Monday, December 31, 2012

ချစ်သော..ကမ္ဘာပြိုရင်တောင် မိုးထားပေးမယ့်သူ



(1)
ဒီနေ့ဟာ ဘယ်လိုနေ့ကြီးပါလိမ့်။ အရင်ဆို မိုးရွာခါနီးဆိုရင် ဒီလိုပဲ အပြင်မှာ မှောင်မည်းနေကျ။ ဒါပေမယ့် ခုလိုမျိုး မီးခိုးရောင်လို ခပ်မှိုင်းမှိုင်းအငွေ့တွေ၊ အမှုန်တွေလွင့်မျောနေတာမျိုး ‘သီး’ အသက် တစ်ဆယ့်လေးနှစ်အတွင်း ဒီတစ်ခါပဲ မြင်ဖူးသေးတယ်။ မိုးရွာခါနီးလက္ခဏာပါပဲ။ တစ်ခုသေချာတာက အရင်အခါပေါင်းများစွာ တိမ်ထူထပ်တဲ့နေ့တွေကလို အရောင်မျိုးနဲ့ ကောင်းကင်ကို လွှမ်းခြုံထားတာမျိုးမဟုတ်ဘူး ဆိုတာပဲ။ ဒီလိုနေ့မျိုးမှာ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့မယ်ဆိုတာကိုလည်း ဘယ်သူကကြိုသိနိုင်မှာလဲ? မိုးရွာခါနီးဖြစ်ပေမယ့် ထူးခြားတဲ့အရောင်တစ်မျိုးနဲ့ မိုးခေါ်နေတဲ့ ကောင်းကင်ဟာ  မထင်မှတ်ထားတဲ့ သတင်းတစ်ခုကိုလည်း သယ်ဆောင်ခဲ့တယ်ဆိုရင် ဒါဟာ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်မှာပါ။

“ဖွား..အိမ်ရှေ့မှာ လူနှစ်ယောက်ရပ်နေတယ်” အဖွားလုပ်သူကို ‘သီး’ အော်ပြောလိုက်တော့
“အဲဒါဘာဖြစ်တုန်း? ဘယ်သူတွေလဲ၊ ဘာလဲ သွားမေးချေလေ” တဲ့။
ဂျာကင်အင်္ကျီဆင်တူဝတ်ထားတဲ့ လူနှစ်ယောက် အိမ်တံခါးဝနားမှာ ရပ်ပြီး ‘သီး’ ကိုလက်ပြနေကြတယ်။ အပြင်မှာမှောင်လာနေတာဆိုတော့ တံခါးနားကို မရဲတရဲကပ်သွားလိုက်တုန်းမှာပဲ..
“အိမ်မှာလူကြီးတွေ မရှိကြဘူးလား သမီး” သူတို့ဟာ ‘သီး’ ကိုမြင်တာနဲ့ ယဉ်ယဉ်ကျေးကျေးပဲ မေးလိုက်တယ်။
“ဖွားသက်ရှိတယ်…ဘာကိစ္စများလဲ မသိဘူး”
“ဦးတို့က xxx ကုမ္ပဏီကပါ။ အရေးကြီးတဲ့ သတင်းတစ်ခုလာပေးတာ အိမ်ထဲခဏဝင်ခွင့်ရမလား”
“ဒါဆို ခဏလေးနော်”
နောက်တော့ ဖွားသက်ထွက်လာပြီး တံခါးဖွင့်ပေးလိုက်တာနဲ့ သူတို့နှစ်ယောက်စလုံး ခေါင်းစိုက်ချပြီး အိမ်ထဲကိုဝင်လာကြတယ်။
“အမေက ဒီအိမ်က မခင်လဲ့ နဲ့ဘာတော်ပါလဲခင်ဗျာ?” သူ့ကို အမေလို့ ခေါ်လိုက်တဲ့ လူကို ဖွားသက်က ခဏကြောင်ကြည့်နေပြီး…

