Thursday, September 1, 2011

ဖြစ်တည်ခြင်းတစ်ခု အကြောင်း (သို့) အမှတ်တရ B108 Day!

Happy Belated Blog Day to you all!:)

ဟင်….ဘလော့ဂ်ဒေးပြီးသွားပြီ…။ခုမှအိပ်မက်ထမက်ပြီး ယောင်ယမ်းနေတယ်ပြောရင်လည်း….ခံရရုံရှိပါတယ်း)) ဒီနေ့ ၁ရက် စက်တင်ဘာမှာတင်တဲ့ ပို့စ်ပေမယ့် ၃၁ ရက်နေ့ညကရေးထားခဲ့တာပါ..အိပ်ချင်လွန်းလို့ schedule နဲ့ပို့စ်ကိုတင်လိုက်ပေမယ့် အချိန်တွေလွဲပြီး ပို့စ်တက်မလာတာကတော့ မေ့အပြစ်နဲ့မေသာရှိပါစေတော့လေး) မနေ့ညက ဒီပို့စ်ကိုမရေးခင်လေးမှာ ရေးထားပြီးနှင့်တဲ့ မောင်နှစ်မများရဲ့ ပို့စ်တွေလိုက်ဖတ်ရင်း ကောမန့်ရေးရင်း နဲ့ပဲ ၂ နာရီကျော်ကျော်ကြာသွားပါတယ်။ ဘလော့ဂ်ဒေးပို့စ်ကို ဘလော့ဂ်ဂါ အစ်ကို၊ အစ်မ၊ ညီမလေး၊ မောင်လေးများ အသီးသီးရေးသားပြီး ဖြစ်တာမို့ အထွေအထူးပြောစရာလိုမယ်မထင်တော့ပါဘူး။ 

ဒါပေမယ့်..ဆိုရေးရှိကဆိုအပ်လှ၏ ဆိုသလို နည်းနည်းလေးဆိုပါရစေး) 


ကျွန်မ..စာရေးဝါသနာပါတာကတော့ ငယ်ငယ်ကတည်းကပါ..ဝ လုံးကလေးမှ ဝိုင်းအောင်မရေးနိုင်ခင်ကပေါ့..း)) အဲဒီကတည်းက သူများ ဝလုံးတစ်လုံးရေးရင် ကိုယ်ကနှစ်လုံးရေးချင်တာဖြစ်ပါလိမ့်မယ်။ (နောက်တာပါဗျာ..) အပြင်မှာ ကိုယ့်ကိုကိုယ် ကျွန်တော်၊ ကျွန်တော်လို့ နာမ်စားသုံးလေ့ရှိပေမယ့် ဘလော့ဂ်ရေးတော့ ကျွန်တော်ကနေ ကျွန်မကို မနည်းကိုပြင်ထားရပါတယ်။ ဒါတောင်ခုထိ ရေးရတာ အူယားသလိုလိုရှိတုန်းပါ။ ကျွန်မလို့ သုံးရတာ နုတယ်၊ ဒါမှမဟုတ် ပျော့တယ်လို့အထင်ရောက်စေတာကတော့ ဦးလေးတွေကြောင့်ပါ..။ ငယ်ငယ်က အဖွားရယ်၊ ဦးလေးတွေရယ်နဲ့ အနေများတဲ့ ကျွန်မမှာ ကျွန်တော်ဖြစ်မှန်းမသိဖြစ်ပြီး ဦးလေးများ အပင်တက်ရင်၊ ကိုယ်လည်းတက်။ ဦးလေးများ ဝိတ်မရင် ကိုယ်လည်းမနဲ့ တော်တော်လေးကို ကျွန်တော်ဖြစ်ခဲ့ပါသေးတယ်။ အမေဝယ်ပေးထားတဲ့ ဖဲပြားနဲ့ ဂါဝန်တွေမဝတ်လို့ဆိုပြီး အမေက စိတ်တွေဆိုး၊ ဓါးနဲ့အကုန်ခုတ်ပြစ်မယ်ပြောလို့ မဝတ်ချင်ဝတ်ချင် ဝတ်ခဲ့ရတာကလည်း ဘဝရဲ့ အမှတ်တရတစ်ခုပါပဲ။ ကံကောင်းတာတစ်ခုကတော့ မိန်းကလေးအချင်ချင်း စိတ်မဝင်စားတတ်ခဲ့ပဲ အပြောအဆို၊ အနေအထိုင်သာ ယောင်္ကျားဆန်နေခဲ့တာပါပဲ။ 

လမ်းချော်ကုန်ပါပြီ..စာရေးရင်လိုရင်းမရောက်ဖြစ်တတ်တာကလည်း ကျွန်မရဲ့ ဆစ်ဂ်နစ်ချာတစ်ခုပါပဲ..း) တကယ်တော့ ဘလော့ဂ်စရေးဖြစ်တဲ့အဖြစ်က ရင်ခုန်စရာသိပ်တော့မကောင်းပါဘူး..။ ဒါပေမယ့် အမှတ်ရစရာ၊ ကျေးဇူးတင်စရာတွေနဲ့တော့ ပြည့်နှက်နေခဲ့ပါတယ်။ ကျွန်မစာစရေးဖြစ်အောင် inspiration ပေးတဲ့သူက “တစ်ပြည်သူ အိမ့်ချမ်းမြေ့” (မလေး) http://www.ainchannmyay.com/  ပါ။ တိုက်ရိုက်မဟုတ်တဲ့ သွယ်ဝိုက်သောနည်းကလေးတစ်ခုနဲ့ရယ်ပါ။ မလေး ရေ ကျေးဇူးတွေ တစ်လှေကြီး၊ အများကြီးတင်ပါတယ်နော်..း)

