Monday, January 30, 2012

ကြည်ဖြူကောင်းကင် ရဲသွေးဆင်သော်…

“ရဲရဲ….ဟဲ့….ငါ့ကိုခဏစောင့်ပါဦး….နင်ကလဲဟာ…..ငါတောင်းပန်ပါတယ်”

နောက်ကအမောတကော ကပ်လိုက်လာတဲ့ သူငယ်ချင်းမလေးကို သနားသွားရပြီး ခြေလှမ်းတွေကို ခဏရပ်တန့်လိုက်ပေမယ့် နည်းနည်းမှလှည့်မကြည့်ပဲ ကျောခိုင်းထားဆဲ။ အဲဒီ ယွန်း ဆိုတဲ့ သူငယ်ချင်းမကလေးဟာ ရုပ်ချောသလောက် နည်းနည်းတော့ ခပ်အူအူနိုင်လှတယ်လို့ ထင်တာပဲ။ ခုလည်း အတန်တန်ပြောထားတဲ့ကြားမှာပဲ သူလုပ်ချင်တာလုပ်လာပြီး ရဲရဲ ကို ရှိကြီးခိုးမတတ် တောင်းပန်နေပြန်တယ်။ ဘာပဲဖြစ်ဖြစ် ယွန်း နဲ့ ရဲရဲ ကဟိုးငယ်ငယ်ကတည်းက လည်ပင်းဖက်ပြီးပေါင်းလာတဲ့ ငယ်သူငယ်ချင်းဆိုတော့ ခဏနေတော့လည်း မခေါ်မပြောပဲမနေနိုင်ကြပြန်ဘူး။

“ကဲ…မယ်မင်းကြီးမ…ညည်းကိုသနားလာအောင် သိပ်လုပ်တတ်တယ်။ ပြော….ခုရှင်း…အဲဒိကိစ္စကို..ငါတကယ် မကျေဘူးနော်….”

“အရင်ကျေလိုက်ပါဟာနော်…ငါတမင်လုပ်တာမဟုတ်ရပါဘူး…ရဲရဲ ရယ်” 

ပြောရင်းဆိုရင်း ယွန်းက လက်ညှိုးနဲ့ လက်ခလယ်ကို ထပ်လို့ အကွင်းကလေးလုပ်ပြီး ရဲရဲ လက်ကိုအတင်းဆွဲပြီး ဖိနှိပ်ခိုင်းနေတော့တာ။ ရဲရဲ ဆိုတဲ့ ရဲရဲနီ ကလည်း မိန်းကလေးပေမယ့် ဘယ်တော့မှ မိန်းမဆန်ဆန် နုနွဲ့ပြီး မနေတတ်တဲ့အကျင့်အတိုင်း အဝေးကိုသာ ငေးကြည့်ပြီး မှူန်ကုပ်ကုပ်နေပြစ်လိုက်တယ်။ 

“အေးပါဟယ်…ငါရှင်းပြပါ့မယ်..နင်ကလည်း အဲလိုကြီးငါ့ကို တရားခံတစ်ယောက်ဘေးမှာရှိနေသလို ပုပ်သိုးမနေစမ်းပါနဲ့တော့…ဒီလိုဟာ….”

Saturday, January 14, 2012

ခရီးသွားရင်း သီချင်းဆိုမယ် (စိန်မြို့တော်ဆီ)….

မင်းနဲ့ဝေးရာ မင်းနဲ့အဝေးမှာ…အဝေးဆုံး…အဝေးဆုံး…အဝေးဆုံးမှာ
နေမယ်အချစ်ရယ်….နေမယ့်အချစ်ရယ်…. နေပါမယ်…..

အဲဒိသီချင်းဆိုပြီးနောက်တစ်နေ့…ကျွန်မနဲ့သက်တစ်မျှ နှစ်ယောက်တည်း ဌာနေပြည်ကြီးကို ပြန်ဖို့ အလောပေါင်းလေးငါးခြောက်ဆယ်နဲ့ နောက်ဆုံးမိနစ်လေးမှာ လေယာဉ် လက်မှတ်လေးနှစ်စောင်ဖြတ်လိုက်ပါတယ်။ အဲဒိသီချင်းဆိုရတာကလည်း အကြောင်းရှိပါတယ်။ သက်တမျှကို ခေါင်းတုံး တုံးရေး..မတုံးရေးက စပါတယ်။