“နေပါဦး မင်းတို့ကဘယ်သူတွေများလဲကွယ်။ ဘာကိစ္စ ဖွားသမီး မခင်လဲ့နဲ့ ဖွားကိုဘာတော်သလဲ လို့ မေးနေရသတုန်း?”
ဖွားသက်ကတော့လုပ်ပြီ။ အဖြေကပေါ်နေပြီးများ မေးခွန်းပြန်ထုတ်နေရသေးတယ်။ ဖွားသက်မေးလဲ မေးစရာပါ။ အဲဒီလူနှစ်ယောက်က တစ်ဆိတ်တော့ ထူးဆန်းနေသလားပဲ။ ဂျာကင်ဆင်တူ ဝတ်ထားတဲ့ နှစ်ယောက်ထဲက အရပ်နည်းနည်းပိုရှည်တယ်လို့ ထင်ရတဲ့ လူက ဖွားသက်ကို သူ့ဂျာကင် အတွင်းအိတ်ထဲက စာအိတ်အညိုရောင် ခပ်ကြီးကြီးကို ထုတ်ပြီး လှမ်းပေးလိုက်တယ်။ စာအိတ်ထဲက အဖြူရောင် စာရွက်ခေါက် ကို ဖွားသက်က ဖြည်းဖြည်းလေးထုတ်ယူလိုက်ပြီး ဖြန့်ဖတ်လိုက်တဲ့အခါ ဖွားသက်လက်တွေဟာ သိသိသာသာကြီးကို တုန်ခါနေလေရဲ့။ ဖွားသက်က အသက်ခုနစ်ဆယ်စွန်းစွန်းရှိပေမယ့် လက်တုန်၊ ခြေတုန်၊ ခေါင်းတုန်တဲ့ အဖွားကြီးမျိုးမဟုတ်သေးဘူး ဆိုတာ ‘သီး’ သိတာပေါ့ ကိုယ့်အဖွားပဲ။

“အမယ်လေး၊ အမယ်လေး ငါသေချင်တယ်၊ ငါသာသေလိုက်ချင်တယ်ဟယ်…ဒုက္ခလှလှကြီးတော့ရောက်ကြပါပြီ”
ဖွားသက်က တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်ရင်း မျက်နှာကို လက်ဖဝါးနဲ့ အုပ်ထားတယ်။ ခဏကြာတော့…
“ဟဲ့…နင့်အမေ ခင်လဲ့ ကို ဖုန်းသွားခေါ်စမ်း ခုချက်ချင်း..”

Tuesday, December 18, 2012

ချစ်စရာ့ မေးစေ့ကလေး...



သက်တမျှ ၆လ ပြည့်တုန်းကလဲ မေးစေ့နှစ်ထပ်ရှိတာပဲး))
မတွေ့ဖြစ်တာ နှစ်အတော်ကြာပြီဖြစ်တဲ့ ကျွန်မရဲ့ငယ်သူငယ်ချင်းတစ်ယောက်နဲ့ အွန်လိုင်းမှာ စကားပြောဖြစ်ကြရင်း အမြဲလို လှလှပပလေးနေတတ်တဲ့ သူငယ်ချင်းက အသက်ကြီးလာတော့ ဝလာတယ်ဆိုတဲ့အကြောင်း၊ မေးစေ့နှစ်ထပ်တောင်ဖြစ်နေပြီဆိုတဲ့အကြောင်း ပြောပြရင်း၊ ဘယ်လိုလုပ်ရလဲ၊ နည်းရှိရင်ပေးပါဦးဆိုတော့ လေ့ကျင့်ခန်းဆိုလို့ တစ်ကနေတစ်ဆယ်ထိအောင် ရယ်ရမှာပျင်းတတ်တဲ့ကျွန်မအတွက် အခက်တွေ့ပါတော့တယ်။ ဒါပေမယ့် သူငယ်ချင်းမလေးကို ကူညီချင်တာနဲ့ ကိုယ်ကလည်း ( မဆိုသလောက်လေးး) ဝလာတာနဲ့ တစ်ချက်ခုတ် သုံး၊လေးချက်ပြတ်စေတော့ရယ်လို့ ဆုံးဖြတ်ချက်ချပြီးသကာလ သူငယ်ချင်းကို နည်းလမ်းရှာပေးမယ်ဆိုပြီး တတ်ယောင်ကားနဲ့ ရဲရဲကြီးအာမခံခဲ့ပါတယ်။ အဲဒါနဲ့ပဲ သူငယ်ချင်းအတွက်ရော၊ ဘလော့မှမိတ်ဆွေများ၊ မေးစေ့နှစ်ထပ်ဖြစ်လို့ စိတ်ပျက်နေတဲ့ ချစ်စရာ့ပျိုမဒီလေးများအတွက်ပါ ဒီပို့စ်ကိုရေးဖြစ်ပါတယ်။ အလှအပနဲ့ ကိုယ်ကာယလေ့ကျင့်ခန်းဖက်မှာ ပရို မဟုတ်တဲ့အတွက် အရေးအသား ဆီလျော်မှုမရှိခဲ့ရင် ခွင့်လွှတ်သည်းခံပေးဖို့ ကြိုတင်မေတ္တာရပ်ခံပါတယ်။ မေးစေ့နှစ်ထပ်လေးနဲ့ ချစ်စရာကောင်းလိုက်တာလို့ ချီးမွမ်းခံနေရဆဲသူတွေအတွက်တော့ ဒီပို့စ်က အသုံးမဝင်တော့ပါဘူးး) ကမ္ဘာမပျက်ခင် လှချင်သူများအတွက်ရယ်ပါး))

