Wednesday, December 21, 2011

အို…..ဒီဇင်ဘာ…



ဒီဇင်ဘာ နဲ့ နှင်းဟာ ကိုယ်သတိမမူလိုက်မိခင်လေးမှာပဲ ကိုယ့်ဘဝထဲ တစ်ဆတစ်ဆ တိုးဝင်လာတယ်။ ဖန်တရာတေအောင်ဖတ်ဖူး၊ ကြားနာဖူးထားပြီးသား  ဒီဇင်ဘာ နဲ့ နှင်း အကြောင်းကတော့ ပုံသေကားကျသီအိုရီ တစ်ခုထဲကမထွက်ပေမယ့် မရိုးနိုင်တဲ့ ခေတ်ဟောင်းသီချင်းတစ်ပုဒ်လို ကာရန်တွေ၊ စာသားတွေချိုမြနေပြီး၊ ကိုယ်ဖတ်နေကျ စာအုပ်အဟောင်းအနွမ်းတစ်အုပ်လို ဘယ်အချိန်ထိကိုင်မိပါစေ ဟောင်းပေမယ့် ရနံ့တစ်ခုသင်းပျံ့နေဆဲ….။ သိလိုက်တဲ့အချိန်မှာတော့ ဒီဇင်ဘာဟာ အေးခဲပြီး နှင်းမှုန်လေးတွေက ဖြူလွနေကြတယ်ဆိုတာပဲ။ 

ဟိုးအရင်အချိန်တွေကို ပြန်တွေးကြည့်မိတဲ့အခါ ဒီဇင်ဘာဟာ ကိုယ်နဲ့ သူစိမ်းပြင်ပြင် ရှိနေခဲ့တဲ့ အကြောင်းကိုလည်း သတိရတတ်ရင် အမှတ်တရပဲ မဟုတ်လား။ ဒီဇင်ဘာဟာ ဘာကြောင့်အေးခဲနေပြီး၊ နှင်းတွေဟာဘာကြောင့် ဖြူဖွေးနုလွ နေရသလဲဆိုတာတော့ ယောင်လို့တောင်မတွေးမိခဲ့။ အချိန်တစ်ခုခုရောက်ပြီဆိုရင် ကောင်းကင်ဟာ စောစောညိုမှိုင်းတတ်ပြီး၊ တိမ်တွေနေစရာမရှိတာ၊ ငှက်တွေစောစောအိပ်တန်းတက်ကြတာ၊ ကိုယ်အိပ်တဲ့အိပ်ယာတွေ အေးစက်နေတတ်ခဲ့တာ၊ နှင်းအိပ်မက်မဟုတ်ပဲ ဆောင်းအိပ်မက်ဆိုတာတွေ မက်တတ်ခဲ့တာ၊ သည်အရာတွေဟာ ဒီဇင်ဘာဆိုရင် ကိုယ်ဘာမှမပြောလိုတော့ဘူး..။ ဒါဆိုရင် အဲဒီ ဒီဇင်ဘာဆိုတာဟာ ကိုယ်မသိလိုက်ပဲ ရင်းနှီးကျွမ်းဝင်နေခဲ့တဲ့ သူစိမ်းပြင်ပြင်ပေါ့…..။ ဒါဆိုရင် ကိုယ်တိုင်ရင်းနှီးကျွမ်းဝင်အောင်တော့ အားမထုတ်ခဲ့ရပါပဲ...ကိုယ့်ဆီကို ဒီဇင်ဘာက ခြေသံခပ်ဖွဖွ၊ ခပ်လုံလုံကလေးနဲ့ချည်းနင်းဝင်ရောက်နေခဲ့တာပေါ့…။ ဒါဆိုရင် ဒီဇင်ဘာကိုယ်တိုင်က ကိုယ့်ကို ခံစားတတ်အောင် စေညွှန်းသူပေါ့…။ ဒီလိုတော့လည်း မဟုတ်သေးပါဘူး..။ 

