ညဦးပိုင်းက
ရွာထားတဲ့မိုးကြောင့် ဒီကနေ့မနက်တော့ သိပ်ပြီးအိုက်စပ်စပ်မရှိလှ။ အချိန်မီရွာတဲ့ သင်္ကြန်မိုးကို
စိတ်ထဲမှပင် ကျေးဇူးတင်မိသည်။ ဒီနှစ်နွေက အရင်နှစ်တွေကထက် ပိုပြီးပူလောင်အိုက်စက်လှသည်ထင်သည်။
နွေဆိုမှတော့ နွေပီပီပူပြင်းဦးမှ အဓိပ္ပါယ်ပြည့်ဝပေမည်။ ခြံဝင်းထဲက ပိတောက်ပင်ကြီးကတော့
သင်္ကြန်မိုးကြောင့် ဝါဝါဝင်းရွှေဖြစ်လို့နေပြီမို့ အိမ်ထဲမှ လှမ်းကြည့်မိတိုင်း ကြည်နူးရသည်။
ဒီအပင်ကြီးက ကိုရွှေဖိုးသင်္ကြန်ရဲ့ အသည်းအသက်၊ နွေနှင့် ဖိုးသင်္ကြန်တို့ရဲ့ မေ့မရသော အမှတ်တရ
ချစ်သစ်ပင်။
သင်္ကြန်အကြိုနေ့
“မေမေ၊
မေမေ့..”
“ဘာလဲ..သားရဲ့”
“မေမေ
ဟိုဖက်အိမ်က ခူမ ကိုမပြောတော့ဘူးလား? တား တူ့အမေနဲ့ တွားတိုင်မှာနော်”
သားဖြစ်သူ
ဖိုးသိကြား က အိမ်ရှေ့တွင် ငိုမဲ့မဲ့နှင့် အမောတကောရောက်လာတော့ နွေ့မှာရုတ်တရက် ကြောင်အမ်းအမ်းနှင့်
ဘာပြန်ပြောရမှန်းမသိပေ။
“မေမေ့…”
“အေး….ဘာဖြစ်ပြန်ပြီတုန်း
သား နဲ့ ခူးခူး”
သားကဘာမှပြန်မဖြေဘဲ
နွေ့လက်ကိုဆွဲကာ အိမ်နှင့်မလှမ်းမကမ်းက ကလေးတွေရေကစားသော အုန်းလက်မဏ္ဍပ်ရှိရာသို့ ဦးတည်တော့သည်။
ပြီးတော့ သား လက်ညှိုးညွန်ပြရာသို့ လှမ်းကြည့်မိတော့ ဘေးနှစ်အိမ်ကျော်က သားထက်တစ်နှစ်သာငယ်သော
တန်ခူးဆိုသော ကောင်မလေးက ရေဇလားကြီးထဲတွင် အခန့်သားထိုင်နေလေသည်။
“ဟောတော့
သမီးခူးခူးက ရေဇလားထဲဘာထိုင်လုပ်နေတာတုန်း သမီးရဲ့”
“တမီးက
ရေကစားနေတဲ့ဟာကို” ကောင်မလေးက နှုတ်ခမ်းလေးထော်ကာ မျက်နှာရှုံ့မဲ့မဲ့နှင့် ဖြေရှာသည်။
“တွေ့လား
မေမေ အဲဒိ ခူမ ကိုသားကြည့်မရတော့ဘူး သားဆွဲထုတ်ရမလားပြော”
“ဟဲ့…သားရယ်
သူများတွေလဲ ဒီလိုပဲ သူဝင်ထိုင်နေတဲ့ ရေဇလားထဲကပဲ ခပ်ပြီးရေပက်နေတာပဲဟာ..”
“အင်းလေ..အန်တီနွေတိလား၊
တမီးကိုလဲ ဇလားထဲက ခုချက်ချင်းမထွက်ပေးရင် တမီးမေမေနဲ့တိုင်ပြောမယ်လို့ပြောတယ်။ မကြောက်ပါဘူး
တမီးက”
ကောင်မလေးဖြေလိုက်သော
စကားကြောင့် နွေ မျက်ခုံးနှစ်ဖက်ပင့်ရင်း ပြုံးမိရသည်။ တန်ခူးရဲ့ မေမေ မသပြေနှင့်က
သူငယ်ချင်းတွေပဲမို့ ဒီကလေးနှစ်ယောက် ပြဿနာဖြစ်တိုင်း နွေနှင့်သပြေတို့မှာ ခေါင်းခြောက်ရသည်။
တစ်ယောက်ကမှ အလျှော့မပေးချင်သော၊ တစ်ယောက်ကိုတစ်ယောက်အနိုင်လိုချင်ကြသော ဖိုးသိကြား
နှင့် တန်ခူးတို့ ရန်ဖြစ်တဲ့ကြောင်းပြောကာ ရယ်မောကြရင်း ပြဿနာကို အဆုံးသတ်ရသည်ချည်းပင်။
“အို မပက်ချင်ပါဘူး။
သူဝင်ထိုင်နေတော့ တားကဘယ်လို ရေကောင်းကောင်းခပ်မလဲ။ ပြီးတော့ ညစ်ညစ်ပတ်ပတ်ကြီး သူရှုးပေါက်ချထားရင်
ဘယ်လိုလုပ်မလဲ?”
“ဘာာာာ….ဖားတဂျိုး
နင်ကငါ့ကို ညစ်ပတ်တယ်လို့ပြောရအောင် နင်ကဘယ်လောက်တန့်လို့လဲ။ ကြည့်စမ်း ဒီဘောင်းဘီက
နာ့အမေ သင်္ကြန်မှာဝတ်ဖို့ အတစ်ဝယ်ပေးထားတာ လုံးဝရှုးပေါက်မချဘူးဟဲ့….မုန်းတယ် နင့်ကို..”