၁)  ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်ကျယ်လေး ၁၀ စက္ကန့်ကြာအောင် ဟထားပါ။ ပြီးလျှင် ပြန်ပိတ်ပါ။   

၂) ဦးခေါင်းကို မျက်နှာကြက်နဲ့ မျက်နှာချင်းဆိုင် အနေအထားရောက်အောင် မော့ထားပါ။ အဲဒီလိုမော့လိုက်တဲ့အခါ မေးစေ့လည်း အလိုလျောက် မော့ထားပြီးသားဖြစ်သွားပါလိမ့်မယ်။ မော့ထားတဲ့ အနေအထားမှာ နှုတ်ခမ်းကို အရှေ့ကိုစူထွက်ပြီး မျက်နှာကြက်ဆီသို့ ထော်ထားလိုက်ပါ။ ဦးခေါင်းမော့ နှုတ်ခမ်းထော်ထားတဲ့ အနေအထားမှာ ၅ စက္ကန့်ကြာတဲ့အထိထားပါ။ ပြီးလျှင် နှုတ်ခမ်းကို ပုံမှန်ပြန်ထားပါ။ ဦးခေါင်းကိုတော့ ဆက်မော့ထားရင်း နှုတ်ခမ်းစုထော်တဲ့အကြိမ် ၃ ကြိမ်မှ ၅ ကြိမ်အထိလုပ်ပေးပါ။ (ဒီလေ့ကျင့်ခန်း လုပ်တဲ့အခါ ကိုယ့်အခန်းတံခါးပိတ်ပြီးလုပ်ဖို့ အကြံပြုပါရစေ။ နို့မို့ သူများရယ်စရာဖြစ်နေပါလိမ့်မယ်။ ဘယ့်နှယ် ပွဲမဝင်ခင် အပြင်ကကျင်းပတာများ မျက်နှာကြက်ကြီး မော့ မော့ နမ်းရတယ်လို့း))

၃)  မေးစေ့ကို ရှေ့သို့ဆန့်ထုတ်ပါ။ ၁၀ စက္ကန့်ကြာအောင်ထားပါ။ ဦးခေါင်းနဲ့ ပုခုံးကတော့ ပုံမှန် မတ်မတ်ပဲထားပါ။ ဦးခေါင်းနဲ့ ပုခုံး လိုက်ပါဆန့်ထွက်ခြင်း မပြုမိပါစေနဲ့။ (မြန်မာဆန်ဆန်ဆိုရရင်တော့ ဇာတ်ထဲက မြန်မာကကွက်တစ်ခုဖြစ်တဲ့ မေးထိုးအကလေးနဲ့တောင် ဆင်ပါသေးတယ်။ ဒီလေ့ကျင့်ခန်းကောင်းကောင်းလုပ်တတ်ပြီဆိုရင် ဇာတ်ထောင်လို့ရပြီးD)

Friday, December 7, 2012

စကားစမြည် (၂)


မိုးပန်းချီ ခရီးသွားနေသည်း)

ဟုတ်ကဲ့။ ကျွန်မ ခရီးသွားနေပါတယ်။ မနက်ဖြန်မနက်အစောကြီး ခရီးမထွက်ခင်လေး ဒီစာကိုရေးခဲ့ခြင်းပါ။ ပြန်မလာခဲ့ရင်လည်း မျှော်မနေကြပါနဲ့ (ဒီလိုပဲ ကြီးကြီးကျယ်ကျယ် ပြောရတာပဲး)) ပြီးခဲ့တဲ့လမှာတင်ပဲ အင်ဒိုနီးရှားကို နှစ်ခေါက်နှစ်ရားတိတိ အရောက်သွားခဲ့ပါတယ် (ကာရန် အတင်းညှိထားရတာ)။ အိမ်ကလူကြောင့်ပေါ့။ သူကအင်ဒိုနီးရှားက resorts တွေကိုသိပ်ကြိုက်သလားတော့မသိပါဘူး။ 

