Saturday, January 2, 2016

အဆင်းရှိသောအရပ်၊ ရနံ့သင်းသောကမ္ဘာ

ပန်းပန်ရတာ မကြိုက်ပေမယ့် ပန်းတွေကို ငေးကြည့်ရတာ၊ ပန်းရနံ့ မွှေးရှိုက်ရတာ၊ ပန်းခင်းထဲလျှေက်ကြည့်ရတာ၊ ပန်းတွေသီကုံးရတာ၊ ပန်းခူးရတာ၊ ပန်းတွေကို ထိရ၊ ကိုင်ရ၊ ငေးကြည့်ရတာကိုတော့ အတော်လေးကြိုက်တယ်။ တစ်ရက်တော့ ကိုယ့်မိဘအရင်းသဖွယ် ချစ်ခင်လေးစားရတဲ့ အစ်ကို နဲ့ အစ်မက ပန်းတွေရှိတဲ့နေရာ သွားကြရအောင်ဆိုတော့ ရောက်လဲ မရောက်ဖူးသေးတာနဲ့ လိုက်သွားဖြစ်တယ်။ တစ်ကယ်တော့ အစ်ကိုနဲ့အစ်မမှာက ဖရီးတစ်ကက် ရှိပြီးသား၊ ကျွန်မတို့ မိသားစုကို လိုက်ဖို့ခေါ်မိတော့ သူတို့ကပဲ တစ်ကတ်ဖိုးပေးသွားတာနဲ့ အားနာစွာ၊ ကျေးဇူးတင်စွာ (ဝမ်းမြောက်စွာ) နဲ့ပဲလက်ခံလိုက်ရတော့တယ်။ အားလဲနာတယ်၊ ခင်လဲခင်ပါတယ်း)

အိမ်ကလူရော၊ ကျွန်မရော သိပ်မသွားဖြစ်တဲ့ နေရာတွေ သွားကြမယ်ဆိုရင် အိတ်ထဲကို အော်တိုမတ်တစ် သတိတရကောက်ထည့်မိတာက ဖုန်မတက်အောင် မနည်းသိမ်းထားကြရတဲ့ ကင်မရာတွေပါပဲ။ အိမ်ကလူကတော့ မကြာခဏ ဆိုသလို အလုပ်သွားရင်း၊ ခရီးသွားရင်း ကင်မရာသုံးတတ်ပေမယ့် အခါများစွာမှာတော့ ကင်မရာထည့်တဲ့ ကြောင်အိမ်ထဲမှာပဲ ထည့်သိမ်းထားတာ တွေ့ရတတ်တယ်။ ကင်မရာကို ကျွန်မထက်ခင်တွယ်သူပီပီ ကြောင်အိမ်ထဲက သူ့ကင်မရာကို တစ်လတစ်ကြိမ် ပုံမှန်ဖုန်သုတ်လေ့ရှိသေးတယ်။ ကျွန်မကင်မရာကိုပါ အဆစ်ဖုန်သုတ်ပေးရတိုင်း မျက်စောင်းခဲတာတော့ ခံရတာပေါ့လေ၊ လွယ်တော့မလွယ်ဘူးး)


ဒါနဲ့ပဲ ပန်းတွေရှိတဲ့နေရာ  Gardens by the Bay ကိုရောက်သွားခဲ့တယ် ဆိုပါတော့။ အာခီတက်ချာတွေနဲ့ သေသေသပ်သပ် ဆောက်လုပ်ပြီး ပန်းတွေစိုက်ထား၊ ပျိုးထားတာဆိုပေမယ့် ကြည့်ရတာ အင်မတန် အံ့သြစရာ၊ ကြည်နူးစရာကောင်းပါတယ်။ အပျော်ဆုံးသူကတော့ ကျွန်မရဲ့သမီးကလေးပေါ့။ သူနဲ့ရွယ်တူဆော့ရမယ့် သူမပါတဲ့ ခရီးပေမယ့် တစ်ယောက်တည်းနေသားကျနေတဲ့ သမီးက ဘယ်ပတ်ဝန်းကျင်ရောက်ရောက် ပျော်နေတာပါပဲ။ သူရင်းရင်းနှီးနှီး သူငယ်ချင်းလုပ်ခံရတဲ့သူကတော့ ကျွန်မတို့ကိုလိုက်ဖို့ခေါ်တဲ့ အစ်ကိုကြီးပါ (သူ့ဘကြီးတစ်ဝမ်းကွဲတော်မယ်ထင်ပါတယ်)းD