“နင့်ကိုလဲ
ငါကဆယ်ခါပြန်မုန်းတယ် ခူမ”
“ဟဲ့သား
အဲဒီလိုမပြောရဘူး အခါကြီးရက်ကြီးမှာ ကြမ်းတမ်းတဲ့စကားပြောရင် သိကြားမင်းကြီး မှတ်သွားလိမ့်မယ်နော်။
သမီးခူးခူးရောကြားလား ရန်မဖြစ်ရဘူး..နော်”
နေရာတွင်ဆက်နေလျှင်
ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမှန်း နွေမသိတော့ပြီမို့ သားကို ချော့မော့ပြောကော အိမ်သို့ပြန်ဆွဲခေါ်ရသည်။
သားကမျက်ရည်ဆက်လက်နှင့် ပွစိပွစိလဲပြောနေပြန်သေးသည်။ ပြီးတော့ မကျေမချမ်းနှင့် လှည့်ကြည့်ကာ
တန်ခူးအား လက်သီးထောင်ပြလိုက်သေးသည်။ တန်ခူးဆိုသော ကလေးမလေးကလဲမခေချေ၊ သားအားလျှာထုတ်ပြရင်း
မေးဆတ်ကာ ပြောင်ပြနေသေးသည်။ နင့်လက်သီးများ မကြောက်သေး ဟူသည့်သဘော။ ခက်ရချည်ရဲ့ ဒီကလေးနှစ်ယောက်နဲ့၊
ဘယ်တော့များမှ တည့်တည့်ရှုရှု ကစားကြပါလိမ့်မလဲဟုတွေးကာ သက်ပြင်းချမိသည်။ သားစိတ်ပြေရင်တော့
တန်ခူးတို့အိမ်ကို မုန့်လက်ဆောင်းသွားပေးခိုင်းရဦးမည်။
***
“အားးး…”
“အားးးးးး….”
သင်္ကြန်အကျနေ့
တစ်ကိုယ်လုံးရွှဲရွဲစိုသွားသော
ဖိုးသိကြားက အလန့်တကြားထအော်တာကြောင့် ရေပုံးကိုင်ထားသော တန်ခူးပါ တစ်ပြိုင်တည်းလန့်အော်မိသည်။
“ကျွတ်…ဒါဘာလုပ်တာလဲ?”
“နင်မမြင်ဘူးလား?
ရေလောင်းတာလေ။ သင်္ကြန်မှာရေလောင်းတာလောက်နဲ့ လိပ်ပြာလန့်မတတ် သေလောက်အောင် လန့်အော်ရသလား?
သေတော့မှာပဲ”
ရင်ဘတ်ဖိရင်း တန်ခူး ပြောလိုက်သောစကားအား ဖိုးသိကြားက
ယောက်ျားတန်မဲ့ မျက်စောင်းထိုးသည်။ ဒီလိုလူမျိုးကို ဒီလိုလောင်းလိုက်တာတောင်နည်းသေး၊
ရေတိုင်ကီထဲကို ဆွဲနှစ်ထားသင့်တာ။
“ရေမစိုချင်လို့
မဏ္ဍပ်နောက်မှာထိုင်နေတာ မမြင်ဘူးလား..”
“မြင်တယ်လေ၊
အဲဒိရေမစိုတာကိုမှ လောင်းချင်လို့ လောင်းတာ ဘာဖြစ်လဲ။ ဟွန့် ကြီးပဲကြီးကျယ်နိုင်လွန်းတယ်”
“အဲဒါပေါ့
မိန်းကလေးဖြစ်ပြီး က္ကိနြေ္ဒကိုမရဘူး။ ဝတ်ထားတာလဲကြည့်ဦး…”
အဲဒိဖိုးသိကြားဟာ
တစ်ဆိတ်တော့ လိုတာထက်ပိုလွန်းသည်။ မျက်နှာကမဲ့ရွဲ့လို့ မိန်းမတောင် အရှုံးပေးရလောက်သော
အမူအရာနှင့်မို့ ပိုအသည်းယားသည်။ ကြည့်ပါဦး ဘာများလွန်လွန်ကျူးကျူးဝတ်စားထားလို့လဲ?။
ချင်းပန်အတိုလေးကို ကြိုးတစ်ချောင်းဘလောက်စ်လေးနဲ့တွဲဝတ်ထားပြီး အပေါ်ကလုံလုံခြုံခြုံ
လည်သာဂျာကင်အနက်လက်ရှည် ထပ်ဝတ်ထားသားပဲ။ ဘာများလွန်သွားတုန်း။ ခုခေတ်တက်သစ်စ နာမည်ကြီး
မင်းသမီးလေးတွေလောက်ပင် ဂေါ်လီမကျပါ။
“အေး..ငါဝတ်ထားတာ
ဘာမှမမြင်ရဘူး၊ နင့်မျက်လုံးကသာ ဖောက်ထွင်းပြီးကြည့်လို့ မြင်တာ၊ သူများသားသမီးကို
မှိုချိုးမျှစ်ချိုးဝါးလုံးချိုး ပြောဖို့ဆို နင် ထိပ်ဆုံးက၊ နည်းနည်းမှ ယဉ်ကျေးမှုမရှိဘူး..”