အဲဒီရောက်တော့ ကျွန်မဖြင့် သူကြိုက်တဲ့ flying fox activity ကြီးမလုပ်ရဲလို့ အားရင် ရေကူးကန်ထဲပဲ ဝင်ဝင်စိမ်တော့တာ။ တစ်ချီမှာတော့ငြင်းမရခဲ့ဘူး။ သူအတင်းဆွဲခေါ်နေတာကြောင့် မီဒီယာတွေဝိုင်းအုံလာမှာစိုးတာနဲ့ သူခေါ်ရာကို အသာတကြည် ယက်ကန်ယက်ကန်နဲ့ ပါသွားရတယ် :D ကျွန်မက အမြင့်ကြောက်တတ်တဲ့ ဖိုဘီးယားရှိတယ်။ flying fox စီးဖူးတဲ့သူတွေ သိမှာပါ။ တစ်ကိုယ်လုံးကို ကြိုးနဲ့တုပ်ထား၊ ဟဲလ်မတ်စောင်းထား၊ ကိုယ်ပေါ်ကကြိုးကို ကောင်းကင်မှာ ဟိုဖက် နဲ့ ဒီဖက်ထိပ် မီတာ ၁၂၀ အတွင်းသွယ်တန်းထားတဲ့ကြိုးနဲ့ ချိတ်ဆက်လို့ ဝေဟင်မှာ လေအလျင်စီးရတာပါ။ တစ်နည်းပြောရရင် ကောင်းကင်မှာ ထုတ်တန်း တန်းပြီး ပုခက်အကြီးစားစီးရတာနဲ့တောင် တူနေသေးတော့တယ်။ သူများတွေတော့မသိပါဘူး ကျွန်မတော့ တစ်ခါစီးပြီးတာနဲ့ ရင်ထဲမှာ ကတုန်ကယင် ဒိန်းတပ်တပ်ကြီးဖြစ်လို့ နေရတာမကောင်းဘူး။ 

Banana boat လဲစီးခဲ့တယ်။ အဲဒါစီးရတာတော့ တကယ်ပျော်စရာကောင်းတယ်။ Banana boat ကို speed boat ကကြိုးနဲ့ဆွဲပြီး မောင်းရတာဆိုတော့ ရှေ့က speed boat မတော်တဆ စက်ရပ်သွားတာ ဒါမှမဟုတ် ဆက်ထားတဲ့ကြိုးပြတ်ကျန်ခဲ့တာဆိုရင် ရေလယ်မှာ ကြွေတယ် ဖြစ်သွားနိုင်တဲ့ကိန်း (နောက်ထပ်ကယ်မယ့် Boat တစ်ခုခုမလာခင်အချိန်ထိပေါ့) ကိုယ်ပေါ်မှာ safety jacket တွေဝတ်ထားရတယ်ဆိုပေမယ့် တကယ်တော့ အဲဒါစီးရတာလဲ ရင်တထိတ်ထိတ်ပဲ။ ဘာလို့ဆို ပြန်ခါနီးအချိန်နဲ့ကွက်တိတိုက်ပြီး စီးရတာဆိုတော့ တစ်ခုခုမမှားရအောင် ဘုရားတပြီး စီးခဲ့ရတာ။ 

လိုအပ်ရင်ထုတ်သုံးဖို့ သေနတ်ပစ်ပါ လေ့ကျင့်ခဲ့တယ်း)) သိတယ်မဟုတ်လား ပေါက် နဲ့ ကျေး၊ ပေါက် နဲ့ ကျေး….။ မနက်ဖြန်သွားမယ့်ခရီးက မလေးရှားမှာရှိတဲ့ Sibu Island ဆိုတဲ့ကျွန်းကလေးကိုပါ။ ခရီးတွေသွားနေလို့၊ အလုပ်တွေရှုပ်နေလို့ စာမရေးဖြစ်တာပါလို့ အကြောင်းမပြချင်တော့ပါဘူး။ စာမရေးဖြစ်တာကြာဆို စိတ်ဓါတ်အကြီးအကျယ်ကျနေလို့။ စိတ်ဓါတ်အကြီးအကျယ်ကျဆို ကိုယ်ရေးထားတဲ့စာတွေ ကိုယ့်ဘာသာပြန်ဖတ်ရင်း အားမရဖြစ်လို့။ အားမရဖြစ်ဆို စာကမရေးတာကြာ။ စာမရေးတာကြာဆို…..း)) သံသရာလည်နေပြီ။ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်ရော့မယ်။ မပြောတော့ပါဘူးရှင်။ စကားမပြောရတာကြာလို့ စကားစမြည်လေးပြောကြည့်တာပါ။

ဘာပဲဖြစ်ဖြစ် မနက်ဖြန် ကျွန်မခရီးသွားပါဦးမယ်း)


