Tuesday, May 1, 2012

ဧပရယ်လ် နွေလယ်ပုံရိပ်များ (၂၀၁၂)


အတာကူးတဲ့လတစ်လ ကုန်ဆုံးပြီးလို့ သိကြားမင်းကြီးတောင် တာဝတိံသာနတ်ပြည်မှာ တစ်ရေးတစ်မော အိပ်မောကျလောက်တဲ့အခါမှ ကျွန်မ မိုးပန်းချီတစ်ယောက် ဘလော့ဂ်ဘက်ကို သတိပြန်လည်လာပါတော့တယ်။ အတော်လေးကြာအောင် ကိုယ့်ဘလော့ဂ်နဲ့တင်မက ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေရဲ့ဘလော့ဂ်တွေနဲ့လည်း အဆက်ပြတ်ပြီး မရောက်ဖြစ်တာကြာခဲ့ပါပြီ။ ဘလော့ဂ်ဘက်မလှည့်ဖြစ်နိုင်တဲ့ အချိန်ကာလတိုလေးအတွင်းမှာလည်း ကျွန်မအတွက် အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့ပါတယ်။ 

ကိုရီးယားကားထက်ရှည်သွားမှာစိုးလို့ နောက်ကြုံမှပဲရေးပါ့မယ်။ ကျွန်မရဲ့ထုံးစံအတိုင်းဆိုပါတော့းD တန်ခူးလရဲ့ လလယ်လောက်မှာ ကျွန်မရန်ကုန်ကို ခဏတဖြုတ်ပြန်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာရှိနေခဲ့တဲ့ တစ်ပတ်အတွင်း ဘယ်မှမရောက်ဖြစ်ပေမယ့် ရွှေတိဂုံဘုရားကိုရောက်ဖြစ်ခဲ့ပြီး သင်္ကြန်ဓါတ်ပုံတစ်ချို့လည်း ရဖြစ်အောင်ရခဲ့ပါတယ်။ အိမ်ကလူရဲ့ရိုက်ချက်တွေပါ။ ကျွန်မရဲ့ရိုက်ချက်တွေတစ်ခုမှမပါပါဘူးရှင်။ 

အကြောင်းကတော့ ကျွန်မရဲ့သက်တမျှကလေး ရန်ကုန်မှာအပြင်းဖျားနေခဲ့တဲ့အတွက်ကြောင့်ပါ။ အဖျား တစ်ရာ့လေး တစ်ရာ့ငါးကနေ တစ်နေကုန်မကျပဲရှိခဲ့တဲ့နေ့မှာတော့ ကျွန်မအတွက် အသက်ရှုမှားခဲ့ရတဲ့နေ့တစ်နေ့ဖြစ်ခဲ့ရပါတယ်။ ကျွန်မအမေကတော့ ညည်းသမီးရန်ကုန်နဲ့မတည့်ဘူးထင်တယ်လို့ ပြောရှာတယ်။ အရင်တစ်ခေါက်ပြန်တုန်းကလည်း အထူးကုဆရာဝန်ဆီရောက်ခဲ့ရသေးတာကိုး။ အရင်တစ်ခေါက်တုန်းကတော့ ရန်ကုန် ‘ရေ’ ကြောင့် သက်တမျှ နေမကောင်းဖြစ်ခဲ့ရပြီး၊ အခုပြီးခဲ့တဲ့သင်္ကြန်တွင်းမှာတော့ ရန်ကုန် ‘နေ’ ကြောင့်ပါ။ ကျွန်မတို့ပြန်တဲ့အချိန်ရဲ့ ရန်ကုန်ရာသီဥတုကလည်း ပူပြင်းလိုက်တာမှ မပြောပါနဲ့တော့။ ပြောလည်းမပြောတော့ပါဘူးလေး)) ကြုံဖူးလိုက်တဲ့သူတွေ သိကြမှာပါ။ 

ခုနှစ်သင်္ကြန်အကြောင်းပြောရရင်တော့ ရိုးရာသင်္ကြန်နဲ့ရာခိုင်နှုန်းတော်တော်များများဆန့်ကျင်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါကိုလည်း အပြစ်တစ်ခုလိုလုပ်ပြီးပြောဖို့အင်အားမရှိတော့ပါဘူး။ ခေတ်ရေစီးကြောင်းကိုးလေ..နော့။ ရိုးရာယဉ်ကျေးမှုသင်္ကြန်နဲ့အညီ ထိန်းထိန်းသိမ်းသိမ်း ရေကစားကြတဲ့သူတွေ အနည်းအကျဉ်းရှိသေးတာကို တွေ့ခဲ့ရသလို၊ ခေတ်ရေစီးကြောင်းလွန် ဝတ်စားဆင်ယင်မှုအချို့နဲ့ရေသဘင်ဆင်နွဲကြတဲ့သူတွေ ဒုနဲ့ဒေးရှိနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ အဲ…မဏ္ဍပ်တိုင်းလိုလိုမှာလည်း ဒိုးဒိုးဒွန့်ဒွန့် အင်္ဂလိပ်ဂီတနဲ့သာဆင်နွဲကြတာပါပဲ။ 

