Sunday, November 27, 2011

ခြေရာမဲ့မိုးတိမ်…(ဇာတ်သိမ်း)

                                                              “ညို……….ညို…ဟေး..ညို…ဟောဗျာ….ငိုနေသလား…ကျ..ကျွန်တော်ဘာလုပ်ပေးရမလဲ….…”
 
တစ်ဖြည်းဖြည်းနှင့် ကျယ်လောင်လာသော ညို့ရှိုက်သံမှာ ကျွန်တော့် နှလုံးသား၊..ဦးဏှောက်နှင့် တစ်ကိုယ်လုံးကိုပင် ပျာယာခတ်စေသည်။ တစ်ကိုယ်လုံး တစ်သိမ့်သိမ့် လှုပ်ရှားလောက်အောင် ညိုငိုနေပြီ။ ညို့ကိုအလိုက်သင့် ကျွန်တော့်ပုခုံးပေါ်မှာ မီစေရမလား…ရင်ခွင်မှာထားပြီး ငိုစေရမလား..။ ကျွန်တော်ဘာလုပ်ရမလဲ။ မေးခွန်းပေါင်းများစွာဖြင့် ထိုင်ရာမှထရမလို၊ ရှေ့တိုးလို့ ညို့ကိုနှစ်သိမ့်ရမလိုလို၊ ဦးဏှောက်မှအဖြေမပေါ်ခင်..ညွတ်ခွေလုမတတ် ရှိုက်ငိုနေသော ညိုအား ကျွန်တော့်ရင်ခွင်တွင် မှီစေ၍ နှစ်သိမ့်လိုက်မိလျက်သားဖြစ်နေသည်။ ညိုသည် ကြိုးတစ်ချောင်းကဲ့သို့ ကျွန်တော့်ရင်ခွင်တွင်းသို့ ပျော့ခွေကျလာသည်။  

“အားရအောင်ငိုချလိုက်ပါ ညို….ကျွန်တော့်ကိုရှက်စရာမလိုဘူး….”

သို့သော်ချက်ချင်းဆိုသလို ကျွန်တော့်ငယ်ထိပ်မြွေပေါက်ခံလိုက်ရသလိုပင် ညိုကကျွန်တော့်ရင်ခွင်အားတွန်းဖယ်ကာ အားကုန်ထုနှက်ရက်လေပြီ။

“သွား..သွား….မလာနဲ့…ရှင်ဟာအလကားပဲ…ရှင့်ကိုကျွန်မအလိုမရှိဘူး…။”

တွန်းကန်ရုန်းဖယ်နေသော ညို၏လက်အစုံတို့သည် ကျွန်တော့်အား ညို့အနား မှ ကြောက်လန့်တကြားပင် ဖယ်ခွာစေလေသည်။ ကျွန်တော့်ရင်တွေ အခုန်မြန်လှပြီ..ညိုရယ်..။ ဘယ်လိုအရာကများ ညို့ကိုဒီလောက် ထိခိုက်နေစေရသည်လဲ? ညို၏ ငိုသံတို့စဲသွားသော်လည်း ကျွန်တော့်ရင်ထဲဗလောင်ဆူကာ လှိုင်းတံပိုးထန်နေဆဲ။ ဒီည ညို့ဆီက တစ်ခုခုကြားရမှဖြစ်မည်။ သည်အခြေအနေမျိုးနှင့်တော့ ယနေ့ညသည် ကျွန်တော်နှင့်အတူ သတ်ပုံမှားနေတော့မည်။ 

“ညို….”
“……….”
“ညို….ငိုလို့ဝပြီလား..ကျွန်တော့်ကိုစကားပြောနိုင်ပြီလားဟင်…”
“……….”
“ခွင့်လွှတ်ပါ..ကျွန်မလွန်တာပါ…။”
“ကျွန်တော်လည်း တောင်းပန်ပါတယ်ဗျာ..ဟို..ထူပူပြီး…..”
"နားလည်ပါတယ်။"


ပတ်ဝန်းကျင်သည် အပ်ချသံပင် မကြားရအောင် ဆိတ်ငြိမ်သွားပြန်သည်။ ညဥ့်လေသည် သုတ်သုတ်ဖြူးဖြူးကလေး တိုက်ခတ်ကာ အေးစိမ့်နေသေးသည်။ သက်ပြင်းတစ်ချက်တိတ်တိတ်ခိုးရှိုက်လိုက်သည့်အခိုက် ကောင်းကင်တွင် မီးခိုးရောင်တိမ်အစုပ်လိုက်တို့ ပြန့်ကျဲကာ ကစဥ့်ကလျားရွေ့လျားနေကြပြီ။ ညိုသည် လေတွင်လွင့်မျောနေသော သူမ၏ဆံနွယ်များကို အသာအယာလက်နှင့် စုသိမ်းလိုက်ပြီး ဖြေးဖြေးသာသာ ထိုင်ခုံမှထရန်ဟန်ပြင်နေသည်။

“ညို…ကျွန်တော်……”
“ကျွန်မ တိမ်တွေကိုချစ်တယ်။ သူတို့လွင့်မျောနေတဲ့အတိုင်း လိုက်ပါစီးမျောချင်လိုက်တာ။ လွတ်လွတ်လပ်လပ်ကလေး….။”