ဟိုးတစ်ချိန်တုန်းကပေါ့ရှင်…..
ကျွန်မခြင်္သေ့ကျွန်းမှာ ကျောင်းသုံးနှစ်တက်၊ ကျောင်းပြီးပြီးချင်း အလုပ်တန်းဝင်ရပါတယ်။ အဲဒီအခါ ကျောင်းစာတွေနဲ့ချည်း နပန်းလုံးနေခဲ့ရတဲ့ ကျွန်မ မြန်မာစာပေ ကောင်းနိုးရာရာလေးတွေရှာဖွေဖတ်ချင်နေမိခဲ့တယ်။ ကိုယ့်ပြည်ကိုလွမ်းသလို ကိုယ့်စာကိုလည်းလွမ်းလာပါတယ်။ အရင်ကဆို ဖတ်ချင်တဲ့စာအုပ်ကို ဆူးလေမှာရှာလို့ရနိုင်ပေမယ့် ကိုယ့်အိမ်နဲ့အဝေးတစ်နေရာရောက်နေသူအဖို့ ဖတ်ချင်တဲ့စာကိုရှာရတာ သိပ်ခက်ခဲခဲ့ပါတယ်။ အဲသလိုနဲ့နေလာရင်း လူကမအီမလည်ကြီးဖြစ်လာပါရော။ တစ်နေ့မှာဖြစ်ချင်ရာဖြစ်ဆိုပြီး အလုပ်ကိုဘေးထားပြီး google ကြည့်မိရင်း…ဆိုက်ဒ်ကလေးတစ်ခုကို.. ဟော…ဆိုတွေ့လာပါတယ်။ တခြားမဟုတ်ပါဘူး..အိပ်မက်ဒေါ့ကွန်းပါ http://www.ainmat.com/ အိပ်မက်မှာ စာတွေရေးနေတဲ့ အစ်မတစ်ယောက်၊ နာမည်မြင်ကတည်းက စိတ်ဝင်စားလို့ စပြီးဖတ်ကြည့်မိတဲ့သူမရဲ့စာတစ်ပုဒ်က ချစ်သူ့အိမ် ပါတဲ့။ 

အင်မတန်နာမည်ကြီးတဲ့ ရသစာစုကလေးပေါ့ရှင်။ အဲဒီစာကို စဖတ်မိတဲ့အချိန်က ၂၀၀ရ ခုနစ်ဖြစ်ပါလိမ့်မယ်။ အဲဒီကစလို့ ကျွန်မလည်း အွန်လိုင်းမှာ စာရေးနိုင်တယ်ဆိုတာ မျက်စိပွင့်၊ နားပွင့် ဖြစ်ခဲ့ပါတယ်။ မလေးတစ်ယောက် ချစ်သူ့အိမ်ကို ရေးတဲ့အချိန်ကတော့ ၂၀၀၆ လား ၂၀၀၇ လား ကျွန်မမမှတ်မိပါ။ (၂၀၀၇ ဇူလိုင်လထုတ် ဆယ်ကျော်သက်မဂ္ဂဇင်း) မှာ ချစ်သူ့အိမ်  http://www.ainchannmyay.com/?p=18   ကိုပုံနှိပ်ထုတ်ဝေဖူးပါတယ်။ ချစ်သူ့အိမ် ကို ဖတ်ပြီးပြီးချင်း ရင်ထဲမှာလည်း အမျိုးအမည်မသိတဲ့ စိမ့်ခဲခဲကလေးခံစားလိုက်ရတာကိုလည်း ရှင်းမပြတတ်တော့ပါဘူး။ ဒါနဲ့ပဲ ရုံးအီးမေးလ်ကိုဖွင့်၊ လင့်ခ်ကိုကူးယူပြီး ကိုယ်နဲ့ရင်းနှီးတဲ့ သူငယ်ချင်းတွေဆီ မေးလ်ပို့လိုက်ပါတယ်။ အဲဒီမေးလ်လေးကို မနေ့ကပဲအသည်းအသန်ရှာကြည့်တာ ကံဆိုးစွားပဲ archive ထဲမှာလည်းမတွေ့တော့ပါဘူး။ ကျွန်မအခုလက်ရှိရုံးမှာ အလုပ်လုပ်လာတာ လေးနှစ်ကျော်လို့ ငါးနှစ်ချဉ်းနေပါပြီ။ 

မှတ်မှတ်ယယ ဘလော့ဂ်ဂါ ညီမငယ်တစ်ယောက်ကိုလည်း ကျွန်မသူငယ်ချင်းတွေဆီကိုပို့တဲ့ မေးလ်ကို တစ်ဆင့်ဖောဝါ့ဒ် လုပ်ခဲ့ပါတယ်။ သူမကလေး လေးစားချစ်ခင်တဲ့ မလေး နဲ့ ကျွန်မကို inspiration ပေးတဲ့ မလေး တို့ တစ်ယောက်တည်းဖြစ်နေကြာင်း သက်သေပြတဲ့အနေနဲ့ပါ။ အဲဒီညီမငယ်လေးက ကျွန်မထက် နှစ်နှစ်သာငယ်ပေမယ့် အချစ်ဇာတ်လမ်းလေးတွေကို နူးနူးညံ့ညံ့၊ သိမ်သိမ်မွေ့မွေ့ကလေး ရေးတတ်သူ စာရေးသိပ်ကောင်းတဲ့သူကလေးပါ။ ရာဇဝင်ကိုလှန်တဲ့အခါ သူမကလေးကိုလည်း မေ့ထားလို့မရတန်ကောင်းပါဘူး။ ဘာလို့လည်းဆိုတော့ သူမလေး နဲ့ ကျွန်မ တို့မထင်မှတ်ပဲ ရင်းနှီးမိကြလို့ စကားစပ်ရင်းပြောမိတာက မလေး အကြောင်းဖြစ်နေပြီး ကျွန်မဘလော့ဂ်လုပ်တဲ့အခါမှာ template လင့်ခ်လေးတွေ color code လေးတွေကို မေးလ်ပို့ပြီး ကူညီပေးခဲ့သူဖြစ်လို့ပါပဲ။ သူမလေးကဘယ်သူများဖြစ်ဦးမလဲရှင်..ညီမငယ် ရွှေပြည်သူ http://www.shwepyithu.com/ ပါ..း)