သီချင်းလေးတွေကို အတူတူဆိုရအောင်

ငယ်တုန်းကသာ ဘာဖြစ်ချင်သလဲလို့ မေးဖူးခဲ့ကြရင် အဆိုတော်လို့သေချာပေါက်ပြောမှာ။ ကျွန်မ သီချင်းဆိုတာ ဝါသနာပါတယ်။ ဆိုတော့…ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား အော်ဟစ်ပြီးတော့ကိုဆိုတာ ရှက်ရကောင်းမှန်းလဲမသိဘူး ငယ်သေးတာကိုး..လေ နော့း)) အဖွားကဆို ..ဟမ်မလေး တော်စမ်းပါအေ..ညည်းအသံဟာ နေထက်ပူပြင်းပါသတဲ့ :D 

စဉ်းစားတာသာကြည့်ပါတော့ နားသောတဆင်သူများ နွေရာသီခေါင်ခေါင်ကြီး ဆောင်းအိပ်မက်တွေဘာတွေ မက်နိုင်တဲ့အသံပိုင်ရှင်မျိုး။ ဘယ်လောက် အသံ၏ကောင်းခြင်းနဲ့ပြည့်စုံတဲ့ အဆို..တော် လဲဆိုတာ။ 
ကျွန်မကိုအားပေးတာဆိုလို့ ဘေးကပ်ရပ်အိမ်က ဦးလေးကြီးနဲ့ အန်တီကြီးတို့ စုံတွဲ။ သူတို့ကလည်း အိမ်ချင်းကပ်ရပ်ဆိုတော့ ရှောင်ပြေးလို့မရလို့နေမှာပါ။ ခုများတော့ အဆိုတော်ဖြစ်ချင်သေးလားလို့ လာမေးတဲ့သူရှိရင် မဖြစ်ချင်တော့ပါဘူးလို့ ဖြေရမှာပါပဲ။ လူကလဲ မကြီးမငယ်၊ ကျန်းမာရေးကလည်းမကောင်း ဆိုတော့ ဖြစ်နိုင်တာထက် ဖြစ်သင့်တာဦးစားပေးရတော့မှာ။ ဒုတိယအရွယ်၏ စတုတ္ထဝေဒနာ မဖြစ်ချင်တော့ပါဘူး :D ဒါပေမယ့် တတ်သည့်ပညာ မနေသာ ဆိုတော့ကာ…

သီချင်းလေးတွေကို အတူတူဆိုရအောင်…မေရယ့် မောင်ရယ် သံပြိုင်ဆိုကြမယ်း)) သင်္ကြန်မိုး ရုပ်ရှင်ကားကြီးထဲက ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်တဲ့ ဒီသီချင်းလေးကို တော်တော်များများ ကြိုက်ကြမယ်ထင်တယ်။ 

ကမ္ဘာမကြေ၊ မြန်မာပြည်.. တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ…. ဒီသီချင်းဆိုရင် အသက်ရှုမဝဘူး။ 

နောက်တစ်ပုဒ်ပြောင်း…. I am sexy …and ..I know it :D… ဒါလေး မဆိုးဘူး…ကိုယ့်ကိုကိုယ် အားပေးအားမြှောက် လုပ်တဲ့သီချင်းမျိုး။ လူကနည်းနည်းဝလာတယ်ဆိုတော့ ဒီသီချင်းမျိုး ခဏခဏဆိုသင့်တယ်း))

ကမ္ဘာမကြေ၊ မြန်မာပြည်.. တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ…. ဆိုမိပြန်ပြီ ။ ခက်တယ်။

ဟေ့..သူငယ်မရာ ချောလို့၊ ဝလို့၊ လှလို့ပါ..အို တကယ်ပဲဗျာ အသားကလေး ဝင်းဝါဝါ ...အမှန်တကယ်က အသားကလေး ဝင်းပြာပြာလို့ ပြောင်းဆိုရမှာ။ ကျွန်မအသားက ညိုပြာမှောင်ကလေးဆိုတော့။ ကြော်ငြာ သီချင်းတစ်ပုဒ်ဆိုပေမယ့် ကိုယ့်ကိုကိုယ် အမှန်မြင်စေတဲ့သီချင်း။ ဝတယ်ဆိုပေမယ့် လှရုံလေးဝတား))

ကမ္ဘာမကြေ၊ မြန်မာပြည်.. တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ…. မဖြစ်ဘူး။ ဒီခေါင်းစဉ်ကို မြန်မြန်လေးပိတ်မှရတော့မယ်…ကဲ အပိတ်သီချင်း ကျွန်မနဲ့အတူတူဆိုရအောင်။

မြနန္ဒာ…နေညိုညို..ရစ်ကာသမ်းတော့…ရွှေမန်းတောင်ရိပ်..တူတူခိုမယ်  ပျိုဖြူမေရယ်♪… ရိုးရာကြီးကိုဖြစ်လို့။ အင်း နောက်ဆုံးတော့လည်း ဒီဘူတာပဲဆိုက်တာပဲ။ နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း ပွဲပြီးအပိတ်သီချင်းက မပြောင်းဘူး။ ခက်တယ်။ တစ်ခါလာလည်း မဲပြာပုဆိုးတွေ မဆိုပါရစေနဲ့တော့…