မဆီမဆိုင် ရုတ်တရက်ပြောလိုက်သော ညို့စကားကို ကျွန်တော်ဘာသာမပြန်တတ်ပါ။ ကျွန်တော်ကြားချင်သောစကားသည် ထိုစကားမဟုတ်ပါ။ ညိုပြောခဲ့သော ရေစက်တိုအကြောင်းကို ကျွန်တော်သိချင်သည်။ ညိုဘာတွေခံစားနေရသလဲ? ညို့နဲ့ ဆုံစည်းဖို့အခွင့်အရေးနောက်ထပ် မရှိတော့လောက်အောင် ညိုဘယ်ကိုသွားမှာလဲ? မွန်းကြပ်နေသောအတွေးများတွင် ချာချာလည်ကာ ကျွန်တော်တစ်ယောက်တည်းရပ်နေရာ နေရာတွင်ပင်ကျန်ရစ်ခဲ့သည်။ ကောင်းကင်၌ တိမ်အစုပ်လိုက်တို့ ကွဲချိန်တွင် ညို၏ ကိုယ်သင်းရနံ့လေးသာ ကျွန်တော့်ဝန်းကျင်တွင် လွှမ်းခြုံကျန်ရစ်လျှက်။

တည်းခိုဆောင်သို့ ပြန်ရောက်သောအခါ ညီညီမအိပ်သေးပဲ ဆေးလိပ်သောက်နေသည်ကို တွေ့ရသည်။ ဂျာကင်ကို ချွတ်၍ ကုတင်အစပ်တွင် ငူငူငိုင်ငိုင်ထိုင်ချမိသော ကျွန်တော့်ကို ညီညီက….

“သူငယ်ချင်း သက်နှင်း…မင်းဘာတွေဖြစ်နေတာလဲ..?”
“……………………………………………………………..”
“မင်းမဖြေချင်ပေမယ့်…ငါတစ်ခုပြောချင်တယ်။ မင်းအတွက် ဆု ရှိနေတယ်လေ…။”
“မင်းဘာကိုဆိုလိုချင်လဲဆိုတာ ငါသိတယ် ညီညီ။ ဆု ကို ငါ…… “
“တော်ပါတော့ကွာ…ဘာပဲဖြစ်ဖြစ် ဆု နဲ့ မင်းကခုချိန်မှာ ချစ်သူတွေ….မင်းသူ့ကို ကျောခိုင်းတဲ့အချိန်က သူ မင်းကိုနောက်ထပ် မတွေ့ရတော့မယ့်နေ့လည်း ဖြစ်နေမယ်ဆိုတာ မင်းအသိပဲ။ “
“ငါသူ့ကို ကျောခိုင်းမယ်လို့ မင်းကဘာကြောင့်ထင်နေရတာလဲ…။”

“ငသက်…မင်းအဲလို လှေနံနှစ်ဖက်နင်းဖို့တော့ မကြိုးစားပါနဲ့ကွာ။ ညိုက ခုမှတွေ့တဲ့သူ…ပြီးတော့ မင်းသူ့အကြောင်းဘာမှ သိတာလဲမဟုတ်ဘူး…ငါ့ညီမ သူငယ်ချင်းပေမယ့် ငါတောင် သူ့အကြောင်းမသိဘူး..။”

“မင်း တစ်ဆိတ်တော့ လွန်လွန်းပြီ ညီညီ..။ ငါက ညို့ကိုခုမှတွေ့ပြီး သာယာနေတယ်လို့ မင်းထင်နေတယ် မဟုတ်လား..ညိုနဲ့ပတ်သက်ပြီး ငါဘာဖြစ်နေတယ်ဆိုတာ ငါကိုယ်တိုင်တောင် ကောင်းကောင်းမသိဘူးကွ…သူ့အကြောင်းသိစရာလဲမလိုသေးဘူး… ဒါပေမယ့် ငါဝန်ခံတယ် ငါညို့အနားရောက်ရင်…..မသိဘူးကွာ…တစ်ခုခုဖြစ်နေတယ်။”

“ငါမင်းအကြောင်းကောင်းကောင်းသိတာပေါ့ ငသက်ရာ… မိန်းကလေးတွေနဲ့ ပတ်သက်ရင် လှုပ်လှုပ်ရှားရှားဖြစ်ဖို့ ခဲယဉ်းတဲ့မင်းကို ခုလိုအိနြေ္ဒပျက်နေတာ ပထမဆုံးမြင်ဖူးတာပဲ..။ မင်းညို့အပေါ်မှာ သာယာတာထက်ပိုနေပြီလို့ငါထင်တယ်။ ဘာပဲဖြစ်ဖြစ် မင်းခံစားချက်ကို ဒီထက်ပိုပြီး ဆက်မရင့်စေချင်ဘူး။ ဒိထက်ရှေ့ဆက်တိုးဖို့ မကြိုးစားစေချင်ဘူး…ဆု ကို ငါကိုယ်တိုင် ကတိတွေပေးပြီး မင်းကို ဒီထိဆွဲခေါ်လာခဲ့ရတာ….”

“မင်းကဘာမို့လို့ ငါ့ကို ထိန်းချုပ်ချင်နေရတာလဲ ညီညီ..ဆု နဲ့ ပတ်သက်တုန်းကလည်း မင်းကိုယ်တိုင် ဆု ကိုသနားလွန်းလို့ ငါ့ကိုတစ်ချိန်လုံးဘေးတီးပေးနေခဲ့တာ..မင်း ဒါလေးနဲ့ ဒီလောက်ဒေါသဖြစ်ပြီး ငါ့ကို စော်ကားနေဖို့မသင့်ဘူး။ ဆုကငါ့ချစ်သူဖြစ်နေပြီး ခုချိန်ထိ ညီမတစ်ယောက်လိုပဲသဘောထားလို့ရတာ သူ့အတွက် ပိုနာကြင်စရာမကောင်းဘူးလား ညီညီ..။ ငါ နဲ့ ဆု ကမှရှေ့ဆက်မတိုးသင့်တော့တာကွ….။”

ညီညီ့မျက်နှာသည် ရုတ်တရက် အရောင်ပြောင်းသွားကာ ဆုပ်မိထားသောလက်ကို အသာဖြည်ချလိုက်ပြီး…