တကယ့်တကယ်တမ်း ကျွန်မဘလော့ဂ်ကိုစဆောက်မိတဲ့အချိန်က ၂၀၀၉ စက်တင်ဘာလမှာပါ။ ကျွန်မရဲ့နာမည်တောင်မတပ်ထားတဲ့ ပထမဆုံးပို့စ် “ပထမစာတိုစာစ” ဆိုတဲ့ကဗျာကို စတင်တဲ့အချိန်ကတော့ ၂၀၁၀ အောက်တိုဘာ ၂၉ ရက်ပါ။ ဒီနေရာမှာ မေးစရာ၊ ပြောစရာတစ်ခုရှိတာက…မလေးရဲ့စာကို အိပ်မက်ဒေါ့ကွန်းမှာ စဖတ်မိတဲ့အချိန်၊ ကျွန်မဘလော့ဂ်စဆောက်တဲ့အချိန် နဲ့ ပထမဆုံး စာစရေးတဲ့အချိန်တွေရဲ့ ကွာခြားမှုပါ။ အဲဒီကွာဟချိန်တွေဟာ ကျွန်မကိုယ်ရေးကိုယ်တာထဲက လှိုင်းကြီးလှေထန်၊ ဖြစ်ရပ်မှန်တွေပါ ပါရမှာမို့ အကျယ်အကျယ်ထည့်ရေးမနေတော့ပါဘူးရှင်.း) ဘလော့ဂ်မှ မောင်နှစ်မများနဲ့ နွေးနွေးထွေးထွေးရှိစေဖို့အတွက် အခွင့်သာတဲ့အခါ ရေးနိုင်တဲ့အင်အားရှိတဲ့အခါ ရေးပါ့မယ်။ 

နောက်တစ်ယောက် ကျေးဇူးတင်စရာရှိတာက ကျွန်မရဲ့အစ်မအရင်းဖြစ်သူပါ။ သူမကတော့ ရယ်စရာတွေအရေးကောင်းတဲ့ အမျိုးသမီး ဘလော့ဂ်ဂါပါ။ စာရေးတာကျွန်မထက်စောပါတယ်။ အစ်မနာမည်ကိုတော့ မဖော်ပါရစေနဲ့တော့ရှင်..။ မကြာခင်လည်း သိလာကြမယ့်အတူတူမို့ပါ။ ကျွန်မစာစရေးနေမှန်း အစ်မဖြစ်သူ မသိပါဘူး..။ တစ်နေ့မှာတော့ ကျွန်မနဲ့ စကားစပ်မိရင်း ဘလော့ဂ်ရေးနေကြောင်းပြောမိတဲ့အခါ… အစ်မက “ဟေ…ငါ့ကိုညည်းဆိုက်ဒ်ပေးစမ်းဘာ…ဖတ်ကြည့်ရအောင်” ဆိုလာတာကြောင့် ရယ်ကျဲကျဲလုပ်ပြီး လင့်ခ်ပေးပြီးဖတ်စေတော့ “အယ်…မဆိုးဘူးပဲ…ဆက်ရေးနော်..မှန်မှန်ရေးဖြစ်ဖို့တော့လုပ်” ဆိုတဲ့ အားပေးစကားကြောင့်ပဲ စာတွေစရေးနေတဲ့ ကျွန်မပိုလို့ အားတက်ခဲ့ရပါတယ်။ ဝါသနာအရသာဖြစ်ပြီး မတတ်တစ်ခေါက်စာရေးနေတဲ့ ကျွန်မအတွက် အစ်မရဲ့ စကားက အားဆေးတစ်ခွက်ဖြစ်ခဲ့ပါတယ်။  အစ်မစကားသိပ်နားထောင်တဲ့ ကျွန်မက စာမှန်မှန်မရေးဖြစ်ပါဘူးရှင်..။ အစ်မခွင့်လွှတ်မယ်လို့ထင်ပါတယ်။

ဘလော့ဂ်နဲ့ပတ်သက်တဲ့ ဒါမှမဟုတ် ကျွန်မကို ခုထိဘလော့ဂ်ပေါ်မှာ ရှင်သန်ခွင့်ပေးနေတဲ့ ကျေးဇူးတင်ထိုက်သူတွေကို ကျွန်မစာရင်းလုပ်ကြည့်ချင်ပါတယ်။ အများစုက အများတကာ သိပြီးသား ဘလော့ဂ်ဂါတွေမို့ လင့်ခ်တွေမထည့်တော့ပါဘူးနော်း) (အပျင်းထူတယ်ဆိုလည်း ထူတယ်ပေါ့း))

***ပထမဆုံး cbox မှာလာနှုတ်ဆက်သွားတဲ့ သွားတက်ကလေးနဲ့မို့ ချစ်စရာသိပ်ကောင်းတဲ့ အစ်မ သက်ဝေ (အက်ဆေး အရေးကောင်းတဲ့ နေရာမှာ သူ့အပြင်ဘယ်သူရှိသေးလဲလို့ မေးရလောက်အောင် ကောင်းတဲ့သူ)

***စာရေးရင်ခပ်တောင့်တောင့်ကြီးဖြစ်နေတယ်လို့ပြောလေ့ရှိတဲ့ ပွင့်ပွင့်လင်းလင်း စိတ်ထဲရှိတာကို ခပ်သွက်သွက်ကလေးနဲ့ စာဖတ်သူခံစားရအောင်ရေးတတ်တဲ့ အစ်မ ချစ်ကြည်အေး (အူနှိပ်ပြီးတောင် ရယ်ရအောင်လည်း ရေးတတ်သူး))

***စာကောင်းလေးတွေကို တည်တည်ငြိမ်ငြိမ်ရေးလေ့ရှိတဲ့ အစ်မ မြသွေးနီ (သဘောလည်းအရမ်းကောင်းပါရဲ့ရှင်း))

***သုတအဖြာဖြာနဲ့ဆောင်းပါးတွေကို နိုင်ငံလှည့်ပြီး ရှာနေစရာမလိုပဲ သူမရဲ့ လွင်ပြင်အစိမ်းရောင်လေးပေါ်မှာ အကုန်ရှာဖွေတွေ့ရှိနိုင်တဲ့ မချော (ချော-အစိမ်းရောင်လွင်ပြင်)