အို…ဒါလေးလောက်နဲ့တော့ ဒီဇင်ဘာဟာ ရင်ခုန်စရာမကောင်းပြန်ပါဘူးလေ။ သူ့ဘာသာအေးခဲတာ၊ သူ့ဘာသာနှင်းကျတာ၊ သူ့ဘာသာ မီးပွင့်ရောင်စုံတွေကို စီခြယ်စေခဲ့တာ၊ သူ့ဘာသာပွဲလမ်းသဘင်တွေ ဆင်ယင်ပြီး လူတွေရဲ့စိတ်ကိုညှို့ယူ ဆွဲငင်နေတာ…ကိုယ်နဲ့ဘာဆိုင်သလဲ..? တစ်ချိန်တုန်းကတော့  ပြတင်းတံခါး ခပ်စေ့စေ့ပိတ်ထားတာတောင် ချမ်းစိမ့်နေသေးတဲ့ခံစားချက်ကို သတိရနေမိတယ်။ အပြင်ကဂီတသံတစ်ချို့ ကိုယ့်အခန်းထဲကို ဇွတ်တိုးဝင်ဖို့ကြိုးစားနေခဲ့ကြတယ်။ ဆူညံသံတွေမဟုတ်တဲ့ သာယာငြိမ့်ညောင်းတဲ့အသံမျိုးပေမယ့် ကိုယ့်ကိုနည်းနည်းမှ သွေးဆောင်ဖျားယောင်းမနေခဲ့ဘူး….။ တံခါးတွေစေ့ပိတ်ထားတာတောင် အပြင်ကမီးရောင်လဲ့လဲ့တစ်ချို့နဲ့ ဂီတသံသဲ့သဲ့ တစ်ချို့ကကိုယ့်အိပ်ခန်းကို အတင်းအဓမ္မ တန်ဆာဆင်နေခဲ့ကြတယ်။ 


ဒီအတိုင်းထားလိုက်ရင်ကောင်းမလားစဉ်းစားတုန်း တစ်စုံတစ်ရာရဲ့တွန်းအားတစ်ခုကြောင့်ပဲ စေ့ထားတဲ့တံခါးတွေကို အသာအယာဖွင့်မိပြန်ပြီ။ အိုး…..လှလိုက်တာ…။ လွှတ်ခနဲထွက်သွားတဲ့ကိုယ့်အသံကို ခြံဝနားမှာ သီချင်းဆိုနေကြတဲ့ ကလေးတွေကြားသွားမှာတော့စိုးသလိုပဲ…။ မြင်ကွင်းထဲတည့်တည့်ကြီးဝင်လာတဲ့အရာတစ်ခုက ရောင်စုံအလုံးလေးတွေ၊ သစ်ပင်ပုံမီးပွင့်ဖြူဖြူလေးတွေ တွဲလွဲတပ်ဆင်ချိတ်ဆွဲထားတဲ့ သစ်တစ်ပင်..။ ဒါဟာလည်း ဒီဇင်ဘာရဲ့လက်ချက်ပဲလား…? နေပါဦး…ဒီအချိန်မှာဒါမျိုးတွေကို တန်ဆာဆင်ရမယ်ဆိုတာ ဘယ်သူသတ်မှတ်ထားခဲ့တာလဲ? ဘယ်သူစတင်လို့ ဘာကြောင့်ဒီလို ရင်ခုန်စေအောင် အထပ်ထပ်မွမ်းမံစေကြတာလဲ? ဒီရာသီမှာ ဘာကြောင့်လူတွေ အရင်ကထက်လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီး၊ ဝတ်ကောင်းစားလှတွေ ဆင်ယင်လို့အေးခဲနေတဲ့ နှင်းထုထဲကို ပျော်ပျော်ကြီးတိုးဝင်နေကြတာလဲ? ကိုယ်မသိချင်ပေမယ့် အလိုလိုမေးမိရက်သားဖြစ်နေတာလဲ မင်းလက်ချက်မဟုတ်ဘူးလား? 