ဘာပဲဖြစ်ဖြစ် ဝါသနာတူမိတ်ဆွေဘလော့ဂ်ဂါများနဲ့ ဆုံဖို့အကြောင်းပါခဲ့ရင် သီချင်းတူတူဆိုချင်ပါသေးတယ်း)


တစ်ဆောင်းသစ်ပြန်ပြီ…

နှစ်တစ်နှစ်ရဲ့အချိန်ဆိုတာများ ကုန်လွယ်လိုက်တာ၊ ရုတ်တရက် လွင့်ကြွေသွားတဲ့ သစ်ရွက်ခြောက်တစ်ရွက်ရဲ့ သစ်ပင်နဲ့ မြေပြင်ကြားက လေဟုန်စီးလိုက်ရတဲ့ ကာလတစ်ခုလောက်သာပဲ။ တကယ့်ကိုဖြုတ်ကနဲ။ မနှစ်က ဒီလိုအချိန်မှာ တွဲလက်များအကြောင်းရေးခဲ့တာ မနေ့ကလိုပါပဲ။ စာချုပ်အရ ကျွန်မတို့ရဲ့နှစ်ပတ်လည်နေ့က မနက်ဖြန်ဆိုရောက်တော့မှာ။ ဒီအကြောင်းကို သက်သက်ပို့စ်တစ်ပုဒ်အနေနဲ့မရေးတော့ပါဘူး။ ဒီလိုလေး စကားစမြည်ပြောရင်းနဲ့ပဲ ပြောလိုက်တာ ကောင်းပါတယ်..နော်း) နှစ်ပတ်လည်တိုင်း အိမ်ကလူက ထူးထူးခြားခြားဖြစ်အောင် လုပ်တတ်တယ်။ ကျွန်မကတော့ သိပ်စိတ်မဝင်စားတတ်လို့ အေးစက်တဲ့နှလုံးသားပိုင်ရှင်တဲ့…ဖြစ်ရတယ်း)) ဒါပေမယ့် သူ့ကိုကျေးဇူးတင်ရပါမယ်။ ဘာလို့ဆို ခုချိန်ထိတိုင် ကျွန်မအပေါ်ကို တာဝန်ကျေပွန်ဆဲ၊ သစ္စာထားနေဆဲ သူတစ်ယောက်ဖြစ်ပေးနေလို့ပါ။ တစ်ကယ်တမ်းက သူနဲ့ကျွန်မမှာ အသွင်မတူတာတွေအများကြီး၊ တစ်ခြားစုံတွဲတွေလို အဆင်မပြောတာတွေ၊ ရန်ဖြစ်ရတာတွေ၊ စိတ်ဆိုးရတာတွေ၊ စိတ်သဘောထားချင်း မတိုက်မဆိုင်ဖြစ်ရတဲ့အချိန်တွေလဲ အများကြီးရယ်။ ဒါပေမယ့် ဟိုသီချင်းထဲကလို xxxx သူပြန်ချော့လာတော့လည်း ပျော့ရတော့တာပါပဲကွယ် xxx ဆိုတာလိုပေါ့လေး)) ဘဝဆိုတာ တိုက်ပွဲလို့ကြားဖူးလေ့ရှိတဲ့စကားကို ငယ်တုန်းက သိပ်မခံစားရဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တဲ့ အချိန်ကျမှ တည့်တည့်ကြီးကို တိုးတာပါပဲ။ 

ဘာသာတူ အိမ်ထောင်ဖက်တွေတောင်မှ လျှာနဲ့သွားလို ကိုက်မိကြသေးတာ ကျွန်မတို့က ပိုဆိုးတာပေါ့။ အယူဝါဒ နဲ့ ဘာသာစကားချင်း သွေဖည်ကြလေတော့ အဆင်မပြေမှုတွေအတော်များပါတယ်။ အဲဒီအဆင်မပြေမှုတွေကြားမှာပဲ မပြောင်းမလဲ အဆင်ပြေနေသေးတာလေးတစ်ခု တည်းတည်းလေးကျန်နေသေးတယ်။ အဲဒါက အနေကြာလာတာနဲ့အမျှ ရစ်တွယ်ခိုင်မာလာတဲ့ သံယောဇဉ်ကြိုးတစ်ချောင်းပါပဲ။ သက်တမျှလေးက ကျွန်မတို့နှစ်ယောက်ရဲ့ကြားက ကြိုးကိုပိုခိုင်မာလာစေတဲ့ ဆက်ကြိုးကလေးပေါ့။ 