***နေပြည်တော်ကိုတောင် အလည်တစ်ခေါက်ရောက်ချင်အောင် ဆွဲဆောင်မှုကောင်းတဲ့ နေပြည်တော်သွား..တောလားပို့စ်နဲ့ စတင်သိကျွမ်းရတဲ့ အစ်ကို ဟန်ကြည်

***တကယ့်ဘဝအကြောင်းတွေကို လှလှပပ ရေးဖွဲ့တတ်တဲ့ အစ်ကို သတိုး

***ပေါ့ပေါ့ပါးပါးရေးဟန်လေးနဲ့ ရယ်စရာကောင်းအောင် ရေးတတ်သူ အစ်မ သုနှင်းဆီ (“ကိုယ်ကတော့ ဘာ Pad မှမလိုချင်ပါ…ခါးနာရင်ကပ်တဲ့ ရေနွေးဖတ်ဆိုရင်တော့ မဆိုးဘူး” ဆိုတဲ့ အရေးကိုတော့ ပြန်တွေးတိုင်း ပြုံးစိစိဖြစ်ရပါတယ်)

***ငယ်ပေါင်းကြီးဖော်တစ်ယောက်လို ခင်ခင်မင်မင် ကောမန့်ချခဲ့တဲ့ အစ်မ သီတာ

***Cbox မှာ မျက်မှန်တပ်ပြီးလာနှုတ်ဆက်သွားတဲ့ သဘောကောင်းသူ အစ်မ kom (အစ်မ ခင်ဦးမေ)

***သူမ စာတွေဖတ်တဲ့အခါ စာထဲကနေ သူမတူတဲ့ ရသလေးတစ်ခုပေးတတ်တဲ့ အစ်မ ကေသွယ်

***သူမကဗျာလေးတွေစဖတ်မိတဲ့နေ့က ကျွန်မကိုရင်ပြန်ခုန်စေတဲ့ ညီမငယ် PURPLE VINE (ခရမ်းနွယ်)

***ကဗျာအရေးကောင်းလွန်းတဲ့ မောင်ငယ် Craton

***ရိုးရိုးရှင်းရှင်းနဲ့ ရသမြောက်အောင်ရေးတတ်တဲ့ ညီမ မြတ်မွန် (သူမပုံလေးတွေကို ကြည့်ရတာ ကျွန်မထက်ငယ်မယ်ထင်ပါတယ်..မျက်နှာလေးက နုနုလေးရယ်)

***အင်း…ကဗျာအပြင်းစားတွေ ရေးတတ်လွန်းတဲ့ နတ်ဆိုးကြီးး)) 
(ကိုဗညားရှိန်..ကျွန်မထက်ငယ်သလား..ကြီးသလားမသိပါ…ငယ်မယ်ထင်ပါတယ်)

***သူ့ကိုယ်သူ စာမရေးတတ်ဘူးပြောပြီး ရင်ကိုထိအောင် ကဗျာစပ်နိုင်တဲ့ ကိုမင်းဧရာ

***ကျွန်မစာတွေကို အမြဲလာအားပေးလေ့ရှိတဲ့ အစ်မ သဒ္ဒါလှိုင်း

***နှင်းဆီပန်းတွေကိုပျိုးနေသူ မသိင်္ဂါကျော် (နှင်းဆီတစ်ခင်း ပန်းတစ်ခြင်း)

***ဒီမောင်နှံက တစ်ယောက်ရေးရင်တစ်ယောက်က စနောက်ပြီး ကောမန့်ပေးလေ့ရှိတဲ့ အတွဲညီတဲ့ မဒမ်နဲ့ကိုရင် (မဒမ်ကိုး)

***ပို့စ်ကောင်းတွေကို အရှိန်အကောင်းဆုံးနဲ့ရေးနေတဲ့ အန်တီတင့် (ကျွန်မတော့ လိုက်ကိုမမီနိုင်ပါဘူးရှင်..ရေးနေတာနှစ်ပေါက်တော့မယ့် ကျွန်မက ခုမှ ပို့စ်ပေါင်း ၁၉ ပို့စ်သာရှိသေးတာမို့ လေးလကျော်လေးအတွင်း ပို့စ်ပေါင်းရာပြည့်မက ရေးနိုင်တဲ့ အန်တီ့ကို ဘယ်လိုမှလိုက်မမီနိုင်တာကိုတော့ ရှင်းပြနေစရာတောင်မလိုတော့ပါဘူး….အန်တီ့ကိုအားလည်းကျ၊ ရှက်များတောင်ရှက်မိပါရဲ့း)

***ရှားရှားပါးပါး ရသစာတွေကို အပင်ပန်းခံပြီးတင်ပေးနေတဲ့ အစ်မ ရွှေစင်ဦး

***ချစ်စရာရေးဟန်လေးနဲ့ မမိုးငွေ့ (မိုးကိုချစ်တာ၊ မိုးရွာရင်ကော်ဖီတစ်ခွက်နဲ့ ပြတင်းနားမှာထိုင်နေတတ်တာတွေကို ခံစားချက်အပြည့်နဲ့ ရေးတတ်သူ)

