်။ အမေကအဲလိုပြောတော့ ဘုန်းဘုန်းကပြုံးတယ်။ ပြီးတော့ ဒကာမကြီးတဲ့…ဘုန်းကြီးပုံဝတ္ထုတစ်ခုပြောပြမယ်နားထောင်တဲ့။ အတိုပြောရရင်အစ်မရာ ဘုန်းဘုန်းပြောတဲ့အကြောင်းက ဘုန်းတော်ကြီးတစ်ပါးရဲ့ ကြာသင်္ကန်းကိုမှ ခိုးမိတဲ့ ကပ္ပိယအကြောင်းပါ။ အဲဒီ ကပ္ပိယဟာ နောက်ဘဝမှာ ကံအကျိုးပေးတစ်ခုကြောင့် ကြိကြိတက်ချမ်းသားတဲ့သူဌေးကြီးဖြစ်ပေမယ့် ဘုန်းကြီးရဲ့ကြာသင်္ကန်းကိုခိုးမိတဲ့ အဒိန္နဒါနာကံကြောင့် သူ့အဝတ်အစားတွေဟာအမြဲခိုးခံရလို့ အင်္ကျီအစုတ်အပြဲနဲ့သာ အမြဲနေရတယ်တဲ့။ နောက်တော့ဘုန်းဘုန်းကဘာပြောသလဲသိလားအစ်မ? ဒကာမကြီးကလည်း အဲဒီကပ္ပိယလို အရင်ဘဝတစ်ခုမှာ ဘုန်းကြီးသင်္ကန်းခိုးဖူးလို့နေမှာပေါ့လို့ ပြုံးပြီးပြောတာ။ ကျွန်မကတော့ အမေဟာ အဲဒီကပ္ပိယကြီးများ ဖြစ်နေမလားလို့တောင်တွေးမိတယ်”

ကောင်မလေးကပြောပြီးပြီးချင်း သဘောကျပြီး တဟားဟားရယ်ပါတယ်။ ကျွန်မလည်း လိုက်ရယ်ပါတယ်။ ကျွန်မအသံက ကောင်မလေးအသံထက်တောင်ပိုကျယ်မလားပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မအဖြေတစ်ခုရလိုက်လို့ပါပဲ။ ကျွန်မဘောင်းဘီကိုခိုးတဲ့ တရားခံကို သိလိုက်ပြီလေ။ အဲဒါနဲ့ ကောင်မလေးကို ကျွန်မကမေးခွန်းတစ်ခုကောက်ကနဲမေးလိုက်ပါတယ်။
“ညီမလေး ကိုယ့်ဂျင်းဘောင်းဘီးကိုခိုးသွားတဲ့ တရားခံဘယ်သူလဲသိလား”
ဆိုတော့ ကောင်မလေးက ချက်ချင်းပဲ
“ဟာ…အစ်မ..သူခိုးမိပြီလား…ဘယ်သူလဲအစ်မ…ဘယ်သူလဲ”
လို့ စိတ်လှုပ်ရှားပြီးမေးပါတယ်။ အဲဒိအခါမှာတော့ ကျွန်မထမင်းလုတ်တစ်လုတ် သွင်းတော့မယ့်လက်ကို လေထဲမှာခဏတန့်ထားပြီး အားနေတဲ့လက်တစ်ဖက်က လက်မတစ်ချောင်းကိုထောင်လို့ ကျွန်မရင်ညွန့်တည့်တည့်ရှိရာ စိုက်ချလိုက်တဲ့အခါမှာ သူမက ခုနကထက်ကျယ်တဲ့ အသံနဲ့ တစ်ဟားဟားရယ်ပါတယ်။ ပြီးတာနဲ့ သူမကပြောပါသေးတယ်…”အစ်မက တစ်ကယ်ချစ်ဖို့ကောင်းတယ်” တဲ့။ ဒါဆိုရင် ကျွန်မကို ခုလိုပုံဥပမာလေးပြောပြတဲ့ ညီမငယ်ကလေးကရော ဒိထက်ပိုပြီးချစ်စရာကောင်းမနေဘူးလားရှင်။ 

