Wednesday, October 31, 2012

မယ်ကျွဲသည်း ရဲ့ ချစ်သစ္စာ (ပုံပြင်)


သက်တမျှလေး ရေ…ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်…။ သက်တမျှ နဲ့အတူ သားသား၊ မီးမီး တို့လည်း လိုက်နားထောင်ကြည့်ပါဦး။

ဟိုးရှေးရှေ…ရှေးရှေး…တုန်းကပေါ့ကွယ်…။

အင်မတန်ကြီးကျယ်ခမ်းနားတဲ့ “မုန့်တိုင်းပြည်ကြီး” တစ်ပြည်ရှိပါသတဲ့။ အဲဒီမုန့်တိုင်းပြည်ကြီးမှာ မင်းကျင့်တရားနဲ့အညီ ကျောသား၊ ရင်သား မခွဲခြားပဲ အုပ်ချုပ်တတ်တဲ့ “ပေါင်မုန့် ဘုရင်ကြီး” စိုးစံတဲ့ အချိန်သမယပေါ့ကွယ်…။ ပေါင်မုန့်ဘုရင်ကြီးမှာ ရုပ်ရည်ရူပကာ အင်မတန်မှ ချောမောလှပတဲ့ သားတော်လေးတစ်ပါးလည်း ရှိတယ်ကွယ့်။ သားတော်လေးရဲ့ အမည်ကတော့ “ကိတ်မုန့် မင်းသားလေး” ဖြစ်ပါသတဲ့။ ကိတ်မုန့်မင်းသားလေးဟာ အသက်တစ်ဆယ့်ခြောက်နှစ်ပြည့်တဲ့အခါ မင်းတို့တတ်အပ်တဲ့ အဌာရသဆယ့်ရှစ်ရပ်အဖြစ် “စုံစီနဖာ ကိုယ်ခံပညာ”ကို ကောင်းမွန်စွာ လေ့လာသင်ယူရပါတော့တယ်…။ 

ဒီလိုနဲ့ တစ်နေ့မှာတော့ မုန့်တိုင်းပြည်ကြီးမှာ ကြီးမားတဲ့ အန္တာရယ်နဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာပါလေရော။ အကြောင်းကတော့ အခွင့်သာတိုင်း ထကြွပုန်ကန်တတ်တဲ့ မုန့်တိုင်းပြည်လက်အောက်ခံ နယ်ကလေးတစ်နယ်ဖြစ်တဲ့ ကောက်ညင်းပေါင်းနယ်က “ကောက်ညင်းပေါင်း ဘီလူးညီနောင်”ဟာ ကိတ်မုန့်မင်းသားလေးရဲ့ လက်ရုံးရည်၊ နှလုံးရည် ကျော်စောမှုသတင်းကို မနာလို မရှုစိမ့်နိုင်တာကြောင့် မုန့်တိုင်းပြည်ကြီးကို ဝင်ရောက်တိုက်ခိုက်မယ့်အကြောင်း စစ်ကြေညာလိုက်ပါသတဲ့..။ ဒီတော့ ကိတ်မုန့်မင်းသားလေးဟာ သူ့ရဲ့စွမ်းရည်ကို ဖခမည်းတော်ရဲ့ရှေ့မှောက်မှာ မျက်ဝါးထင်ထင်ပြသခွင့်ရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားမှုနဲ့အတူ စစ်သွေးတကြွကြွ၊ ဟန်ရေးတပြပြ ရှိနေတော့တာပေါ့..။

ကောက်ညင်းပေါင်းဘီလူးညီနောင် ဟာ သူတို့စစ်ကြေညာထားတဲ့အတိုင်း “ဆီထမင်းဘီလူး စစ်သည်တော်” ပေါင်းမြောက်များစွာနဲ့ မုန့်တိုင်းပြည်ကြီးကို ချီတက်လာကြပါသတဲ့။ စစ်သွေးသောက်ကြမယ့် စစ်သည်တော်တွေအပြင် ခေါင်းဆောင်ဖြစ်သူ ကောက်ညင်းပေါင်းဘီလူးညီနောင်ရဲ့ ကြင်ယာတော်များဟာလည်း သူတို့ရဲ့ တစ်ဆယ့်ခြောက်နှစ်တောင်မှ မပြည့်တတ်သေးတဲ့ သားတော်ကလေးများကိုလည်း စစ်သွေးစစ်မာန်မွေးပေးဖို့ တစ်ပါတည်းခေါ်ဆောင်လာကြပါလေရောတဲ့။ အဲဒီသားတော်ကလေးများထဲမှာမှ “မုန့်စိမ်းပေါင်းဘီလူးကလေး” လို့ အမည်ရတဲ့သားတော်ကလေးက စစ်သွေးအကြွဆုံးပါပဲတဲ့ကွယ်…။