ဒီဇင်ဘာရေ…..တစ်ဆိတ်တော့ မင့်ဟာ လွန်လွန်းမနေဘူးလားကွယ်…။ မင်းဘယ်လောက်လှလှ၊ ဘယ်လိုအေးအေး၊ ဘယ်လောက်ပဲဆင်ယင်ထုံးဖွဲ့ထုံးဖွဲ့၊ ဘယ်လောက်ပဲသာယာညွတ်နူးစရာကောင်းကောင်း၊ ဘယ်လိုပဲဆွဲဆောင်နေစေဦးတော့…ကိုယ့်ကိုတော့ မင်းမနိုင်ဘူးဆိုတာ သိဖို့တော့ကောင်းပြီ ဒီဇင်ဘာ…။ ဒါပေမယ့် တစ်ခုတော့ရှိတယ်…မင်းရာသီမှာကျတဲ့ နှင်းကိုတော့ ကိုယ်မျက်ကွယ်မပြုနိုင်ဘူးကွဲ့…။ သူကတစ်မျိုးလေးလှတယ်၊ ယဉ်တယ်၊ အေးချမ်းတယ်၊ ဖြူလွတယ်၊ တစ်ခါတစ်ရံနူးညံ့ပြီး တစ်ခါတစ်ရံတော့ မာကျောခက်ထန်နေလေရဲ့…။ ဒါကိုတော့မင်းလက်ချက်လို့ ကိုယ်မဆိုချင်ဘူး ဒီဇင်ဘာ…။ နှင်းဟာ သဘာဝကဖန်ဆင်းထားတဲ့ နတ်သမီးတစ်ပါးဆိုရင် မင်းကရော ဒီဇင်ဘာ? အင်း..ဘယ်လိုပဲဖြစ်ဖြစ် မင်းပေးတဲ့ကိုယ့်ရဲ့ ဝိရောဓိတွေကို ကိုယ်လွှတ်ချခဲ့ပြီ ဒီဇင်ဘာ…။ 

+++++++++++++++++++

မင်းရှိပေမယ့် နှင်းမရှိတဲ့အရပ်ကို ကိုယ်ရောက်နေခဲ့ပြီ….။ ဒါဟာလည်း မင်းကိုမျက်ကွယ်ပြုခဲ့တဲ့ကိုယ့်ကို မင်းတတ်စွမ်းသလောက် ကျိန်စာတိုက်လိုက်တာမဟုတ်လား? ကိုယ်ဂရုပြုမိတဲ့နှင်းကိုမှ မင်းကရွေးဖယ်ချန်လှပ်ထားခဲ့ပြီး ဒီလိုအရပ်ကိုရောက်အောင် မင်းဆုတောင်းခဲ့လေသလား? ဒါမှမဟုတ် ကိုယ်ဆုတောင်းမှားခဲ့လေသလား?