***အလှအပအကြောင်းလေးတွေကို ဗဟုသုတဖြစ်အောင် မျှဝေရေးသားနေတဲ့ ညီမ သနပ်ခါးမေ (နာမည်လေးကလည်း ချစ်စရာ လှလှပပး))

***စာအရေးကောင်းမှန်း ခုမှသိခွင့်ရတဲ့ အစ်မ ဖြိုးဖြိုးလှိုင် 

***အချစ်များစွာဖြင့် စာလာဖတ်အားပေးလေ့ရှိတဲ့ မစံပယ် (jasmine-တောင်ကြီး…ကဗျာရေးလည်းကောင်းသေးတယ်)

***ကဗျာနုနုရွရွလေးတွေကို အရည်ပျော်အောင်ရေးတတ်တဲ့၊ ဖော်ရွေခင်မင်စရာကောင်းတဲ့ ကိုပဥာက် (ထာဝရသစ္စာ)

***ဒီနှစ်ဘလော့ဂ်ဒေးမှာ ကျွန်မကို မိတ်ဆက်ပေးကြတဲ့…ညီမငယ် ရို့စ် (လောလောလတ်လတ် တူမချောကလေးရထားသူ အန်တီခပ်ချောချောကလေး)၊ ညီမငယ်ကန်ဒီ (ချစ်စရာကောင်းသလို ရွှေခေါင်းပြောင်ဟင်း အချက်ကောင်းတဲ့ညီမငယ်) 

***ကျွန်မကို ဘလော့ဂ်ဂါပွဲဈေးတန်းမှာ နေ့ကလေးထိန်းကျောင်းဖွင့်ခိုင်းပြီး လက်ကမ်းစာစောင်ပါ ဝေခိုင်းတဲ့ အွန်လိုင်းရွှေဝတ္ထုတိုဆု ကို တည်ထောင်ထားသူ ကိုမြစ်ကျိုးအင်း (ကျွန်မထက်အသက် ၂ နှစ်ငယ်သူပေမယ့် ခေါ်ရတာနှုတ်ကျိုးနေပြီမို့ ခွေးလွှတ်လိုက်ပါနော်း)) 

ဆုရရှိခဲ့တဲ့အတွက်လည်း ကိုမြစ်ကျိုးအင်း နှင့်တကွ အွန်လိုင်းရွှေဝတ္ထုတိုရွေးချယ်ရေးအဖွဲ့ (SBOGS)၊ အကဲဖြတ်ဒိုင်များဖြစ်ကြတဲ့
ဆရာဦးဝင်းငြိမ်း
ဆရာဦးနေဝင်းမြင့်
ဆရာမဒေါ်နုနုရည်(အင်းဝ)
ဆရာမဒေါ်ခင်ခင်ထူး
ဆရာဦးမင်းဒင် တို့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဒီပို့စ်နဲ့ပဲ မှတ်တမ်းတင်ပါရစေ။
----------+++++++-------------

ကျွန်မစာမရေးခင်က စာဖတ်သူအဖြစ် ဘလော့ဂ်တစ်ချို့မှာ လက်လှမ်းမီသမျှ စာတွေရှာဖွေဖတ်ခဲ့ပါတယ်..။ ခြေရာတော့ မချန်ခဲ့ပါဘူးရှင်..။

ဖတ်ခဲ့ဖူးတဲ့ စာရေးကောင်းတဲ့ သူတို့တွေကတော့ ကိုညီလင်းသစ် (သီချင်းလည်းအဆိုကောင်းသူ၊ အချစ်ဆိုသည်မှာ သီချင်းကိုခုထိကြားယောင်နေတုန်းး)) ၊ ကိုကလိုစေးထူး (ခုတော့စာမရေးတော့ဘူး ထင်ပါတယ်..တကယ်နှမြောစရာကောင်းပါတယ်)၊ မောင်မျိုး (ကျွန်တော့်ဘဝဇာတ်ခုံ)၊ မ နိုင်းနိုင်းစနေ၊ မငယ်နိုင်၊ မပန်ဒိုရာ၊ မဇွန်မိုးစက်၊ ညီမအင်ကြင်းသန့် တို့ပဲဖြစ်ပါတယ်။ အခြားသော ဘလော့ဂ်ပေါင်းများစွာကိုလည်း ဖတ်ဖူးပါတယ်။ အကုန်မမှတ်မိတာကတော့ ကျွန်မရဲ့ညံ့ဖျင်းမှုကြောင့်ပါ။ 

ကျေးဇူးတင်ထိုက်သူတွေထဲမှာ ကျွန်မအချိန်မရလို့ ပြန်လိုက်မလည်ဖြစ်သေးတဲ့ ဘလော့ဂ်ဂါတွေများစွာ ကျန်နေပါသေးတယ်။ အမည်မသိကောမန့်ပေးခဲ့ကြသူများ၊ တိတ်တဆိတ်လေးလာရောက်ဖတ်ရှုအားပေးသွားကြတဲ့ စာချစ်သူ၊ စာဖတ်သူများ ကတော့ မိုးပန်းချီ အတွက် မရှိမဖြစ်တွေပါ..။  သူတို့ကိုလည်း ကျွန်မရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရတင်ရှိကြောင်း ဒီကပဲ ပြောချင်ပါတယ်။ နောက်ထပ် ကျေးဇူးတင်ထိုက်တဲ့ ဘလော့ဂ်ဂါမောင်နှစ်မတွေ ကျန်နေရင် ကျန်နိုင်သေးပေမယ့် အမည်မပါခဲ့ရင် ကျွန်မရဲ့လိုအပ်ချက်သာဖြစ်တာမို့ ခွင့်လွှတ်ပေးစေလိုပါတယ်ရှင်။ 