ကဲ…ဒီလိုနဲ့ နှစ်ဦးနှစ်ဖက်စလုံးက စစ်သွေးတွေကြွနေမှတော့ စစ်ကြီး စတင်ဖြစ်ပွားတော့တာပေါ့…။ စစ်ဖြစ်ပွားကြတဲ့အခါ မုန့်တိုင်းပြည်ကြီးက စစ်သည်တော်တွေ၊ ကောက်ညင်းပေါင်းနယ်က စစ်သည်တော်တွေအပြင် အပြစ်မရှိကြရှာတဲ့ ပြည်သူပြည်သားတွေ၊ ကလေးသူငယ်တွေ၊ ကျွဲ၊ နွား၊ ဆင်၊ မြင်း တိရစ္စာန်တွေပါမကျန် အသက်အိုးအိမ်စည်းစိမ်တွေ အများအပြားဆုံးရှုံးကြရရှာပါတယ်။ စစ်ရဲ့အပြစ်တွေဟာ ရေတွက်မကုန်အောင် များပြားလွန်းလှပါရဲ့ကွယ်…။ 

တိုင်းပြည်ကို ကာကွယ်ချင်စိတ်နဲ့ စစ်မာန်တွေတက်ကြွနေရှာတဲ့ ကိတ်မုန့်မင်းသားလေးဟာ အင်မတန်မှ စစ်သွေးနားထင်ရောက်နေတဲ့ မုန့်စိမ်းပေါင်းဘီလူးကလေးကို လှံတစ်ချက်အဝင့်နဲ့တင် ဇီဝိန်ခြွေလိုက်နိုင်ပါတယ်။ သူတို့ရဲ့သားတော်လေးရုတ်တရက်ကျဆုံးသွားတာကို မြင်လိုက်ရတဲ့ ကောက်ညင်းပေါင်းဘီလူးညီနောင်ဟာ သည်းအူပြတ်မျှခံစားရလွန်းလို့ ကိတ်မုန့်မင်းသားလေးကို ညာသံပေးပြီး သည်းကြီးမည်းကြီး တိုက်ခိုက်ကြပါလေရောတဲ့ကွယ်။ လက်ပန်းကျနေတဲ့ ကိတ်မုန့်မင်းသားလေးဟာ သတိတစ်ချက်အလစ်မှာ ကောက်ညင်းပေါင်းဘီလူးညီနောင်ရဲ့ ဓားတစ်ချက်ကြောင့် ဝမ်းဗိုက်တစ်ခုလုံး ထိုးခွဲခံလိုက်ရပါသတဲ့ကွယ်..။ မုန့်တိုင်းပြည်ကြီးရဲ့ အကြီးဆုံးမြစ်ဖြစ်တဲ့ “ဘယာကြော်မြစ်” အနားမှာ သွေးအလိမ်းလိမ်းနဲ့ လဲကျသွားတဲ့ ကိတ်မုန့်မင်းသားလေးကို ကောက်ညင်းပေါင်းဘီလူးညီနောင်ရဲ့ ကြင်ယာတော်လည်းဖြစ်၊ မုန့်စိမ်းပေါင်းဘီလူးကလေးရဲ့ မယ်တော်လည်းဖြစ်တဲ့ “မုန့်ကြာစိဘီလူးမ” ဟာ ရုတ်တရက်ဆိုသလို ဘယာကြော်မြစ်ကြီးထဲကို တွန်းချလိုက်ပါလေရော။ ပြင်းထန်စွာဒဏ်ရာရရှိသွားတဲ့ ကိတ်မုန့်မင်းသားလေးဟာ ရေစီးအလွန်သန်တဲ့ ဘယာကြော်မြစ်ကြောင်းတစ်လျှောက် မျောပါသွားပါတော့တယ်။ ကိတ်မုန့်မင်းသားလေးရဲ့ ဒဏ်ရာဟာ အချိန်မလပ်အသက်ဆုံးရှုံးနိုင်တဲ့ ဒဏ်ရာမျိုးဖြစ်ပါသတဲ့…။ ဒါပေမယ့် ဖခမည်းတော်ပေါင်မုန့်မင်းကြီး စိုးစံတဲ့ တိုင်းပြည်ကို ကာကွယ်ချင်စိတ်နဲ့ ရန်သူကို ရွပ်ရွပ်ချွံချွံခုခံကာကွယ်ခဲ့တဲ့ ကိတ်မုန့်မင်းသားလေးရဲ့ကံကြမ္မာဟာ သိပ်တော့မဆိုးရှာပါဘူး။ အကြောင်းကတော့ ဘယာကြော်မြစ်ကြီးရဲ့ တစ်နေရာအရောက်မှာ  ပုဏ္ဏားတစ်ယောက်ရဲ့ဆယ်ယူကယ်ဆယ်မှုကို ခံရပါတယ်တဲ့…။ အဲဒီပုဏ္ဏားဟာ “မုန့်နှစ်နယ်” မှာ နာမည်ကျော်ကြားတဲ့ ဆေးဆရာတစ်ဦးဖြစ်ပြီး “မုန့်လုံးရေပေါ် ပုဏ္ဏား” လို့ အမည်တွင်ပါသတဲ့..။