သင်္ကြန်မှာရေပက်ခံမထွက်တတ်တဲ့ ကျွန်မအဖို့ ရန်ကုန်ရောက်ရောက်ချင်း ညနေဖြစ်တဲ့ ပထမသင်္ကြန်အကြတ်နေ့မှာ အလုံပိတ်အငှားကားကလေးစီးနဲ့ ရန်ကုန်သင်္ကြန်ကိုလျှောက်ကြည့်ခဲ့ပါတယ်။ ရေကစားနေကြတဲ့သူတွေကိုကြည့်ရင် အလိုလိုပျော်လာမိသလို၊ သောက်စားမူးယစ်ပြီး အော်ဟစ်သွားကြတဲ့ သင်္ကြန်မောင်မယ်များကို တွေ့တဲ့အခါမှာတော့ ခေါင်းထဲနောက်ကျိကျိဖြစ်ခဲ့ရပါတယ်။ ရန်ကုန်သင်္ကြန်နဲ့ဝေးခဲ့တာ ဆယ်စုနှစ်တစ်စုရှိခဲ့ပြီမို့လား။ ရန်ကုန်သင်္ကြန်ရဲ့သင်္ကြန်မိုးနဲ့ ရာသီပန်းဖြစ်တဲ့ ပိတောက်ပန်းကိုလွမ်းလို့ ပြန်ဖြစ်အောင်ပြန်ခဲ့ပေမယ့် သင်္ကြန်မိုးနဲ့ရော သင်္ကြန်ပန်းပွင့်တာနဲ့ပါ လွဲခဲ့ရရဲ့။ ကံဆိုးပုံများ ပြော၊ မပြောချင်ပေါင်။

သင်္ကြန်အတွက် စာတိုစာစလေးတောင် ဘလော့ဂ်ပေါ်ခါတော်မီမတင်နိုင်ခဲ့ပေမယ့် သင်္ကြန်အပြီးမှာတော့ သင်္ကြန်ရဲ့အငွေ့အသက်တွေအများကြီးပါတဲ့ ဓါတ်ပုံတစ်ချို့တင်ဖြစ်အောင်တင်ပြီး မျှဝေလိုက်ပါတယ်။

လေးဆူဓါတ်ပုံ မြတ်ဘုရားရွှေတိဂုံ

ရပ်ကွက်ထဲက ရိုးရာသင်္ကြန်း)

ချစ်စရာ့ ရေသဘင်ပွဲ
နောက်ကပက်ပါ ကလေးရယ်း)
ချစ်စရာ့သင်္ကြန်မောင်မယ်ကလေးများ (ချစ်စရာကောင်းမှာပေါ့ တူလေးနဲ့ တူမလေး..တွေကိုးး))

ဖြည်းဖြည်း ပက်ပါဗျား)

ရေလောင်း ရေပက်ခံလာတယ်..
ကားရေဆေးနေသလား မှတ်ရတယ်း)

ဒီနှစ်သင်္ကြန် အတော်ပူတယ်း))
ရေမွန်းနေပြီဗျို့
သင်္ကြန်စည်းချက်နဲ့အညီ တို့လည်းကမယ်း)
တို့မဏ္ဍပ်က ပျင်းစရာ..
Alpine ရေကစားမဏ္ဍပ်
ရေမကစားတတ်လို့ ရေစိမ်နေတဲ့ သင်္ကြန်မယ်လေး သက်တမျှ (အပြင်းမဖျားခင် နှစ်ရက်အလို) 


 တစ်ချို့ပုံတော်တော်များများမှာ ရေကစားနေသူ၊ ရေပက်ခံသူတွေရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းကြီး မြင်နေရတာမို့ မတင်ဖြစ်တော့ပါဘူး။ ပြောချင်ရာပြောကြပါတော့။ ထားရင်လည်းနေပါ့မယ်၊ သတ်ရင်လည်းရှင်ပါ့မယ်းD နှစ်ထောင့်ဆယ့်နှစ် ဧပရယ်သင်္ကြန်ပုံရိပ်များကို သင်္ကြန်ကြီးပြီးလို့ ခါတော်လွန်မှပဲ ဝေမျှလိုက်ရပါတယ်ရှင်း))

အာလုံးပဲပျော်ရွှင်အေးချမ်းသော အလုပ်သမားနေ့ပါပဲရှင်း) ဒီပို့စ်ရေးနေချိန်မှာ ကျွန်မရှိနေတဲ့ ခြင်္သေ့ကျွန်းငယ်လေးမှာတော့ မိုးချုန်းသံ တစ်ဂျိမ်းဂျိမ်းနဲ့ မိုးတွေသည်းသည်းမည်းမည်းရွာနေလေရဲ့း))


မေတ္တာအားဖြင့်

မိုးပန်းချီ