“ဆောရီး သူငယ်ချင်း။ မင်းခံစားရမှာစိုးလို့ပါကွာ..။ ဆု နဲ့ မင်းက ငါ့သူငယ်ချင်းအရင်းကြီးတွေ..။ ဆုကိုလည်း ငါမနာကြင်စေချင်ဘူး…..မင်းသိပါတယ်…” 

ညီညီ့ စကားသံတို့သည် အဖျားတွင် တုန်ယင်တိုးလျလို့သွားပါသည်။ ကျွန်တော်သည် ညီညီ့ကိုကြည့်ကာ ပုခုံးကိုဖက်လိုက်ပြီး…
“တစ်ခါတစ်လေ ငါတို့ကံကြမ္မာတွေဟာ နားလည်ရသိပ်ခက်တယ်ကွာ..။”

ကျွန်တော့်စကားအဆုံးတွင် ညီညီ့ မျက်ဝန်းတို့ နီမြန်းစွတ်စိုလာပြီးနောက် ကျွန်တော့်ပုခုံးအား ကျစ်ကျစ်ပါအောင် ပြန်၍ဆုပ်ကိုင်လိုက်တော့သည်။

++++++++++++++

မြူနှင်းလွှမ်းခြုံထားသော ဆောင်းနံနက်ခင်းသည် လန်းလန်းဆန်းဆန်းရှိမနေပဲ အုံ့အုံ့ဆိုင်းဆိုင်း၊ မှုန်မှုန်မှိုင်းမှိုင်းရှိလှသည်။ လက်ပတ်နာရီကိုကြည့်မိသောအခါ မနက် ၇ နာရီ ၅ မိနစ်တိတိ။ တစ်ညလုံးအိပ်မပျော်ပဲ အတွေးများနှင့် ချာချာလည်ခဲ့သောကြောင့် ရောင်နီလာခါနီးမှ မှေးကနဲဖြစ်သွားသော ကျွန်တော့်အဖို့ နိုးလာသည့်အခါတွင် ခေါင်းတစ်ခုလုံး တစ်ဆစ်ဆစ်ကိုက်ခဲကာနေသည်။ တံခါးအဝတွင် ကျောခိုင်းရပ်နေသော ညီညီ့အား အဝေးကိုမျှော်ကြည့်လျှက်တွေ့ရသည်။ မနက်စောစောမနိုးမိ၍ ဘုရားဝတ်ပြုရန် ပျက်ကွက်သည့်အတွက် ကိုယ့်ကိုကိုယ် အပြစ်တင်နေမိသည်။ 

“ငသက်…မျက်နှာမြန်မြန်သစ်လိုက်ဦး…။ ခဏနေငါတို့ သော်သော်တို့နဲ့ မနက်စာသွားစားရအောင်။ ငါတို့ မင်းကိုစောင့်နေတာ…။” ညီညီသည် ကျွန်တော့်အား လှည့်ကြည့်ကာ အားရပါးရပြုံး၍ ပြောနေခြင်းဖြစ်သည်။
“အေးကွာ..ငါမနိုးပဲအိပ်ပျော်သွားတာ တကယ်နှမြောတယ်။ ငါတို့ဒီနေ့ တောင်အောက်ပြန်ဆင်းကြရမှာနော်..။ ငါးမိနစ်စောင့်…။”

မျက်နှာသုတ်ပုဝါလှမ်းယူပြီး တည်းခိုဆောင်မှ ကမန်းကတန်းထွက်လာသောအခါ ညကထိုင်ခဲ့သော လေသာဆောင်၌ သော်သော်နှင့် ညိုအားပူးကပ်စွာ ထိုင်နေကြသည်ကိုတွေ့ရသည်။ ကျွန်တော့်ခြေသံကြား၍ နှစ်ယောက်စလုံး လှည့်ကြည့်ကာပြုံးပြနှုတ်ဆက်သည်။ သော်သော်နှင့်ညို၏ အပြုံးများတွင် တစ်ခုခုကင်းမဲ့နေသလို ခံစားလိုက်ရသော်လည်း မျက်နှာမြန်မြန်သစ်ရန် ရေချိုးခန်းရှိရာသို့ ခပ်သွက်သွက်လျှောက်လာခဲ့သည်။ မျက်နှာသစ်၊ အဝတ်အစားလဲပြီးသောအခါ ခရီးဆောင်ပစ္စည်းများ၊ အိတ်များအား ဟိုတယ်ဧည့်ခန်းတွင် အပ်ခဲ့ကြပါသည်။ ဘုရားခြေတော်ရင်းရှိ မုန့်ဈေးတန်းရှည်ကြီးတွင် မနက်စာစားရန် ညီညီမှအကြံပြု၍  အားလုံးခေါင်းညိမ့်ကာ သဘောတူလိုက်ကြသည်။ ဘုရားရင်ပြင်သို့ရောက်၍ ဘုရားဝတ်ပြုပြီး မုန့်ဈေးတန်းသို့ဆင်းသည့်တိုင် မည်သူတစ်ဦးတစ်ယောက်ကမျှ စကားစမည်ပြောခြင်းမရှိပဲ တိတ်ဆိတ်စွာရှိနေကြသည်မှာ ကျွန်တော့်အတွက် တစ်မျိုးထူးဆန်းနေသည်ဟု ထင်ပါသည်။ 