“ဖောက်ထွင်းမကြည့်လဲအတိုင်းသား
မြင်ရတယ်ဟေ့။ ငါ့ကိုများယဉ်ကျေးမှုမရှိဘူးလေး ဘာလေးနဲ့…အေးပါ နင့်ဘာသာအေးဆေးရေသွားပက်၊
ငါကြည့်ဦးမယ် ဘယ်သူက ယဉ်ကျေးမှုမရှိတာလဲဆိုတာ..ဟဲဟဲ…”
သင်္ကြန်အကျနေ့
မနက်ခင်းသည် တန်ခူးအတွက် သစ်လွင်မှုသိပ်မရှိတော့။ အမောက်ထောင်ထလာသော ဒေါသအား ပြန်မျိုချရင်း
အစိမ်းလိုက်ဝါးစားမည့်မျက်လုံးဖြင့် ဖိုးသိကြားအားစူးစိုက်ကြည့်ကာ ရေပက်မည့်နေရာသို့လာခဲ့တော့သည်။
နေနှင့်ဦးပေါ့ ဖိုးသိကြားရယ်လို့ စိတ်ထဲကြိမ်းမောင်းကြုံးဝါးရုံသာ တန်ခူးတတ်နိုင်သည်။
မဏ္ဍပ်ရှေ့သို့
ရေပက်ခံကားများ စည်ကားစုရုံးနေကြသည်။ ဖွင့်ထားသော အိုပါးဂန်းနမ်စတိုင်လ်သီချင်းနှင့်အတူ
ရေပက်ခံလာသူများ မဏ္ဍပ်ပေါ်မှ ရေပက်သူများ ထွန့်ထွန့်လူးကခုန်ကုန်ကြပြီ။ ရေပက်ခံကားများပေါ်တွင်
အိုပါးမြင်းစီးသည့်စတိုင်လ်လုပ်ကာ ကခုန်ကြသောသူများအားကြည့်ရင်း ကား လေးကြိုးသွားမည်လားပင်
စိတ်ပူမိသည်။ တကတည်း ကတတ်လိုက်ကြတာ။ ကလေးကအစ ခွေးအဆုံးပျော်သည့် တန်ခူးတို့ ရိုးရာရေသဘင်ပွဲသည်
အဖွားစောပြောပြသော အတာကူးသောလ၊ နှောင်းကူးသောလနှင့် သိပ်တစ်ပြေးညီမရှိလှ။ အားခဲထားသော
တန်ခူး၏အပျော်များ ဘယ်ဆီလွင့်စင်ကုန်သည်မသိ။ လမ်းပေါ်၊ ကားပေါ်၊ မဏ္ဍပ်ပေါ်တွေမှာ စည်းချက်နဲ့အညီ
လှုပ်ရှားယိမ်းခါနေကြတဲ့ ရေကစားသူတွေကြောင့်လား၊ အိုပါးဂန်းနမ်စတိုင်လ်ကြောင့်လား၊ ယဉ်ကျေးမှုမရှိသော
ဖိုးသိကြားကြောင့်လားမသိ စိတ်ထဲ နောက်ကျိနေသည်။
ရုတ်တရက်မြင်ကွင်းထဲဝင်လာသော
မဏ္ဍပ်အောက်နားက စတုဒီသာကျွေးရာသို့ စိတ်ပြေလက်ပျောက်ဆင်းလာခဲ့မိသည်။ အကျွေးအမွေးဖက်က
ဆီထမင်း၊ ပဲပြုတ် နှင့် ရွှေရင်အေးမှာ လက်မလည်အောင်ပင်။ ထိုမြင်ကွင်းအားကြည့်ရင်း စိတ်မှာ
အနည်းငယ်ကြည်လင်လာစဉ်ခဏ…
“ဟေ့…ရွှတ်..
သည်းလေး၊ အရမ်းလန်းနေပါလား။ ကိုယ့်မှာကားပါတယ် တူတူပျော်ရအောင် လိုက်ခဲ့လေ။ အမူပိုတာ
ကိုကိုမကြိုက်ဘူးနော်.. အဟဲဟဲ…”
မြတ်စွာဘုရား။
ဂျစ်ပ်နီပေါ်မှလူက တန်ခူးအား နှစ်မချင်းမစာမနာစနောက်ကာ ကားပေါ်မှဆင်းလာသည်။ ဘယ်လိုလုပ်ရပါ့။
ရှက်လွန်းလို့ မျက်နှာတစ်ခုလုံးထူပူပြီး၊ ကြောက်လွန်းလို့ ကိုယ့်နှလုံးခုန်သံပင်ကိုယ်ပြန်ကြားနေရသည့်အဖြစ်။
ဒူးတွေပင်တုန်နေသလိုလို၊ ခြေလှမ်းတို့ကလည်း မရွေ့တော့သလိုပင်။ ဟိုလူလည်းနောက်နားမှာ
ကပ်ပါလာမှန်း လှည့်မကြည့်ဘဲအလိုလိုသိနေသည်။
“လာ…တန်ခူး”
တံတောင်ဆစ်အား
နောက်နားမှ တစ်စုံတစ်ယောက်က ဆောင့်ဆွဲလိုက်သည်ကြောင့် အိပ်မွေ့ချခံထားရသူကို ရုတ်တရက်ပုတ်နှိုးလိုက်သလို
သတိပြန်ဝင်လာကာ ကြည့်လိုက်တော့ ကိုရွှေဖိုးသိကြား။ တော်ပါသေးရဲ့။ တန်ခူးစိတ်ထဲ ရုတ်တရက်
လုံခြုံသွားသလို ခံစားလိုက်ရသည်။
“ဟေ့…ယောက်ဖ။
မင်းညီမလေးလား? နာမည်လေးက တန်ခူးတဲ့လား။ သင်္ကြန်မှာ တန်ခူးနဲ့လာတွေ့နေတယ် တစ်တုံးတစ်ခဲကြီးနော်
ဟဲဟဲဟဲ..”
ထိုလူ
မူးနေသည်ထင်သည်။ ဖိုးသိကြားတစ်ယောက်လုံး အနားရောက်လာတာကိုပင် ဂရုမစိုက်။ ယောက်ဖပင်
ကောက်ခေါ်လိုက်သေးသည်။ တန်ခူး ခုမှပင်ပိုကြောက်မိသည်။ သူတို့ရုတ်တရက် ရန်ထဖြစ်ရင် တန်ခူးကြောင့်ဖြစ်သည်ဆိုကာ
ကျော်မကောင်း၊ ကြားမကောင်းဖြစ်တော့မည်။ ဒုက္ခပါပဲ။
"ဒီမှာသူငယ်ချင်း..ကိုယ့်ကောင်မလေး
ခေါင်းနည်းနည်းမူးနေလို့ အိမ်ပြန်ပို့ပေးမလို့၊ ဟုတ်ပြီနော်.. အဆင်ပြေတယ်မဟုတ်လား သူငယ်ချင်း….”