ခုတော့…ဒီအရပ်မှာ နေသားတကျဖြစ်အောင် နေ၊ နေတုန်းပါပဲ…။ မင်းရာသီရောက်တိုင်း ကိုယ်နှင်းကိုသတိရနေခဲ့တယ် ဒီဇင်ဘာ…။ ရာသီစက်ဝန်းတစ်ပတ်လည်လို့ မင်းရဲ့အချိန်၊ မင်းရာသီရောက်ပြန်ပြီပေါ့…။ မင်း…စိတ်တိုင်းကျ..ထင်တိုင်းကြဲပေဦးတော့လေ..လူတွေကို အဝတ်အစားတွေဆင်ယင်ခိုင်းပြီး ပျော်ပွဲရွှင်ပွဲတွေ လုပ်စေလိုက်ပါဦး…။ ဂီတသံတွေလေမှာ ဖြန့်လွှင့်လိုက်ပါဦး၊ သစ်ပင်တွေကို မီးပွင့်ရောင်စုံတွေနဲ့ မညှာမတာ တန်ဆာဆင်လိုက်ပါဦး၊ လှပတဲ့စက္ကူတွေသုံးပြီး တံစိုးလက်ဆောင်တွေကိုထုပ်ပိုးစေပါဦး၊ အဆင့်အတန်းမြင့်မြင့် ဆိုင်တန်းတွေမှာ ချစ်သူစုံတွဲတွေကို ဖျားယောင်းဖို့ မင်းရဲ့နာမည်တပ်ဆင် အသုံးချစေပါဦး ဒီဇင်ဘာ….။ တစ်ခုတော့ ဝန်ခံစရာရှိပါတယ်…နှင်းကျတဲ့အရပ်က ဒီဇင်ဘာ မင်းကိုတော့ ကိုယ်သတိတရရှိလှပါတယ်။ အဲဒီလိုဆိုရင်တော့ ကိုယ့်ကို လှောင်ပြုံးပြုံးနေမှာလား၊ လက်ခုပ်လက်ဝါးတီးပြီး ရယ်နေမှာလား၊ တော်တော်လည်းလာတဲ့လူလို့ ခနဲ့တဲ့တဲ့ စကားဆိုလေမလား? သေချာတာကတော့ ကိုယ့်ရင်ဘတ်ထဲ တဖြည်းဖြည်းချည်းနင်းဝင်ရောက်ဖို့ မင်းကြိုးစားနေတယ်ဆိုတာပဲ… ဒီဇင်ဘာ။ ကိုယ်ဒီလောက်တော့ မအပါဘူးလေ…..။

ဘာကြောင့် ကိုယ်သိနေသလဲဆိုတာ ပြောရဦးမလား? မနက်ခင်းတစ်ခု။ နှင်းကျမနေပေမယ့် နှင်းကာဦးထုပ်တစ်လုံးဆောင်းထားပြီး မိုးပြာရောင်ဘောင်းဘီခပ်ပျော့ပျော့ဝတ်ထားတဲ့ တစ်စုံတစ်ယောက်ကို ကိုယ့်အလုပ်စားပွဲရှေ့အရောက်ခေါ်ဆောင်လာတဲ့ မနက်ခင်းတစ်ခုကပေါ့…။

“Hello, မင်းရဲ့မိနစ်အနည်းငယ်လောက် ကိုယ့်ကိုမျှဝေပေးလို့ ရနိုင်မလား?”

“Aww, သေချာတာပေါ့…”

“ဘယ်ကစပြောရမှန်းတောင်မသိဘူး…။ ကိုယ်ထိုင်တဲ့နေရာက aircon သိပ်အေးလို့ လူမှုဝန်ထမ်းကိုသွားပြောပေးပါလား…”

“မြတ်စွာဘုရား..။ ကိုယ့်ဘာသာသွားပြောလို့ ရသားနဲ့ဟာ…”

“ကိုယ်ပြောပြီးပြီ..။ ကိုယ်ပြောတာသူတို့ နားမလည်ကြဘူး…။ အားလုံးကိုယ့်ကိုကြောင်ကြည့်နေကြတယ်”

“ဟင်…ခုမှ ကိုယ်နားရှုပ်သွားပြီ…မင်းပြောတာသူတို့နားမလည်တာကို ကိုယ်နားမလည်ဘူး…”

“ဒီလိုလေ…ကိုယ်အခုပြောနေတဲ့စကားကို မင်းကောင်းကောင်းနားလည်တယ်၊ နားထောင်လို့ရတယ်မဟုတ်လား? သူတို့က မင်းလိုမဟုတ်ဘူး..။ ကိုယ်ပြောတာကို ပြန်မပြောတဲ့အပြင် ကိုယ့်ကိုဖြေးဖြေးပြောခိုင်းတယ်…။ ပြီးတော့ ခဏခဏ တစ်ဟမ်ဟမ်လုပ်ပြီး ပြန်မေးနေသေးတယ်..။ ကြာတော့ကိုယ်ရှက်လာလို့ အဲဒိရုံးခန်းထဲကပြန်ထွက်လာတယ်”

