Tuesday, April 16, 2013

နွေဦးလေပြေ..မောင့်ကိုစေ...


 
ညဦးပိုင်းက ရွာထားတဲ့မိုးကြောင့် ဒီကနေ့မနက်တော့ သိပ်ပြီးအိုက်စပ်စပ်မရှိလှ။ အချိန်မီရွာတဲ့ သင်္ကြန်မိုးကို စိတ်ထဲမှပင် ကျေးဇူးတင်မိသည်။ ဒီနှစ်နွေက အရင်နှစ်တွေကထက် ပိုပြီးပူလောင်အိုက်စက်လှသည်ထင်သည်။ နွေဆိုမှတော့ နွေပီပီပူပြင်းဦးမှ အဓိပ္ပါယ်ပြည့်ဝပေမည်။ ခြံဝင်းထဲက ပိတောက်ပင်ကြီးကတော့ သင်္ကြန်မိုးကြောင့် ဝါဝါဝင်းရွှေဖြစ်လို့နေပြီမို့ အိမ်ထဲမှ လှမ်းကြည့်မိတိုင်း ကြည်နူးရသည်။ ဒီအပင်ကြီးက ကိုရွှေဖိုးသင်္ကြန်ရဲ့ အသည်းအသက်၊ နွေနှင့် ဖိုးသင်္ကြန်တို့ရဲ့ မေ့မရသော အမှတ်တရ ချစ်သစ်ပင်။ 

သင်္ကြန်အကြိုနေ့
“မေမေ၊ မေမေ့..”
“ဘာလဲ..သားရဲ့”
“မေမေ ဟိုဖက်အိမ်က ခူမ ကိုမပြောတော့ဘူးလား? တား တူ့အမေနဲ့ တွားတိုင်မှာနော်”

သားဖြစ်သူ ဖိုးသိကြား က အိမ်ရှေ့တွင် ငိုမဲ့မဲ့နှင့် အမောတကောရောက်လာတော့ နွေ့မှာရုတ်တရက် ကြောင်အမ်းအမ်းနှင့် ဘာပြန်ပြောရမှန်းမသိပေ။

“မေမေ့…”
“အေး….ဘာဖြစ်ပြန်ပြီတုန်း သား နဲ့ ခူးခူး”

သားကဘာမှပြန်မဖြေဘဲ နွေ့လက်ကိုဆွဲကာ အိမ်နှင့်မလှမ်းမကမ်းက ကလေးတွေရေကစားသော အုန်းလက်မဏ္ဍပ်ရှိရာသို့ ဦးတည်တော့သည်။ ပြီးတော့ သား လက်ညှိုးညွန်ပြရာသို့ လှမ်းကြည့်မိတော့ ဘေးနှစ်အိမ်ကျော်က သားထက်တစ်နှစ်သာငယ်သော တန်ခူးဆိုသော ကောင်မလေးက ရေဇလားကြီးထဲတွင် အခန့်သားထိုင်နေလေသည်။

Tuesday, January 29, 2013

အလွဲများနှင့် ယဉ်ပါးခြင်း...



