Monday, May 30, 2011

နေခြည်မှာ...ရွှေရည်လောင်း

ညနေ၊ နေဝင်ရီတရောအချိန်၊ အတိအကျဆိုရရင် ညနေ ခြောက်နာရီထိုးဖို့ ငါးမိနစ်။ ခြံဝင်းအဝင်ဝနားမှာ တန်းစီရပ်နေတဲ့ သနပ်ခါးအဖွေးသားနဲ့ ကလေးတွေ။ ဝင်လာလို့ မပြောမချင်း ရပ်နေကြဦးမယ်ထင်ပါရဲ့။    ဝင်ခွင့်ပေးလိုက်တော့ ပြုံတိုးပြီးဝင်လာကြလေတယ်။ လမ်းမှာတွေ့ရင်တော့ အမြဲရယ်ပြလေ့ရှိပြီး ဒီနေ့ကျမှ သူတို့လေးတွေရဲ့မျက်နှာမှာကြောက်နေသလိုအမူအရာတွေနဲ့။ လူခြောက်ယောက်စာ ထမင်းစားပွဲခုံဝိုင်းမှာ လေးယောက်သာရှိတဲ့ သူတို့တွေကတိုးဝှေ့ပြီးနေရာယူလိုက်ကြတယ်။ ပြီးတော့ စားပွဲရှေ့တည့်တည့်မှာရပ်နေတဲ့ ညိမ်း ကိုကြောင်စီစီကြည့်နေကြတယ်။ ညိမ်းကတော့ပြုံးစိစိမျက်နှာပေးနဲ့ ဘာကိုသဘောကျနေမှန်းမသိ။ 
“မင်္ဂလာပါ မမ”။
နှုတ်ဆက်လိုက်ကြတော့လည်းမညီမညာ တစ်ယောက်တစ်ပေါက်။ နာမည်တွေရေးဖို့ ညိမ်းက ကလေးတွေရဲ့ စားပွဲအလယ်ကို စာရွက်တစ်ရွက်ထိုးပေးလိုက်တယ်။ သူတို့ကို ထိုင်စရာပေးထားတဲ့နေရာက သာသနာ့အလံတွေတပ်ထားတဲ့ဘုရားခန်းမို့လားမသိ ထိုင်နေပုံကမလွတ်မလပ်ဖြစ်နေလိုက်ကြတာ။ ဘွားခင် ကတော့သူတို့နဲ့တည့်တည့် ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်တစ်လုံးပေါ်မှာ။ ကလေးတွေကိုအကဲခတ်တဲ့မျက်လုံးတွေနဲ့ကြည့်လို့။ သင်းကလေးတွေနဲ့ ညိမ်းဘယ်လောက် ရေရှည်ခံမလဲဆိုတာကြည့်ကြသေးတာပေါ့ဆိုတဲ့ အကြည့်မျိုး။ ဘွားခင်ရဲ့မြေးမ ညိမ်းက တစ်ဆယ့်ခြောက်နှစ်သာရှိသေးတာကိုး။ ရေးပြီးသားစာရွက်ပေါ်ကနာမည်တွေကိုရွတ်ကြည့်ပြီး ညိမ်းက မအော်ရုံတမယ် ရယ်တယ်။ သူတို့ကလည်း လိုက်ရယ်တယ်။ “ရယ်စရာအချိန်မဟုတ်တော့ဘူး စာအုပ်ထုတ်” ဆိုပြီး ညိမ်း ခပ်တည်တည်ဆိုလိုက်တော့ ကြောင်ပြီးကြည့်နေကြပြန်တယ်။ သြော်..ဒီနေ့မှ ညိမ်းရဲ့ ကျောင်းကလေး စဖွင့်တဲ့ ပထမဦးဆုံးနေ့ကိုး။