အသက်ငွေ့ငွေ့ကလေးကျန်တဲ့ ကိတ်မုန့်မင်းသားလေးဟာ သေအံမူးမူးအချိန်မှာပဲ မုန့်လုံးရေပေါ်ပုဏ္ဏားရဲ့ ဆေးစွမ်းကြောင့် ပြန်လည်အသက်ရှင်သန်ခွင့် ရလိုက်တာပေါ့..။ အဲဒီအသက်ဟာလည်း အလကားတော့ ရလိုက်တာမဟုတ်ပါဘူးတဲ့..။ ကိတ်မုန့်မင်းသားလေးရဲ့ ကတိတစ်လုံးနဲ့လဲပြီး ရယူခဲ့ရပါသတဲ့။ အဲဒီကတိကတော့ ကိတ်မုန့်မင်းသားလေးကို ဘယ်သူကမေးမေး “မုန့်လုံးရေပေါ်မင်းသားလေးပါ” လို့ ဖြေရမယ့် ကတိပါပဲ။ ကတိကိုဖောက်ဖျက်ခဲ့မယ်ဆိုရင်တော့ ကိတ်မုန့်မင်းသားလေးရဲ့ ဝမ်းဗိုက်ထဲမှာရှိတဲ့ ဂါထာမန္တရားတွေနဲ့စီမံထားတဲ့ ထန်းလျက်ဆေးရည်တွေဟာ ပေါက်ထွက်၊ ပန်းထွက်လာပြီး အသက်ဆုံးရှုံးရမှာပါတဲ့ကွယ်…။ ဒါကြောင့်မို့ ကိုယ့်အသက်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးတရားကိုထောက်ထားပြီး ကိတ်မုန့်မင်းသားလေးက ဘယ်သူမေးမေး မုန့်လုံးရေပေါ်မင်းသားလေးပါလို့ ဖြေမယ့်အကြောင်း ကတိသစ္စာပြုခဲ့ရရှာတာပေါ့။ 

***
 အသက်ဘေးက လွတ်မြောက်လာတဲ့ ကိတ်မုန့်မင်းသားလေးဟာ အသက်သခင် ကျေးဇူးရှင် မုန့်လုံးရေပေါ်ပုဏ္ဏားကို ထိခြင်းငါးပါးနဲ့ ဦးချကန့်တော့ခဲ့ပြီး နေရပ်ကိုပြန်ဖို့ ခရီးဆက်ခဲ့ပါတော့တယ်။ ခရီးဆက်တဲ့လမ်းက တောလမ်းကြမ်းကြမ်းဖြစ်တာမို့ ကိတ်မုန့်မင်းသားလေးခမျာ သတိကြီးစွာထားရပါသတဲ့။ တစ်နေရာအရောက်မှာတော့ ကိုယ်ရောင်ကိုယ်ဝါထွန်းလင်းတောက်ပပြီး ကိုယ်သင်းရနံ့မွှေးပျံ့တဲ့ “စတော်ဘယ်ရီ သူယောင်မယ်” ကလေးတွေနဲ့ ရုတ်တရက် စုံစည်းမိကြတဲ့အခါ သူယောင်မယ်လေးတွေက အသင်မင်းသား ဘယ်အရပ်ကပါလဲ၊ ဘယ်သို့အမည်နာမခေါ်တွင်ပါသလဲလို့ မေးမြန်းကြပါသတဲ့။ ဒါနဲ့ ကိတ်မုန့်မင်းသားလေးခမျာမှာ မုန့်နှစ်နယ်က မုန့်လုံးရေပေါ်မင်းသားဖြစ်ကြောင်း ဖြေရရှာတယ်။ ကိတ်မုန့်မင်းသားလေးရဲ့ အဖြေကိုကြားတဲ့အခါ စတော်ဘယ်ရီ သူယောင်မယ်ကလေးတွေထဲက အငယ်ဆုံးဖြစ်တဲ့ “ချယ်ရီ သူယောင်မယ်ကလေး” က အဆင့်အတန်းချင်း မတူမတန်သလို မျက်မှောင်ကျုံ့ပြီး နှာခေါင်းရှုံ့သွားပါတယ်တဲ့။ ဒါပေမယ့် အခြား စတော်ဘယ်ရီ သူယောင်မယ်တွေကတော့ ကိတ်မုန့်မင်းသားလေးကို ရေပူ၊ ရေချမ်းကမ်းလှမ်းပြီး ရှေ့ဆက်ရမယ့် ခရီးကိုလည်း လမ်းညွှန်လိုက်ပါသေးသတဲ့။

