သူအသက်ရှုကြပ်လွန်းလို့ ပြေးထွက်ချင်နေပြီ။ အိမ်ရောက်ဖို့ နည်းနည်းတော့ လိုနေသေးတာ ခက်တာပဲ။
ဘေးဘီဝဲယာတောင် လှုပ်မရအောင်ကြပ်သပ်လွန်းလိုက်တာ။ သူ့ဘေးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးမို့ ကိုယ်ကိုအတတ်နိုင်ဆုံးကျုံ့ထားရလို့ ပိုမွန်းကြပ်တာ။ ဘာပဲဖြစ်ဖြစ် ဒီဘက်ဘေးက သနပ်ခါးပန်းလေးတွေကို မဟာဆန်ဆန်ပန်ထားတဲ့ ကောင်မလေးတစ်ယောက်ကြောင့် မူးဝေနောက်ကျိနေတာတွေ သက်သာရာရတယ်လို့လည်း သူ့ဘာသာတွေးပြီးပြုံးလိုက်တယ်။ သနပ်ခါးပန်းလေးတွေဟာ သူ့အတွက်တော့ ငရဲပန်းတွေကြားက ကျဉ်းကျဉ်းကြပ်ကြပ် ပွင့်နေတဲ့ နတ်ပန်းကလေးတွေလို၊ မွှေးမြမြ ရနံ့လေးတွေကလည်း အော်ကလီဆန် အနံ့ဆိုးတွေကြားက အောက်ဆီဂျင်လို။ သနပ်ခါးပန်းအသည်းစွဲကြိုက်တတ်တဲ့ ချစ်သူကို သူ ရုတ်တရက် သတိရသွားတယ်။ သနပ်ခါးပန်းတွေ ပွင့်နေသေးတယ်ဆိုတာ သူမသိ။ သူ့အတွက် ရက်အချိန်မသိ ပြက္ခဒိန်မရှိဖြစ်ခဲ့တာ နှစ်ပေါင်းများခဲ့ပြီ။ ခုရော.. ချစ်သူ သနပ်ခါးပန်း ကြိုက်သေးရဲ့လားတော့ သူ မသေချာ။ ငါးပိငါးချဉ်သိပ်ကားကြောင့် သနပ်ခါးပန်းပန်ထားတဲ့ ကောင်မလေးမျက်နှာကတော့ လေလျော့ကျနေတဲ့ ဘောလုံးတစ်လုံးလို ရှုံ့တွတွ၊ မဲ့တဲ့တဲ့တောင်ဖြစ်နေပြီ။ ကားပေါ်ကလူတွေရဲ့ မျက်နှာတွေဟာ ခုချိန်မှာ တစ်ပုံစံတည်းဖြစ်နေပုံကို သူ ကြည့်ရင်းနည်းနည်းစိတ်သက်သာရာရသွားပြီး နှုတ်ခမ်းတစ်ချက်မဲ့လိုက်တယ်။ ကိုယ်တစ်ယောက်တည်းမှ မဟုတ်ပဲလေ။ အားလုံးအိမ်ပြန်ရောက်ချင်ကြပြီမဟုတ်လား။