ဖိုးသိကြားက
ထိုလူအား ငယ်ပေါင်းကြီးဖော်တစ်ယောက်လို လက်မောင်းကိုဖျစ်ပြီး တောင်းပန်သလိုပြောနေသည်။
ပြီးတော့ ကားပေါ်ကလှမ်းကြည့်နေသော ထိုလူ၏ ဘော်ဒါတစ်ချို့အား လက်ညှိုးနှင့် လက်ခလယ်ထောင်ပြလိုက်သည်။
ငြိမ်းချမ်းရေး ဆိုသည့်သဘော။ ထိုလူ၏ဘော်ဒါနှစ်ယောက်က အလိုက်သိစွာပင် ကားပေါ်မှဆင်းကာ
မူးနေသောထိုလူအား အချင်းချင်းခပ်တိုးတိုးပြောရင်း ပြန်ခေါ်သွားကြတော့သည်။
တန်ခူးခုမှပင်
ပိုငိုချင်မိသည်။ စောစောကလူကို ထွက်သည့်ဒေါသကလည်း ခုထိမပြေသေး။ တစ်ကိုယ်လုံးပင်တုန်ရီနေပြီ။
ကောင်းတယ်၊ ဒါငါ့အပြစ်…ဖိုးသိကြားလို ဆရာကြီးလုပ်တတ်သူကိုမှ ဟီးရိုးလုပ်ခွင့်ပေးလိုက်သည်က
တန်ခူးကိုယ်တိုင်ပင်။ လျှာရှည်တော်မူပြီး အောက်ဆင်းချင်ဦးလေ။ ညိုမြလုပ်ချင်ဦးလေ။
ကိုယ့်ကိုကိုယ်ပင် အပြစ်တင်ရပါမည်။ မဏ္ဍပ်ပေါ်မှာ နေရင် ဒီလိုအရှက်ကွဲအောင် အနှောင့်ယှက်ခံရမည်
မဟုတ်။ ဘာပဲဖြစ်ဖြစ် အန္တရာယ်ကလွတ်အောင် ကူညီသော ဖိုးသိကြားကိုတော့ ကျေးဇူးတင်ရမည်။
“ဟဲ့ကောင်မလေး..ခုန
ငါပြောတဲ့ စကားမှတ်မိလား….ဟင်…..”
"………………………"
ဖိုးသိကြားက
အခွင့်အရေးရတုန်း လေသံမာမာနှင့် အပြစ်တင်တော့သည်။
“အာ…ဟ
မငိုနဲ့လေ ခူးခူး။ ဟောဗျာ ငါကဆူတာမဟုတ်ပါဘူးဟာ…ဘာလဲ ဟိုလူကိုကြောက်နေသေးလို့လား။ ဟိုကဖြင့်သွားပြီ
မရှိတော့ဘူး ကြည့်ကြည့်လိုက်”
တန်ခူးဘာမှခွန်းတုန့်မပြန်အားပါ။
တအိအိနှင့် ရှိုက်ငိုမိသည်။ ဘာကြောင့် သည်လောက်ဝမ်းနည်းရသည်ကိုလည်း ကိုယ့်ဘာသာမသိပါ။
“နင့်ကို
မုန်းတယ်…” မဆီမဆိုင် ဖိုးသိကြားအား ငိုသံပါကြီးနှင့် ပြောမိသည်။ ဘာကို မကျေနပ်မှန်းလဲ တန်ခူးကိုယ်တိုင်ပင်မဝေခွဲတတ်တော့။
“အေးပါ..အေးပါ…မုန်းပါ။
အဲလိုကြီးငိုမနေနဲ့တော့ လူတွေကြည့်ကုန်ပြီ။ ငါကနင့်ကို ဆယ်ခါပြန်…..အောင်မယ်လေးးးးး”
ရုတ်တရက်ခြုံခိုတိုက်ခိုက်သလိုပင်
ကလေးတစ်သိုက် ဝုန်းဒိုင်းကြဲ ရေလောင်းလိုက်သော ကောင်းမှုကြောင့် နှစ်ယောက်စလုံး ကြွက်စုတ်ဖြစ်သွားသည်။
တန်ခူးရော ဖိုးသိကြားအတွက်ပါ ခုမှပင် သင်္ကြန်တစ်ကယ်ကျတော့သည်။
***
သင်္ကြန်အကြတ်နေ့
(…………..)
***
သင်္ကြန်အတက်နေ့
တရားရိပ်သာသည်
ချမ်းမြေ့ရိပ်သာ ဟူသော အမည်နှင့်လိုက်အောင် အေးငြိမ်းချမ်းမြေ့လှသည်။ အပူဟူသမျှ အေးငြိမ်းချမ်းသာမှုရှာရာ
ဒီနေရာသို့ အိပ်မက်ပင် မမက်ဘဲ လက်တွေ့တစ်ကယ် ရောက်နေသည့် ကိုယ့်ကိုကိုယ်ပင်မယုံနိုင်။
ဒီလို အခါကြီး၊ ရက်ကြီးအတွင်းမှာ ရောက်နေသည့်အတွက်ပို၍ပင် မယုံနိုင်စရာ။ မယုံ၍လည်း
မရတော့။ ခုတော့ တရားရှာ ကိုယ်မှာတွေ့အောင် အမှတ်စိပ်စိပ်မှတ်ပြီး ကြိုးစားရပါမည်။ ရှုပ်ထွေးပွေလီလှသော
လူ့ဘောင်လောကအား ခေတ္တခဏကျောခိုင်းထားရသည်ကပင် အေးချမ်းလှပြီ။ တူးပို့သံမညံ၊ အိုပါးဂန်းနမ်စတိုင်လ်လဲမကြားရသော
သင်္ကြန်တွင်း ရက်တိုတရားစခန်းသည် ပကိငြိမ်သက်လျှက် အက်ကျသံပင်မကြားရ။
ထွက်လေဝင်လေမှာ
သတိကလေးကပ်ထား၊ သမာဓိကလေးတည်အောင်ထူထောင်ထားနိုင်မှ မနောအကြည်ဓါတ်ကလေးဖြင့် တကယ့်သဘောခန္ဓာကိုရှုနိုင်မည်။
ခန္ဓာ့ဖြစ်ပျက်ကို မြင်နိုင်မည်။ နှာသီးဖျားလေးနားက ထွက်လေဝင်လေကလေးပေါ်မှာ သတိကလေးတည်နေပြီး
စိတ်တပိုတပါးမသွားတော့သောအခါ စိတ်အစဉ်သည် အကုသိုလ်အပေါင်းမှ ကင်းကွာ၍အေးချမ်းတည်ငြိမ်လေသည်။