ဒီလိုနဲ့ ခရီးဆက်လာရင်း ကိတ်မုန့်မင်းသားလေးဟာ ခရီးပန်းလွန်းတာကြောင့် ခေတ္တခဏအိပ်ပျော်သွားတော့တယ်။ မင်းသားလေးအိပ်ပျော်သွားတဲ့ခဏမှာတော့ အိပ်မက်တစ်ခုမက်ပါသတဲ့။ အိပ်မက်ထဲမှာ မင်းသားလေးဟာ အင်မတန်ချောမောလှပလွန်းတဲ့ မင်းသမီးလေးတစ်ပါးနောက်ကို တစ်ကောက်ကောက်လိုက်ရင်း ခြေကုန်လက်ပန်းကျနေတော့တယ်။ အိပ်မက်ကနေလန့်နိုးလာတဲ့အခါ ပတ်ဝန်းကျင်ဟာ မှောင်မိုက်နေပြီး ရှိုက်သံသဲ့သဲ့ တစ်ခုသာ ထွက်ပေါ်နေပါသတဲ့..။ ကိတ်မုန့်မင်းသားလေးဟာ ထူးဆန်းတဲ့ ရှိုက်သံကို ရှာဖွေတဲ့အနေနဲ့ လဲလျောင်းနေရာကနေ မတ်တပ်ထရပ်လိုက်ပြီး ဘေးဘီဝဲယာကို လိုက်လံရှာဖွေတဲ့အခါ အဖြူရောင်တစ်မျိုးနဲ့တောက်ပနေတဲ့ မိန်းမပျိုလေးတစ်ယောက် မင်းသားလေးကို နောက်ကျောပေးပြီး ငိုကြွေးမြည်တမ်းနေတာကို တွေ့လိုက်ရပါသတဲ့..။ မင်းသားလေးဟာ အဲဒီမိန်းမပျိုလေးအနား ကို အသာအယာချဉ်းကပ်သွားပြီး နှစ်မငယ် ဘာကြောင့်ဒီလောက် ငိုကြွေးပူဆွေးနေရပါသလဲလို့ မေးမြန်းလိုက်တဲ့အခါ မိန်းမပျိုလေးခမျာ လန့်သွားပြီး ရုတ်တရက်အငိုရပ်သွားရရှာပါတယ်။ ကိတ်မုန့်မင်းသားလေးကိုလဲ ရှေးရှေးဘဝက ရေစက်ရှိခဲ့တဲ့အလား မမှိတ်မသုန်ကြည့်လို့ပါ တဲ့..။  မိန်းမပျိုကလေးတစ်ယောက်ရဲ့ စူးရဲတဲ့အကြည့်ကြောင့် ကိတ်မုန့်မင်းသားလေးဟာ မနေတတ်မထိုင်တတ်ဖြစ်သွားရပေမယ့် မိန်းမပျိုကလေးကို မြင်မြင်ချင်း ချစ်ခင်စွဲလမ်းတဲ့စိတ်ဖြစ်ပေါ်နေရှာသတဲ့။ ဒါနဲ့ပဲ မင်းသားလေးဟာ နှစ်မငယ် ဘယ်ကလာလို့ ဘာကြောင့် ငိုကြွေးပူဆွေးနေရပါသလဲလို့ စကားတစ်ခွန်းထပ်မေးပြန်သတဲ့။ ဒီတစ်ခါမှာတော့ မိန်းမပျိုကလေးက
“မောင်ကြီးရယ်..နှစ်မဟာ မုန့်တိုင်းပြည်ကြီးရဲ့ လက်အောက်ခံနယ်တစ်နယ်ဖြစ်တဲ့ မုန့်နှစ်နယ်က သာမညောင်ည မင်းသမီးလေးတစ်ပါးဖြစ်ပြီး “မုန့်ကျွဲသည်း မင်းသမီး” လို့ အမည်ခေါ်တွင်ပါတယ်။ ဖခမည်းတော် မွေးစားထားတဲ့ သမီးတော်များဖြစ်တဲ့ “ဒူးရင်းသီး မင်းသမီး” နဲ့ “ပိန္နဲသီး မင်းသမီး” တို့ ရဲ့ ငြိုငြင်စောင်းမြောင်းမှုကို နေ့စဉ်နဲ့အမျှခံရလို့ စိတ်ညစ်ပြီး အိမ်ကထွက်လာရပါတယ်..။ မွေးစားသမီးတော်နှစ်ပါးအနက် တစ်ပါးဖြစ်တဲ့ ဒူးရင်းသီး မင်းသမီးလေးဟာ မာနအလွန်ထောင်လွှားပြီး နှစ်မလို သမီးတော်အရင်းခေါက်ခေါက်ကို အရောင်အဆင်းမရှိတဲ့၊ မလှပတဲ့၊ ဘယ်သူမှအနားမကပ်ချင်တဲ့ မင်းသမီးရယ်လို့ အမြဲတစေစောင်းမြောင်းပြောတာခံရပါတယ်။ နှစ်မရဲ့ ကိုယ်အရောင်ကိုယ်ဝါကလည်း ဒူးရင်းသီးမင်းသမီး ကဲ့ရဲ့ရလောက်အောင် ဖြူဖတ်ဖြူလျော်နိုင်လွန်းလှပါရဲ့ မောင်ကြီးရယ်” လို့ ငိုယိုပြီး ပြောပြာရှာပါသတဲ့…။ “ဒါဖြင့် မင်းသမီးလေးက ဘာအရောင်ကို လိုချင်တပ်မက်စိတ်ဖြစ်နေရပါသလဲ”လို့ ကိတ်မုန့်မင်းသားလေးက မေးတဲ့အခါ ရွှေဝါရောင် သို့မဟုတ် ရွှေညိုရောင်ပါလို့  ပြန်ဖြေရင်း ကိတ်မုန့်မင်းသားလေးကိုလည်း ဘယ်ပြည်ကလာတဲ့ အဘယ်သူပါလဲလို့ ပြန်မေးလိုက်သတဲ့…။

