Wednesday, October 31, 2012

မယ်ကျွဲသည်း ရဲ့ ချစ်သစ္စာ (ပုံပြင်)


သက်တမျှလေး ရေ…ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်…။ သက်တမျှ နဲ့အတူ သားသား၊ မီးမီး တို့လည်း လိုက်နားထောင်ကြည့်ပါဦး။

ဟိုးရှေးရှေ…ရှေးရှေး…တုန်းကပေါ့ကွယ်…။

အင်မတန်ကြီးကျယ်ခမ်းနားတဲ့ “မုန့်တိုင်းပြည်ကြီး” တစ်ပြည်ရှိပါသတဲ့။ အဲဒီမုန့်တိုင်းပြည်ကြီးမှာ မင်းကျင့်တရားနဲ့အညီ ကျောသား၊ ရင်သား မခွဲခြားပဲ အုပ်ချုပ်တတ်တဲ့ “ပေါင်မုန့် ဘုရင်ကြီး” စိုးစံတဲ့ အချိန်သမယပေါ့ကွယ်…။ ပေါင်မုန့်ဘုရင်ကြီးမှာ ရုပ်ရည်ရူပကာ အင်မတန်မှ ချောမောလှပတဲ့ သားတော်လေးတစ်ပါးလည်း ရှိတယ်ကွယ့်။ သားတော်လေးရဲ့ အမည်ကတော့ “ကိတ်မုန့် မင်းသားလေး” ဖြစ်ပါသတဲ့။ ကိတ်မုန့်မင်းသားလေးဟာ အသက်တစ်ဆယ့်ခြောက်နှစ်ပြည့်တဲ့အခါ မင်းတို့တတ်အပ်တဲ့ အဌာရသဆယ့်ရှစ်ရပ်အဖြစ် “စုံစီနဖာ ကိုယ်ခံပညာ”ကို ကောင်းမွန်စွာ လေ့လာသင်ယူရပါတော့တယ်…။ 

ဒီလိုနဲ့ တစ်နေ့မှာတော့ မုန့်တိုင်းပြည်ကြီးမှာ ကြီးမားတဲ့ အန္တာရယ်နဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာပါလေရော။ အကြောင်းကတော့ အခွင့်သာတိုင်း ထကြွပုန်ကန်တတ်တဲ့ မုန့်တိုင်းပြည်လက်အောက်ခံ နယ်ကလေးတစ်နယ်ဖြစ်တဲ့ ကောက်ညင်းပေါင်းနယ်က “ကောက်ညင်းပေါင်း ဘီလူးညီနောင်”ဟာ ကိတ်မုန့်မင်းသားလေးရဲ့ လက်ရုံးရည်၊ နှလုံးရည် ကျော်စောမှုသတင်းကို မနာလို မရှုစိမ့်နိုင်တာကြောင့် မုန့်တိုင်းပြည်ကြီးကို ဝင်ရောက်တိုက်ခိုက်မယ့်အကြောင်း စစ်ကြေညာလိုက်ပါသတဲ့..။ ဒီတော့ ကိတ်မုန့်မင်းသားလေးဟာ သူ့ရဲ့စွမ်းရည်ကို ဖခမည်းတော်ရဲ့ရှေ့မှောက်မှာ မျက်ဝါးထင်ထင်ပြသခွင့်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားမှုနဲ့အတူ စစ်သွေးတကြွကြွ၊ ဟန်ရေးတပြပြ ရှိနေတော့တာပေါ့..။

ကောက်ညင်းပေါင်းဘီလူးညီနောင် ဟာ သူတို့စစ်ကြေညာထားတဲ့အတိုင်း “ဆီထမင်းဘီလူး စစ်သည်တော်” ပေါင်းမြောက်များစွာနဲ့ မုန့်တိုင်းပြည်ကြီးကို ချီတက်လာကြပါသတဲ့။ စစ်သွေးသောက်ကြမယ့် စစ်သည်တော်တွေအပြင် ခေါင်းဆောင်ဖြစ်သူ ကောက်ညင်းပေါင်းဘီလူးညီနောင်ရဲ့ ကြင်ယာတော်များဟာလည်း သူတို့ရဲ့ တစ်ဆယ့်ခြောက်နှစ်တောင်မှ မပြည့်တတ်သေးတဲ့ သားတော်ကလေးများကိုလည်း စစ်သွေးစစ်မာန်မွေးပေးဖို့ တစ်ပါတည်းခေါ်ဆောင်လာကြပါလေရောတဲ့။ အဲဒီသားတော်ကလေးများထဲမှာမှ “မုန့်စိမ်းပေါင်းဘီလူးကလေး” လို့ အမည်ရတဲ့သားတော်ကလေးက စစ်သွေးအကြွဆုံးပါပဲတဲ့ကွယ်…။

Tuesday, October 23, 2012

ကဗျာဟာ စိတ်ရှုပ်နေတယ်...


မျက်တောင်မှေးစင်းစင်း မနက်ခင်းတွေက
ဝေလီဝေလင်းအရောင်တွေကို ခပ်ကြောင်ကြောင် အံတုရ..။

မူးဝေကျိန်းစပ်စပ် နေ့လည်ခင်းတွေက
မူမမှန်တဲ့ မိုးနတ်မင်းကို တောင်းပန်းတိုးလျှိုးရ...။

မျက်ကွင်းညိုညို ညတွေကတော့…
ကော်ဖီကျကျတွေကို အတင်းမျိုချရ….။

ဒီလိုနဲ့….
နိစ္စဓူဝ ငါတွေထဲ..
ကဗျာဟာ စိတ်ရှုပ်နေတယ်…။
စကားလုံးတွေ သွေးပူလေ့ကျင့်ခန်းလုပ်နေတယ်။
***
***

ပြစ်ထားတာကြာပြီဖြစ်တဲ့ ဘလော့ဂ်လေးကို ဖုန်လာခါရင်း၊ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်း မိတ်ဆွေတွေကို လာနှုတ်ဆက်ရင်း…သွေးပူလေ့ကျင့်ခန်းလုပ်တဲ့ အနေနဲ့ ထွက်ကျလာသမျှလေး ချရေးဖြစ်တာ :D စိတ်ရှုပ်မသွားရအောင် ဖတ်ပြီး ခပ်ပြုံးပြုံးကလေးနဲ့ ပြန်ပါး))
Long weekend ရောက်တော့မယ်ဆိုတဲ့အတွေးနဲ့ အားလုံးပဲ ပျော်ရွှင်နေကြပါစေရှင်။

မေတ္တာအားဖြင့်
မိုးပန်းချီ