ဒီဇင်ဘာ နဲ့ နှင်းဟာ ကိုယ်သတိမမူလိုက်မိခင်လေးမှာပဲ ကိုယ့်ဘဝထဲ တစ်ဆတစ်ဆ တိုးဝင်လာတယ်။ ဖန်တရာတေအောင်ဖတ်ဖူး၊ ကြားနာဖူးထားပြီးသား ဒီဇင်ဘာ နဲ့ နှင်း အကြောင်းကတော့ ပုံသေကားကျသီအိုရီ တစ်ခုထဲကမထွက်ပေမယ့် မရိုးနိုင်တဲ့ ခေတ်ဟောင်းသီချင်းတစ်ပုဒ်လို ကာရန်တွေ၊ စာသားတွေချိုမြနေပြီး၊ ကိုယ်ဖတ်နေကျ စာအုပ်အဟောင်းအနွမ်းတစ်အုပ်လို ဘယ်အချိန်ထိကိုင်မိပါစေ ဟောင်းပေမယ့် ရနံ့တစ်ခုသင်းပျံ့နေဆဲ….။ သိလိုက်တဲ့အချိန်မှာတော့ ဒီဇင်ဘာဟာ အေးခဲပြီး နှင်းမှုန်လေးတွေက ဖြူလွနေကြတယ်ဆိုတာပဲ။
ဟိုးအရင်အချိန်တွေကို ပြန်တွေးကြည့်မိတဲ့အခါ ဒီဇင်ဘာဟာ ကိုယ်နဲ့ သူစိမ်းပြင်ပြင် ရှိနေခဲ့တဲ့ အကြောင်းကိုလည်း သတိရတတ်ရင် အမှတ်တရပဲ မဟုတ်လား။ ဒီဇင်ဘာဟာ ဘာကြောင့်အေးခဲနေပြီး၊ နှင်းတွေဟာဘာကြောင့် ဖြူဖွေးနုလွ နေရသလဲဆိုတာတော့ ယောင်လို့တောင်မတွေးမိခဲ့။ အချိန်တစ်ခုခုရောက်ပြီဆိုရင် ကောင်းကင်ဟာ စောစောညိုမှိုင်းတတ်ပြီး၊ တိမ်တွေနေစရာမရှိတာ၊ ငှက်တွေစောစောအိပ်တန်းတက်ကြတာ၊ ကိုယ်အိပ်တဲ့အိပ်ယာတွေ အေးစက်နေတတ်ခဲ့တာ၊ နှင်းအိပ်မက်မဟုတ်ပဲ ဆောင်းအိပ်မက်ဆိုတာတွေ မက်တတ်ခဲ့တာ၊ သည်အရာတွေဟာ ဒီဇင်ဘာဆိုရင် ကိုယ်ဘာမှမပြောလိုတော့ဘူး..။ ဒါဆိုရင် အဲဒီ ဒီဇင်ဘာဆိုတာဟာ ကိုယ်မသိလိုက်ပဲ ရင်းနှီးကျွမ်းဝင်နေခဲ့တဲ့ သူစိမ်းပြင်ပြင်ပေါ့…..။ ဒါဆိုရင် ကိုယ်တိုင်ရင်းနှီးကျွမ်းဝင်အောင်တော့ အားမထုတ်ခဲ့ရပါပဲ...ကိုယ့်ဆီကို ဒီဇင်ဘာက ခြေသံခပ်ဖွဖွ၊ ခပ်လုံလုံကလေးနဲ့ချည်းနင်းဝင်ရောက်နေခဲ့တာပေါ့…။ ဒါဆိုရင် ဒီဇင်ဘာကိုယ်တိုင်က ကိုယ့်ကို ခံစားတတ်အောင် စေညွှန်းသူပေါ့…။ ဒီလိုတော့လည်း မဟုတ်သေးပါဘူး..။
အို…ဒါလေးလောက်နဲ့တော့ ဒီဇင်ဘာဟာ ရင်ခုန်စရာမကောင်းပြန်ပါဘူးလေ။ သူ့ဘာသာအေးခဲတာ၊ သူ့ဘာသာနှင်းကျတာ၊ သူ့ဘာသာ မီးပွင့်ရောင်စုံတွေကို စီခြယ်စေခဲ့တာ၊ သူ့ဘာသာပွဲလမ်းသဘင်တွေ ဆင်ယင်ပြီး လူတွေရဲ့စိတ်ကိုညှို့ယူ ဆွဲငင်နေတာ…ကိုယ်နဲ့ဘာဆိုင်သလဲ..? တစ်ချိန်တုန်းကတော့ ပြတင်းတံခါး ခပ်စေ့စေ့ပိတ်ထားတာတောင် ချမ်းစိမ့်နေသေးတဲ့ခံစားချက်ကို သတိရနေမိတယ်။ အပြင်ကဂီတသံတစ်ချို့ ကိုယ့်အခန်းထဲကို ဇွတ်တိုးဝင်ဖို့ကြိုးစားနေခဲ့ကြတယ်။ ဆူညံသံတွေမဟုတ်တဲ့ သာယာငြိမ့်ညောင်းတဲ့အသံမျိုးပေမယ့် ကိုယ့်ကိုနည်းနည်းမှ သွေးဆောင်ဖျားယောင်းမနေခဲ့ဘူး….။ တံခါးတွေစေ့ပိတ်ထားတာတောင် အပြင်ကမီးရောင်လဲ့လဲ့တစ်ချို့နဲ့ ဂီတသံသဲ့သဲ့ တစ်ချို့ကကိုယ့်အိပ်ခန်းကို အတင်းအဓမ္မ တန်ဆာဆင်နေခဲ့ကြတယ်။