သမီးလှစ်ကနဲထွက်သွားတဲ့ နေရာမှန်သမျှကို နောက်ကနေမညည်းမညူတမ်း လိုက်ပေးသူ၊ ဒီပန်းကလေးလှတယ်၊ ဒီနေရာလေးမှာထိုင် ဆိုပြီး သမီးရဲ့မိုဘိုင်းလ်ဓါတ်ပုံအစွမ်းနဲ့ ရိုက်ပေးသမျှခံရသူ၊ ခရီးတစ်ထောက် ညောင်းလို့နားတဲ့အခါ သမီးလုပ်သူက နှိပ်ပေးမယ်ဆိုပြီး ကျောဖက်ကနေ ခုန်ပေါက်တွယ်တက်၊ အသက်မထွက်ရုံတမယ် ထုထောင်းပေးတာကို ခံရသူ၊ တစ်လျှောက်လုံး သမီးအနွံတာကို ခံလာရသူကတော့ သမီးအဖေ အိမ်ကလူမဟုတ်ပါဘူး၊ သမီးရဲ့ဘကြီးတော်သူ အစ်ကိုကြီးပါ။

ဘာလို့ဆို… သမီးအဖေ၊ အိမ်ကလူက ကင်မရာကြီးတကားကားနဲ့ မြင်သမျှ အာခီတက်ချာတွေကို မလွတ်တမ်းရိုက်နေတော့ သမီးကိုကြည့်ဖို့ မအားရှာဘူး။ သမီးအမေ ကျွန်မနဲ့ ကျွန်မရဲ့အစ်မကတော့ မြင်မြင်သမျှ ပန်းတကာကို ဒိုင်ဗင်ထိုးပြီး ရိုက်နေရတာဆိုတော့ မအားကြပြန်ဘူး။ ဆိုတော့.. အစ်ကိုကြီးခမျာ လူကြီးလူကောင်းလေးဖြစ်တဲ့ ကျွန်မသမီးလေး သက်တမျှနဲ့သာ အဖော်လုပ်ပြီး ဟိုဟိုဒီဒီကြည့်ရင်း၊ သမီးသွားရာနေရာမှန်သမျှ တကောက်ကောက်လိုက်ရှာရတာ။ အားလဲနာတယ်၊ ခင်လဲခင်ပါတယ်း)

ပန်းအကြောင်းကို ဆက်ပါဦးမယ်။ ပန်းတိုင်းမှာ အလှတရားကိုယ်စီနဲ့မို့ လှကြပါတယ် ဒါပေမယ့် ကျွန်မ ကျွမ်းကျွမ်းကျင်ကျင် နာမည်သိတဲ့ ပန်းဆိုလို့ နှင်းဆီ နဲ့ သစ်ခွ နှစ်မျိုးရယ်သာ။ နှင်းဆီ နဲ့ သစ်ခွ မှာတင် နာမည်၊ အမျိုးအစား၊ ဘယ်နိုင်ငံကလာတယ် ဆိုတာတွေတောင် မသိပါဘူး၊ စိတ်ဝင်တစားလဲ မလေ့လာခဲ့ပါဘူး။ ကိုယ်ရိုက်နေတဲ့ ပန်းရဲ့ အလှတရား မပျောက်အောင် ဒိုင်ဗင်ထိုးပြီး ရိုက်နေရတာဆိုတော့ အချိန်တောင် မလောက်ခဲ့ပါဘူး။