သော်သော်သည် ဆီထမင်းနှင့် ပဲပြုတ်စားချင်သည်ဆိုကာ ဆီထမင်းဝင်ဝယ်နေသည်။ 

ညိုသည်ကျွန်တော့်ဘက်သို့လှည့်လိုက်ပြီး…
“ကိုသက် နဲ့ ကိုညီ… ဆီထမင်းကို ကော်ဖီနဲ့တွဲသောက်ရမကောင်းဘူးလားဟင်…”
ကျွန်တော်ဘာမှမဖြေနိုင်ပဲ ကြောင်အမ်းအမ်းကြည့်မိနေစဉ် ညီညီက…
“အာ..ကောင်းမှကောင်း..ညိုချောသောက်ချင်တဲ့ကော်ဖီကို ကျွန်တော့်တို့လည်းသိပ်ကြိုက်..ကျွန်တော်အားလုံးကိုတိုက်မယ်လေ..။ ကျန်တာတော့ကိုယ့်ဘာသာရှင်း..”
ညီညီ၏နောက်ပြောင်သောစကားကြောင့် ညိုအားပါးတရရယ်မောသောအခါ ကျွန်တော်လည်းလိုက်၍ရယ်မိသည်။ ညိုပျော်ရင်ကျွန်တော်လည်းပျော်တတ်နေပြီ ညို…။

ဆိုင်ထဲဝင်၍ ကော်ဖီသောက်ချိန်တွင် ရာသီဥတုသည် ညို့မှိုင်းနေခြင်းမရှိတော့ပဲ ကောင်းကင်ပြာပြာကိုတွေ့ရသည်။ ကျွန်တော်တို့ ကော်ဖီဝိုင်းလေးသည် စကားသံ၊ ရယ်မောသံတို့ဖြင့် စိုပြေလာသော်လည်း ကျွန်တော့်ရင်ထဲရှိ တင်းတင်းကြပ်ကြပ်ဖြစ်နေသော ခံစားချက်မှာ ပျောက်ပျက်မသွား။ အိမ်ပြန်ကြဖို့ အချိန်တန်ပြီ ဆိုသောအသိသည် ရင်ကိုအနည်းငယ်တော့ ပူလောင်နေစေသည်။ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ညို့မျက်နှာကိုခိုးကြည့်ရတာလောက် ဘယ်အရာကမှာ ကျွန်တော့်ကို ကြည်နူးစေအောင်မစွမ်းနိုင်ပေ။ ရှည်လျားသောဆံနွယ်တို့အား ညာဖက်ပုခုံးပေါ်သို့ပို့ကာ ပိုးလက်ကိုင်ပုဝါလေးတစ်ထည်ဖြင့် စုချည်ကာထားသည်။ ညကငိုထားသော ညို့မျက်လုံးတို့သည် ယောင်ယမ်းနေသော်လည်း တစ်မျိုးကြည့်ကောင်းနေသေးတော့သည်။ 

စားသောက်ပြီးစီး၍ ဘုရားရင်ပြင်တော်ပေါ်မှ တည်းခိုရာဟိုတယ်သို့ ဆင်းသောလမ်းတစ်လျှောက်တွင် လေတိုးသံ၊ သစ်ပင်များယိမ်းနွဲ့ထိခတ်သံမှလွဲ၍ တစ်ယောက်မျှ စကားမဆိုမိကြ။ ဟိုတယ်သို့ ရောက်ခါနီးတွင် ညို့ခြေလှမ်းတို့ တုံ့ဆိုင်းသွားပြီးနောက် ချက်ချင်းဆိုသလို သော်သော်နှင့်မျက်နှာချင်းဆိုင်ရပ်ကာ သူမ၏လက်နှစ်ဖက်ဖြင့် သော်သော်၏လက်နှစ်ဖက်အားမယူဆုပ်ကိုင်လိုက်သည်။ နောက်မှခပ်ခွာခွာလျှောက်လာကြသော ကျွန်တော်နှင့် ညီညီသည် ထူးဆန်းသော ညို၏အပြုအမူကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခဏမျှမင်သက်နေမိကြသည်။ 

သော်သော်သည် ညို့အား လက်ပင်းမှသိုင်းဖက်ထားသည်။ ညိုမှလည်းပြန်လည်ကာဖက်ထားပြန်သည်။ တစ်စုံတစ်ခုတော့ မှားနေပြီဟု ကျွန်တော်သိလိုက်သည်။ ညိုတို့အနားသွားရန် ဟန်ပြင်မိသော ကျွန်တော့်ခြေလှမ်းတို့အား ညီညီလက်တစ်ဖက်မှ ဆိုင်းငံ့စေသည်။

“မသွားနဲ့ဦး သူငယ်ချင်း…”
“ဘာ…ဘာတွေဖြစ်နေတာလဲ…”
 ညီညီ့မျက်ဝန်းတို့သည် ရီဝေလျှက်…။
“ဘာဖြစ်တာလဲ? မင်းသိနေတယ်လား….ညီညီ?”
“မနက်က သော်သော်ပြောလို့သိတာ..။ မင်းကိုခုမှပြောရတာခွင့်လွှတ်ပါကွာ….ညိုချောကို သူ့အိမ်ကလာခေါ်တာ။”

 ညီညီပြောရင်း မေးဆတ်ပြသော ခပ်လှမ်းလှမ်းနေရာသို့ အကြည့်လွှဲမိသည်တွင် ပြောင်လက်မည်းနက်သော ဇိမ်ခံကားတစ်စီးကိုတွေ့ရသည်။ ကားနဘေးတွင် တိုက်ပုံအမည်းဝတ်ထားသော လူကြီးတစ်ယောက်။

“ဘာလို့လဲ..ညိုကဘာလို့ ငါတို့နဲ့မပြန်တာလဲ?”
“ဂဃနဏတော့ငါမသိဘူး ငသက်..သူ့အိမ်က အပြန်လာကြိုမယ်လို့ပြောထားလို့နေမှာပေါ့..။ ငါတို့ ညိုချောကို သွားနှုတ်ဆက်ဖို့လိုမယ်ထင်တယ်။” ကျွန်တော်သည် အဝေးသို့ အကြည့်ပို့လိုက်သော်လည်း မျက်ဝန်းတို့ စွတ်စိုကာလာသည်။ ညီညီ့စကားမဆုံးလိုက်ခင် ညိုနှင့် ခြေလှမ်းနှစ်လှမ်းအကွာသို့ ကျွန်တော်ရောက်နှင့်နေပြီ။”

