Wednesday, December 29, 2010

သက်တမျှ...သို့

ဆည်းလည်းသံကလေး...
ညံတော့ညံမနေ... သဲ့သဲ့ကလေးပါပဲ...

ရစ်ဖွဲ့နှောင်ခွေ... ဆံကေမဆင်း...
ပျော့ပျောင်းခြင်း အထိတွေ့ကလေးနှင့်
နက်မှောင်မနေ... ညိုသယောင်ကလေးပါပဲ...

အလင်းသစ်နှစ်ပွင့်... ကြယ်စင်နှင့်ယှဉ်လောက်သေးရဲ့...
တောက်ပခြင်းများနှင့်လေ... ဒါပေမယ့်...
ခပ်မှေးမှေးကလေးပါပဲ...

ပြုံးလျှင်မို့မို့... ရယ်လျှင်ခွက်ဝင်...
ပါးချိုင့်လေးငယ် တဖက်တချက်နှင့်ရယ်မို့...
တစ်မက်တစ်သက် မွှေးကြူချင်စရာကလေးပါပဲ...

ကဲ ထိုအရာအားလုံးတို့ ပေါင်းစု...
ကောင်းခြင်းများစွာနှင့် ကုဋေကုဋာ...
သေချာတာကတော့...
သူကလေးဟာ ကိုယ့်ရဲ့...
ရင်နှစ်သည်းချာကလေးပါ... ကွယ့်


(ချစ်သောသူကလေး တစ်ယောက်ရဲ့ မွေးနေ့အမှတ်တရပါ.. )
***ဒီကနေ့မနက်စောစောစီးစီး10:15am လောက်မှာခိုးခိုးလေးစာရွက်ပေါ်ရေးချထားတဲ့ ကဗျာတိုလေးပါ..ရုံးချိန်ကြီး မအားမလပ်ကြားထဲကပါရှင်..း))

Friday, October 29, 2010

ပထမ စာတိုစာစ..

ဒီဇာတ်ခုံ ဒီဘ၀..
ရောက်လာရသမျှတော့
သူစေရာ သူ့အညွှန်း အတိုင်းပေါ့...
ကချင်လည်းက မကချင်လည်းက
လှလှ မလှလှ။

ဒီအချိုးပြီးတော့လည်း
နောက်တစ်မျိုးလာပြန်ပြီ..
မရိုးစတမ်းလေ..သူဆွဲရာကြိုး
လှူပ်ချင်လည်းလှူပ် မလှူပ်ချင်လည်းလှူပ်
ပြုတ်တဲ့ခါလည်းပြုတ်.. ရှူပ်တဲ့ခါလည်းရှူပ်။

သြော်ဒါနဲ့လည်းအားမရ
ကပြရဦးပေမပေါ့
အဆိုအပြောလေးတွေနဲ့လား...
အင်း..ဆိုတဲ့ခါလည်းဆို..ငိုတဲ့ခါလည်းငို
ဆိုဆို ငိုငို..
ပိုမိတဲ့ခါလည်းပို...လိုမိတဲ့ခါလည်းလို
ပိုပို လိုလို..

တစ်ဆိတ်လောက်တော့...ဇာတ်ဆရာရယ်..
ဒီအဆို ဒီအငို
ဒီအပြော..ဒီအမောတွေကြား..
နွမ်းလည်းနွမ်း ပန်းလည်းပန်းလှပေါ့..
တစ်ကြိမ်တစ်ခါလေးတော့လေ..
ကိုယ့်အလိုကျ..
ရှင်အလိုကျကျ မကျကျ..
ကားလိပ်လေးအသာချ။