Monday, August 22, 2011

(မကြိုက်၊ မကြိုက်x2) ရင်မခုန်ဘူး...

လောလောဆယ်ဆယ် ဖန်တရာတေပြီး၊ အပ်ကြောင်းထပ်အောင် ကိုယ့်ကိုကိုယ် သတိပေးနေရတာက အားတဲ့အချိန်လေး စာရေးဖို့ပါ..။ အဲ..အဲသလိုဆိုရင်တော့ မိုးပန်းချီတို့ သိပ်ပြီးအလုပ်များချင်ယောင်ဆောင်နေတယ်လို့ အထင်ရောက်စရာရှိပါတယ်..။ ဟုတ်ကဲ့ရှင့်…အလုပ်တွေရှုပ်ပြီး၊ အရှုပ်တွေလည်းလုပ်နေရသူက ကျွန်မ မိုးပန်းချီရယ်ပါး) သမ္မတ အိုဘားမားထက်တော့ အလုပ်များနိုင်ဟန်မရှိပါဘူးလို့ အားတင်းပြီး စာရေးပြန်ပါသော်လည်း ဖီလင်အောက်နေပြန်ပါတယ်..။ ကိုယ်မလွယ်ဘူး ရူးနိုင်တယ်းD ခုလည်းပေါ့ပေါ့ပါးပါးလေးပဲ ရေးပါရစေ…။
အဲဒါကတော့ အကြွေးရှင်းတမ်းပါ..။ အကြွေးတင်တာများ အတိုးပါတွက်ရရင်တော့ ဒီနေ့တစ်နေကုန် ပို့စ်ပေါင်း ၉၉၉ (ကိုးရာနဲ့မှ ကိုးဆယ့်ကိုး) ပို့စ် ရေးရပါလိမ့်မယ်..။ ဒါပေသည့် ကျမရဲ့ ဘလော့ဂ်ဂါ ညီမငယ်ကန်ဒီ ကတော့ သဘောကောင်းစွာ အတိုးမတောင်းပါဘူးရှင်..။ တင်နေတဲ့ အကြွေးကတော့ “ကျွန်မကြိုက်၏၊ မကြိုက်၏” ပါတဲ့..။ ကျွန်မကြိုက်တဲ့အရာတွေကို အစ်မလို ချစ်ရတဲ့ မမသက်ဝေ တက်ဂ်ဖူးတဲ့ “တစ်နေ့တာ အကြိုက်များ” ပို့စ်တုန်းက ကိုယ်တို့အကြိုက် မွန်းလိုက် ပို့စ်အနေနဲ့ ရေးထားဖူးပြီးသား ဖြစ်တာမို့ မကြိုက်တာလေးတွေပဲ ရေးပါ့မယ်။ ညီမငယ် ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်နော်။ ကျေပါကွယ်…း)


တစ်ကိုယ်ရည်…

၁။ ကျွန်မအရပ် ၅ ပေ ၃ လက်မ လောက်သာရှိနေရတာကို မကြိုက်ဘူးရှင်..။ (ခြင်္သေ့ကျွန်းမှာ Q တန်းရှည်ရှည်တွေ တွေ့ကြုံရတဲ့အခါ အရှေ့ကလူတွေဘာဖြစ်နေသလဲ၊ ဘာလုပ်နေသလဲဆိုတာ မမြင်ရဘူးမဟုတ်လား)
၂။ မလှဘူးပြောရင် ငိုလိုက်မယ် ဆိုတဲ့အထဲ မိုးပန်းချီလည်းပါပါတယ်..း)) (လှတယ်ဆိုရင်တော့ မုန့်ဝယ်ကျွေးဖို့ ပိုက်ဆံစုလိုက်ဦးမယ်နော်..)
၃။ မိတ်ကပ်လိမ်းရတာကို မကြိုက်ပါဘူး..အိမ်ကလူကတော့ အပြင်သွားရင် မိတ်ကပ်လိမ်းစေချင်ပါတယ်။ အပြင်သွားခါနီး မိတ်ကပ်လိမ်းရေး၊ မလိမ်းရေး သူနဲ့ အကြိတ်အနယ်ဆွေးနွေးခန်းဝင်ပြီး အချိန်ကုန်ရတာကို တကယ်ကို မကြိုက်ပြန်ပါဘူး..(ကြာတော့လည်း သူ့ကိုပါ ရင်မခုန်တော့ဘူး..ပြန်မပြောကြေးနော်..းP)
၎။ အပြင်သွားရင် ဒေါက်မြင့်ဖိနပ်လှလှလေးတွေ မစီးနိုင်တဲ့ ကိုယ့်ကိုကိုယ် ရင်ကိုမခုန်ဘူး…(မပြောချင်ဘူးဆို လုံးဝကို မပြောချင်ဘူး လို့ ဒေါ်မြလေး လေသံနဲ့ပြောချင်ပါတယ်…ခြေထောက်ကျိုးထားဖူးလို့ပါး)))