“မင်း…အသစ်ထင်တယ်။ ဟုတ်တယ်…မင်းစကားကနည်းနည်းလုံးတော့ ကိုယ်လည်းမနည်းလိုက်နားထောင်နေရတာ…။ အိုကေ..သဘောပေါက်ပြီ..ကိုယ်သွားပြောပေးမယ်…”

+++++++++++++++++++

နှင်းမကျပေမယ့် အေးခဲပြီးစိမ့်နေတဲ့ နောက်ထပ်မနက်ခင်းတစ်ခု…။ မနက်စောစောစီးစီး စားပွဲပေါ်က ချောကလက်၊ နှင်းဆီအဝါတစ်ပွင့် နဲ့ greeting card တစ်ခုကြောင့် ကိုယ့်မျက်လုံးတွေ နှင်းမထိပဲ အေးစက်ရီဝေသွားခဲ့ရပေါ့…။ greeting card ကလေးကတော့ ကိုယ့်ကို နွေးနွေးထွေးထွေး နှုတ်ဆက်နေလေရဲ့..။

~~ချစ်ခင်ရပါသော Snow, ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ် …
မင်းရဲ့စစ်မှန်သော…Cyden…~~

ဒီလိုနဲ့ ဒီဇင်ဘာရဲ့ နူးညံ့ညင်သာတဲ့ ဖျားယောင်းသွေးဆောင်ခြင်းတွေအောက်မှာ ကိုယ့်နှလုံးသားဟာ နာဖျားလာနေပြီ။ ကွန်ပြူတာဖန်သားပြင်ရဲ့ ညာဖက်ထောင့်စွန်းလေးမှာပေါ်လာမယ့် notification တွေဟာလည်း ကိုယ့်ကိုခြိမ်းခြောက်လာနေပေါ့….။ short message လေးတစ်ခု ဖန်သားပြင်ထောင့်စွန်းမှာပျံဝဲလာတိုင်း လှုပ်လှုပ်ရှားရှားဖြစ်လောက်အောင် ဒီဇင်ဘာရဲ့ နှင်းမကျတဲ့ aircon မနက်ခင်းတွေမှာ စွမ်းရည်အပြည့်ရှိလို့နေပြီ။ ဘာလိုလိုနဲ့ မင်း မျက်နှာချိုသွေးပြီး ပို့ဆောင်လိုက်တဲ့ နှင်းအစားထိုး လူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ရတဲ့သက်တမ်းက မင်းကို နောက်ထပ် အသက်တစ်နှစ်ထပ်ကြီးစေပြန်ပြီ ဒီဇင်ဘာ….။ 

++++++++++++++++++++

“နောက်တစ်ပတ်ထဲမှာ ရောက်မယ့် Chirstmas နေ့ မှာ ကိုယ့်ရဲ့ Date လုပ်ပေးနိုင်မလား?” 

Computer screen မှာပေါ်လာတဲ့ စာတမ်းကတိုတိုလေးပေမယ့် ကိုယ့်ကိုတုန်လှုပ်နိုင်စေလွန်းတယ်။ ဘာပြန်ဖြေရမလဲ ဒီဇင်ဘာရယ်…။ ဒါကလည်း မင်းရဲ့ပယောဂမကင်းဘူးကွဲ့…။ 

“ဖြေပါဦး…Snow…မင်းမှာတစ်ခြား Date ရှိရင်တော့ ရပါတယ်…”

“ကိုယ့်မှာ တစ်ခြား Date ရှိမနေသေးပါဘူး…” ဘုရားသခင်….ကိုယ်ဒီလောက် မြန်မြန်ဆန်ဆန် အဖြေပြန်ပေးရလောက်အောင် ဘယ်စွမ်းအင်ကများ ဆောင်ကျဉ်းပေးသလဲ ဒီဇင်ဘာ….?