ဘာပဲဖြစ်ဖြစ် ကျွန်မဆိုတဲ့ မိုးပန်းချီဟာ စာရေးရာမှာ သူငယ်တန်းအဆင့်လောက်သာရှိသေးတဲ့၊ စာရေး၊ စာဖတ်မနာသေးတဲ့ သာမန်ဘလော့ဂ်ဂါပါပဲ..။ ဒါပေမယ့် ဘလော့ဂ်ဂါဖြစ်ရတာကို ဂုဏ်ယူပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေးတတ်လို့ ရေးသည်ဖြစ်စေ၊ မရေးတတ်ပဲရေးသည်ဖြစ်စေ ကျွန်မတို့ ဘလော့ဂ်ဂါတွေအားလုံးရဲ့တူညီတဲ့အချက်ကတော့ ရင်ဖတ်ကမြစ်ဖျားခံလာတာတွေကို ဘလော့ဂ်ပေါ်မှာ စကားလုံးတွေ၊ စာတွေအဖြစ် မျှဝေ၊ ခံစား၊ နားလည် ပေးကြတဲ့ တူညီတဲ့ အခြေခံအချက်ကြောင့်လို့ ယုံကြည်မိလို့ပါ။ ရင်ဖတ်ထဲကလာသမျှတွေမှာ ဖတ်လို့မကောင်းတာရယ်လို့ မမြင်မိပါဘူး..။ အားလုံးသော ဘလော့ဂ်ဂါများဟာ ရိုးသားစွာ ခံစားရေးဖွဲ့သီကုံးနေကြတဲ့၊ တစ်နိုင်တစ်ပိုင် လောကကို အလှဆင်နေကြတဲ့ သူတွေလို့လည်း မြင်မိပါတယ်။ ဒီလိုပြောလို့ ဘလော့ဂ်ပေါ်မှာ စာကောင်းတွေချည်းပဲ ရှိနေတယ်လို့ ဆိုနိုင်သလားလို့ မေးဖွယ်ရာရှိပေမယ့် ဘယ်သူတွေဘယ်လို ကောင်းကောင်း၊ မကောင်းကောင်း၊ ကိုယ်ကောင်းအောင် နေဖို့က အရေးကြီးတယ်မဟုတ်ပါလားရှင်…။ အပြစ်နဲ့ကင်းသူရယ်လို့ မရှိသလောက်ဖြစ်ပြီး အပြစ်နည်းသူဖြစ်အောင် ကြိုးစားနေကြရတဲ့သူတွေမို့ တစ်ယောက်နဲ့ တစ်ယောက်နားလည်၊ စာနာ၊ ဖေးမကြမယ်ဆိုရင် ဘလော့ဂ်လောက သာယာလှပလာဖို့ချည်းပါပဲ…နော့…း)) (မိကျောင်းမင်း ရေခင်းပြတယ်လို့ မထင်စေလိုပါရှင်…ခံစားမိသမျှလေးရယ်ပါး))

စာရေးနေတာမကြာသေးကျွန်မအနေနဲ့ ဘလော့ဂ်ဂါအသစ်တွေနဲ့မိတ်ဆက်ပေးပါဆိုရင် ခေါင်းထဲမှာ ကိုယ့်ကိုကိုယ်သာပြေးမြင်နေတော့တယ်…း))) ခုနောက်ပိုင်းသွားဖတ်ဖြစ်နေတဲ့ စိတ်ဝင်စားစရာလည်းကောင်း၊ စာရေးလည်းကောင်းကြတဲ့ ဘလော့ဂ်လေးတစ်ချို့ကိုသာဖော်ပြပါရစေ။ 

မစံပယ် (Jasmine-တောင်ကြီး) http://jasminesweet.blogspot.com

သနပ်ခါးမေ http://thanakharmay.blogspot.com


အဆုံးသတ်လေး ပြောချင်တာကတော့ အိပ်ရေးဝဝမအိပ်ရပဲ အလုပ်တွေပိ၊ သက်တမျှနဲ့အလုပ်တွေရှုပ်နေရတဲ့အထဲမှာမှ အင်မတန်ပျော်ရွှင်စရာကောင်း၊ ဘလော့ဂ်မောင်နှစ်မ အချင်းချင်း နွေးနွေးထွေးထွေးလည်း ရှိစေတဲ့ ဒီပို့စ်ကို ရေးနေတုန်းမှာပဲ ကျွန်မအလွန်ကို ကြည်နူးပျော်ရွှင်နေခဲ့ပါတယ်ဆိုတာကိုတော့ ရိုးသားစွာဝန်ခံပါရစေ။ 

အားလုံးပဲ နောက်ကျနေတဲ့ ဘလော့ဂ်ဒေး နှုတ်ခွန်းဆက်လေးကို သည်းခံခွင့်လွှတ်ရင်း လက်ခံပေးကြစေလိုပါတယ်ရှင်…။ ကျန်းမာ၊ ချမ်းသာစွာနဲ့ ဘလော့ဂ်ဂင်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းခြွေရင်း ဒီတင်ပဲ ရပ်နားခွင့်ပြုပါး)) 



22 comments:

  1. မိုးပန်းချီအကြောင်းလေးသိသွားပြီ။
    သက်တမျှဆိုတဲ့သမီးလေးရဲ့မေမေ အားလပ်ချိန်ယူပြီး စာတွေအများကြီးရေးနိုင်ပါစေ။
    နောက်တစ်ခု အိပ်ရေး၀၀အိပ်ရပါစေပေါ့။ :)

    ReplyDelete
  2. Happy Blog Day ပါ။
    ချမ်းမြေ့ပျော်ရွှင်စွာနဲ့ ဘလောဂ့်လေးပေါ်မှာ ချစ်ခင်စွာနဲ့ အတူ ဖြတ်သန်းကြတာပေါ့။ စာရေးကောင်းတဲ့လက်ရာလေးကို အမြဲဖတ်ခွင့်ရနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  3. မမပန်းချီရေ.. သေချာဖတ်သွားတယ်ဗျို့... ပျောက်နေလို့ နေမကောင်းဘူးလား စိတ်ပူနေတာ... :D

    ReplyDelete
  4. အစ်မ ပန်းချီ ဒီထက်ပိုပြီး စာတွေများများရေးနိုင်ပါစေ :)

    ReplyDelete
  5. ရို့ ရို့ ..
    ဟက်ပီး ဘီလိတ် ဘလောဒေး ပါဗျို့ ..း))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  6. ချစ်သောဒီမောင်နှမတွေနဲ့ စာအတူအမြဲရေးနိုင်ပါစေ...း)

