Sunday, November 27, 2011

ခြေရာမဲ့မိုးတိမ်…(ဇာတ်သိမ်း)

                                                              “ညို……….ညို…ဟေး..ညို…ဟောဗျာ….ငိုနေသလား…ကျ..ကျွန်တော်ဘာလုပ်ပေးရမလဲ….…”
 
တစ်ဖြည်းဖြည်းနှင့် ကျယ်လောင်လာသော ညို့ရှိုက်သံမှာ ကျွန်တော့် နှလုံးသား၊..ဦးဏှောက်နှင့် တစ်ကိုယ်လုံးကိုပင် ပျာယာခတ်စေသည်။ တစ်ကိုယ်လုံး တစ်သိမ့်သိမ့် လှုပ်ရှားလောက်အောင် ညိုငိုနေပြီ။ ညို့ကိုအလိုက်သင့် ကျွန်တော့်ပုခုံးပေါ်မှာ မီစေရမလား…ရင်ခွင်မှာထားပြီး ငိုစေရမလား..။ ကျွန်တော်ဘာလုပ်ရမလဲ။ မေးခွန်းပေါင်းများစွာဖြင့် ထိုင်ရာမှထရမလို၊ ရှေ့တိုးလို့ ညို့ကိုနှစ်သိမ့်ရမလိုလို၊ ဦးဏှောက်မှအဖြေမပေါ်ခင်..ညွတ်ခွေလုမတတ် ရှိုက်ငိုနေသော ညိုအား ကျွန်တော့်ရင်ခွင်တွင် မှီစေ၍ နှစ်သိမ့်လိုက်မိလျက်သားဖြစ်နေသည်။ ညိုသည် ကြိုးတစ်ချောင်းကဲ့သို့ ကျွန်တော့်ရင်ခွင်တွင်းသို့ ပျော့ခွေကျလာသည်။  

“အားရအောင်ငိုချလိုက်ပါ ညို….ကျွန်တော့်ကိုရှက်စရာမလိုဘူး….”

သို့သော်ချက်ချင်းဆိုသလို ကျွန်တော့်ငယ်ထိပ်မြွေပေါက်ခံလိုက်ရသလိုပင် ညိုကကျွန်တော့်ရင်ခွင်အားတွန်းဖယ်ကာ အားကုန်ထုနှက်ရက်လေပြီ။

“သွား..သွား….မလာနဲ့…ရှင်ဟာအလကားပဲ…ရှင့်ကိုကျွန်မအလိုမရှိဘူး…။”

တွန်းကန်ရုန်းဖယ်နေသော ညို၏လက်အစုံတို့သည် ကျွန်တော့်အား ညို့အနား မှ ကြောက်လန့်တကြားပင် ဖယ်ခွာစေလေသည်။ ကျွန်တော့်ရင်တွေ အခုန်မြန်လှပြီ..ညိုရယ်..။ ဘယ်လိုအရာကများ ညို့ကိုဒီလောက် ထိခိုက်နေစေရသည်လဲ? ညို၏ ငိုသံတို့စဲသွားသော်လည်း ကျွန်တော့်ရင်ထဲဗလောင်ဆူကာ လှိုင်းတံပိုးထန်နေဆဲ။ ဒီည ညို့ဆီက တစ်ခုခုကြားရမှဖြစ်မည်။ သည်အခြေအနေမျိုးနှင့်တော့ ယနေ့ညသည် ကျွန်တော်နှင့်အတူ သတ်ပုံမှားနေတော့မည်။ 

“ညို….”
“……….”
“ညို….ငိုလို့ဝပြီလား..ကျွန်တော့်ကိုစကားပြောနိုင်ပြီလားဟင်…”
“……….”
“ခွင့်လွှတ်ပါ..ကျွန်မလွန်တာပါ…။”
“ကျွန်တော်လည်း တောင်းပန်ပါတယ်ဗျာ..ဟို..ထူပူပြီး…..”
"နားလည်ပါတယ်။"

Friday, November 18, 2011

ခြေရာမဲ့မိုးတိမ်…(၁)