 ပန်းစည်းလေးတစ်စည်း၊ ကဒ်ကလေးတစ်ကဒ် အပြင် မွေးပွအရုပ်ကလေးတစ်ရုပ်၊ ရေမွှေးတစ်ပုလင်း၊ မနှစ်ကသူဝယ်ပေးထားတဲ့ ဆွဲကြိုးလေးပျောက်သွားလို့ အစားပြန်ဝယ်ပေးထားတာလေးရယ်၊ ခရီးတိုလေးတစ်ခုရယ်၊ အဲဒါတွေကတော့ နှစ်တိုင်းလို မပျက်မကွက်  သူပေးနေကျဖြစ်တဲ့ လက်ဆောင်လေးတွေပါပဲ။ ကျွန်မပေးတဲ့လက်ဆောင်ကိုတော့ သူကလက်ခံပေမယ့်အမြဲလိုလို ပြစ်တင်စကားဆိုခံရပါတယ်။ ကျွန်မလက်ဆောင်တွေက ရိုမန်တစ်မဆန်လို့ပါတဲ့းD သူဝယ်ချင်တာဝယ်ရအောင် ဘဏ်အကောင့်ထဲပိုက်ဆံလွှဲပေးလိုက်ပြီး greetings ကဒ်တစ်ကဒ်ကို ဖြစ်သလိုလက်ဆောင်ပေးလိုက်လို့ပါပဲ။ ပြောတော့လဲခံရတာပါပဲ ကျွန်မကမှ အဲသလိုတွေမလုပ်တတ်ပဲလေ..ဒီလိုလူမျိုးမှန်း သူသိရက်နဲ့ စာချုပ်ချုပ်လိုက်တာကိုးး) နောက်မှ သူနဲ့ကျွန်မရဲ့ တိုက်ပွဲခေါ်သံတွေအကြောင်း ရင်ဖွင့်ရဦးမယ်.. မရယ်ကြေးနော်း))

ဘာပဲဖြစ်ဖြစ် ရထားတဲ့လက်ဆောင်တွေ အချိန်ရရင် FB မှာလာကြွားပါမယ်။ ဇွတ်းD

Will put an end here this talk show with MoePanChi ;)

***

ခုတလောဘာစာရေးရေး လေးနက်မှုမရှိတဲ့ ကိုယ့်ကိုကိုယ် မကျေမနပ်ဖြစ်ရတယ်။ စာကောင်းလေးတွေ ရေးဖြစ်အောင် ကြိုးစားပါဦးမယ်။

အားလုံးပဲ ပျော်ရွှင်စရာ weekend ပါရှင်။

မေတ္တာအားဖြင့်

မိုးပန်းချီ

Wednesday, October 31, 2012

မယ်ကျွဲသည်း ရဲ့ ချစ်သစ္စာ (ပုံပြင်)


သက်တမျှလေး ရေ…ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်…။ သက်တမျှ နဲ့အတူ သားသား၊ မီးမီး တို့လည်း လိုက်နားထောင်ကြည့်ပါဦး။

ဟိုးရှေးရှေ…ရှေးရှေး…တုန်းကပေါ့ကွယ်…။

အင်မတန်ကြီးကျယ်ခမ်းနားတဲ့ “မုန့်တိုင်းပြည်ကြီး” တစ်ပြည်ရှိပါသတဲ့။ အဲဒီမုန့်တိုင်းပြည်ကြီးမှာ မင်းကျင့်တရားနဲ့အညီ ကျောသား၊ ရင်သား မခွဲခြားပဲ အုပ်ချုပ်တတ်တဲ့ “ပေါင်မုန့် ဘုရင်ကြီး” စိုးစံတဲ့ အချိန်သမယပေါ့ကွယ်…။ ပေါင်မုန့်ဘုရင်ကြီးမှာ ရုပ်ရည်ရူပကာ အင်မတန်မှ ချောမောလှပတဲ့ သားတော်လေးတစ်ပါးလည်း ရှိတယ်ကွယ့်။ သားတော်လေးရဲ့ အမည်ကတော့ “ကိတ်မုန့် မင်းသားလေး” ဖြစ်ပါသတဲ့။ ကိတ်မုန့်မင်းသားလေးဟာ အသက်တစ်ဆယ့်ခြောက်နှစ်ပြည့်တဲ့အခါ မင်းတို့တတ်အပ်တဲ့ အဌာရသဆယ့်ရှစ်ရပ်အဖြစ် “စုံစီနဖာ ကိုယ်ခံပညာ”ကို ကောင်းမွန်စွာ လေ့လာသင်ယူရပါတော့တယ်…။ 