မင်းသားလေးဟာ တစ်ချက်တွေသွားပြီး မုန့်နှစ်နယ်က မုန့်လုံးရေပေါ်မင်းသားလေးပါလို့ ဖြေလိုက်ရှာပါတယ်။ မင်းသားလေးရဲ့အဖြေကိုကြားတဲ့ မုန့်ကျွဲသည်း မင်းသမီးကလေးဟာ မင်းသားလေးမျက်နှာကို စိုက်ကြည့်လိုက်ပြီး..မောင်ကြီးရဲ့ ထက်မြက်စူးရှလှတဲ့ ရုပ်ဆင်းအင်္ဂါမျိုးကို မုန့်နှစ်နယ်မှာ တစ်ခါမှမမြင်ဖူးပါ၊ မောင်ကြီးဟာ မုန့်တိုင်းပြည်ကြီးက ပေါင်မုန့်ဘုရင်ကြီးရဲ့သားတော် ကိတ်မုန့်မင်းသားလေးနဲ့ ခွဲမရအောင်တူလှပါတယ်လို့ ပြန်ပြောလိုက်ပါသတဲ့…။ 

အဲဒီအခါမှာ ကိတ်မုန့်မင်းသားလေးဟာ ချက်ချင်းတုန်လှုပ်သွားပြီး နှစ်မက ပေါင်မုန့်ဘုရင်ကြီးရဲ့ သားတော် မင်းသားလေးကို ဘယ်သောအခါက ဘယ်အရပ်မှာ မြင်ဖူးပါသလဲလို့ ပြန်မေးလိုက်ပြန်ပါတယ်။ ဒီတော့ မင်းသမီးကလေးဟာ….
“အို…မောင်ကြီးရယ်..ဒီလောက်လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံလှတဲ့ ကိတ်မုန့်မင်းသားလေးရဲ့သတင်းဟာ မွှေးလွန်းမကမွှေးတာကြောင့် ရုပ်ပုံလွှာကို ပေပုရပိုက်မှာတင်ပြီး ပေါင်မုန့်ဘုရင်ကြီးကိုယ်တိုင်ရဲ့ အမိန့်တော်နဲ့ အတိုင်းတိုင်းအပြည်ပြည် အနယ်နယ်အရပ်ရပ်ကို ကြားသိစေခဲ့တာပါ” လို့ ဖြေလိုက်သတဲ့။
ကိတ်မုန့်မင်းသားလေးဟာ အံ့သြလွန်းလို့ ဆွံအသွားတုန်းမှာ မင်းသမီးလေးက ပြုံးရင်း ပိတုန်းရောင် ဆံနွယ်တွေကြားမှာ လိပ်ပြီးထည့်ထားတဲ့ ပေပုရပိုက် အပျော့ကလေးကို ထုတ်ပြတဲ့အခါမှာတော့ မင်းသားလေးခမျာ နှလုံးခုန်ရပ်မတတ် ထိတ်လန့်အံ့သြသွားရပါတော့တယ်။ အကြောင်းကတော့ ပုရပိုက်ပေါ်က ခပ်မှိန်မှိန်  ရုပ်ပုံလွှာဟာ ကိတ်မုန့်မင်းသားလေးနဲ့ ခွဲမရအောင်တူနေလို့ပါ တဲ့..။ 

ဒီလိုနဲ့ပဲ မုန့်ကျွဲသည်း မင်းသမီးလေးအပေါ် မြင်မြင်ချင်း မေတ္တာသက်ဝင် ချစ်ခင်မိတဲ့ ကိတ်မုန့်မင်းသားလေးဟာ မုန့်ကျွဲသည်းမင်းသမီးလေးရဲ့ ဆန္ဒဖြစ်တဲ့ ရွှေညိုရောင် ကိုယ်အဆင်းဖြစ်အောင် ဖန်ဆင်းပေပြီး၊ မင်းသမီးလေးခံစားနေရတဲ့ ဒုက္ခအပေါင်းကလည်း လွတ်အောင် ဘယ်လို၊ ဘယ်ပုံ ကူညီရပါ့မလဲဆိုတာ စဉ်းစားရင်း အကြံတစ်ခုရသွားပြီး မုန့်လုံးရေပေါ် ပုဏ္ဏားအပေါ်ထားခဲ့တဲ့ ကတိသစ္စာကို ဖျက်လို့ အမှန်အတိုင်းဝန်ခံဖို့ ဆုံးဖြတ်လိုက်ပါတော့သတဲ့။