ထွက်လေ ထွက်တာကိုသိ၊ ဝင်လေ ဝင်တာကိုသိ၊ သိနေဖို့က ယောဂီတို့အတွက် အရေးကြီးဆုံးအလုပ်။
ဟင်..သင်း…ဖိုးသိကြား…သွားစမ်းပါ။
ဖို့သိကြားမျက်နှာကြီးသည် ယောဂီ တန်ခူးအတွက် တရားရရာလမ်းမှ အဖျက်သမား။ မဂ်ဖိုနိဗ္ဗာန်လမ်းမှ
ဓမ္မန္တရာယ်။ မှတ်လိုက်စမ်း၊ သေသေချာချာမှတ်စမ်း ယောဂီ။
ဖိုးသိကြား၊
ဖိုးသိကြား။….။ အို..မဟုတ်သေးပါဘူး။ ဒီလိုကြီးရွတ်ပြီး မှတ်နေလို့တော့ သူ့မျက်နှာကြီးမြင်ပြီးရင်
မြင်ပြီး အကုသိုလ်ပိုဖြစ်တော့မှာပေါ့။ ဒေါသပိုထွက်တော့မှာပေါ့။ အဲဒိဖိုးသိကြားဟာ တန်ခူးတရားစခန်းရောက်လာရတဲ့
အကြောင်းတရား။ သင်း မေမေ့ကိုပေးထားတဲ့ကတိကိုဖျက်ပြီး ဟိုငုဝါဆိုတဲ့ အမိုက်စား၊ အလန်းစားကောင်မလေး
လုပ်တဲ့စတုဒီသာ အလှုပေးပွဲသာမသွားခဲ့ရင် တန်ခူး သင်္ကြန်မှာရေပက်ခံထွက်နိုင်မည်။ သင်းကမေမေ့ကို
အကြတ်နေ့တန်ခူးတို့ လည်တဲ့အခါ ကျွန်တော်ပါ လိုက်သွားပါ့မယ် အန်တီသပြေ ဆိုပြီး ကတိပေးပြီးမှ၊
ငုဝါတို့အလှူမှာသွားကူပေးရမှာမို့ဆိုကာ ပေါ်မလာဇာတ်ခင်းသွားသည်။ အတက်နေ့ ကျွန်တော်ဆက်ဆက်ပို့ပေးပါ့မယ်ဆိုပြီးလဲ
အမြီးမပြောနဲ့ အရိပ်အယောင်တောင် မမြင်လိုက်ရ။ တန်ခူးမှာသာ ယမ်းပုံမီးကျဖြစ်ကာ မေမေ၊
ဖွားစောတို့နှင့် အတက်နေ့မနက်မှာ တရားစခန်းသို့ လိုက်လာဖြစ်ရခြင်းဖြစ်သည်။
အို..ဘာတွေတွေးမိပါလိမ့်။
သတိလွတ်ပြန်ပြီ။ သတိကိုနှာသီးဖျားတွင် ပြန်ဆွဲကပ်ထားရပြန်သည်။ ထွက်လေသိ၊ ဝင်လေသိ။ ထွက်လေသိ၊
ဝင်လေသိ။ ယောဂီ တန်ခူးသည် ခဏခဏ အလည်ထွက်သောစိတ်ကို သတိပြန်ကပ်ရင်း၊ သမာဓိကိုပင်မနည်းရအောင်
ထူထောင်ရင်း လုံးလည်လိုက်ကာ ခြေကုန်လက်ပမ်းကျနေတော့သည်။ သင်္ကြန်အတက်နေ့ နေကလည်း အပြင်မှာ
အစွမ်းကုန် အလျှံညီးညီးတောက်လောင်လို့နေသည်။
***
“သမီးရေ၊
ခူးခူး ထမင်းမစားသေးဘူးလား”
“မစားတော့ဘူး
မေမေ”
မေမေက
အောက်ထပ်မှအော်ပြောသည်။ တန်ခူးက အပေါ်ထပ်မှပြန်ဖြေသည်။ တန်ခူးဗိုက်ဆာသလိုရှိပေမယ့် စားချင်စိတ်မရှိ။
“ဟဲ့ ညည်းက
ရှစ်ပါးသီလယူထားတာမှမဟုတ်ဘဲ၊ ငါးပါးသီလယူပြီး တရားထိုင်တာလေ။ စားလို့ရတယ် လာစားချေ။
တော်ကြာလေနာနေမယ်”
“သမီးမဆာဘူးမေမေ၊
မစားတော့ဘူး..”
ညစာမစားလျှင်
လေနာတတ်သော တန်ခူးသည် ဗိုက်ဆာနေလျှက် ညစားမစားချင်ပါ။ မနက်ဖြန်ဆို နှစ်အသစ်ရဲ့ နေအသစ်ရောက်ပြီ။
တန်ခူးတို့ရဲ့ မြန်မာ့ရိုးရာရေသဘင်ပွဲကြီးပြီးလို့ နှစ်ဟောင်းကိုထားရစ်ခဲ့ပြီး နှစ်သစ်စရမည်။
ဒီနေ့မနက် ဆရာတော်ဟောကြားခဲ့သော တရားသည် တန်ခူးအတွက် တန်ဖိုးမဖြတ်နိုင်ပါ။
သင်္ကြန်ဆိုတာဟာ
အကူးအပြောင်းကိုခေါ်တယ်။ ဆိုလိုတာက နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့အချိန်။
ဒီအချိန်အတွင်း နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်မှာပါမလာရလေအောင် သင်္ကြန်ရေနဲ့ဆေးကြောပြစ်ကြရတဲ့
သဘောပဲ။ တကယ်တော့ ကျူပ်တို့ ဒကာ၊ ဒကာမတွေမှာ နေ့တိုင်း သင်္ကြန်ကျကြမှ တော်ကာကျမယ်။ ရေနဲ့ဆေးကြောလို့
အညစ်အကြေးတွေ၊ စိတ်အနာအဆာတွေ ဖြူစင်သန့်ရှင်းကုန်တာမဟုတ်ဘူး။ ကိုယ့်စိတ်ကိုယ်စစ်ပြီး
နေ့စဉ် သတိနဲ့ယှဉ်ပြီး သန့်နေကြမှ ညစ်နေတာတွေ စင်ကြယ်မှာ။ ဘုန်းကြီးပြောတာ သဘောပေါက်ကြသလား?