ဒီလိုနဲ့ တစ်နေ့မှာတော့ မုန့်တိုင်းပြည်ကြီးမှာ ကြီးမားတဲ့ အန္တာရယ်နဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာပါလေရော။ အကြောင်းကတော့ အခွင့်သာတိုင်း ထကြွပုန်ကန်တတ်တဲ့ မုန့်တိုင်းပြည်လက်အောက်ခံ နယ်ကလေးတစ်နယ်ဖြစ်တဲ့ ကောက်ညင်းပေါင်းနယ်က “ကောက်ညင်းပေါင်း ဘီလူးညီနောင်”ဟာ ကိတ်မုန့်မင်းသားလေးရဲ့ လက်ရုံးရည်၊ နှလုံးရည် ကျော်စောမှုသတင်းကို မနာလို မရှုစိမ့်နိုင်တာကြောင့် မုန့်တိုင်းပြည်ကြီးကို ဝင်ရောက်တိုက်ခိုက်မယ့်အကြောင်း စစ်ကြေညာလိုက်ပါသတဲ့..။ ဒီတော့ ကိတ်မုန့်မင်းသားလေးဟာ သူ့ရဲ့စွမ်းရည်ကို ဖခမည်းတော်ရဲ့ရှေ့မှောက်မှာ မျက်ဝါးထင်ထင်ပြသခွင့်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားမှုနဲ့အတူ စစ်သွေးတကြွကြွ၊ ဟန်ရေးတပြပြ ရှိနေတော့တာပေါ့..။

ကောက်ညင်းပေါင်းဘီလူးညီနောင် ဟာ သူတို့စစ်ကြေညာထားတဲ့အတိုင်း “ဆီထမင်းဘီလူး စစ်သည်တော်” ပေါင်းမြောက်များစွာနဲ့ မုန့်တိုင်းပြည်ကြီးကို ချီတက်လာကြပါသတဲ့။ စစ်သွေးသောက်ကြမယ့် စစ်သည်တော်တွေအပြင် ခေါင်းဆောင်ဖြစ်သူ ကောက်ညင်းပေါင်းဘီလူးညီနောင်ရဲ့ ကြင်ယာတော်များဟာလည်း သူတို့ရဲ့ တစ်ဆယ့်ခြောက်နှစ်တောင်မှ မပြည့်တတ်သေးတဲ့ သားတော်ကလေးများကိုလည်း စစ်သွေးစစ်မာန်မွေးပေးဖို့ တစ်ပါတည်းခေါ်ဆောင်လာကြပါလေရောတဲ့။ အဲဒီသားတော်ကလေးများထဲမှာမှ “မုန့်စိမ်းပေါင်းဘီလူးကလေး” လို့ အမည်ရတဲ့သားတော်ကလေးက စစ်သွေးအကြွဆုံးပါပဲတဲ့ကွယ်…။

Tuesday, October 23, 2012

ကဗျာဟာ စိတ်ရှုပ်နေတယ်...


မျက်တောင်မှေးစင်းစင်း မနက်ခင်းတွေက
ဝေလီဝေလင်းအရောင်တွေကို ခပ်ကြောင်ကြောင် အံတုရ..။

မူးဝေကျိန်းစပ်စပ် နေ့လည်ခင်းတွေက
မူမမှန်တဲ့ မိုးနတ်မင်းကို တောင်းပန်းတိုးလျှိုးရ...။

မျက်ကွင်းညိုညို ညတွေကတော့…
ကော်ဖီကျကျတွေကို အတင်းမျိုချရ….။

ဒီလိုနဲ့….
နိစ္စဓူဝ ငါတွေထဲ..
ကဗျာဟာ စိတ်ရှုပ်နေတယ်…။
စကားလုံးတွေ သွေးပူလေ့ကျင့်ခန်းလုပ်နေတယ်။
***
***

ပြစ်ထားတာကြာပြီဖြစ်တဲ့ ဘလော့ဂ်လေးကို ဖုန်လာခါရင်း၊ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်း မိတ်ဆွေတွေကို လာနှုတ်ဆက်ရင်း…သွေးပူလေ့ကျင့်ခန်းလုပ်တဲ့ အနေနဲ့ ထွက်ကျလာသမျှလေး ချရေးဖြစ်တာ :D စိတ်ရှုပ်မသွားရအောင် ဖတ်ပြီး ခပ်ပြုံးပြုံးကလေးနဲ့ ပြန်ပါး))
Long weekend ရောက်တော့မယ်ဆိုတဲ့အတွေးနဲ့ အားလုံးပဲ ပျော်ရွှင်နေကြပါစေရှင်။

မေတ္တာအားဖြင့်
မိုးပန်းချီ