Thursday, September 22, 2011

ချစ်သောအမေ…ဧရာဝတီ..သို့…။

အမေ..

*အမေ့..သားသမီး ကျုပ်တို့တစ်တွေ…

ဆင်ကြီး၊ ကျားကြီးလို အားကြီးချင်မှကြီးပါမယ်..။

ဒါပေမယ့်အမေ..
**အမေ့…ရင်ခွင်နို့သောက်စို့လို့…

အမေ့..ခြေရင်းခေါင်းစင်းလို့…

အမေ့…ရင်လှိုင်းခတ်သံမှာ အိပ်ပျော်တတ်ခဲ့လို့…

အမေ့..ဆီကရေကြည်ချမ်းမြ တစ်ပေါက်မက သောက်သုံးခဲ့ရလို့..

သွေးကြောအပျိုင်းပျိုင်း၊ အရိုင်းရိုင်းနဲ့..

ထွားကြိုင်းခဲ့ကြပါပြီ…။


***အမေ့ဆီကရတဲ့ ခွန်အားစွမ်းပကားများစွာနဲ့ပဲ…

သားသမီးတို့ အိမ်ယာတွေမှာ…အမှောင်ကိုခွင်းလို့…

အမေတတ်နိုင်သမျှ..အလင်းကို ဆောင်ကျဉ်းပေးခဲ့ပါပြီ..။

****ကျောသား၊ ရင်သား မခွဲခြားတတ်တဲ့ အမေ့မေတ္တာရေကြောင့်…

သားသမီးတို့ဆီကတုန့်ပြန်လာတဲ့ ချစ်ခြင်းမေတ္တာတွေဟာလည်း..

အမေ့လို မြစ်ကြီးတစ်စင်းလောက်..

ကြီးမားရင့်သန်နေခဲ့ပါပြီ..။

*****အမေတာဝန်ကျေသလို…ကျုပ်တို့ သားသမီးတွေလည်း တာဝန်ကျေချင်ပါတယ်…။

အဲဒိတော့..အမေရေ..

သူတို့ကိုလေ…

ကျွန်တော်တို့လည်း…ဧရာဝတီကို ချစ်ပါတယ်လို့…

ပြောရုံနဲ့မပြီး..အလုပ်နဲ့သက်သေပြစေဖို့…

ကျုပ်တို့ အသက်မက တန်ဖိုးကြီးမားတဲ့..

အမေ့ရင်ကိုခွဲ..အသည်းကိုပါထုတ် မယူစေဖို့…

အမေပေးသမျှ အသက်သွေးချွေးတွေ ကုန်ခမ်းပါစေ..

ပုစဉ်းရင်ကွဲလို ရင်ကွဲလို့သေချင်သေပါစေ…

မပျက်မကွက်….အားကုန်ဟစ်အော်လို့…

ဆက်ဆက်…ကန့်ကွက်လိုက်ပါတယ်…အမေ…


အမေ…ပျော်ရွှင်ပါစေ..။

အမေ…ဆက်လက် စီးဆင်းနိုင်ပါစေ..။

ပြီးတော့…အမေ…

မြစ်တစ်ခုရဲ့တေးကို ကျက်သရေရှိစွာ ဆက်လက်သီကြွေးနိုင်ပါစေ…။

ဝသုန် ဤမြေ..သိကြားစေ..သက်သေညွှန်းပါရဲ့…..။

 ~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~

***ရသမျှအချိန်တိုလေးအတွင်းမှာ ခံစားမိသမျှကိုသာ ရေးတတ်သလောက် ရေးဖွဲ့ထားခြင်းပါ။ 


ဧရာဝတီကို ကျုပ်တို့လည်းချစ်ပါတယ်..၊ ချစ်ခွင့်ရှိပါတယ်ဗျာ..။ ဧရာဝတီအတွက် ပူတဲ့အပူကတော့ မိဘပျောက်သွားမှာ ကြောက်နေတဲ့ သား၊ သမီးတစ်ယောက်ရဲ့ အပူနဲ့တူပါတယ်။ ဧရာဝတီကို ရာဇဝင်ထဲမှာ မထားရစ်ခဲ့ချင်ဘူး…***

ပြီးခဲ့တဲ့ စနေနေ့ကနောက်ဆက်တွဲရတဲ့ သတင်းကတော့ ဧရာဝတီဆည်စီမံကိန်းကို ပြန်လည်သုံးသပ်နေပါတယ်လို့ ဆိုပါတယ်။ သက်ပြင်းအကြိမ်ကြိမ်ချပြီး ဆုတောင်းနေရုံကလွဲလို့ "ကိုယ်ဘာများတတ်နိုင်ဦးမှာလဲ" လို့သာ ညည်းနေမိတော့တယ်။