ဟုတ်ပါသည်။
ရေပက်ခံမထွက်လိုက်ရတဲ့ တန်ခူးအတွက်တော့ တကယ့်သင်္ကြန်ကြီး ခန္ဓာကိုယ်တွင်းမှာ ကျပြီးသွားလေပြီ။
စဉ်းစားရင်း ပီတိဖြစ်လာတော့ တစ်ခြံကျော်က ဖိုးသိကြား ဖေဖေစိုက်ပေးထားသော ပိတောက်ပင်မှ
ပိတောက်ပန်းရနံ့များ ပိုမိုမွှေးပျံ့ထုံအီနေတော့သည်။
“အန်တီသပြေ…ခူးခူး
ရှိလားမသိဘူးခင်ဗျ..”
“ဟယ်..သား၊
ဖိုးသိကြား။ ရှိပါ့ မင်းညီမ ထမင်းတောင်မစားဘဲ အိမ်ပေါ်ထပ်တက်နေလေရဲ့။ သားကို စိတ်ဆိုးပြေသေးပုံမပေါ်ဘူး”
“သမီးရေ။
ခူးခူး ဒီမှာ နင့်အစ်ကို ဖိုးသိကြားလာတယ် ဆင်းလာဦး..”
တန်ခူးက
မေမေ့အား ဟုတ်တစ်လုံးသာ ပြန်ထူးလိုက်သည်။ သင်းဘာလာရှုပ်ပြန်ပါလိမ့်။ ဖိုးသိကြားအား စိတ်မဆိုးတော့ပေမယ့်
အလျှော့တော့မပေးချင်သေး။ ကတိမတည်သူတစ်ယောက်ရဲ့ ထိုက်သင့်တဲ့အပြစ်တော့ရှိရမှပေါ့ဟုတွေးကာ
ညဝတ်အင်္ကျီပေါ်မှာ ဆွယ်တာအင်္ကျီ စိမ်းဖန့်ဖန့်လေးစွပ်ကာ အောက်သို့ဆင်းလာခဲ့သည်။
“အန်တီ
ခူးခူးကို ကျွန်တော်တို့အိမ်ဖက် ခဏခေါ်သွားမယ်နော်။ ဟို…ဆယ်နာရီမကျော်ခင် ကျွန်တော်ကိုယ်တိုင်
ပြန်ပို့ပေးပါ့မယ် အန်တီ”
“အေးပါ..အေးပါ။
ဟဲ့…နင်တို့နှစ်ကောင် ရန်ဖြစ်မနေကြနဲ့ဦးနော်”
ဟုတ်ကဲ့ပါ
ဟုပြိုင်တူပြောမိကြတော့ မေမေက ပြုံးပြီး ခပ်ဖြေးဖြေးခေါင်းခါကာ ကျန်ရစ်သည်။
***
နွေလရဲ့
ညတစ်ညပေမယ့် သိပ်တော့အိုက်စပ်စပ်မရှိလှ။ ဖိုးသိကြားတို့ ပိတောက်ပင်ရိပ်အောက်မှာမို့ထင်သည်၊
အေးစိမ့်စိမ့် နှင့် ရာသီဥတုက ကိုယ့်ဘက်မှာရှိသည်။ ပန်းပိတောက်ရဲ့မွှေးအီထုံပျံ့မှုကတော့
စာဖွဲ့စရာပင်မလိုတော့ပေ။ ဒီညသည် သင်္ကြန်ကာလကြီးကို အဆုံးသတ်ပေးမယ့် ညတစ်ညလည်း ဖြစ်လေသည်။
“တန်ခူးလေပြေ”
“ဘာတုန်း၊
ငါ့နာမည်အပြည့်အစုံခေါ်ရအောင် နင်က သန်းခေါင်စာရင်းစစ်လား?”
“ဟော..ကဲကြည့်။
နင်ဟာလေ နာမည်လေးလှသလောက် တော်တော်အရုပ်ဆိုးတာပဲ။ မျက်နှာကြီး ခုလို လငပုပ်ဖမ်းနေမှတော့
ဘယ်မှာလှတော့မလဲ”
“တော်၊
တိတ်၊ နင့်အိမ်ခေါ်လာပြီး ဘာလုပ်မလို့လဲ…ပြော…” “အိုးးးးးး ပလုတ်တုတ်တွေ…….ကျွတ်…..ဒါဘာလုပ်တာလဲ
သဂျိုးအစုတ်ပလုတ်ရဲ့”
“ရေလောင်းတာလေ
မတွေ့ဘူးလား ခူမရဲ့…”
“ညကြီးမင်းကြီး
ဘာခုမှရေလောင်းတာလဲ။ ငါဒီနေ့ တရားစခန်းကပြန်လာတာနော်”
“လာသေးတယ်…နင်ဥပုပ်သီလ
ယူမထားတာငါသိတယ်။ နင့်မေမေ ထမင်းစားဖို့ အော်ခေါ်နေကတည်းက ငါကနင်တို့အိမ်ဝင်းထဲရောက်ပြီးသား။
ငါးပါးသီလပျက်အောင် ညာမနေနဲ့။ ငါ နင့်ကို ရေလောင်းလို့ရတယ်။ ချစ်လို့ကျီစယ် စိုသွားတယ်
ဘာဖြစ်လဲ၊ ဘာဖြစ်လဲ”
“ဟင်…နင်မျက်နှာပြောင်
တယ်လဲ တိုက်ပါလား၊ မျက်နှာကိုက ပြောင်စပ်စပ်နဲ့။ ကျောက်ကျောရေပက်ထားတဲ့အတိုင်း..”
“အေး…ဟုတ်တယ်။
မနေ့က စတုဒီသာကျွေးပွဲမှာ ကျောက်ကျောတွေ ယင်ကောင်နားမှာစိုးလို့ ရေနဲ့ပက် ပက်ပေးရင်း
ကုသိုလ်အကျိုးပေးကြောင့် ခုလို ပြောင်ချော်ချော် ဖြစ်နေတာပဲ။ ဟဲဟဲ..”
“တော်ပြီ။
နင်ပေါက်တတ်ကရတွေဆက်ပြောရင် ငါပြန်တော့မယ်..”