ကိတ်မုန့်မင်းသားလေးဟာ နှစ်မငယ်လိုချင်တဲ့ ကိုယ်ဆင်းရောင်ဝါကို ရတဲ့အခါ စိတ်ချမ်းသာပျော်ရွှင်မှာလားလို့ မုန့်ကျွဲသည်းမင်းသမီးလေးကို မေးလိုက်ပါတယ်။ မုန့်ကျွဲသည်းမင်းသမီးလေးကလည်း အို...အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိမှာပါပဲ မောင်ကြီးရယ်လို့ ပြန်ဖြေလိုက်သတဲ့။ ဒါနဲ့ပဲ ကိတ်မုန့်မင်းသားလေးဟာ မင်းသမီးလေးကို ကူညီနိုင်ဖို့ သူ့ဘဝအမှန်ကို ဖွင့်ပြောလိုက်တော့တာပေါ့…။ အဲဒီမှာတင်ပဲ မုန့်လုံးရေပေါ် ပုဏ္ဏားကိုပေးထားတဲ့ ကတိသစ္စာဟာ ပျက်စီးသွားပြီး ကိတ်မုန့်မင်းသားလေးရဲ့ ဝမ်းဗိုက်ထဲက ရွှေညိုရောင်အဆင်းရှိတဲ့ ထန်းလျက်ဆေးရည်တွေဟာ ပန်းထွက်လာပြီး မုန့်ကျွဲသည်းမင်းသမီးလေးရဲ့ တစ်ကိုယ်လုံးကို စင်သွားတော့သတဲ့ကွယ်။ မုန့်ကျွဲသည်းမင်းသမီးလေးဟာ သူ့ကိုယ်ပေါ်မှာ တမုဟုတ်ချင်းရလိုက်တဲ့  မွှေးပျံ့ပျံ့ ရနံ့၊ ရွှေညိုရောင်အဆင်း၊ နဲ့ မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် တအံ့တသြဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ ကိတ်မုန့်မင်းသားလေးဟာ မြေပေါ်ကိုလဲကျပြီး သေအံ့မူးမူးဖြစ်နေရှာတာပေါ့ကွယ်…။ ကိတ်မုန့်မင်းသားလေးရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်များကြီးမားလိုက်သလဲနော်..။ မင်းသားလေးရဲ့ သေအံ့မူးမူးအဖြစ်ကို မြင်လိုက်ရတဲ့ မင်းသမီးကလေးခမျာ ပူဆွေးလွန်းလို့ မျက်ရည်တွေတွေကျနေပြီး ဘာကြောင့်ဒီလိုဖြစ်ရပါသလဲလို့ ကိတ်မုန့်မင်းသားလေးကို တွင်တွင်မေးနေတော့တယ်။ ကိတ်မုန့်မင်းသားလေးကလည်း အဖြစ်အပျက်အကြောင်းစုံကို ပြောပြလိုက်ပြီး စိတ်နှလုံးချမ်းမြေ့စွာ နေရစ်ခဲ့ဖို့မှာကြားရင်း အသက်သေဆုံးသွားပါတော့တယ်။ 

မုန့်ကျွဲသည်းမင်းသမီးလေးဟာ သူလိုချင်တဲ့ ရွှေညိုရောင်အဆင်းကိုရလိုက်ပေမယ့် ဘယ်လိုမှမပျော်ရွှင်နိုင်တော့ပဲ အသက်မဲ့နေတဲ့ ကိတ်မုန့်မင်းသားလေးရဲ့ ခန္ဓာကို ရင်မှာပိုက်ရင်း ပဋာမြေလူးသလို ငိုကြွေးပူဆွေး နေတာပေါ့ကွယ်..။  မုန့်ကျွဲသည်းမင်းသမီးလေးဟာ ဒီလို သည်းသည်းထန်ငိုကြွေးနေရာကနေ အတွေးတစ်ခု ရုတ်တရက်ဝင်လာသတဲ့။ အဲဒါဟာ ဘာလဲဆိုရင် မင်းသမီးလေးရဲ့လိုအင် နဲ့ စိတ်ချမ်းမြေ့မှုကို သူ့အသက်နဲ့ရင်းပြီး ပေးသွားခဲ့တဲ့ ကိတ်မုန့်မင်းသားလေးရဲ့အသက်ကို သစ္စာဆိုပြီး ကယ်တင်ကြည့်ဖို့ပါ..တဲ့..။ 