စိတ်… 
၁။ ရှေ့ကထွက်သွားတဲ့ဒေါသစိတ်ကို နောက်ကသိလိုက်တဲ့စိတ်နဲ့ ချွန်းမအုပ်နိုင်သေးတဲ့ ကိုယ့်ကိုကိုယ် မကြိုက်ပါဘူး.. အဲဒီလို မကြိုက်တာကလည်း အနုဿယ ဒေါသစိတ်ကလေးမို့..မကြိုက်တဲ့စိတ်ကို ကြိုက်ဖို့ကြိုးစားနေပါတယ်..(ရှင်းကာမှ ရှုပ်ကုန်ပြီထင်ပါရဲ့း))
၂။ ကိုယ့်တစ်ယောက်တည်းအတွက်ပဲ ကြည့်တတ်တဲ့စိတ်နေသဘောထားရှိသူတွေကို ရင်မခုန်ပါဘူးးD
၃။ လဘ်ပေးလဘ်ယူ တို့ကြည်ဖြူသူတွေကိုလည်း...((အဟမ်း))…မကြိုက်ဘူးလို့ပဲဆိုပါရစေ..။
၎။ တစ်ခါတစ်လေ နောင်တရတတ်တဲ့ ကိုယ့်ရဲ့ ကုတ်ကုတ်ဆ စိတ်ဓါတ်ကိုလည်း မကြည်ဖြူပါဘူး..။
၅။ သနား၊ ညှာတာ၊ ကိုယ်ချင်းစာစိတ်ကင်းမဲ့တဲ့ ခြင်္သေ့ကျွန်းကလူတစ်ချို့နဲ့ တစ်ခြားတစ်ပါးသောလူတစ်စုကိုလည်း မကြိုက်ဘူး..လုံးဝကိုမကြိုက်ဘူးပဲ…။

အမူအကျင့်…
၁။ ကျွန်မသီချင်းဆိုညည်းတဲ့အခါ နားညည်းတယ်လို့ ငြူစူခံရတာကိုမကြိုက်ဘူး (ဒါပေမယ့်လည်း ဆိုတာပါပဲ..တတ်သည့်ပညာမနေသာမဟုတ်လား..ဇွတ်းD)
၂။ အလုပ်က Drawings တွေကို အသေးစိတ် စစ်ပေးရတာ ရင်မခုန်ဘူး…(ရင်မခုန်လည်း လုပ်ရတာပါပဲ…လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝပါရှင်)


၃။ မနက်စာကို မိုင်လို နဲ့ ပေါင်မုန့်ယိုသုပ် စားရတာ ကျွန်မအတွက်တော့ မုန့်ဟင်းခါးကို ပဲကြော်၊ ဘူးသီးကြော်၊ မန္တလေးပဲကြော်၊ ငါးဖယ်၊ ဘဲဥ တို့နဲ့အပြင် ငရုတ်သီးမှုန့် ခပ်များများ၊ ခပ်စပ်စပ်ကလေးနဲ့ စားရတာလောက် ရင်မခုန်ပါဘူး..။ ဒါပေမယ့် တတ်နိုင်ဘူးလေ..။ ဌာနေပြည်ကြီးက ဝေးသနှင့်မို့လား..။

၎။ ရေချိုးရင် မီးလာလာပိတ်ပြီး စတတ်တဲ့ အိမ်ကလူရဲ့ အကျင့်ကို လုံးဝကို ရင်မခုန်ဘူးရှင့်..။ ရေချိုးခန်းထဲကထွက်လာရင် သူ့ကို ဂျို (ချို) ကြည့်ကြည့်တတ်တဲ့ကိုယ့်ကို သူကဟားတိုက်ရယ်တာကိုလည်း ဟာသမမြောက်လို့ မကြိုက်ပါဘူး… (အမှောင်ကိုကြောက်တာထက် မီးမှိတ်လိုက်ရင် ပိုချမ်းလာလို့ပါ ..အဟက်..)