“ဒါဆို…အဲဒီနေ့ကိုယ့်ကိုပေးပါလား….? မင်းသိချင်တယ်ဆိုတဲ့ ကိုယ်တို့ Christmas နေ့အကြောင်းလည်း ပြောပြနိုင်မှာလေ..”

“OK!....”

“အတိုင်းမသိဝမ်းသာပါတယ်..။ သီချင်းလေးတစ်ပုဒ်ပို့လိုက်မယ်နော်…နားထောင်ကြည့်…လာမယ့် ကိုယ်တို့ Date မှာ ကိုယ်တိုင်ဆိုပြမယ်… ကိုယ်ဒီညတော့ အိပ်ပျော်တော့မှာမဟုတ်ဘူး..မင်းကိုကျေးဇူးတင်လိုက်တာ…Snowy”

“ကိုယ့်ရဲ့ ကြည်နူးမှုတစ်ခုပါ…” 

ဒီဇင်ဘာရေ…နှင်းမရှိတဲ့အရပ်မှာ ကိုယ်မပျော်နိုင်ပေမယ့် နှင်းရဲ့ကိုယ်စား ရင်ခုန်ပျော်ရွှင်မှုတွေ အလျော်ပေးတဲ့မင်းကို Snow ဆိုတဲ့ မင်းကိုသိပ်မချစ်တတ်ခဲ့တဲ့ ကိုယ်ကလည်း ကျေးဇူးတင်ပါတယ်။ ကိုယ်တို့ မင်းဆင်တဲ့ ဇာတ်ကွက်ထဲရောက်ခဲ့ပြီ ဒီဇင်ဘာ….။
ဘာပဲဖြစ်ဖြစ်… ချိန်းဆိုထားတဲ့ နေ့မှာ သူဆိုပြမယ့် သီချင်းလေးတစ်ပုဒ်ကို နှင်းငွေ့မရိုက်ပါပဲ အေးစိမ့်နေတဲ့ ဒီည အိပ်မက်ထဲထိတောင် မင်း…ခေါ်ဆောင်လာပေးဦးမှာဆိုတာ ကိုယ်ကြိုသိနေခဲ့ပြီ…။ ပြီးတော့….

ချစ်သွားပြီ ဒီဇင်ဘာ….း)



A Perfect Christmas – Jose Mari Chan

My idea of a perfect Christmas
Is to spend it with you
In a party
Or dinner for two
Anywhere would do
Celebrating the yuletide season
Always lights up our lives
Simple pleasures are made special too
When they're shared with you

Looking through some old photographs
Faces of friends we'll always remember
Watching busy shoppers rushing about
In the cool breeze of December
Sparkling lights, all over town
Children's carols in the air
By the Christmas tree
A shower of stardust on your hair

I can’t think of a better Christmas
Than my wish coming true
And my wish is that you'd let me spend my whole life with you
Looking through some old photographs
Faces of friends we'll always remember
Watching busy shoppers rushing about
In the cool breeze of December
Sparkling lights, all over town
Children's carols in the air
By the Christmas tree
A shower of stardust on your hair

I can’t think of a better Christmas
Than my wish coming true
And my wish is that you'd let me spend my whole life with you

My idea of a perfect Christmas is spending it with you...
:)

--------------XoXoXoXoXoXoXoXoXoXoXoXo----------------
--------------XoXoXoXoXoXoXoXoXoXoXoXo----------------