“သော်…ကျွန်မကြိုးစားကြည့်ချင်သေးတယ်….ခံစားချက်မပါတာကြီးကို ကျွန်မ မလုပ်နိုင်ဘူး…။”
“ညို့ရည်ရွယ်ချက်အောင်မြင်ပါစေလို့ သော် ဆုတောင်းနေပါ့မယ်…။”
သော်သော်နှင့် ညိုတို့၏ နောက်ဆုံးနှုတ်ဆက်စကားတို့အား ကျွန်တော်နားမလည်သော်လည်း ကျွန်တော်နှင့် မျက်နှာချင်းဆိုင်လိုက်သော ညို့မျက်ဝန်းတွင်လည်း တိုက်ဆိုင်လွန်းစွာ အရည်ကြည်တို့နှင့်ပြည့်လျှက်ရှိသည်။ ညိုသည် ကျွန်တော်ရှေ့တည့်တည့်တွင် တည်ငြိမ်စွာရပ်လာသည်။

“ညို…ပြန်တော့မှာဆို…”
“ဟုတ်တယ်..ကိုသက်..ကျွန်မပြန်မယ့်အကြောင်း မနေ့ညကမပြောဖြစ်ခဲ့တာ တောင်းပန်ပါတယ်။ ပြောဖြစ်ခဲ့လည်း ပြန်ရမှာပဲမဟုတ်လား….”
“မတူဘူး..ညို..။ ညိုပြောခဲ့လိုက်ဖို့ကောင်းတယ်။”
“…………………………….”
“ကျွန်တော်ကခုမှရင်းနှီးတဲ့ သူငယ်ချင်းဆိုတော့လည်း နှုတ်မဆက်ပဲ ဒီအတိုင်းထားခဲ့လို့ရတယ်မဟုတ်လား..။”
ညိုသည်ခေါင်းငုံ့ကာ နှုတ်ခမ်းထောင့်စွန်းလေးကွေးရုံမျှ ပြုံးနေသည်။ ပဟေဠိဆန်းလွန်းလှသော ညို…..။
“ကျွန်တော့်ကို တစ်ခုခုတော့ ပြောပါလားညို…”
“ကျွန်မတို့ရေစက်မကုန်ရင် ပြန်ဆုံကြဦးမှာပါ...ကိုသက်…ကျွန်မဦးလေးစောင့်နေပြီ….ကျွန်မကိုသွားခွင့်ပြုပါ။”
 ညို့ သွင်ပြင်သည် အသက်မဲ့လျှက်။ တည်ငြိမ်အေးဆေးလွန်းသည်။ စကားသံမှာလည်း နူးညံ့တိုးလျလွန်း၍ အင်အားဖျော့တော့လွန်းနေသည်။
“ကိုညီ ကျွန်မသွားပါဦးမယ်…။ ဒီလိုပျော်စရာခရီးလေးအတွက်၊ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။”

ထိုသို့ပြောပြီးပြီးချင်း ရပ်ထားသောကားရှိရာသို့ ညိုလှည့်ထွက်သွားနေပြီ။ စောစောကလင်းနေသော ကောင်းကင်ပြာသည် ကျွန်တော်ရပ်နေသော နေရာကလေးတွင်ပင်ကွက်၍ ညိုမှောင်လာနေသည်ဟု ထင်ရလောက်အောင်ပင် ကျွန်တော့်မြင်ကွင်းတို့သည် မှောင်အတိ။ သွားပါဦးတော့ ညို…..။

++++++++++++++

“ကိုသက်….ညိုပေးသွားခဲ့တာ…..။”

သော်သော်ကမ်းပေးလာသော လက်သန်းလောက်ရှိသည့် ရေမွှေးဗူးဖြူဖြူသေးသေးကလေးအား အံ့သြစွာလှမ်းယူမိသည်။ ညိုသည်ထိုသို့ပင် ပုစ္ဆာဆန်သော မိန်းကလေးတစ်ယောက်ဖြစ်သည် ဆိုသည်မှာ ကျွန်တော့်အတွက် အံ့သြနေစရာပင်မလိုအပ်တော့ပါ။ ညိုနှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့သော မေးခွန်းပေါင်းများစွာ၏ အဖြေတို့အား သိခွင့်ရသောအခါ ညိုသည် သနားစဖွယ်ကောင်းသော ပင်မြင့်စံပန်းကလေးတစ်ပွင့်သာလျှင် ဖြစ်နေတော့သည်။ သည်လိုခေတ်ကြီးတွင် သည်သို့အဖြစ်မျိုးများလည်း ရှိနေသေးမှန်း နှစ်လိုခြင်းမရှိစွာ သိခွင့်ရခဲ့သည်။

“ညို့အသိုင်းအဝိုင်းက…ခမ်းနားကြီးကြယ်လွန်းတဲ့ ဆွေကြီးမျိုးကြီး စော်ဘွားမျိုးတွေ…..။”
“ရှမ်းသွေးစစ်စစ်ဖြစ်တဲ့ ညို့အဖွားက ညို့အမေကို သူ့ချစ်သူ ဗမာစစ်စစ် ဆင်းရဲနုံချာလွန်းတဲ့ ညို့အဖေနဲ့ သဘောမတူခဲ့ဘူး။ အချစ်ကို ကိုးကွယ်ခဲ့တဲ့ ညို့အမေကတော့ မိဘတွေကိုလွန်ဆန်ပြီး ချစ်သူနောက်ကိုကောက်ကောက်ပါအောင်ကို လိုက်ပြေးခဲ့တာ။ ဆွေဂုဏ်၊ မျိုးဂုဏ်၊ ဓနဂုဏ်တွေ အောက်မှာ ညို့အဖေအသက်မဆုံးရှုံးသင့်ပဲ ဆုံးပါးခဲ့ရတာ…။ နွမ်းပါးသွားတဲ့ ညိုတို့သားအမိကို အဖွားဖြစ်သူကပြန်ခေါ်ထားပြီး ထားရာနေ၊ စေရာသွားစေခဲ့တာ…။ ညို့ကို ခေတ်ပညာတတ်စေပေမယ့် လောင်းရိပ်အောက်ကပန်းကလေးတစ်ပွင့်အဖြစ် ပျိုးထောင်ပွင့်လန်းစေခဲ့တာ။”