နက်ဖြန်သောကြာနေ့မှာ တစ်နေကုန်အပြင်ရောက်နေမှာမို့ ဒီနေ့ပဲ ကမန်းကတန်းလေး မတတ်တစ်ခေါက်ရေးပြီး အပြီးတင်လိုက်ရတာကို ခွင့်လွှတ်နားလည်ပေးကြပါနော်..။ ဒီလိုအချိန်မျိုးမှာ ပါဝင်ရေးသားခွင့်ရတဲ့အတွက် မသဒ္ဒါကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ အခုတင်ထားတဲ့ပုံက အတည်မပြုရသေးဘူးဆိုရင် နက်ဖြန်အိမ်ပြန်ရောက်တဲ့အချိန်မှာ အားလုံးနဲ့တစ်ပြေးညီဖြစ်အောင် ပြန်ပြင်ပေးပါ့မယ်။

မနက် ၅ နာရီထရမှာမို့ အိပ်ပါတော့မယ်..။ အိပ်မက်မက်ပြီး ယောင်ရင်တောင် ဧရာဝတီလို့ယောင်နေမလားမသိဘူး..း) ခုချက်ချင်းကြီး စဉ်းစားပြီးရေးလိုက်ရလို့...။

အားလုံးပဲပျော်ရွှင်စရာ နေ့သောကြာဖြစ်ပါစေ..။ 
ဧရာဝတီအတွက် ပျော်စရာသတင်းကောင်းလေးများလည်း ကြားပါရစေ..။

မေတ္တာဖြင့်
မိုးပန်းချီ


11 comments:

  1. မမမိုးပန်းချီ... စာအရေးအသားကတော့ ကမန်းကတန်းရေးလည်း ကောင်းတာပါပဲ... ဦးဦးဖျားဖျားလေး ဖတ်သွားတယ်... ကန်ဒီလည်း ခဏနေတင်မယ်... :)

    ReplyDelete
  2. ဟုတ်တယ် အစ်မ...
    ကျွန်တော်တို့ တတ်နိုင်သလောက်တော့ ကန့် ကွက်ကြတာပေါ့...
    မြစ်တစ်စင်းရဲ့ တေးသံတွေ ရပ်တန့် မသွားဖို့ ကျွန်တော်တို့ ကန့် ကွက်ကြတာပေါ့...

    ReplyDelete
  3. ဧရာဝတီ အဓွန့် ရှည် တည်တံ့ပါစေ

    ReplyDelete
  4. မိခင်ဧရာဝတီကို အားကိုးတကြီး ဟစ်ကြွေးမြည်တမ်းသွားပုံလေးသိပ်လှတယ်...။
    တို့တွေရဲ့ အမေဆက်လက်ရှင်သန်နေမှာပါ...။

    ဧရာဝတီကိုချစ်တဲ့
    မိုးငွေ့

    ReplyDelete
  5. ဧရာဝတီ ထာဝရ စီးဆင်းစေဖို့
    မြစ်တခုရဲ့တေး ထာဝရ သီကြွေးနိုင်စေဖို့
    မြစ်ဆုံဆည် တည်ဆောက်တာကို ကန့်ကွက်ပါတယ်

    ခင်မင်တဲ့
    seesein

    ReplyDelete
  6. ညီမ မိုးပန်ချီ ရေ

    ဧရာဝတီ အတွက် ကျေးဇူး

    အမရွှေစင်

    ReplyDelete
  7. မြစ်တစ်စင်းရဲ့ စီးဆင်းနေတဲ့တေးသံတွေ ထာဝစဉ်ကြားနေရစေဖို့အတွက်
    မြစ်ဆုံရေကာတာစီမံကိန်းအား အပြတ်အသတ်ကန့်ကွက်ရန်အတွက် လုံးဝကို သဘောတူပါတယ်...
    ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေဟု

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  8. အမေထာဝရတေးဆိုနိုင်ပါစေ။ အမေ့ကို သားသမီးတွေစုပေါင်းအားနဲ့ ကယ်တင်နိုင်ကြပါစေ။ အမေကမ္ဘာတည်သရွေ့ ရှင်သန်နိုင်ပါစေ။

    ReplyDelete
  9. မမိုးရေ..ဧရာဝတီ တစ်ခုခု မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။

    ReplyDelete
  10. ကိုယ်နိင်ရာ နိင်ရာ တာဝန်ယူကြ လှုံ့ဆော်ကြပြီး ကာကွယ်ကြပါစို့။

    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

    ReplyDelete
  11. ဧရာဝတီအတွက် အားလုံးနဲ့အတူ ပါဝင်လက်တွဲတာကို ကျေးဇူးတင် ဝမ်းမြောက်မိပါတယ် ညီမလေးရေ.။
    ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါတယ်။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete

ရင်ထဲရှိတာပြော..း)