၅။ အဓိကတော့ အချိန်ပါပဲ…ဘဝထဲမှာ အချိန်ကိုသတ်မှတ်ပေးထားတဲ့ သူတွေကိုလေးစားပေမယ့်…ကိုယ့်အတွက်အချိန်တွေနည်းလွန်းနေတာကို အားမလိုအားမရဖြစ်ရပါတယ်… (အဲသလို လုပ်စရာရှိတာတွေပြီးစီးအောင်လုပ်ဖို့ အချိန်နည်းတဲ့ကြားက အိပ်ချိန်လည်းနည်းလွန်းတာကို မကြိုက်ဘူးလို့ဆိုရင် မိုးပန်းချီရဲ့ အလွန်ပါဖြစ်ရပါတော့မယ်လေ)…ကဲပါလေ..လိုရင်းချုပ်ကြပါစို့ရဲ့…အချိန်တွေနည်းလွန်းတာကိုမကြိုက်ဘူးလို့ ဆိုရင် ပြီးတာပဲများ မိုးပန်းချီတို့ အထွန့်ကိုတက်လွန်းပါတယ်..း))
၆။ မယောင်ရာ ဆီလူးတတ်တဲ့ သူတွေကိုလည်း ရင်မခုန်ပါဘူး…(မည်သူ့ကိုမျှ မရည်ရွယ်ပါ…ကိုယ်တိုင်ပင်ဖြစ်နိုင်နေသေးသည်…းD)
၇။ ကဗျာတွေ၊ စာတွေရေးတဲ့အခါ ခံစားချက်အပြည့်နဲ့ အရှိန်ကောင်းနေတုန်း “ဟေ့…ဒီမှာကြည့်ဦး..ကြည့်ဦး…သတ်ခံရတော့မယ်..သတ်ခံရတော့မယ်” လို့အလန့်တကြားထအော်ပြီး တီဗွီအတင်းကြည့်ခိုင်းတဲ့ အိမ်ကလူရဲ့ ဇာတ်လမ်းတွဲ ကြားဖြတ်ကြော်ငြာကို ပိုလို့တောင် ရင်မခုန်သေးတယ်ရှင်…။

အနှစ်ချုပ်ရရင်…
မကြိုက်တဲ့အရာမှန်သမျှကို ရင်မခုန်တတ်သလို၊ ရင်မခုန်တဲ့အရာတွေကို လုပ်နေရတာကိုလည်း မကြိုက်ပါဘူးး))
ဆက်ပြောရရင် မကြိုက်တာတွေ တော်တော်များများထွက်လာဦးမယ့် ကိုယ့်ကိုကိုယ် မကြိုက်၊ မကြိုက်၊ ရင်မခုန်ပါဘူးရှင့်…းD (ကဲ…မှတ်ကရော…အဲသလောက် မကြိုက်လှတဲ့ ကိုယ့်ကိုကိုယ်)
ချစ်ခင်ရတဲ့ ညီမငယ်ကန်ဒီ ပျော်ရွှင်ကျေနပ်မယ့်လို့ မျှော်လင့်ပါရစေ..
အကြွေးဆပ်ခန်း ဤတွင်ပြီး၏…။ 
စာကြွင်း။ ။ တစ်ချို့နေရာမှာ လင့်ခ်တွေထည့်တာ အဆင်မပြေပဲ error တက်နေလို့ မထည့်ပဲပြန်ဖြုတ်ထားခဲ့ရပါတယ်း(( ဒီနေ့ကံမကောင်းပါလား Blogger ရယ်..။
အားလုံးပဲ အဆင်ပြေ၊ ကံကောင်းကြပါစေရှင်။
မေတ္တာမွန်ဖြင့်
မိုးပန်းချီ

16 comments:

  1. ဒီပို့စ်ထဲမှာ ကြိုက်တာတွေ တော်တော်များတယ်... ရင်ခုန်တယ်အေး)

    ReplyDelete
  2. ပန်းချီကရင်မခုန်ပေမယ့်
    jas ကတော့ ရင်ခုန်စွာဖတ်ခဲ့ပါတယ်နော်....
    ချမ်းမြေ့ပါစေရှင်။