တစ်ကယ်ဆို ပန်းပန်ရတာ မကြိုက်တဲ့အပြင် ပန်းတွေကို စိတ်ဝင်တစားရှိတယ်ရယ်တော့ မဟုတ်လှဘူး။ လှတပတ ပန်းကလေးတွေဆိုတာ လူတွေရဲ့စိတ်ကိုကြည့်ချင်အောင် စွဲဆောင်တာပဲ မဟုတ်လား။ လှတဲ့ပန်းဆို ပန်ဖို့မရည်ရွယ်ပေမယ့် လှလို့ကြည့်မိတာတော့ ရှိတာပေါ့။ ပန်းလှတာတွေ့ရင် ကြည့်သလို၊ လူလှတာတွေ့ရင်လဲ ကြည့်မိတာပါ။ လှလို့ကြည့်မိတာက လွဲလို့ တစ်ခြားမကောင်းဆိုးဝါး ရည်ရွယ်ချက် တစ်စုံတရာမပါရင် ကြည့်ခွင့်ရှိတယ်မဟုတ်လား။

အရင်ကဆို ပန်းကလေးမို့ လှတယ်ဆိုရင် ကြည့်ရုံတင်မကဘဲ ခူးပါခူးလိုက်သေးတာ။ ပန်တာလဲမဟုတ်ဘဲ နမ်းပြီး၊ ရှိုက်ပြီးတာနဲ့ လက်ထဲမှာမကိုင်ချင်တော့ရင် လွှင့်ပြစ်လိုက်တာ..။ ခရေပန်းတစ်မျိုးသာ နည်းနည်းကြာကြာ သိမ်းထားတတ်တာ။

ကျွန်မကြည့်ဖူးတဲ့ ရုပ်ရှင်ကားတစ်ကားမှာ နာမည်ကျော် စာရေးဆရာဟာ သူလက်ရှိထွက်ထားတဲ့ နာမည်ကျော်စာအုပ်နဲ့ ပတ်သက်လို့ ဆိုက်ကီရားထရစ်စ် တစ်ယောက်နဲ့  debate ဆန်ဆန် ဆွေးနွေးပွဲလေးတစ်ခု လုပ်ကြတယ်။ သူတို့လုပ်တဲ့ ရှိုးကိုလာနားထောင်ကြတဲ့ သူတွေလည်းတော်တော်များများရှိကြတယ်။ နာမည်ကျော် စာရေးဆရာက အမျိုးသား ပရိတ်သတ်ဖက်ကိုလှည့်ပြီး မေးလိုက်ပါတယ်။

“ခင်ဗျားတို့အနားကနေ လှပတဲ့အမျိုးသမီးတစ်ယောက်ဖြတ်သွားတဲ့အခါ ချက်ချင်းပဲ စိတ်လှုပ်ရှားပြီး အယောက်စ် (သွေးသားဆန္ဒ လှုံ့ဆော်နိုးကြားမှု - ကျွန်မဘာသာပြန်တာ အဆင်ချောချင်မှချောပါမယ်) ဖြစ်တဲ့သူရှိရင် မတ်တပ်ရပ်ပြစမ်းပါဦး” လို့ မေးလိုက်ပါတယ်။
ခင်ဗျားတို့ မတ်တပ်ရပ်ပြရတာရှက်တယ်ဆိုရင် မျက်နှာလေးကို လက်ဝါးနဲ့အုပ်ပြီးမှရပ်ပါ”
လို့ စာရေးဆရာက သူ့မေးခွန်းကို ထပ်ဖြည့်ပါတယ်။ မေးခွန်းပြီးတာနဲ့ အမျိုးသားတွေဟာ မျက်နှာကို လက်ဝါးကလေးနဲ့ ခပ်ပြုံးပြုံးလေးအုပ်လို့ အလျှိုအလျှိုထရပ်လိုက်ကြတာ အတော်များပါတယ်။ ပရိတ်သတ်ဖက်ကလဲ ရပ်တဲ့သူတွေကိုကြည့်ပြီး ပွဲကျလို့။ ဆိုက်ကီရားထရစ်က ထရပ်လိုက်တဲ့ အမျိုးသားတွေကို ပါးစပ်လေးခပ်ဟဟလုပ်ပြီး ရယ်မောရင်းက မေးခွန်းပြန်မေးပါတယ်။