ကျွန်မစိတ်ထဲကို ခုလိုအလင်းတန်းလေးထည့်ပေးတဲ့ ညီမလေးကမှပိုချစ်စရာကောင်းတာလို့ ကျွန်မကပြန်ဖြေလိုက်တဲ့အခါ…ဟာ..အစ်မကလည်းဆိုပြီး  ထမင်းလုတ်ကိုအလောတကြီးသွင်းပြီး ပြုံးဖြီးဖြီးကြီးလုပ်နေလေရဲ့။

xxxxxxxx

ကျွန်မရဲ့ စိတ်ဟာ အဲဒိနေ့ကစလို့ ဂျင်းဘောင်းဘီအပူသည်ဘဝကနေ ရှင်းရှင်းကြီးကျွတ်တန်းဝင်သွားပါတယ်။ သူမအမေအကြောင်းကို သီကာပတ်ကုံးပြောပြသွားတဲ့ ညီမလေးကိုလည်း ကျွန်မရင်ထဲမှာ လှိုက်လှုက်လှဲလှဲကြီးကို ကျေးဇူးတင်မိပါတယ်။ ကျွန်မထက်အသက် နှစ်နှစ်သာငယ်ပေမယ့်၊ အကြောင်းကြောင်းကြောင့် သူများအိမ်မှာ အိမ်အကူအဖြစ်နဲ့လာလုပ်နေပေမယ့် စိတ်သဘေားထားပြည့်ဝရှာတဲ့ ညီမလေးတစ်ယောက်ကို ကျွန်မခုချိန်ထိသတိတရရှိနေတုန်းပါပဲ။ 

ကျွန်မကြိုက်မိတဲ့ အရာတွေကို ပျောက်သွားမှာ၊ သူများယူသွားမှာ ကြောက်သလို လူတော်တော်များများဟာလည်း ကျွန်မနည်းတူ ရှိကြလိမ့်မယ်။ ကိုယ့်ပစ္စည်းပျောက်မှာကြောက်တတ်တဲ့သူဟာ သူများပစ္စည်းကိုလည်း လေးစားကြရပါလိမ့်မယ်။ ကိုယ်ကသူများပစ္စည်းကို မသိပဲခိုးယူမိခဲ့ရင် ကိုယ်ကြိုက်လို့ယူမိတဲ့အရာကိုရလိုက်လို့ ရတဲ့ အပျော်ဟာ ပျောက်သွားတဲ့သူတွေအတွက် မျက်ရည်ပင်လယ်ဖြစ်နေတတ်ပါတယ်။ သူများဆီက အပ်တိုတစ်ချောင်းယူမိရင် ကိုယ့်ဆီကပြန်ဆုံးရှုံးရတာ ပေါက်ဆိန်အချောင်းတစ်ရာလောက် ဖြစ်နေတတ်တာကို သတိပြုမိပါစေ။ ပဲ့တင်သံဥပမာလိုပါပဲ၊ အသံတစ်ခုတည်းပြုမိပေမယ့် ကိုယ့်ဆီပြန်လာတဲ့ပဲ့တင်သံဟာ အကြိမ်ပေါင်းမြောက်မြားစွာဖြစ်နေတာပါ။ 
ဒီနေရာမှာကြုံလို့ပြောရမယ်ဆိုရင် ကိုယ်ချင်းစာတရားရှိသူတွေဟာ သူများပစ္စည်းယူရမှာကိုဝန်လေးတတ်ကြပြီး၊ ကံ၊ကံ၏အကျိုးကို အမှန်တစ်ကယ် သက်ဝင်ယုံကြည်သူတွေကတော့ သူတစ်ပါးပစ္စည်းကို ဘယ်တော့မှမယူဖို့ အာမခံနိုင်တဲ့သူတွေဖြစ်တယ် ဆိုတာပါ။