ဖြစ်ပုံကို…အတိုချုပ်ရရင် ဒီလို…။ သက်တမျှရဲ့ ဆံနွယ်ခွေလေးတွေ
ရှည်လာတဲ့အခါ ခေါင်းချွေးတွေ ကြောက်စရာကောင်းအောင်ကို ထွက်ပါတယ်။ ကိုယ်ပေါ်ရဲ့ ဘယ်နေရာမှာမှ ချွေးသိပ်မထွက်ပဲ ခေါင်းတစ်ခုတည်း ချွေးတွေ အလုံးအရင်း ထွက်တာမျိုးဆိုတော့ ခေါင်းကိုရေလျှော်ထားသလိုဖြစ်ပြီး တစ်ခါတစ်လေ အအေးမိချင်သလိုလို ဖြစ်လေ့ရှိပါတယ်။ ဒီတော့ ကျွန်မက ခေါင်းတုံးတုံးပေးဖို့ အကြံရပါတယ်။ ဒါနဲ့ပဲ သက်တမျှရဲ့ချစ်သောဖခင်၊ ကျွန်မရဲ့ မချစ်တချစ် အိမ်ကလူး)) ကိုပြောတဲ့အခါ လုံးလုံးကြီးဆန့်ကျင်ပါတယ်။ သူကမိန်းကလေးဆို ဆံပင်ရှည်ရှည်လေးမှ ကြိုက်တယ်ဆိုတော့ အခက်တွေ့ပါတယ်။ သက်တမျှအသက် ကတစ်နှစ်ကျော်ကျော်ပဲရှိသေးတာမို့ ဆံပင်အရှည်ထားချိန်မတန်သေးဘူးမဟုတ်လားရှင်.။ တကယ့်အမျိုးသားရေးလိုပါပဲ အကြိတ်အနယ် မဲဆန္ဒနယ်တွေဘာတွေခွဲပြီး စည်းရုံးရေးဆင်းပေမယ့် မအောင်မြင်တဲ့အဆုံး အိမ်ကလူ ဘယ်လိုမှပြောလို့၊ လိုက်လို့မမီတဲ့ မြိုင်ရပ်ကို တောခိုပြီး သက်တမျှကို ခေါင်းတုံးတုံးဖို့ လူဆိုးတွေနဲ့ မေတိုင်ပင်လုပ်ပြီးတဲ့အခါ…နောက်ဆုံးမှာ လက်မှတ်လေးနှစ်စောင်နဲ့ ရန်ကုန်ပြန်ဖို့ ဆုံးဖြတ်ချက် ဒုံးကနဲဆို ဆိုင်းမဆင့်ဗုံမပါ ကျသွားလေရဲ့။

လေယာဉ်ကြီး စီး..စီး…လို့သွားတော့မှား)
လေယာဉ်ကြီး စီး..စီးလို့သွားမယ်ဆိုရင် လိုက်ပို့ဖို့ မခေါ်နဲ့..ဝေးရတော့ ငါ့မှာ အသည်းကွဲရလိမ့်မယ်….နှုတ်ဆက်မသွားပါနဲ့…တဲ့…

သူကအဲသလိုဆိုပါသော်လည်း၊ လေယာဉ်ကွင်းကို ကျွန်မကလိုက်မပို့ခိုင်းပါသော်လည်း သူ့ဘာသာလိုက်ပို့ပါတယ်။ သူကပြောသေးတာ…သက်တမျှကိုဂရုစိုက်လိုက်နော်တဲ့…။ အင်း..ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်လိုက်ပါ့မယ်လို့…။ သြော်….မောင်တို့ ယောင်္ကျားတွေရယ်…..။

ဒီလိုနဲ့ပဲ သစ်ရွက်ကလေးတွေ တစ်ဖြုတ်ဖြုတ်ကြွေလို့ ကြယ်ဂျက်လေယာဉ်နဲ့ ရန်ကုန်ရွှေမြို့တော်ကြီးကို အောက်တိုဘာလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၄၀ နဲ့မှ ၅ မိနစ်မှာ ဆိုက်ရောက်ခဲ့ပါတယ်။

Saturday, January 7, 2012

ဂျင်းပင်န်နက်ပြာ...

ပြန်ပြောပြရရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါပေမယ့်လည်းမရှက်နိုင်ပါဘူး…။ ဘာကြောင့်လည်းဆိုတော့ တန်ဖိုးတစ်ခုသတ်မှတ်ခံထားရတဲ့ သက်မဲ့အရာလေးတစ်ခုကပေးတဲ့ အသိ (သို့မဟုတ်) သင်ခန်းစာ…တစ်ခုကို ကောင်းကောင်းကြီးရခဲ့လို့ပါ။