“အာ…ဟုတ်တာပြောမလို့ပါ
ခူးခူးရယ်။ နင့်ကို တောင်းပန်မလို့။ အကျနေ့က နင့်ကို ကရုဏာဒေါသောနဲ့ အော်မိတာရော၊ အကြတ်နဲ့
အတက်နေ့က ကတိပျက်မိတာကိုရော။ ငါ အနူးအညွတ်တောင်းပန်ပါတယ်ဟာ…နင်နဲ့လဲ ငါရန်မဖြစ်ချင်တော့ဘူး…ကျေတော့နော်”
“အေး…နင့်အပြစ်
နင်သိရင် ပြီးတာပဲ။ ဘာလို့ကတိဖျက်တာလဲတော့ ပြောဦးမှပေါ့..”
“ငါ…ဟို
ငုဝါကို လူကြီးစုံရာနဲ့ ပြန်အပ်နေရလို့ပါဟာ….”
“ဘာာာာာာာာာာာာ…..”
“အာာာ…လန့်လိုက်တာဟာ။
နားတောင် ကွဲတော့မှာပဲ”
“နားကွဲ
လဲသေလိုက်။ နင် အခါကြီး၊ ရက်ကြီးတောင် မရှောင် မိန်းမခိုးရဲသေးတယ်? ဖိုးသိကြား…နင်ဟာလေ….”
တန်ခူးနေရာမှထဖို့ပြင်သည်။
ကြာရင် အသံတွေတုန်နေရာကာနေ အက်ကွဲကုန်လိမ့်မည်ထင်သည်။ ဝဲနေတဲ့မျက်ရည်ကိုလဲ ဖိုးသိကြားမြင်မှာ
ကြောက်ပါသည်။ ချက်ချင်း ဖိုးသိကြားပါထရပ်ကာ သွားဟန်ပြင်နေတဲ့ တန်ခူးလက်တစ်ဖက်ကို ချုပ်ထားသည်။
“ဟ…နေဦး။
ခူးခူး…မိန်းမက ငါခိုးတာမဟုတ်ဘူး။ ထိုစကားကိုကြားတော့ တန်ခူး အသက်ရှူခဏရပ်တန့်သွား၏”
“အိုကေ…အတိုချုပ်ပြောမယ်။
ငုဝါနဲ့ ငါ့ဘော်ဒါ ဥာဏ်လင်းနဲ့ဖြစ်နေတာကြာပြီ။ အဲဒါငုဝါအမေက မသိဘူး။ စတုဒီသာကျွေးတဲ့နေ့က
သူတို့အနေအထိုင်မတတ်လို့ အဖွားကြီးသိသွားတော့ ငုဝါကကြောက်ပြီး ဥာဏ်လင်းကားနဲ့လိုက်သွားတာ။
ငုဝါအမေက အကူအညီတောင်းလို့ ငါကိုယ်တိုင်သူတို့ကို လိုက်ရှာပြီး ဒီနေ့မနက်ကပဲ လူကြီးစုံရာနဲ့
ပြန်အပ်တာ။ နေ့လည်ကလည်း ကလေးတစ်ယောက် ရေဆော့ရင်း ကားတိုက်မိလို့ ငါပဲ ဆေးရုံကို လိုက်ပို့ပေးရတာ
သိပြီလား။ မောလိုက်တာာ နင့်ကိုရှင်းပြရတာ..”
သည်လိုဆိုတော့လည်း
ဖိုးသိကြားက လူကြီးလူကောင်းလေးနှင့်တူနေတော့သည်။ အသက်ရှုအောင့်ထားမိရာက သက်ပြင်းခိုးခိုးလေးချရသည်။
ပြုံးချင်နေတာကို မသိသာအောင်တော့ နှုတ်ခမ်းကို နည်းနည်း ဖိကိုက်ထားမှဖြစ်မည်။ ဖိုးသိကြားက
လည်လိုက်တာမှ မွှတ်လို့၊ ပန်ကာ့ထိပ်က ဝက်အူ။
“ရော့…ဒါကိုယူထား…”
လက်ထဲရောက်လာသည်က ပိတောက်ပန်းတစ်ခိုင်။ ပေးပုံကလည်း ကဗျာအတော်ဆန်သည်။ ဒါကိုယူထား..တဲ့။
တော်ပါသေးရဲ့
သူမရိပ်မိလို့။ တန်ခူး သက်ပြင်းခိုးချဖြစ်သည်။ သူပေးလာသော ပိတောက်ပန်းကိုလှမ်းယူတော့
သူကနှစ်လိုစွာ ပြုံးသည်။ ဖိုးသိကြား ဒီလိုပြုံးတာ ဒီတစ်ခါပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
"ဒါနဲ့နင်မနက်ဖြန်
နှစ်ဆန်းတစ်ရက်နေ့ ဘုန်းကြီးကျောင်းလာမှာလား? အဖိုး၊အဖွားတွေ ကိုယ်လက်သန့်စင်ကုသိုလ်ယူပွဲကိုလေ…"
“အင်…အေး…”
“နေပါဦး..ခုနက
နင်မျက်ရည်တွေဝဲနေတာ ဘာဖြစ်လို့လဲ။
မြတ်စွာဘုရား။
ဒီလူ တစ်ကယ်မလွယ်ပါလား? ဖိုးသိကြား မျက်နှာကိုမသိမသာခိုးကြည့်မိတော့လဲ သူက ခပ်တည်တည်ပင်။
ဘယ်လိုဖြေရမှာလဲ တန်ခူးမသိပါ။ စဉ်းစားစမ်း။
“မ..မဝဲပါဘူး…”
‘သိကြားမင်း
မတက်သေးဘူးနော် နင်မညာနဲ့ ဟဲဟဲ” ခုမှသူ့မျက်နှာက
ပြောင်စပ်စပ်နှင့်ဖြစ်နေသည်။
“အောင်မာ..သိကြားမင်းက
ညနေကတည်းကတက်သွားပြီ…။ အာဖျံခွီး သဂျိုး”
“ဟားဟား…ဒါဆို
နင်ညာတာပေါ့.. လက်ထောက်သိကြားမင်းက နင့်ရှေ့မှာအရှင်လတ်လတ်ကြီး ရပ်နေသေးတယ် အဟဲ”
“နင်….နင့်ကို
ငါတကယ်မုန်းတယ်..”