သော်သော်ပြောသော ညို့အကြောင်းသည် ကျွန်တော့်နားစည်တွင်အရှိန်ပြင်းစွာရိုက်ခတ်နေလေသည်။ သော်သော့်အသံသည် ကျွန်တော့်နားမှ နီးလာလိုက်၊ ဝေးသွားလိုက်..။ ညိုနှင့်ပတ်သက်သော အဆိုရွားဆုံးသတင်းသည်…..

ညိုသည်..သည်ခရီးကို သူ့အမေ နှင့် အဖွားဆီတွင် ကတိအလဲအလှယ်လုပ်ပြီး မှလာခဲ့ရသည်…။ ပထမဆုံးနှင့် နောက်ဆုံးအနေဖြင့် လွပ်လပ်စွာ တစ်ယောက်တည်း ခရီးသွားခွင့် ကို ညိုရရှိခဲ့သည်..။ ထိုအခွင့်အရေး၏ အပြန်အလှန်အားဖြင့် သည်ခရီးစဉ်မှပြန်ရောက်ပြီး မကြာခင်မှာပင် ညိုသည် အဖွားဖြစ်သူ၏ စိန်စီသောလမ်းကိုလျှောက်လှမ်းရန် တစ်ခါဖူးမျှ အကျွမ်းမဝင်ဖူးသော မျိုးရိုးဂုဏ်ရှိန်အလွန်ကြီးမြတ်ပါသည်ဆိုသော အမျိုးသားတစ်ယောက်နှင့် လက်ဆက်ရတော့မည်တို့ပင်ဖြစ်သည်။ ထိုသတင်းဆိုးနှင့် တစ်ဆက်တည်း အမှတ်ရမိသည်မှာ သော်သော်နှင့် ညိုတို့၏ နောက်ဆုံးနှုတ်ဆက်စကား….။ 

မည်သို့ပင်ဖြစ်စေ…ကျွန်တော့်နဘေးတွင် ဆု မရှိခဲ့သော ကျွန်တော်၏ခရီးစဉ်အကြောင်း ဆုမှမေးလာလျှင် ရက်အနည်းငယ်အတွင်း ဆုံဆည်းရင်းနှီးခဲ့သော မဟာဆန်သော မိန်းကလေးတစ်ယောက်အကြောင်းအား ဝန်လေးခြင်းကင်းစွာ ကျွန်တော်ပြောပြလိမ့်မည်ဖြစ်သည်။

အချစ်ဟူသည် မတည်ငြိမ်၊ ပြောင်းလဲတတ်၍ ရွေးလျားလွင့်မျောနေသော တိမ်တိုက်များနှင့်တူသည် ဟု ကျွန်တော်ဖတ်ဖူးခဲ့သည်။ ကျွန်တော့်နှလုံးသားတွင် ဖြစ်တည်သော၊ ပုံသဏ္လာန်မပြောင်းလဲသေးသော တိမ်တိုက်ကလေးကိုတော့ မည်သို့ အမည်နာမ တပ်ခေါ်ရမည်ကို ကျွန်တော် အဓိပ္ပါယ် မဖော်ချင်တော့ပါ….။ ခုတစ်လော ကျွန်တော်ဆွဲဖြစ်သော ပန်းချီများမှာ တိမ်မျှင်၊ တိမ်စိုင် များသာဖြစ်၍နေတော့သည်။ ခရီးမှ ပြန်ရောက်ပြီး နောက်ညများ၌ အိပ်မက်များမက်နေတတ်ပြီး၊ ထိုအိပ်မက်များထဲတွင် ကျိုက်ထီးရိုးဘုရားသို့သွားသော ခရီးသွားကားပေါ်တွင် ညိုနှင့်ဆင်တူသော မိန်းကလေးအားခဏခဏဆုံရတတ်သည်။

သေချာသည်မှာ ကျွန်တော်၏ နောက်ညများတွင်လည်း ညိုနှင့်သွားခဲ့ဖူးသည့် ခရီးအကြောင်း အိပ်မက်တွေမက်နေလိမ့်ဦးမည်။ အထူးသဖြင့် ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ထဲက ဒုတိယည၏လအကြောင်း၊ တိမ်အစုလိုက်များအကြောင်း၊ ညို့မျက်ရည်စွတ်စိုခဲ့ဖူးသော ရင်ခွင်တစ်ခုအကြောင်း။ အိပ်မက်ပျယ်သော နေ့လည် နေ့ခင်းများတွင်တော့ ရွာချခွင့်မရခဲ့သော ငွေ့ရည်ဖွဲ့ပြီးသား ရင်ထဲမှတိမ်စိုင်ကလေးသည် အက်ကွဲပြန့်နှံ့သွားခြင်းမရှိပဲ တည်ရှိနေဦးမည်။ ခြေရာပျောက်သွားသော ထိုတိမ်စိုင်လေးတစ်ခုသည် ကျွန်တော့်ရင်ထဲတွင် ပုံရိပ်တစ်ခုအဖြစ်ခိုအောင်းနေလိမ့်ဦးမည်။ 

ပို၍သေချာနေသည်မှာ ကျွန်တော် ညိုနှင့် ပြန်ဆုံရလိမ့်ဦးမည် ဟုလည်း ယုံကြည်နေချင်မိခြင်းပင်ဖြစ်ပါတော့သည်။ 

 
++++++++++++++
++++++++++++++

 ပြီးပါပြီ...။


း)) သာသာယာယာရှိသော တနင်္ဂနွေနေ့ဖြစ်ကြပါစေရှင်...။ 

မေတ္တာမွန်ဖြင့်..