“ကျွန်ုပ် မုန့်ကျွဲသည်းမင်းသမီး သည် ကိတ်မုန့်မင်းသားလေး အပေါ်တွင် လူချင်းမတွေ့မြင်ရသေးခင် အချိန်ကာလ၊ မင်းသားလေး၏ ဂုဏ်သတင်း နှင့် ပေပုရပိုဒ် ရုပ်ပုံလွှာ တို့ ကြားသိ၊ ရရှိသော အခါကာလကတည်းကပင် စစ်မှန်စွာ မေတ္တာသက်ဝင်ချစ်ခင်မိပါသည်။ ထိုချစ်ခြင်းမေတ္တာတို့သည် ကျွန်ုပ် အသက်ခန္ဓာတည်သရွေ့ တည်တံ့ခိုင်မြဲသွားမည်ဖြစ်ပါသည်။ ဤမှန်ကန်သော သစ္စာစကားတို့ကြောင့် ကိတ်မုန့်မင်းသားလေးသည် ကျန်းမာပကတိ၊ ချမ်းသာစွာရှိ၍ ပြန်လည်သက်ဝင် ရှင်သန်ခွင့် ရပါစေ…” လို့ မုန့်ကျွဲသည်းမင်းသမီး က သစ္စာဆိုလိုက်သတဲ့..။ ကဲ…ဒါဆိုရင် ကိတ်မုန့်မင်းသားလေး အသက်ပြန်ပြီး ရှင်သန်လာနိုင်သလား ဆိုတာကို စဉ်းစားကြည့်ပါဦး…။

မုန့်ကျွဲသည်းမင်းသမီးလေးရဲ့ စစ်မှန်လှတဲ့ သစ္စာစကားကြောင့်ပဲ ကိတ်မုန့်မင်းသားလေးရဲ့ မျက်တောင်ဖျားလေးတွေ လှုပ်ခတ်လာပြီး ဝင်သက်၊ ထွက်သက် ရှုရှိုက်သံတွေဟာ ဖြည်းညင်းစွာထွက်ပေါ်လာပါတော့တယ်။ အဲဒီနေ့၊ အဲဒီအချိန်ကစလို့ ကိတ်မုန့်မင်းသားလေးနဲ့ မုန့်ကျွဲသည်းမင်းသမီးလေး တို့ဟာသက်ဆုံးတိုင် ရိုးမြေကျ ပျော်ရွှင်ချမ်းမြေ့စွာ ချစ်ချစ်ခင်ခင် ပေါင်းသင်းနေထိုင်သွားကြပါတော့သတဲ့..ကွယ်....။

***

ကဲ…ပုံပြင်လေးကတော့ သည်မျှသာပါပဲ…။
သားသား၊ မီးမီးတို့ရေ…သည်ပုံပြင်လေးက ပေးတဲ့သင်ခန်းစာတွေကတော့…
လူသားအချင်းချင်း စာနာထောက်ထားတတ်တဲ့ စိတ်ရှိရမယ်…
လူသားအချင်းချင်း ထိုးနှက်သတ်ဖြတ်တာတွေဟာ မကောင်းဘူး၊ ဒီတော့ စစ်ဆိုတဲ့ အရာဟာလည်း မရှိသင့်ဘူး..
စစ်မှန်တဲ့ ကတိသစ္စာစကားဟာ လောကကောင်းကျိုးဖြစ်စေနိုင်တယ် ဆိုတဲ့ အရာတွေပါပဲ…။
ဒီပုံပြင်လေးထဲမှာ ယူတတ်ရင်ရတဲ့ အခြားသော သင်ခန်းစာလေးတွေလည်း ရှိပါသေးတယ်။ ဖြည်းဖြည်းဖတ်ရင်း ရှာကြည့်ကြနော်း)
***
***

ဒီပုံပြင်လေးဖြစ်လာပုံက ဒီလိုပါ။ ကျမငယ်တုန်းက ကြားဖူးခဲ့တဲ့ (ဘယ်သူပြောပြမှန်းတောင် မမှတ်မိတော့တဲ့) ပုံပြင်လေးရဲ့ ကျောရိုးကိုသာယူပြီး ကျမရဲ့အာဘော်နဲ့ ဇာတ်ကောင်တွေ အများကြီးထည့်သွင်းထားပါတယ်။ သမီးလေး သက်တမျှ ကိုပြောပြလေ့ရှိတဲ့ အိပ်ယာဝင်ပုံပြင်တွေထဲက တစ်ပုဒ်ပါပဲ..။ ပုံပြင်တစ်ဝက်လောက်ရောက်ရင် သက်တမျှကလည်း သူ့ဘာသာစကားနဲ့ ကျမကို ပုံပြင်ပြန်ပြောတာလား၊ မေးတာလား မသိတဲ့ စကားတွေအများကြီး ပြောလာပါတယ်။ ကိုယ်တိုင်က သမီးကလေးတစ်ယောက်ရဲ့ မိခင်ဖြစ်လာတဲ့အခါ ကလေးငယ်တွေကို ဒီလိုမျိုး သင်ခန်းစာလေးတွေပါတဲ့ ပုံတိုပတ်စကလေးတွေ၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေကို ပြောပြချင်လာတယ်။ နောက်များလည်း ကြုံတဲ့အခါ ဖတ်ဖူး၊ ကြားဖူးထားတာလေးတွေကို credit နဲ့တကွ ပြန်ဆန်းသစ်ပြီး ဝေမျှပါဦးမယ်။ ပုံပြောပြတဲ့အရေးအသားမျိုးကို မကျွမ်းကျင်ပဲ ရေးချင်စိတ်တစ်ခုတည်းနဲ့သာ ရေးထားတာဖြစ်တဲ့အတွက် သည်းခံပြီး ဖတ်ပေးပါဦးး)  ပုံပြောပြသူ (narrator) တစ်ယောက်နဲ့ အနီးကပ်ဆုံးတူအောင် ကြိုးစားပြီး ရေးထားပါတယ်။ ကလေးငယ်တွေအတွက် ဦးတည်ပြီး ရေးထားတာဖြစ်ပေမယ့် အရွယ်မရွေး ဖတ်လို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