အချုပ်ဆိုရရင် ကျွန်မဘောင်းဘီကို အပြင်ထုတ်လှန်းခိုင်းတဲ့အန်တီကြီးမှာ အပြစ်မရှိပါဘူး။ ဂျင်းဘောင်းဘီလေးကို ကြိုက်လို့ယူသွားတဲ့သူကြောင့် ကျွန်မဘောင်းဘီပျောက်ရတာလို့လည်း ကျွန်မ မဆိုသာတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ “ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်” ဆိုတဲ့ အသိအလင်းတန်းကလေး ကျွန်မဥာဏ်မှာ လာပြီးကိန်းအောင်းနေလို့ပါပဲရှင်။
xxxxxxxx
xxxxxxxx

စကားချပ်။ စနေနေ့ညကလို ဘောင်းဘီလေးများပျောက်သွားမလားရယ်လို့ ပူပန်တဲ့စိတ်နဲ့သာ အဲဒိညက ကျွန်မသေလွန်ခဲ့ရင်တော့ မတွေးရဲဘုး…။ ဂျင်းဘောင်းဘီစောင့် ပြိတ္တာတောင် ဖြစ်ခဲ့နိုင်သေးတယ်နော်း))

ကျွန်မရဲ့အတွေ့အကြုံတစ်ခုကို ကျွန်မယုံကြည်သက်ဝင်တဲ့ ဘာသာရေးရှုထောင့်ကနေ ရေးသားထားတာမို့ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်း)

အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်၊ ကျန်းမာ၊ စိတ်ချမ်းသာကြပါစေရှင်။ ချိုမြိန်သော စနေနေ့လည်းဖြစ်ပါစေ။ 


မေတ္တာမွန်ဖြင့်
မိုးပန်းချီ

14 comments:

  1. စာရေးကောင်းလိုက်တာ။
    ဖတ်ရခဲတယ် :)

    ReplyDelete
  2. ကောင်းလိုက်တာ
    ဖတ်ရတာကိုက တထိတ်ထိတ်နဲ့
    ဂျင်းဘောင်းဘီလေးကိ ကိုယ်စားနှမြောနေတာ
    အိုး ဒီလောက်တောင် ၄လလောက်စုပြီးမှ ဝယ်ထားရတာ မနှမြောရှိမလားနော်။ ဖတ်တဲ့သူတောင်နှမြောသေးတာ
    နောက်ဆုံးမှာတော့ ဘလော့ပိုင်ရှင်က ကျွတ်တမ်းဝင်သွားတယ်လို့ ဆိုပေမဲ့ ဟောဒီက ဖတ်နေသူမှာတော့ မဝင်နိုင်သေးဘဲ နှမြောနေဆဲဆိုရင် လွန်တယ်ထင်မလားတော့မသိပါဘူး။။ စာရေးကောင်းသူများ ရေးတတ်လိုက်တာ
    တကယ့်ကို စိတ်ဝင်စားဖွယ်ဘဲ

    ReplyDelete
  3. ကိုယ်ကြိုက်တဲ့ အရ သူများယူသွားဖို့တော့မပြောပါနဲ့
    အတွေးနဲ့တောင် တွေးမရပါဘူး
    (ဘုန်းကြီးသင်္ကန်းခိုးဖူးလို့နေမှာပေါ့လို့)အဲဒီအသိလေးလဲရလိုက်တယ်ပြောပြတဲ့ကောင်းမလေး တော်တယ်နော်

    ReplyDelete
  4. သင်္ကန်းခိုးဖူးလို့နေမှာ ဆိုတဲ့ အသိလေး ရလိုက်တယ် အမရေ..
    နော်လည်းတစ်ခါက ဘောင်းဘီပျောက်ဖူးတယ်။ မှတ်မှတ်ရရ သိပ်ကြိုက်တဲ့ ဂျင်းပင်န်လေးပဲ။ တကယ်တိုက်ဆိုင်လိုက်တာ.. အဲ့တုန်းက တော်တော်စိတ်ဆင်းရဲခဲ့ရတယ်။ အရမ်းလည်းအံ့သြခဲ့ရတယ်။ အခုတော့ သိသွားပီ.. :P