    ReplyDelete
  7. ဘလော့ဂ်ဒေးပို့စ်လေး လာဖတ်တယ် အစ်မပန်းချီ။ အလုပ်တွေနဲ့ ပြန်ရှုပ်ပြီမို့ ဘလော့ဂ်လေး ခဏ ပိတ်ထားတယ် အစ်မ။ ရို့စ် ပျောက်နေရင် စိတ်မပူနဲ့နော်။ ခင်မင်စွာ
    rose

    ReplyDelete
  8. မမိုးအကြောင်း သိသွားပြီ...းD

    ReplyDelete
  9. ပန်းချီရေ ခိုးရောက်ခဲ့တယ်
    ရုံးမှာမို့လို့ ..
    အရောက်နောက်ကျတဲ့အတွက်ခွင့်လွှတ်ပါကွယ်
    အပြစ်ယူချင်ရင်တော့ ကေအက်စီသာလိုက်ကျွေးပါ ဟဲဟဲ

    ပန်းချီတစ်ယောက်ပျော်ရွှင်ပါစေကြောင်း

    ချစ်တဲ့
    မဒိုးကန်

    ReplyDelete
  10. ပန်းချီရေ
    ပန်းချီရဲ့ ရယ်စရာတွေ အရေးကောင်းတဲ့ မမဘလော်ဂါက ဘယ်သူပါလိမ့်
    သိချင်စိတ်တွေဖြစ်ရတယ်.
    ပန်းချီတောင် စာရေးဒီလောက်ကောင်းတာ သူလည်း စာရေးကောင်းမှာသေချာတယ်နော်။
    သက်တမျှလေးနဲ့ မိသားစုအားလုံး အစစအဆင်ပြေ နေကောင်းကျန်းမာချမ်းသာပါစေလို့.

    ReplyDelete
  11. အားလုံးနီးပါးလဲ သိသွားပါပြီ
    ရယ်စရာတွေလဲပြောတတ်တယ်နော်
    စာရေးလဲကောင်းတယ်
    အချစ်များစွာဖြင့် jasmine

    ReplyDelete
  12. ဘလော့ဂ်ရွာသူရွာသားခြင်း ချစ်ခင်ရင်းနှီးကြောင်း ပြဖို့အတွက် နောက်ကျတယ်လို့ မရှိပါဘူး။ ဒီလိုပို့စ်မျိုး ဘယ်အချိန်ဖတ်ရဖတ်ရ နွေးထွေးမှုပဲ ဖြစ်စေပါတယ်။
    စာရေးကောင်းတဲ့ မမိုးပန်းချီလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ စာတွေ ဆက်ရေးနိင်ပါစေ။

    ReplyDelete
  13. ပန်းချီရေ...ဘလော့ဂ်ဒေးမှာ လာနှုတ်ဆက်လို့ ကျေးဇူးတင်ပါတယ်။း) လင့်ခ်လေး ယူသွားတယ်နော်။

    ReplyDelete
  14. ဘလော့ဂ်ရေး ဘလော့ဂ်ဖတ်ရတာ အိပ်ရေးပျက်တာတော့ အမှန်ပါပဲညီမရေ။ ကိုယ်လုပ်ချင်တာလေးလုပ်ဖို့ အိပ်ချိန်ထဲကနှုတ်ရတာပေါ့။ ညီမကစာအရေးကောင်းပါတယ်။ ဆုရတဲ့ဝတ္ထုလေးကို အရင်ထဲကဖတ်ဖူးပြီး သဘောကျနေတာ.. အဲဒါလေးက ဆုရသွားတယ်ဆိုတော့ ၀မ်းသာမိတယ်။

    ReplyDelete
  15. နောက်မကျပါဘူးကွယ်..

    မိုးပန်းချီ စာစရေးဖို့ inspiration ပေးတဲ့သူက မလေးဆိုတာ သိရလို့ ဂုဏ်ယူဝမ်းသာမိပါတယ်။ စာတွေအများကြီးလည်း ဆက်လက်ရေးသားနိုင်ပါစေ။

    ချစ်တဲ့...
    မလေး

    ReplyDelete
  16. ပန်းချီလေးရေ ပေးချင်တဲ့အပြစ်ပေးပါတော့ ခံယူဖို့အဆင်သင့်ပါး))
    ဘယ်လိုဖြစ်ပြီး ပန်းချီရဲ့ ဘလော့ဒေးကို မဖတ်မိပဲ လွတ်သွားတယ် မသိပါဘူးကွယ်။ အသက်ကရလာတော့ မေ့တိမေ့လျော့များ ဖြစ်ကုန်ပြီထင်ပါတယ်။ ဒီကနေ့မှ လာဖတ်ရလို့ မုန့်တစ်ခုခုလုပ်ပြီး အကြွေးဆပ်မယ်နော်း)
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  17. :)့ အလွန့်အလွန် မအား..လာဖတ်သည်.အခုပြန်ပြီ။
    THS

    ReplyDelete
  18. စာအရေးကောင်းတဲ့ ညီမပန်းချီ ရသစာပေတွေ အများကြီး အများကြီး ဒီထက်မက ရေးနိုင်ပါစေ..။ ချစ်စရာနာမည်လေးနဲ့ သမီး သက်တမျှလေးလည်း နေကောင်းကျန်းမာပါစေ..။
    (နောက်အကျဆုံး ရောက်လာရတာ စိတ်မကောင်းဘူး။ Blogspot က ခုမှရေးလို့ရလို့ပါ ညီမရေ...)

    ReplyDelete
  19. အဟမ်းးးး ဗိုလ်အောင်ဒင် ပြန်လာပြီ....း)))))

    မဖြိုးရေ..အိပ်ရေးဝဝအိပ်ရဖို့ ကတော့ဒီတစ်သက်မဖြစ်နိုင်တော့ဘူးထင်ပါရဲ့း))

    မသဒ္ဒါရေ..ကျေးဇူးပါနော်း)

    သကြားလုံးလေး...နေကောင်းပါ့ကွယ်..စိတ်တော့နည်းနည်းနောက်ချင်ပြီး)) စိတ်မပူပါနဲ့တော့နော်...

    မြတ်ကြည်...ကိုယ့်ညီမ ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ..