အဲဒိအချိန်တုန်းက……
နက်ပြာရောင်လွင်လွင်ကလေး၊ ပုံပန်းဂိုက်ဆိုက်ကလည်း ကျကျနန လှမှလှမို့လို့ ကိုယ့်မျက်စေ့အကြည်ဓါတ်ကလေးနဲ့ အဲဒိအရောင်ရုပ်ကလေးတိုက်လိုက်တဲ့ခဏ ကြိုက်မိ၊ စွဲမိတဲ့စိတ်ကလေးတစ်ခုရယ်ကြောင့် ခဏကိုင်ကြည့် တို့ကြည့်မိတယ်..။ နူးညံ့တဲ့အထိအတွေ့ကြောင့် ကိုင်ကြည့်မိတာနဲ့အားမရပြန်ဘူး…။ ကိုယ်ပေါ်အရောက်ဆင်ယင်ကြည့်တော့ ကိုယ်နဲ့ကလည်း အံဝင်ခွင်ကျ၊ ခါးကျဉ်ကျဉ်မှာ လှလှကလေးတင်လို့နေတယ် (အိမ်ကလူနဲ့အကြောင်းမပါခင် ကျောင်းသူဘဝ ဆိုတော့ ပိန်ပိန်သေးသေးရှိနေပါသေးတယ်း)) ။ ကိုယ်လုံးပေါ်မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ကိုကိုယ် ဘဝင်ခိုက်ပြီး ပြုံးလို့ကြည့်နေလိုက်တာ…ဘေးကအရောင်းစာရေးမလေးက တကယ်လှတယ်၊ ညီမ ခန္ဓာကိုယ်လေးနဲ့ သိပ်လိုက်ဖက်တာပဲလို့ တွန်းအားပေးလိုက်ပြန်ရော သဘော မနောတွေခွေ့ပြီး “အင်း…ဝယ်တော့ဝယ်မယ်…ဒါပေမယ့် ခုမဟုတ်သေးဘူး”။ ခုနကမြှောက်ပြောလိုက်တဲ့ အရောင်းစာရေးမလေးက ပြုံးရာကနေ ခပ်တည်တည်ဖြစ်သွားတယ်…။ လျှော့ဈေးက ဒီလကုန်တဲ့အထိပဲနော်လို့ ကျွန်မကို သတိပေးလိုက်သေးတယ်။ 

ခေါင်းအသာအယာငြိမ့်ပြီး ခုနကဝတ်ကြည့်မိတဲ့ ဂျင်းဘောင်းဘီ ပြာလွင်လွင်ကလေးကို အရောင်းစာရေးမဆီပြန်အပ်ခဲ့ပြီး အိမ်ပြန်ခဲ့ပါတယ်။ အဲဒိအချိန်တုန်းက ကျွန်မက ဒီခြင်္သေ့ကျွန်းမှာ ကျောင်းတက်နေဆဲ ကျောင်းသူဘဝဆိုတော့ အဲလို ဈေးကြီးပေးရတဲ့ Levis  ဂျင်းဘောင်းဘီကို ကိုင်ကြည့်၊ စမ်းဝတ်ကြည့်ရုံကလွဲလို့ သဘောကျတဲ့စိတ်ကို အင်မတန်မြိုသိပ်ပြီး အိမ်ပြန်ခဲ့ရတဲ့ ခံစားချက်က အတော်လေး ကသိကအောက်နိုင်လှတယ်။ သူ့ဘာသာ လျှော့ဈေးက ဒီလကုန်မကလို့ နောက်နှစ်အထိရှိရှိ ကျွန်မလက်ထဲမှာ လောလောဆယ်ဆုပ်ကိုင်ထားမိသလောက်က 20 SGD ထက်မပိုပါဘူး။ ဘောင်းဘီရဲ့ ခြေတစ်ဖက်တောင် မဝယ်နိုင်တဲ့ကိန်းဂဏန်းပါ။ သူ့ဈေးက 149 SGD ဆိုတော့ ခေါင်းနည်းနည်းကိုက်ချင်သလိုလိုတောင်ဖြစ်ခဲ့တယ်။ 

ဘာပဲဖြစ်ဖြစ် ပိုက်ဆံလေးစုပြီး ဝယ်ဖြစ်အောင်ဝယ်ဖို့ ဆုံးဖြတ်ချက်ကတော့ကျပြီးသားပါ။ ကျွန်မက အချိန်ပိုင်းအလုပ်ကလေးလုပ်နေတာဆိုတော့ အနည်းဆုံးတော့ ၂ လလောက်စုဖြစ်တယ်ဆိုရင် ကြိုက်မိတဲ့ ဘောင်းဘီကလေးကို ကျွန်မဝယ်နိုင်ပြီလို့ စိတ်ကူးရင်းပေါ့။ ၂လအတွင်းရမယ့်လခကိုလည်းစိတ်ကူးထဲမှာ တွက်ချက်နေခဲ့သေးတယ်။ တစ်ဝက်ကကျွန်မကျောင်းမုန့်ဖိုး ဘာညာသာရကာ၊ ကျန်တစ်ဝက်ထဲကမှ အိမ်အတွက်လက်ဆောင်ပစ္စည်းဘာညာအတွက်ပါ…။ နှစ်ကုန်ခါနီးဆိုတော့ ရန်ကုန်ပြန်တဲ့အခါ ရွာပြန်လက်ဆောင်လေးတွေကလည်း ပေးချင်တာကပါသေးတယ်ဆိုတော့…။ အားလုံးတွက်ချက်ပြီး လစာထဲကနည်းနည်းကျန်တာကို စုမယ်ဆိုရင် နှစ်လ၊ သုံးလအတွင်းတော့ ကျွန်မလိုချင်တာလေး ဝယ်နိုင်ပြီဆိုတဲ့ စိတ်ကူးကလေးနဲ့ ပျော်နေမိခဲ့တယ်။