    ReplyDelete
  5. တရက်တာလေးပဲ ရေစက်ဆုံခွင့်ရခဲ့တဲ့ ဂျင်းဘောင်းဘီလေးကပေးတဲ့ အသိတရားလေးက တသက်တာအတွက် လုံလောက်သွားတာပေါ့ညီမရယ်။ စာအရေးကောင်းတယ်။ လျှို့ဝှက်သည်းဖို ၀တ္ထုလေးဖတ်နေရသလိုပဲ...း)

    ReplyDelete
  6. အစ်မ ဘယ်လောက် ပြာယာခတ်သွားမယ် ဆိုတာကို ကိုယ်ချင်းစာမိပါတယ် အစ်မရယ်... ဟိုနေ့ က ကျွန်တော် သိပ်မြတ်နိုးလို့ ဝယ်ထားတဲ့ အဲဒီးဒတ် ဖိနပ်လေး ပျောက်သွားခဲ့တယ်လေ။ အစ်မလိုဘဲ ကျွန်တော်လဲ ပြာယာခတ်သွားတာပေါ့။ အဲဒီ ဖိနပ်လေးကို ကြိုက်လွန်းလို့ သူများဝယ်သွားရင် နောက်ဒီပုံစံ ဒီဇိုင်း ဖိနပ်မျိုးလေး မရတော့မှာ စိုးလို့ လကုန်ထိတောင် မစောင့်နိုင်တော့ဘဲ လက်ထဲရှိတဲ့ ၁၅၀ထဲကနေ ၁၂၀တန် ဒီဖိနပ်လေးကို ဝယ်လိုက်ပြီး ကျန်တဲ့ ရက်တွေမှာ သူများဆီက မျက်နှာငယ်ငယ်နဲ့ ချီးငှားသုံးခဲ့ရတာလေ... ပြန်တွေးရင် တကယ်နှမြောမိတယ်... ဒါပေမယ့်လို့ အစ်မပြောသလိုပေါ့ ကိုယ့်စိတ်ကိုယ် ဖြေရတော့မှာပေါ့... အစ်မ ပြောသလို ဒီပိုစ့်လေးက ကျွန်တော့် အသိထဲကို အလင်းတန်းလေး တစ်ခု ထည့်ပေးလိုက်ပြီ ကျေးဇူးတင်ပါတယ် အစ်မ...

    ReplyDelete
  7. ဇာတ်လမ်းရော အရေးအသားပါ ဘာမှ ပြောစရာ မရှိအောင် ချောမွေ့တဲ့ ဝတ္ထုတိုလေး...

    စကားမစပ် အခု Levis အသစ်လေး ပြန်ဝယ်ပြီးရောပေါ့ နော်...း))

    ReplyDelete
  8. ဥစ္စာပျောက် ငရဲရောက်နေတဲ့သူတွေကို ဒီပို့ စ်လေး ဖတ်ခိုင်းရမယ်..ကြိုက်လွန်းလို့  ၄လတောင် စုပြီး ဝယ်ထားတဲ့ ဂျင်းပင်န်မို့  ဘယ်လောက်ပျာသွားမလဲ ကိုယ်ချင်းစာမိပါတယ်...ပို့ စ်လေး တကယ်ကောင်းတယ်

    ReplyDelete
  9. မက်ဆေ့ဂ်ျ ကောင်းကောင်းလေး ပေးနိုင်ခဲ့တယ် အစ်မ ပန်းချီ။ :)