----------------******----------------

          သူ့အမေပေးထားတဲ့ နာမည်တွေများ ကြည့်ပါဦး..။ မှတ်ကြီးတဲ့။ ဘယ်နေရာမှာမှ အမှတ်ရှိတာမတွေ့မိပါပဲ သူ့ကိုဘာကြောင့် မှတ်ကြီးလို့ခေါ်သလဲဆိုတာ သူ့အမေသာလျှင်သိတော့မှာပဲ။ နောက်တစ်ယောက်က ပျော့ကြီးတဲ့။ နာမည်နဲ့အင်မတန်မလိုက်ဖက်အောင် မာလိုက်တာများ ပြောမနေပါနဲ့၊ ခေါင်းမာတဲ့နေရာမှာ သူ့အပြင် နှစ်ယောက်မရှိဘူး လို့ သူတို့အမေပြောနေကျ..။ အကြီးဆုံးသားနာမည်က ခေါ်ရအဆိုးဆုံး၊ မရိုသေ့စကား.. ဘောကြီးတဲ့။ အဲဒိနာမည်ကိုတော့ သူ့အမေအပြင် ဘယ်သူမှမခေါ်ရဲကြပါဘူး။ ရပ်ကွက်ထဲကလူတွေ အဲလိုခေါ်ရင်သူက ဆဲဆိုကြိမ်းမောင်းတော့တာ။ အစသန်တဲ့သူများကိုတော့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပဲ၊ အနားမှာတွေ့တာနဲ့ ပစ်ပေါက်တာပဲ..။ ဘောကြီးအောက်က မေဇင်ဆိုတဲ့ကလေးမကိုတော့ သူ့အမေက ဇင်မ လို့ခေါ်တယ်..။ အသက်တစ်ဆယ့်နှစ်နှစ်သာသာရှိသေးပေမယ့် ပြည့်ပြည့်ကစ်ကစ်ကလေးမို့ အရပ်ကစနောက်ခေါ်ကြပြန်တယ်.. ဆင်မတဲ့..။ နာမည်အရင်းတွေတော့မဟုတ်ပါဘူး။ အရင်းတွေမဟုတ်ဘူးဆိုတော့ နာမည်ဝမ်းကွဲတွေလို့ဆိုရမလို။ အိမ်ခေါ်နာမည်ပြောင်တွေပါ..။ ဒါပေမယ့် ရပ်ကွက်ထဲကလူတွေကလည်း သူတို့နာမည်ပြောင်တွေခေါ်ရင်း နာမည်ရင်းတွေတောင်မေ့လို့။ ဘောကြီးနာမည်ရင်း ကျော်စွာဆိုတာကလွဲလို့ပေါ့လေ..။ ကျော်စွာဆိုတဲ့ နာမည်ကိုတော့ ရပ်ကွက်ထဲလူတွေ အသည်းစွဲအောင် မှတ်ထားကြလေရဲ့..။
          

Friday, May 20, 2011

ငါးသွယ် ကောင်းကျိုး..

သီလခေါ်ဆို
ကိုယ်ကျင့်တရား..စင်ကြယ်ငြားမူ..။
စီးပွားတိုးလျှက်..
နာမည်တက်၍..
ရွံ့ ရှက်ကြောက်ကင်း....
ပွဲလယ်ချဉ်း၏..။

သေချင်းဆိုက်လတ်...
သတိကပ်လျှက်...
ရောက်လတ်နတ်ဝယ်..
ဤငါးသွယ်..ရဖွယ်ကောင်းကျိုးတည်း..။

*************_/\_/\_/\_/\_/\_*************

ကျွန်မအသက်ခပ်ငယ်ငယ်က ကြည့်ဖူးတဲ့ "တစ်ပါးသီလ" ရုပ်မြင်ဇာတ်လမ်းထဲမှာ နောက်ဆုံးပြကွက်ဖြစ်တဲ့ ယောဂီအဝတ်နဲ့ သရုပ်ဆောင် ဒေါ်ခင်စိုးပိုင် ရဲ့ တောလမ်းလေးတစ်လျှောက် ဖြည်းဖြည်းညင်သာ လမ်းလျှောက်ရင်းဝင်သွားတဲ့ အခန်းမှာ နောက်ခံ (အဆိုတော် နီနီဝင်းရွှေ ဖြစ်မယ်ထင်ပါတယ်) ဆိုသွားတဲ့ သံပေါက်ကလေးပါ..။ ရေးတဲ့ပုဂ္ဂိုလ် ဘယ်သူ ဘယ်ဝါဆိုတာမသိလိုက်ပါဘူး..(ဇာတ်လမ်းရဲ့ ဒါရိုက်တာဖြစ်တဲ့ ဘဘဦးသုခ များဖြစ်နေခဲ့မလားတောင် တွေးနေမိတယ်း).. ) ။ သိတဲ့သူများရှိရင် ပြောပြပေးစေချင်ပါတယ်..။ အခုထိတိုင် ကျွန်မအသည်းထဲမှာ စွဲနေအောင်မှတ်မိနေတဲ့ သံပေါက်ကလေးမို့ပါရှင်..။