မိုးပန်းချီ


16 comments:

  1. ညီမက သုံးလေးပိုင်းရှိဦးမယ်ထင်လို့။ :)

    ReplyDelete
  2. Sis, Ko Thet and Nyo cannot be together :((. It's like a mystery novel. I want a happy ending, sis.

    ReplyDelete
  3. အယ်.. ပြီးသွားပြီလား အမ..
    ဇာတ်လမ်းလေးက လွမ်းစရာလေး..
    ရှမ်းစော်ဘွားတွေက အရမ်းသွေးကြီးတယ်ဆိုတာ ဇာတ်ကားတွေထဲမှာလည်း ကြည့်ဖူးတယ်..။
    ချစ်သူချင်း ညားကြရင် ကောင်းမယ်နော်.. :)

    ခင်လျက်
    ဒီနေခ

    ReplyDelete
  4. ဇာတ်လမ်းဖွဲ့ထားပုံလေး အရမ်းကောင်းတယ်။ အလွမ်းဇာတ်လေးကို တည်တည်ငြိမ်ငြိမ်လေးဖြစ်အောင်ဖွဲ့တတ်တယ်.. ရင်ကိုထိတဲ့ ဇာတ်လမ်းလေး...

    ReplyDelete
  5. ပျော်ရွှင်စရာလေးနဲ့ ဇာတ်သိမ်းတာကို ပိုသဘောကျတယ် မိုးရေ။ လွမ်းလွမ်းဆွေးဆွေးဇာတ်သိမ်းရင် စိတ်ထဲမှာမကောင်းဖြစ်ပြီး ကျန်တတ်လို့း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ရင်ကိုထိတဲ့ ဝထ္ထုကောင်းလေးပါ

    ReplyDelete
  7. ကောင်းတယ်မိုးရေ..အားပေးတယ်

    ReplyDelete
  8. ဒီမယ် ဗိုလ်ဒင် ပေါင်းမယ်ဆိုလဲ ရဲရဲပေါင်းပါ့လားတော်
    ခုတော့ များတို့ကိုအတွေးတွေပေးခဲ့သေး သူက ဟွန့်

    ReplyDelete
  9. ကိုယ်က ညိုတို့နှစ်ယောက်ထက် ဆုကို ပိုစိတ်ဝင်စားနေမိတယ်။း)

    "ကျွန်တော့်နဘေးတွင် ဆု မရှိခဲ့သော ကျွန်တော်၏ခရီးစဉ်အကြောင်း ဆုမှမေးလာလျှင် ရက်အနည်းငယ်အတွင်း ဆုံဆည်းရင်းနှီးခဲ့သော မဟာဆန်သော မိန်းကလေးတစ်ယောက်အကြောင်းအား ဝန်လေးခြင်းကင်းစွာ ကျွန်တော်ပြောပြလိမ့်မည်ဖြစ်သည်။"

    .........ကျွန်တော်က ဘယ်လိုပုံစံနဲ့ ပြန်ပြောပြမှာလဲ။ ဆုကရော.. ဘယ်လို ခံစားချက်နဲ့ တုန့်ပြန်လိုက်မှာလဲ...။

    ReplyDelete
  10. ဝတ္ထုလေးကိုဖတ်ပြီး နောက်ဆက်တွဲတွေ တွေးလေ့ရှိတဲ့ မဒါကတော့ အတွေးနယ်ချဲ့နေမိတော့တယ် ညီမလေးမိုးရေ။ ညီမလေးရဲ့လက်ရာကောင်းလေးတွေကို စောင့်ဖတ်ပါမယ်။
    စိတ်ချမ်းမြေ့ပါစေညီမလေး။
    ချစ်တဲ့
    မဒါ

    ReplyDelete
  11. လွမ်းလို့ကျန်ရစ်မှာကို အားနာပါတယ်လေ..။ ကျုပ်တော့ လုစားခဲ့ရတဲ့ ဘူးသီးကြော်ပဲ လွမ်းတော့တယ်
း(
ွှTHS

    ReplyDelete
  12. ရှမ်းစော်ဘွားတွေက အရမ်းသွေးကြီးတယ်ဆိုတာ ဟုတ်တယ်ထင်တာပဲ
    ဒါပေမဲ့ ရှမ်းပြည်သူကတော့ သွေးမကြီးပါဘူးနော်
    ချစ်ချစ်ခင်ခင် jasmine

    ReplyDelete
  13. အဓိကကတော့ သံယောဇဉ်ပေါ့ သိပ်ကြောက်ဖို့ ကောင်းတယ်...
    တဖတ်သက် လွမ်းနေရမဲ့ လူတစ်ယောက်အတွက် ဘယ်လောက်ပူလောင်နေမယ်ဆိုတာ ကိုယ်ချင်းစာပေးလို့ ရသလို ပိတ်လှောင်မွန်းကြပ်နေမဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်လိုစိတ်ကိုလဲ ကိုယ်ချင်းစာပေးလို့ ရပါတယ်။ ရသပေါင်းစုံပေးနိုင်တဲ့ ဝတ္ထုကောင်းလေ တစ်ပုဒ်ပါ အစ်မ...