    ReplyDelete
  10. အစ်မဖြိုး...း))) ကျေးဇူးတင်ပါတယ်ရှင့်။
    အစ်မချောချော...ဟုတ်ပ..မရေ။ အဲဒီတုန်းကတော့ စားမရ၊ အိပ်မနိုင် တောင်ဖြစ်သွားရတယ်။ ချွေးနည်းစာလေးဖျစ်ညှစ်စုထားရတာဆိုတော့။ ဝင်ပြီးနှမြောပေးရတဲ့ ကိုယ့်အစ်မကိုတောင် အားနာသွားပြီ..းD
    အစ်မဂျက်စ်...ဟုတ်တယ်မရေ..အဲဒိညီမလေးကို ခုထိသတိရတုန်းပါပဲ..။
    Junemoe...ဟုတ်ကဲ့ ကျွန်မတို့ အရင်ဘဝက သူများပစ္စည်းတစ်ခုခုခိုးခဲ့ဖူးလို့နေမှာ...အတိုတိုပဲး))
    အစ်မ မအိမ်သူ..အစ်မပြောတာ သွေးထွက်အောင် မှန်တာပေါ့ရှင်း)
    ကိုညီရဲရေ...အင်း...အဲဒီးဒက်စ် လေးကိုကျွန်မတောင် ဝင်ပြီးနှမြောမိပြန်ပြီ..ဈေးကြီးပေးရတာတွေပဲ ပျောက်တတ်တယ်ထင်ပါ့ရှင်းP
    အစ်မသက်ဝေ...ဟိ ချစ်မတို့ကတော့ မပြောလည်းသိနေပြီ..တော်ထာ..အခုဝယ်ထားတာ မိုးပြာရောင်လေးးD(သန်းနဲ့ခယု နော်..မး))
    ညီမစန်းထွန်း...တော်တော်လေးဖြေမဆည်နိုင် ဖြစ်ခဲ့ရတာသာကြည့်တော့း)) ကျေးဇူးပါညီမရေ။
    မြတ်ကြည်...ကျေးဇူးတင်ပါတယ် ညီမလေးမြတ်ကြည်။ NewYear ပို့စ်မှာတော်တော်လေးဆော့ထားတာတွေ့တယ်နော် :D

    ReplyDelete
  11. ပေးချင်တဲ့ Messageလေး အရယူလိုက်မိတယ် ညီမရေ...
    စိတ်ကို မထားတတ်ရင် ဥစ္စာပျောက် ငရဲရောက်ဆိုတာကို ကိုယ်တွေ့လေးနဲ့ ရေးပြသွားတာ ကောင်းမှကောင်း ညီမရေ...။
    စာတွေ တဂယ်ဂျီး ပြန်ရေးနေပြီပဲ..။ ၀မ်းသာတယ်။
    အရှိန်မပျက်စေနဲ့နော်...။

    ReplyDelete
  12. ချစ်သောအစ်မ မြသွေး...
    စာတွေ တကယ်ဂျီး..အတင်းဂျီးကို ပြန်ရေးနေပါတယ် မရေး)) ဟုတ်ကဲ့ အစ်မပြောသလို အရှိန်ယူထားပါတယ်းD ကျေးဇူးတင်ပါတယ် ချစ်မ။

    ReplyDelete
  13. ချစ်သောအစ်မ မြသွေး...
    စာတွေ တကယ်ဂျီး..အတင်းဂျီးကို ပြန်ရေးနေပါတယ် မရေး)) ဟုတ်ကဲ့ အစ်မပြောသလို အရှိန်ယူထားပါတယ်းD ကျေးဇူးတင်ပါတယ် ချစ်မ။

    ReplyDelete
  14. Levis နဲ့ ပတ်သက်ပြီး မဝယ်နိုင်တဲ့ ခံစားချက် ဖြစ်ခဲ့ဖူးလို့ ဒီပို့စ်လေး http://zunmoesett.blogspot.com/2009/12/levis.html ကို ရေးဖူးတယ်။

    တလောက မဇွန် ဖိနပ်တစ်ဖက် ပျောက်တုန်းက စိတ်တိုတိုနဲ့ ဒီပို့စ်ကို http://zunmoesett.blogspot.com/2011/11/blog-post.html ရေးမိပြန်ရော။ ခြေထောက်ပြန်နာရင် ခုချိန်ထိ ယူသွားသူကို စိတ်တိုနေတုန်း။ အခု ပန်းချီ့ပို့စ်လေးဖတ်ပြီး စိတ်ကို ပြန်လျှော့ချလိုက်ပြီ။ ကျေးဇူးပဲ ညီမရေ။း)

    ReplyDelete

ရင်ထဲရှိတာပြော..း)