“ဟုတ်ပါပြီ။ ဒါဆိုရင် ရှင်တို့အထဲက စိတ်လှုပ်ရှားမှုမှာတင်တန့်မနေဘဲ စိတ်ထဲမှာဖြစ်နေတဲ့အတိုင်း ကိုယ်ထိလက်ရောက် ကျူးလွန်မှုမျိုးကို မြင်လိုက်တဲ့ အမျိုးသမီးအပေါ် တစ်မုဟုတ်ချင်း ကျူးလွန်မိလိုက်ကြတဲ့ သူများရှိနေသေးရင် ဆက်ပြီးမတ်တပ်ရပ်နေပေးပါ၊ ဒါမှမဟုတ်ရင် ထိုင်နိုင်ပါပြီ” လို့ ပြောလိုက်တော့ ရပ်နေကြတဲ့ အမျိုးသားတွေဟာ အလျှိုအလျှိုပဲ ပြန်ထိုင်လိုက်ကြပါတယ်။ အမျိုးသားတွေပြန်ထိုင်လိုက်ကြတဲ့အချိန်မှာတော့ ပရိတ်သတ်လက်ခုပ်သံဟာ သူတို့တစ်တွေ မတ်တပ်ထရပ်လိုက်တုန်းကထက် ပိုညံသွားပါတယ်။ သဘောတရားကတော့ ဒါပါပဲ။ ပုံမှန်စိတ်အခြေအနေရှိတဲ့ သူတွေမှာ အချိန်အခါရယ်၊ အခြေအနေရယ်ဆိုတာကို ထည့်ပြီး စဉ်းစားဆင်ခြင်တတ်သလား ဆိုတာ မေးခွန်းထုတ်စရာပါ။

ကျွန်မမှာ အင်မတန်ခင်စရာကောင်းပြီး ချစ်စရာလည်းကောင်းတဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိပါတယ်။ သူငယ်ချင်းမလေးရဲ့ အားနည်းချက်က သူ့ချစ်သူကောင်လေးအပေါ် အလွန်အင်မတန်မှ သဝန်တိုတတ်ခြင်းပါ။ သူ့ချစ်သူကောင်လေးခမျာ သူနဲ့လမ်းသွားတဲ့အခါတိုင်း ဘေးဘီဝဲယာက ဖြတ်သွားဖြတ်လာ မိန်းကလေးတစ်ချို့ဆီ မတော်တဆ အကြည့်ရောက်သွားမိတာနဲ့ နှစ်ယောက်သား တိုးတိုးတိတ်တိတ်ကနေ ကျယ်ကျယ်လောင်လောင်ထိ စကားများကြရတယ်။ ဒီလိုသဝန်တိုမှုမျိုးက မိန်းကလေးတွေမှာတင် တွေ့ရတာ မဟုတ်ပါဘူး။ ယောက်ျားလေးတစ်ချို့တွေမှာလဲ ရှိတတ်တာပါ။ သူငယ်ချင်းမလေးအကြောင်းဆက်ပြောရရင် တင်းလွန်းတော့ပြတ် ဆိုတဲ့ အဆင့်ထိတောင် ရောက်သွားကြပါတယ်။ နှစ်အတော်ကြာတွဲလာကြပြီး တစ်ကယ်လဲ တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာချစ်လာကြပြီးမှ ဘာမဟုတ်တဲ့ သဝန်တိုမှုကြောင့် ပြတ်စဲသွားကြရတာပါ။ ကျွန်မလည်း သဝန်တိုတတ်တဲ့ လူတစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အသက်အရွယ် နဲ့ အတွေ့အကြုံကြောင့် သံသယ နဲ့ သဝန်တိုခြင်းက ဘာကောင်းကျိုးမှ မဖြစ်စေတဲ့အပြင် အဆိုးဆုံးအခြေအနေ တစ်ရပ်အထိ အရောက်ပို့တတ်တယ်ဆိုတာ သတိချပ်မိသွားတဲ့အခါ လုံးလုံးလျားလျား ဆင်ခြင်နိုင်သွားပါတယ်။ နဘေးက ဖြတ်သွားတဲ့ အမျိုးသမီးလေးကို အိမကလူက ကြည့်မိတယ်ဆိုရင် ခပ်ပြုံးပြုံးလေးပဲ နေနိုင်သွားပါပြီ။ ကျွန်မကိုယ်တိုင် လှတယ်နော်လို့ ကူပြီးမှတ်ချက်ပြုပေးလို့ ရသွားပါပြီ..။