မနက်စောစောစီးစီး ရောင်နီတောင် ရောက်မလာတတ်သေး၊ အဝေးပြေးကားဂိတ်မှာ ခရီးသည်တွေနဲ့ ပြည့်နှက်လုပြီ။ အုတ်ခုံတစ်ခုပေါ်ထိုင်ရင်း သူငယ်ချင်းလုပ်သူကို မကျေနပ်စွာ တစ်ချက်လှမ်းကြည့်မိသောအခါ ပြုံးစိစိမျက်နှာပေးဖြင့် လှမ်းကြည့်နေပြန်သည်။ ကျွန်တော့်မှာ သူ၏ ဝီရိယကောင်းမှုကြောင့် ဒီကားဂိတ်မှာ မနက်လေးနာရီ မထိုးခင်ကြီး လာထိုင်စောင့်ရသည်မှာ စိတ်မသက်မသာရှိလွန်းလှပြီ။ လက်နှစ်ဖက်နှင့် ဆံပင်ပျော့ပျော့တို့ကိုသာ ထိုးဖွာနေမိသည်။ အရုဏ်ဦးလေပြေကလေးကလည်း အေးအေးစိမ့်စိမ့်နှင့်မို့ အိမ်ပြန်ကွေးချင်စရာ ကောင်းသည်ဟု တွေးနေမိ၏။

ကျိန်းစပ်နေသေးသော မျက်လုံးအစုံကို လက်နှင့်ပွတ်သပ်ပြီး ခေါင်းအမော့တွင် ကျွန်တော့်ရင်ခုန်သံတို့ တစ်ခဏရပ်တန့်လောက်သည့် အရိပ်ကလေးတစ်ခု မလှမ်းမကမ်းလေးမှာ ကျလာသည်။
မဟာဆန်လိုက်တာ..
ခပ်တိုးတိုးရေရွတ်လိုက်သည့် နှုတ်ခမ်းအစုံကို လက်နှင့်ယောင်ယမ်းတို့ထိကာ ပိတ်မိသည်ထင်သည်။ မရမ်းစေ့ရောင် ပန်းခက်နွယ်ကလေးများဖြတ်ပြေးနေသော မီးခိုးရောင်ထမီအနားသတ်တို့ လေပြေမှာ လွင့်မျောလျက်ရှိသည်။ နံနက်ခင်းလေနုအေးထဲတွင် အတောင်ပံဖြန့်နေသော ဆံနွယ်လေးများ၊ ကြယ်သီးတံတပ် ရင်ဖုံးလက်တိုမီးခိုးဖျော့ရောင်၊ ကတ္တီပါဖိနပ်၊ လက်တစ်ဖက်တွင် လက်ကိုင်ပုဝါ အဝါနုရောင် ဆုပ်ကိုင်ထားလျှက်၊ ဝေလီဝေလင်း အလင်းရောင်အောက်မှ သွယ်နွဲ့သော ဟန်ပန်၊ အားလုံး အားလုံး စည်းဝါးကိုက်ထားသကဲ့သို့ပင် လိုက်ဖက်ညီလွန်းနေသည်။ တစ်ဒင်္ဂအတွင်း မင်သက်နေမိသည့်ကျွန်တော့်ကို သူငယ်ချင်းဖြစ်သူ ညီညီက လက်နှင့်ပုတ်ကာထိုင်ရာမှထစေသည်။ 

သူငယ်ချင်း ညီညီ၏ ညီမဖြစ်သူ သော်သော် ဆိုသောမိန်းကလေးမှာ ခပ်လှမ်းလှမ်းမှပင် ပြုံးပြနှုတ်ဆက်သည်။ သော်သော့်ဘေးမှ မဟာဆန်သူကတော့ ခရီးဆောင်အိတ်ကို သူမရပ်နေသော ခြေထောက်နားတွင်ပင် ကပ်ထောင်ဖို့ကြိုးစားနေလေ၏။ ဘယ်သူ့ကိုမှ မကြည့်၊ မပြုံးပြပေ။