“ဟုတ်လား?
ငါကတော့ နင့်ကို ဆယ်ခါပြန်…..”
ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ညဆယ်နာရီထိုးခါနီးမှာပင်
တန်ခူးတို့အနားသို့ ရေပက်ခံကားတစ်စင်းဖြတ်သွားကာ ရေခဲရေနှင့်လှမ်းပက်သွားသည်။
♪ပြန်ပါဦးမယ် ပြန်ဦးမယ်
နှုတ်ခွန်းဆက်ပါတယ်…နောင်နှစ်ကိုလဲ ဆီးလို့ကြိုကွယ်..မောင်ကြီး လာပါမယ်…လာပါမယ်….♪. ဝေးဟေးးးးးးးးး။
ထိုအခိုက်ကို အခွင့်ကောင်းယူကာ တန်ခူး အိမ်ဖက်လှည့်ပြေးတော့ ဖိုးသိကြားက လက်ကိုလှမ်းဖမ်းသည်။
မမိလိုက်။ နောက်မှ ဆက်မလိုက်လာတော့ပဲ လှမ်းအော်ပြောသည်။
“ဟေး….ဆယ်ခါပြန်……မမုန်းဘူးလို့…..”
အိမ်ဝင်းတံခါးနားရောက်ခါနီး
ဖိုးသိကြားရဲ့ အော်သံကြားလို့ ခြေလှမ်းတွေတန့်သွားပေမယ့် လှည့်မကြည့်ဖြစ်တော့။ ဖိုးသိကြား
ပြုံးပြုံးကြီး ရပ်ကြည့်နေမှာ တန်ခူး လှည့်မကြည့်လည်း သိနေပါသည်။
***
***
ဖုန်တက်နေတဲ့
ကျမဘလော့ဂ်လေးကို သင်္ကြန်ရေနဲ့ဆေးရင်း နှစ်သစ်ကိုကြိုဖို့ ဒီပို့စ်ကိုရေးဖြစ်ပါတယ်။
ကျမငါးတန်းရောက်တော့
သင်္ကြန်မှာ ရေကစားတာ၊ ရေပက်ခံတာမျိုး မရှိတော့ပါဘူး။ သင်္ကြန်ကကျမအတွက် သူစိမ်းနည်းနည်းဆန်ပါတယ်။
အသက်ကြီးလာတဲ့အခါ၊ သူများနိုင်ငံမှာ အလုပ်လုပ်ရတဲ့အခါ ကိုယ့်ဓလေ့တွေ၊ ထုံးတမ်းစဉ်လာတွေကို
ပိုတန်ဖိုးထား မြတ်နိုးတတ်လာပါတယ်။ ဒီနှစ်သင်္ကြန်တော့ ဘယ်လိုဖြစ်တယ်မသိဘူး သင်္ကြန်မုဒ်ဝင်နေလေရဲ့။
ဒါနဲ့ပဲ မနေနိုင်၊ မထိုင်နိုင် သင်္ကြန်ဇာတ်လမ်းတစ်ပုဒ်ကို ဒီနေ့ပဲကောက်ရေးမိတော့တယ်။
ပျော်ပျော်ပါးပါး လူငယ်ဇာတ်လမ်းလေးဖြစ်အောင် ကြိုးစားရေးထားပါတယ်။ စာမရေးတာအတော်ကြာသွားတဲ့အပြင်
ရတဲ့အချိန်၂နာရီအတွင်း ဖြစ်အောင်ရေးထားတာဆိုတော့ ဖတ်ရတာထောက်နေရင် ခွင့်လွှတ်သည်းခံပြီး
ဖတ်ပေးကြပါဦးနော်။း)
အားလုံးပဲ
သစ်လွင်သော၊ အေးချမ်းသော၊ အောင်မြင်သော၊ ကျန်းမာ၊ ချမ်းသာ၊ ဘေးရန်ကွာသော မင်္ဂလာနှစ်တစ်နှစ်ဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Important note: လူပျို၊ အပျိုကြီးများအတွက် အချစ်သစ်လည်း ရစေကြောင်းပါးP
မေတ္တာအားဖြင့်
မိုးပန်းချီ
မင်္ဂလာနှစ်သစ်ပါ ပန်းချီရေ။ ပန်းချီ့ပို့စ်အသစ်လေး ရက်လွန်မှ လာဖတ်ရတယ်။ ချစ်စရာသင်္ကြန်ပို့စ်လေးပဲ ညီမ။ နှစ်နာရီနဲ့အပြီးရေးတာဆိုတော့ တော်လိုက်တာလို့ စိတ်ထဲက ချီးကျူးနေမိတာ။း))
ReplyDeleteချစ်သောမဇွန်ရေ… စာလာဖတ်ပြီး ကောမန့်လေးပါချန်ခဲ့ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ ၂နာရီအတွင်း ရေးထားတဲ့ ကွာလတီကတော့ မြင်တဲ့အတိုင်းပါပဲ မဇွန်. ဖတ်မယ့်သူတောင်ရှိဘူးရယ် :D ဒါပေမယ့် ဆုံးအောင်ဖတ်ပေးသွားတဲ့ မဇွန်ကိုတော့ တကယ်ပဲ ကျေးဇူးအထူးတင်ပါတယ်။ မင်္ဂလာရှိသောနှစ်သစ်မှာ အစစအရာရာ အဆင်ပြေပါစေနော်း)
Deleteဘလော့တွေဖက် ခြေမဆန့်ဖြစ်တာ ကြာသွားတာနဲ့ပဲ သင်္ကြန်ဝတ္တုလေးကို အခုမှပဲ ဖတ်ဖြစ်တော့တယ်။
ReplyDeleteငယ်ကျွမ်းဆွေကလေးတွေရဲ့ ဇာတ်လမ်းကလေးကို သဘောကျစွာ ဖတ်သွားခဲ့တယ်နော်။
ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်
ပထမဆုံးအလည်လာစာဖတ်ရင်း ကောမန့်ပါချန်သွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မမြတ်ပန်းနွယ်း)
Deleteခင်မင်လေးစားစွာ