အဆုံးသတ်ကြပါစို့ရဲ့.. တစ်နေ့တာ ပန်းတွေကြည့်ရင်း၊ ပန်းတွေကို အသေးစိတ်ဓါတ်ပုံရိုက်ဖြစ်ရင်း ဆက်နွယ်စွာ တွေးမိ၊ သတိရမိတဲ့အကြောင်းလေးတွေ ချရေးဖြစ်တာလေးပါ။ ပန်းကလေးတွေကို မပန်ချင်ပေမယ့် လှတယ်ဆိုရင် ကြည့်တော့ကြည့်ပါရစေလေ..။ စိတ်ထဲမှာ တစ်ခြားအပိုစာဒါးတွေ ထပ်ပြီးကပ်ပါမလာဘူးဆိုရင် တစိမ့်စိမ့်တောင်ကြည့်လို့ရပါသေးတယ် (သက်ရှိပန်းတွေကိုတော့ တစိမ့်စိမ့်ကြည့်ချင်ရင် သဘောတူညီချက် အရင်ယူမှဖြစ်ပါလိမ့်မယ်းD)။ ဆန္ဒတွေ၊ သိက္ခာတွေ ဆိုတာ သူ့နေရာနဲ့သူ အပိုအလိုမရှိ ထားသိုတတ်ရင်၊ ထိန်းသိမ်းတတ်ရင် ရပါပြီ။း)






























ပန်းမြိုင်လယ်ကို ရောက်တုန်းရောက်ခိုက် ရိုက်ဖြစ်တဲ့ပုံလေးတွေပါ။ ပုံ ၅၀ နီးပါးရှိတာမို့ နည်းနည်းတင်ဖြစ်ပါတယ်။ မက်ခရိုလန်းစ် မရှိတော့  ပန်းရဲ့အသေးစိပ်အလှကိုတော့ မမြင်ရပါဘူး..။ လှတယ်လို့တော့ ပြောပါ။ နော်...း))


========+++++========


ပွင့်သောပန်းတိုင်းလှ၊ လှသောပန်းတိုင်း မွှေးနိုင်ကြပါစေ..။ ကိုယ်ရော၊ စိတ်ပါ ကျန်းမာ၊ ချမ်းသာသော နှစ်သစ်တစ်နှစ်ဖြစ်ကြပါစေရှင်။

P.S ပန်းကလေးတွေလို့ ဆိုတဲ့နေရာမှာ အမျိုးသမီးငယ်ကလေးတွေကိုရော၊ အမျိုးသားငယ်လေးတွေကိုပါ ကိုယ်စားပြုပါတယ်။

မေတ္တာအားဖြင့်


မိုးပန်းချီ

No comments:

Post a Comment

ရင်ထဲရှိတာပြော..း)