    ReplyDelete
  3. ခိခိ... ဖတ်ပြီး ပြုံးသွားတယ်။ ရို့စ်လည်း ဒေါက်မြင့်ဖိနပ် စီးမရဘူး။ အတူတူပဲ။ ချော်လဲဖူးပြီး ဒဏ်ဖြစ်ထားလို့း)

    ကိုယ်ကိုယ်ကိုယ်တော့ မကြိုက်ဘဲမနေပါနဲ့ရှင်း))

    ReplyDelete
  4. မိုးပန်းချီရဲ့ မကြိုက်တတ်တာလေးတွေကို လာဖတ်သွားပါတယ်...။

    ReplyDelete
  5. ရေး... ရေးပြီကွ.. အတိုးမတောင်းဘူးလို့လည်း မပြောမိသလိုပဲနော်... :P
    မမပြောမှ မုန့်ဟင်းခါးကို လွမ်းလာပြီ.. ဒီရက်ပိုင်း မုန့်ဟင်းခါးစားချင်နေတာ.. :(
    ရေးသွားတာများ ရီလိုက်ရတာ.. မမတို့ စာရေးကောင်းချက်ကတော့ ပိုင်သကွာ... :D

    ReplyDelete
  6. ဖတ်ပြီး ပြုံးမိတယ်
    ပျော်စရာလေးရယ်
    ဒီမိသားစုကြည့်ရတာ သိပ်ချစ်ကြမှန်းသိသာတယ်

    ReplyDelete
  7. မမသီတာ...
    ဒီကမကြိုက်တာတွေကို မမကကြိုက်တယ်ဆိုတော့..အင်း..တွေးစရား)
    ရင်မခုန်တဲ့အကြောင်းရေးတာ ရင်ခုန်တယ်အေ ဆိုလို့ ရင်ခုန်ကြည်နူးသွားပါတယ်း)))

    မစံပယ်ရေ..
    ရင်ခုန်စွာဖတ်သွားလို့ ကျေးဇူးတင်ပါတယ်း)

    ရို့စ်ရေ..
    ဟုတ်ပ..ကိုယ့်မှာတော့ ဒေါက်မြင့်ဖိနပ်တွေကို မျက်စောင်းထိုးပြီးသာ ကြည့်နိုင်တော့တာ..ပြုံးသွားတယ်ဆိုလို့ ကျေးဇူးနော်း)

    မမိုးရေ..ကျေးဇူးပါရှင့်။

    ညီမလေးကန်ဒီ..
    အတိုးတောင်းမယ့်သဘောမှာရှိတယ်ပေါ့...း)) ကိုယ့်ညီမတို့များ ရွှေခေါင်းပြောင်ဟင်းချက်တာလဲ ပိုင်သကွားD

    မချောရေ..
    မချောပျော်သွားလို့ ဒီကလည်းပျော်ပါတယ်။ အဲ..ဒီမိသားစုကတော့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ပါပဲ..ရှင်..း)) စတတ်လွန်းလို့ သိပ်မတည့်ဘူးရယ်..းD

    ReplyDelete
  8. အကုန်တော့သိပြီး)

    ReplyDelete
  9. မဒမ်ရေ...ခုတော့သိပြီပေါ့..း))

    ReplyDelete
  10. ခင်မင်စရာကောင်းတဲ့ post တွေပဲ အချိန်လုနေရတဲ့သူတွေထဲမှာ ကျနော်လည်းတယောက်ပါပေမဲ့ ပို့စ်အားလုံးကိုအချိန်ပေးပြီးကြည်နူးစိတ်နဲ့ ဖတ်လိုက်မိပါတယ် ကျနော်လဲ ကိုယ်ကြိုက်တာတွေ (ရင်ခုန်တာတွေ) ဆိုရင်စပ်စုတက်လို့ ခြင်္သေ့ကျွန်း အကြောင်းရေးပြပါလား

    ReplyDelete
  11. အန်တီအလုပ်တွေများနေတဲ့နေ့က တင်သွားခဲ့တဲ့ ပန်းချီရဲ့ပို့စ်လေးကို အခုမှဝင်ဖတ်ရတယ်ကွယ်။
    အရေးအသားလေးတွေက ရှင်းရှင်းပြတ်ပြတ်လေးတွေနဲ့ ဟာသလေးတွေနှောထားတာဆိုတော့ ဖတ်လို့ကောင်းတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. လူတကိုယ် အကြိုက်တစ်မျိုးတွေကို ဖတ်သွားပါတယ်။