    မှတ်ချက်။ ။ စာကို သေချာလေး ဖတ်မိလို့ ကိုယ်ချင်းစာမိတာနော် အစ်မ...

    ReplyDelete
  14. ၀တ္ထုတွေဖတ်ပြီး ဘာမဆိုင်ညှာမဆိုင် ဇာတ်ကောင်နေရာကနေ ၀င်သရုပ်ဆောင်ကြည့်နေမိသလိုလို... မသိစိတ်က။ (အချစ်ဟူသည် မတည်ငြိမ်၊ ပြောင်းလဲတတ်၍ ရွေးလျားလွင့်မျောနေသော တိမ်တိုက်များနှင့်တူသည်။) မဆိုင်ပေမယ့် ဖတ်ပြီး မှတ်သားမိခဲ့တယ် မိုးပန်းချီရေ..

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  15. ညီမလေးမြတ်ကြည်...

    ဟုတ်တယ်..ဆက်ရေးလို့ရသေးတယ်။ ဆက်ရေးရင် ကိုရီးယားကားလိုဖြစ်သွားမဆိုးလို့ ဇာတ်ကိုအတင်းသိမ်းသလိုဖြစ်သွားတယ်။း))



    ရို့စ်လေး...

    hehee...who knows ko thet and nyo can cross paths again one dayး)) Thank you for reading this post till the end thou it wasn't smooth ending :) (btw, you made me smile by your cute comment ;))



    June Moe....

    ရေးလို့တော့ပြီးသွားပါပြီရှင်...ဆက်တွေးချင်တွေးလို့ရပါတယ်း)ဟုတ်ကဲ့.ကိုယ့် သူငယ်ချင်းထဲမှာ အဲလို အချုပ်ချယ်ခံ ဂုဏ်မြင့်သူရှမ်းမလေးတစ်ယောက်ရှိခဲ့ပါတယ်။ ရှမ်းလေးတွေဟာ ချစ်စရာတော့ကောင်းကြတယ်။ ကိုယ်လည်းချစ်သူချင်းကို ညားစေချင်ပါတယ်း) ကျေးဇူးပါရှင်။



    အစ်မ မအိမ်သူ...

    ရင်ကိုထိသွားတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် မရေ :D



    တီတင့်ရေ...

    စိတ်ထဲမကောင်းကျန်ရစ်သွားတယ်ဆိုတော့ စိတ်မကောင်းဖြစ်ရပါတယ်။ တီတင့်အတွက် happy ending လေးတစ်ပုဒ်ရေးဦးမယ်နော်း))



    ညီမလေး စန်းထွန်း...

    ကျေးဇူးအများကြီးး)



    ကိုချမ်း(ပဥာက်)...

    စာလာဖတ်အားပေးလို့ ကျေးဇူး...း)



    မဒမ်လေး...

    ဟဲဟဲ...ကိုယ့်မဒမ်တို့များ တော်ချက်...:D



    အစ်ကို သတိုး...

    ဟုတ်တယ် အစ်ကို..ဒီဇာတ်လမ်းကို ဆက်ရေးဖို့ ကြံတုန်းက ဆု နဲ့ ကိုသက်အကြောင်း ပြည့်ပြည့်စုံစုံထည့်ရေးချင်တာ။ ဝတ္ထုတိုကနေ ဝတ္ထုရှည်ဖြစ်သွားမှာ စိုးတာနဲ့ အတင်းကြီးကို ဇာတ်သိမ်းထားတယ် :D သေချာခံစားဖတ်ရှုအားပေးတာ ကျေးဇူးပါအစ်ကို။



    မဒါရေ...

    ဇာတ်လမ်းဖတ်ပြီး ဆက်တွေးမိနေတယ်ဆိုလို့ ပျော်သွားပြီး) မဒါတို့လိုအားပေးတဲ့သူရှိနေသမျှ ကြိုးစားရေးပါ့မယ် မရေ...ကျေးဇူးတင်ပါတယ် မ။



    အစ်မသု...

    တကယ်..အားနာပါတယ်လေ..း)။ အဟက်...ဗူးသီးကြော်ပဲလား ချစ်မးD?..ပဲမှုန့်နဲ့ ငရုတ်သီးမှုန့် ဖျန်းထားတဲ့ အချဉ်ရည်လေးရော သတိရဘူးလား..စားတောင်စားချင်သွားပြီ...း(

    အစ်မဂျက်စ်...
    အစ်မက ချစ်စရာကောင်းမှန်းသိပြီးသားပါနော်....း)))

    ကိုညီရဲ...
    သေသေချာချာလေးဖတ်ပြီး ခံစားနားလည်ပေးသွားတာ တကယ်ကျေးဇူးတင်ပါတယ်ရှင်။
    မှတ်ချက်လေးဖတ်ပြီး သဘောကျနေတား)) ကိုညီရဲက ကျမဇာတ်လမ်းထဲက ဇာတ်ကောင် ကိုသက်နဲ့တောင်တူနေသလားပဲ...းD

    ချယ်ရီမြေမှ ဘုန်းဘုန်းဘုရား..
    တပည့်တော်ဆိုက်ဒ်ကို လာရောက်လည်ပတ်ပြီး ဖတ်ရှုခံစားပေးသွားတဲ့အတွက် ကျေးဇူးတင် ဦးတင်ပါတယ်ဘုရားး)ဘုန်းဘုန်းလည်း ကျန်းမာရွှင်လန်းပါစေဘုရား။

    အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။

    ReplyDelete
  16. အားပေးသွားတယ်ခင်ဗျာ။ ဆုလေးသနားပါတယ် သားတို့ယောက်ျားတွေ ကောင်းကိုမကောင်းဘူး။ ဒါပေမယ့် သားပါဘူးနော် အစ်မ။ ဟီး..... :P

    ReplyDelete

ရင်ထဲရှိတာပြော..း)