    ဆောင်းနှင်းရွက်...ရို့ရို့..နှုတ်ဆက်ပုံလေးက ချစ်စရာမို့ ပြုံးတုံးတုံးတောင်ဖြစ်ရပေါ့..ကျေးဇူးပါရှင်..း))

    မမိုးရေ..ဟုတ်ကဲ့..ရေးချင်ပါတယ်အစ်မရယ်း) အရေးတော့ကျဲနေပါတယ်..ခွင့်လွှတ်ပါ..း))

    အန်တီချောချောကလေး ရို့စ်ရေ..ခုထိပျောက်လို့ကောင်းနေတုန်းပဲလားကွယ်။ မအားတဲ့ကြားကလာလည်သွားတာကိုပဲ ကျေးဇူးတင်ပါ့ရှင်း)

    စန်းထွန်းရေ..ညီမလေးလို့ ထင်ပါတယ်..အရင်တစ်ခါတုန်းကတော့ ကောင်လေးမှတ်နေတာ..တော်သေးရဲ့။ ဒီကလည်း သိသွားပြီးD

    မဒမ်ရေ..ခိုးခိုးလေးတောင်လာပြီး ဖတ်သွား မန့်သွားတဲ့အတွက် အာဘွားနော်♥ ♫ အပြစ်မမြင်ပါဘူး..ချစ်ချင်တာပဲ သိတဲ့နောက်..♫ (နို့မို့ ကေဖက်ဖ်စီ နေရမှာပေါ့..နော..းD)

    မချောရေ...အစ်မသူ့ကို သိပါတယ်..းD မချောရှိတဲ့ တောင်တန်းတွေဆီကို အလည်လာဖြစ်ရင် နှစ်ကိုယ်ကြားလေးပြောမယ်နော်း)))

    မစံပယ်ရေ...ရယ်စရာသိပ်မပြောတတ်ပါဘူး မရယ်..။ ရယ်စရာပြောတိုင်း အတင်းကိုကလိထိုးရယ်ခိုင်းသလို ဖြစ်ဖြစ်နေလို့..အချစ်များစွာဖြင့် အာဘွားးးး))

    ကိုမြစ်ရေ..သိုင်းခရု လိုင်းမ်ဂျု့နော်..း)

    မဇွန်ရေ..ဒီကလည်း ကျေးဇူးတင်ပါတယ်နော်း)

    မအိမ်သူရေ...ကျေးဇူးအများကြီးတင်ပါတယ်ရှင်..အစ်မစာတွေကိုလည်း လာဖတ်လေ့ရှိပါတယ်..ပထမဆုံးလာဖတ်တဲ့နေ့က မှတ်မှတ်ရရ အစ်မရဲ့ထမင်းဝိုင်းနဲ့ တိုးခဲ့သေးတယ်း))

    မလေး..တကယ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။ မလေးလို စာတွေအများကြီးရေးနိုင်ဖို့ ကြိုးစားပါဦးမယ်ရှင်း)

    အန်တီရေ...အပြစ်မပေးပါဘူးရှင်...မုန့်တစ်ခုခုလုပ်ပြီး အိမ်ဖိတ်ကျွေးရင်ရပါပြီ..းD ချစ်လို့ကြည်စယ်တာပါအန်တီ..(တကယ်ခေါ်ကျွေးရင်လည်း ငြင်းဖို့အင်အားမရှိပါဘူးးD)

    အစ်မသု...(((ဟင်)))ပြန်ပြီလား အစ်မရယ်..ဒီမှာဖြင့် လက်ဖက်သုပ်လေးနဲ့ ဧည့်ခံမလို့ဟာကို...(အတော်မအားမလပ်ဖြစ်နေတာပဲနော်..) လာဖတ်လို့ အာဘွားးးးး))

    အစ်မမြသွေးရေ...အစ်မရဲ့အခက်အခဲကို ဟောဒိကရင်ဖတ်ကြီးနဲ့နားလည်ပေးလို့ရပါတယ်..။ စာလာဖတ်ပြီး အားတွေပေးတာကိုပဲ ကျေးဇူးတင်ဝမ်းသာလှပါပြီအစ်မရယ်..း) ချစ်တဲ့အစ်မပေးတဲ့ဆုနဲ့လည်း ပြည့်ပါရစေ..

    အားလုံးကိုကျေးဇူးတင်၊ လေးစားစွာဖြင့်..
    MPC ♥

    ဗိုလ်အောင်ဒင် ပြန်ပြီ...ခဏပျောက်ပါဦးမည်းD

    ReplyDelete
  20. မမရေ... ညီမဘလော့လေးကို တတန်တက မိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မမကို ဂျာနယ်ထဲမှာ မြင်ဖူးသွားဘီ။

    ReplyDelete
  21. ရေးပါမယ်ဆိုမှ ကျန်ခဲ့သေးတယ်။ ညီမကဗျာကြောင့်ရင်ခုန်သွားရတယ်ဆိုလို့ ဦးမာဃကို ခေါင်းနဲ့ဝင်ဆောင့်မိသွားတယ်။ ခရီးသွားနေလို့ ကျေးဇူးတင်စကား နောက်ကျသွားတယ် အမရယ်။

    ReplyDelete
  22. ညီမလေး ခရမ်းနွယ်...
    ပြူးတူးပြဲတဲရုပ်ကို မြင်ဖူးသွားပြီပေါ့း)) ရှက်လိုက်တားD ညီမလေး ကဗျာတွေဖတ်တုန်းက ရင်ခုန်သွားတာကတော့ တကယ်ပါပဲ..ဘာတဲ့...
    ရေစင်သွန်း မမွန်းစေရ..
    နေခြည်ဖျန်း မနွမ်းစေရ..
    လေပြေတိုး မညှိုးစေရ..ဆိုလား...း)))))))(ကိုယ်ရေးထားတာ မှားချင်မှားနိုင်ပါတယ်)

    ချစ်တဲ့

    ReplyDelete

ရင်ထဲရှိတာပြော..း)