    အရှေ့က လူတွေကို ကျော်ကြည့်ချင်ရင် ဒေါက်ဖိနပ်စီးလေး)

    ReplyDelete
  13. ရီရင်းအားပေးသွားပါတယ် ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

    ReplyDelete
  14. ကိုသက်လွင်..ကျွန်မရေးတဲ့စာတွေကို ခုလိုအချိန်ပေးပြီး ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။ ခြင်္သေ့ကျွန်းအကြောင်းကိုတော့ ရေးဖို့ရင်ခုန်တဲ့အခါ ရေးပေးမယ်။ ခြင်္သေ့ကျွန်းမှာ ရင်မခုန်တာတွေများလို့ပါရှင်...း))

    အန်တီရေ...အလုပ်တွေများတဲ့ကြားက လာဖတ်တာကိုပဲ ကျေးဇူးတင်မဆုံးဖြစ်ရပါတယ်..ကျွန်မကတော့ အန်တီ့ ရေးနှုန်းကို သိပ်အားကျတာပဲ တကယ်း)

    ကိုမြစ်ရေ..အဲသလို မေတ္တာထားတယ်ပေါ့...ခြင်္သေ့ကျွန်းလာလည်လို့ ချိုင်းထောက်ကူပြီး လမ်းလျှောက်နေရတဲ့ ခပ်မိုက်မိုက် အမျိုးသမီးတွေ့လို့ကတော့ ကျွန်မလို့သာမှတ်လိုက်း))))

    8Yar..ရေ...
    အားပေးတာတောင် ရယ်(ရီ)ပြီးအားပေးသွားလို့ ကျေးဇူးအထူးပါ။ ထပ်တူဖြစ်ပါစေရှင်..း)

    ReplyDelete
  15. တကိုယ်ရည် - ၅ ပေ ၃ ဆိုတာ အနေတော်လေးရယ်။ လှတာကတော့ လှမှလှ! (မုန့်စားချင်လို့ ပြောတာမဟုတ်။ ဒါနဲ့... ဘာကျွေးမှာလဲဟင်း)) အိုး မိတ်ကပ်ဆိုတာ မမပန်းချီလို လှတဲ့သူအတွက် မလိုရေးချ မလို (မမပန်းချီရဲ့ အိမ်ကလူတော့ လာရိုက်ချင်တော့မယ်း)) နောက်ပြီး ဒေါက်မြင့်မစီးလည်း လှပြီးသားကို...

    စိတ် - မမပန်းချီဆိုတာ သဘောဖြူအူစင်း ဘုရားတရား လက်ကိုင်ထားတဲ့ သူတော်ကောင်း... ဘာမှ လာမငြင်းပါနဲ့ မရှင်းပါနဲ့ (မျက်လုံးမှိတ် နားပိတ်ပြီး ပြောသည်း))

    အမူအကျင့် - မယုံဘူး မယုံဘူး ဒီအသံနဲ့ဆိုတာကို နားညည်းတယ်လို့ ပြောတယ်သူ ရှိတယ်ဆိုတာကို လုံးဝမယုံဘူး။ နံပါတ် ၆ က ကိုယ့်ကို စောင်းပြောသလိုပဲ။ ၇ ကိုဖတ်ပြီး ရယ်မိတယ်း))

    ဘာပဲဖြစ်ဖြစ် ဒီစာလေးကို ရင်ခုန်စွာ ဖတ်သွားပါတယ် မမပန်းချီရေ...

    ချစ်တဲ့
    Annoying Person

    ReplyDelete
  16. သူသူရေ..ဒီတစ်ခါတော့ ရင်ခုန်ရသူက ကိုယ်ရယ်ပါ..ဟားဟား...

    တစ်ခုချင်းစီ အချိန်ပေးပြီး ချစ်သောမျက်စေ့နဲ့ မန့်သွားလို့ အာဘွားးးးးး)))(မျက်လုံးမှိတ် နားပိတ်ပြီးပြောသွားလို့ မငြင်းတော့ပါဘူး..းD)

    ReplyDelete

ရင်ထဲရှိတာပြော..း)