ပထမတစ်ယောက်နာမည်က လုံးလုံး။ နောက်တစ်ယောက်ကတော့ ဝိုင်းဝိုင်း။ တိုက်ပဲတိုက်ဆိုင်လွန်းသည်။ နောက်ထပ်တစ်ယောက် ထပ်ရှာတော့လဲ ပြားပြား ပဲရောက်လာမလား? ချွန်ချွန်များဖြစ်နေမလား? လေးထောင့်များ ဖြစ်မလားနဲ့ ရင်တထိတ်ထိတ်ဖြစ်ရသည်။ အဲဒီလို ပုံသဏ္လာန်တွေပါတဲ့ နာမည်တွေဆိုရင် မြ မှာရင်ခုန်လိုက်ရတာအမော။ တစ်ခုခုတော့ ကမောက်ကမကြုံရဦးမှာပဲဆိုတဲ့ ကြိုတင်စိုးရိမ်စိတ်မျိုးနဲ့ ရင်ခုန်ရတဲ့ အခုန်မျိုးပဲဖြစ်သည်။ ခဲမှန်ဖူးတဲ့ စာသူငယ်ဆိုတော့လဲ မြကတော့ လေးခွမြင်တာနဲ့ အဖျားတက်ရပြီ။ ခုလဲ နောက်တစ်ယောက်ရှာနေတာ ကြာပဲကြာလှပြီ။ မိတ်ဆွေတစ်ယောက်အကူအညီနဲ့ ကောင်မလေးတစ်ယောက်ကို အလုပ်အင်တာဗျူးဖို့ ပြောထားပြီးနှင့်ပြီ။ အသိမိတ်ဆွေရဲ့ အဆက်အသွယ်နဲ့ရမယ့်လူဆိုတော့ နည်းနည်းတော့ စိတ်အေးရပါသည်။ ဒါပေမယ့် မြ ကတော့ ကိုယ့်ကံကြမ္မာကို တင်းပြည့်ကျပ်ပြည့်မယုံနိုင်သေး။ ဒီတစ်ခါတော့ ကံကောင်း ကောင်းပါရဲ့။
မြ တို့လင်မယားမှာက အခါလည်ကျော်ကျော် သမီးကလေးတစ်ယောက်ရှိသည်။ ရေခြားမြေခြား၊ နိုင်ငံရပ်ခြားမှာ အသက်မွေးဝမ်းကျောင်းရတာဆိုတော့ သမီးကလေးနောင်ရေးစိတ်အေးရအောင် လင်ရော၊ မယားရော အလုပ်ထွက်လုပ်ကြရသည်။ အရင်တုန်းကတော့ ဆွေးမျိုးညာတကာများက သမီးကလေးကို ခဏတဖြုတ်လာပြီး စောင့်ရှောက်ပေးပေမယ့် နှစ်ရှည်လများကျတော့ ဆွေမျိုးတွေမှာ သူ့အလုပ်နဲ့သူ၊ သူမိသားစုအရေးနဲ့သူ၊ အချိန်တန်တော့ သူတို့လဲ အိမ်ပြန်ကြရသည်။ နောက်တော့လဲ မြမှာ ယောက်ျားလုပ်သူ ကိုမောင်နဲ့ ရက်ပေါင်းများစွာ ခေါင်းချင်းဆိုင် တိုင်ပင်ပြီး သမီးကလေးကို ထိန်းကျောင်းစောင့်ရှောက်ပေးဖို့နဲ့ မြရဲ့ အိမ်မှုကိစ္စအချို့ကိုကူညီလုပ်ကိုင်ပေးဖို့ အိမ်အကူကောင်မလေးတစ်ယောက်ငှားဖို့ မြတို့နှစ်ယောက်လုံးသဘောတူစွာပဲ ဆုံးဖြတ်လိုက်ကြတော့သည်။ မြ တို့အတွက် တစ်ခြားရွေးခြယ်စရာ နည်းလမ်းမရှိတော့ပြီ။

xxxxx

“ညီမနာမည်ကိုပြောပါဦး”
“ဌေးဌေး လို့ခေါ်ပါတယ်။ ဒါပေမယ့် ထဆင်ထူး နဲ့ ထေးတာနော်အစ်မ”
“ဟေ..အင်း။ ဟုတ်ပါပြီ”
ကောင်မလေးနာမည်က ထဆင်ထူးနဲ့ထေးထေး၊ ထဝမ်းဘဲနဲ့ပဲဌေးဌေး ပုံသဏ္လာန်ပါတဲ့ နာမည်မဟုတ်လေတော့ မြ သက်ပြင်းခိုးချမိသည်။ ထေးထေးက ရခိုင်တိုင်းရင်းသူလေးမို့ စကားပြောတဲ့အခါ တိုင်းရင်းသူသံဝဲလေသည်။
“ကလေးလေးကို ကြည့်ပေးနိုင်ပါ့မလား။ အစ်မတို့ နှစ်ယောက်စလုံးက တနင်္လာနေ့ကနေသောကြာနေ့အထိ ရုံးတက်ရတာဆိုတော့ အိမ်မှာ ထေးထေးနဲ့ ကလေးပဲ ကျန်ခဲ့မှာ။ အိမ်အလုပ်တွေက အရေးမကြီးဘူး။ သမီးလေးကို အစ်မပြောတဲ့အတိုင်း ကိုယ့်ဆွေမျိုးသားရင်းလေးလို သေသေချာချာ ဂရုတစိုက်စောင့်ရှောက်ပေးဖို့ပါပဲ”
“ရပါတယ်အစ်မ။ အရင်အိမ်မှာလုပ်တုန်းကလဲ ကလေးပဲကြည့်ပေးခဲ့ရတာပါ”
“အရင်အိမ်ကနေ နှစ်မစေ့ခင် ဘာလို့အလုပ်ထွက်သွားတာလဲ ပြောပြနိုင်မလား”

ထေးထေးက မဖြေ။ ခဏနှုတ်ဆိတ်နေသည်။