စာကြွင်း။ ။ အသစ်ရေးဖို့ အမြဲအားပေးလေ့ရှိပြီး ခဏခဏလည်းလာချောင်းလေ့ရှိတဲ့ စာကောင်းလေးတွေလည်းရေးတတ်တဲ့ ကောင်မလေးတစ်ယောက်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်း))
 

Sunday, May 8, 2011

မိုးတိမ်စတွေရဲ့ အပေါ်မှာ....

အမေစံရဲ့ မျက်နှာမှာ သွေးစုပ်ဖြူရော်လို့နေပြီ..။ ဆိုင်းထိုးရန် ဘောလ်ပင် ကိုင်ထားသော လက်တို့ကလည်းတုန်ရင်လို့..အမေစံသည် စိမ်းပြာရောင် နောက်ခွဲယူနီဖောင်းနှင့် ခေါင်းစွပ်အစိမ်းနုရောင် ဝတ်ထားသော သူမ၏သူငယ်ချင်း ဆရာဝန်မကြီးဆီသို့ အားကိုးလွန်းကြီးစွာ မော့ကြည့်လိုက်သည်။


*****************_/\_/\_/\_/\_/\_****************

နားလည်မှုတို့ လွဲချိန်....
"စော" သည်းထန်စွာငိုလေပြီ..။ စော တစ်ယောက်တည်း တစ်စိမ်းတစ်ရံစာတွေကြား အားငယ်နေမှာကို ကြိုမတွေးမိတော့ဘူးလားဟု စော က ဆိုလျှင် ကိုယ့်မေမေဟာ စောရဲ့မေမေပဲ မဟုတ်လား ဟု"ခန့်" ကပြန်ဖြေမြဲ..။ ခန့် ရဲ့ အကြောင်းပြချက်က စောကိုလုံခြုံ နွေးထွေးသောနေရာမှာ မီးဖွားစေချင်သည်တဲ့လေ..။  စော အတွေးကတော့ ဒီလိုမဟုတ်.. စောကခြူခြာသူမို့ ခုလို ကိုယ်လေးလက်ဝန်ရှိနေစဉ် စောကို ပြုစုရမှာ ကြောက်လို့ဟု တစ်ထစ်ချစွပ်စွဲသည်..။ စော တို့နှစ်ယောက်စလုံး မွေးရပ်နှင့် ဝေးရာမှာ အလုပ်လုပ်ကြရသည်မို့ တစ်စုံတစ်ခု နာမကျန်းဖြစ်လျှင် ဘိုးသူတော် နှင့် တောင်ဝှေး ပဲရှိသည်မဟုတ်လား..။ ခန့် သည် အလုပ်ကိစ္စဖြင့် ခရီးထွက်ရလျှင် စော တစ်ယောက်တည်းအိမ်မှာကျန်နေခဲ့မှာ၊ စော တစ်စုံတစ်ရာဖြစ်လျှင် ချက်ချင်းကူညီမည့်သူမရှိဖြစ်နေမှာကိုစိုးသည်..။ စော ကတော့ ခန့် ရဲ့ သွေးကိုလွယ်ထားရပြီမို့ ဘယ်လိုအခက်အခဲတွေ ကြုံကြုံ ခင်ပွန်းသည်အနားမှာသာနေပြီး ကလေးကိုမွေးဖွားချင်သည်..။