စကားမစပ် ဝိဥာဉ်နဲ့ပတ်သက်တဲ့ ပို့စ်ရေးနေတာ မပြီးသေးတာနဲ့ မတင်နိုင်တော့ပါဘူး။ အားလုံးပဲ “ဟက်ပီးဟဲလိုဝင်း” ပါး))

မေတ္တာအားဖြင့်
မိုးပန်းချီ

12 comments:

  1. ဖတ်နေရင်းနဲ့ဗိုက်ဆာလာတယ်အစ်မရယ်။ အစ်မသမီးနာမည်လေးကချစ်စရာလေး။

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ကျမလဲ ရေးရင်နဲ့ဗိုက်ဆာလာလို့ ကိတ်မုန့်ထစားလိုက်တယ်း)) စာလာဖတ်သွားတာ ကျေးဇူးပါရှင်။

      Delete
  2. ဖတ်ရင်းနဲ့ ဗိုက်တောင် ဆာလာတယ် ဟဟဟး)

    ReplyDelete
    Replies
    1. ကိုယ့်ချစ်မတို့ ဂလိုမှပြောပါ့မလားလို့းD

      Delete
  3. ကောက်ညင်းပေါင်းဘီလူးညီနောင်နဲ့အတူ
    မုန့်တိုင်းပြည်ကိုချီတက်လာပါပြီရှင်
    သီတင်းကျွတ်ရက်လေးတွေ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့
    ခင်မင်တဲ့ sis jasmine

    ReplyDelete
    Replies
    1. အစ်မစံပယ် ကောက်ညင်းပေါင်းစားချင်သွားပုံရတယ်းD ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ် မ ရေ..။ အစ်မနဲ့ကိုလွင်ပြင်လည်း ထပ်တူပျော်ရွှင်ပါစေး)

      Delete
  4. အမ်း..ဖတ်ရတာသဘောကျတယ်..လေ့လာမှတ်သားသွားပါတယ် သူငယ်ချင်းရေ..မတွေ့တာလည်းကြာပြီ

    ReplyDelete
    Replies
    1. ဘယ်သူများလဲလို့ အစ်ကိုရေး)) ဒီနာမည်လေးပိုလှတယ်းD ဟုတ်ပါ့ မတွေ့ရတာကြာပါရောလား..သတိတရလာလည်တာကျေးဇူးတင်ပါတယ်း)

      Delete
  5. အင်း.........
    ပြောလည်းပြောတတ်ပါပေ့ဗျာ။

    ဒါပေါ့ ခလေးလေးတွေကို ငယ်ငယ်လေးကတည်းကအဲသည်လို ကိုယ်ချင်းစာစိတ်ကလေးတွေရှိလာအောင် ချစ်တတ်လာအောင် ခင်တတ် လာအောင် သင်ပေးရမှာပေါ့ သည်လိုမှသာ နောင်အခါ လူပီသမပေါ့ အစ်မလို မိခင်မျိုးတွေ အများကြီး ကမ္ဘာပေါ်မှာ ရှိသင့်တယ်။

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် အစ်ကိုမင်းဧရာ ရေး) အစ်ကိုပြောလို့ မြောက်တောင်မြောက်ချင်သွားပြီ :D ဒီဖက်ခေတ်ရဲ့ မိခင်တွေတိုင်းလိုလို ခေတ်ကိုအမီလိုက်ပြီး ကလေးတွေကို သွန်သင်ဖို့ နည်းလမ်းအမျိုးအမျိုး သုံးလာနေကြပါပြီ။

      Delete
  6. ပုံပြောမကောင်းပေလို့သာပဲနော်.... အစကနေအဆုံး ဆွဲခေါ်သွားလိုက်တာ မဇွန်တောင် သက်တမျှလေးအရွယ် ပြန်ဖြစ်သွားတယ်။ :D
    ပန်းချီ့အိုင်ဒီယာလေးကောင်းတယ်၊ နောက်ထပ်ပုံအသစ်အဆန်းလေးတွေ နားထောင်ဦးမယ်နော်။

    ဟက်ပီးဟောလီးဒေးပါ။း)

    ReplyDelete
    Replies
    1. သက်တမျှအရွယ်ပြန်ဖြစ်သွားတယ်ဆိုလို့ ပြုံးမိရတယ်း) သက်တမျှနဲ့အတူ ပုံပြင်လာနားထောင်တဲ့ ကိုယ့်အစ်မကို ကျေးဇူးတင်ပါတယ် မ ရေ။ wonderful holiday too Ma :))

      Delete

ရင်ထဲရှိတာပြော..း)