"စော ကောင်းဖို့အတွက်ချည်းပဲ စော..သူတို့က စော ကိုလိုလေးသေးမရှိအောင် ပြုစုကြဦးမှာ.." ခန့်ပြောလေ့ရှိသော စကား။
 "ကျွန်မလိုချင်တာ အဲဒါတွေမဟုတ်ဘူးဆိုတာ ရှင်နားမလည်ပါဘူး.." စော နှင့် ခန့် တို့ အခန်းငယ်ကလေးသည် တိတ်ဆိတ်သွားခဲ့ပြီ..။ ကုတင်အစွန်းနှစ်ဖက်မှာတော့ ကျောခိုင်းတိုးတိတ်စွာ ထိုင်နေကြသော ခန့် နှင့် စော...။
     

Sunday, May 1, 2011

ရက် ၃၀၀ ပြည့်..ကြယ်စင်ရေ


ကြယ်စင်ကလေးရေ...
မင့်မှာ...
ကြည်လဲ့လဲ့ရွှန်းစိုတဲ့...
မျက်ဝန်းညိုတွေရှိတယ်.။

ကော့ရွန်းတဲ့ မျက်တောင်တွေနဲ့လည်း
ချစ်အောင်မြှူတတ်သေးတယ်..။

ပျားရည်ဆမ်းတဲ့
တီတာတာ သန္တာရောင် နှုတ်ခမ်းလေးရယ်

ကျော့မဆုံးတဲ့
ကေသာပိတုန်းလေးရောပေါ့...။

တစ်လတာကာလတမ်းကို
ရက် ၃၀ ပျမ်းမျှနှုန်းနဲ့တွက်မယ်ဆို...
မင့်သက်တမ်း ရက်ပေါင်း ၃၀၀ သာရှိသေးတဲ့

ကြယ်စင်ကလေးရေ..

မေ့...ရင်ထဲစွဲ
သည်းလှုပ်အောင် ချစ်မိ....
တုမရှိ...။


***ရေးချင်နေတာက တစ်နေ့က (စနေနေ့) သွားဖြစ်ခဲ့တဲ့ စာပေမြတ်နိုးသူများ အဖွဲ့မှကြီးမှူးကျင်းပတဲ့ တတိယအကြိမ်မြောက် စာပေဟောပြောပွဲအကြောင်းပါ...။ ရေးဖြစ်သွားတာက သမီးလေးရဲ့ ၁၀ လပြည့်မွေးနေ့ အမှတ်တရ ကဗျာမဟုတ် စာမဟုတ် အတိုအထွာလေး။
တစ်နေ့ကတော့ ဆရာကြီးများနဲ့ ဆရာမကြီးများရဲ့ ဟောပြောချက်များကို အစမှအလယ်၊ အလယ်မှအဆုံး ပျော်မဆုံးမော်မဆုံး တစ်ပြုံးပြုံးနားထောင်လို့.. သူတို့ရွတ်ဆိုသွားတဲ့ ကဗျာတွေ အလင်္ကာတွေ ကိုလည်းမမောမပမ်း မျက်ရည်လေးတစ်စမ်းစမ်းနဲ့ကြည်နူးနေခဲ့ရာက ပြန်ရေးပြပြီးဝေမျှချင်စိတ်တွေတဖွားဖွားဖြစ်လို့...စဉ်းစားကြည့်တော့ ဆရာ/ဆရာမကြီးများရဲ့ အဟောအပြောတွေထဲမှာ ကောင်းနိုးရာရာ ကောက်နှုတ်စရာမရှိ၊ ပြစ်ရက်စရာမရှိအောင် ကောင်းလွန်းတာမို့ အသံဖိုင်၊ ဗီဒီယိုဖိုင် တို့ ထွက်မှပဲ တင်ပါတော့မယ်.. ဟောပြောပွဲသွားခွင့်မကြုံလိုက်ရသူတွေရှိခဲ့ရင်လည်း နားထောင်နိုင်အောင်ပါ...။
ခုတော့ဒီစာတို၊ ကဗျာစလေးပဲ တင်လိုက်ရပါတယ်.. ဆရာကြီးချစ်စံဝင်း ဟောပြောပြသွားတဲ့ "အမေဟူသည် အလွမ်းသည်" ကိုနားထောင်ရင်း၊ အဝေးဆီမှာရောက်နေရရှာတဲ့ ၁၀ လအရွယ် သမီးကလေးကို လွမ်းဆွတ်ရာက စပ်မိတဲ့ ကဗျာတိုလေးရယ်ပါ..:)***