သူပေးတဲ့သီချင်းလေး နားထောင်သွားကြပါဦးနော်..း)) လိုက်ဆိုလို့ရအောင် စာသားလေးတွေပါထည့်ပေးထားပါတယ်…။ ရိုစီတာလေး တဂ်ထားတဲ့ပို့စ်ကို ဒီလိုလေးပဲ ဇာတ်လမ်းလိုလို၊ ဘာလိုလို၊ ညာလိုလို ကမန်းကတန်းရေးချဖြစ်ပါတယ်….ခရစ်စမတ်ပွဲတော်တွေကို ကျင်းပလေ့မရှိတဲ့ ကျွန်မအတွက်တော့ ညီမငယ် ရို့စ်ရဲ့မေးခွန်းလေးတွေဖြေဖို့ အချိန်နည်းနည်းလိုတာကတစ်ကြောင်း၊ မနက်ဖြန် မနက်စောစောလေယာဉ်နဲ့ ခရီးသွားဖို့ရှိတာကတစ်ကြောင်းမို့ ခုလိုစိတ်ထဲရှိတာလေးပဲ ချရေးဖြစ်သွားတဲ့အတွက် ညီမငယ်ရို့စ် နားလည် ကျေနပ် ပျော်ရွှင်မယ်လို့ မျှော်လင့်ပါရစေ….။ ကျေပါနော် ရိုစီတား)
  • ·         သတိတရခင်ခင်မင်မင် တဂ်ထားတဲ့အတွက်လည်း ညီမငယ်ရို့စ်ကို ကျေးဇူးအထူးတင်ပါတယ်ရှင်..။
  • ·         သူနဲ့ကျမှ ခရစ်မတ်ပွဲတော်တွေကို ပါဝင်ဆင်နွှဲတတ်လာတဲ့အတွက်လည်း သူ့ကိုကျေးဇူးတင်ပါတယ်းD (သူနဲ့ကျမှ    တိုက်တိုက်ဆိုင်ဆိုင်..:P)။
  • ·         စာဖတ်သူ၊ အားပေးသူ အားလုံးကိုလည်း ကျေးဇူးအကြီးကြီးတင်ပါတယ်။
  • ·         ခုလိုရာသီမှာ တစ်ယောက်တည်း ရှိနေသူများရော၊ နှစ်ယောက်တွဲ ရှိနေသူများရော  မိသားစုလိုက် တစ်စုတစ်ဝေးတည်းရှိနေသူများပါမကျန် အားလုံး၊ အားလုံးပဲ…သာယာသော၊ ညွတ်နူးသော၊ ချိုသာသော၊ အေးချမ်းသော၊ ပျော်ရွှင်ဖွယ်ရာအတိပြီးသော ပြီးပြည့်စုံသော ခရစ္စမတ် နှင့် လှပသော နှစ်သစ်များဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 
  • ·         Merry X’mas and Happy New Year 2012!!!
စကားချပ်: တစ်ယောက်တည်းရှိနေသူများ ရောက်နေရာအရပ်မှာ ပျော်ပျော်နေပါလေး) 
              ခရီးထွက်မယ့်သူများ Bon Voyage! ကျွန်မလည်း နှစ်ပတ်၊ သုံးပတ်လောက်ပျောက်နေပါဦးမယ်ရှင်။

မေတ္တာမွန်ဖြင့်
မိုးပန်းချီ


15 comments:

  1. ရေးထားတာ နူးနူးညံ့ညံ့လေးနဲ့ ဒီဇင်ဘာကိုလည်း နည်းနည်း စိတ်ဆိုးနေသလိုပဲနော်။ ဖတ်ရတာ တစ်မျိုးလေး။ "မင်းရှိပေမယ့် နှင်းမရှိတဲ့အရပ်ကို ကိုယ်ရောက်နေခဲ့ပြီ….။ ဒါဟာလည်း မင်းကို မျက်ကွယ်ပြုခဲ့တဲ့ ကိုယ့်ကို မင်းတတ်စွမ်းသလောက် ကျိန်စာတိုက်လိုက်တာ မဟုတ်လား?" (ဟင့်အင်း... မဟုတ်ပါဘူးတဲ့ ခိး) အရာတစ်ခုကို ဆုံးရှုံးပြီး မရှိတော့မှ သူ့တန်ဖိုးကို နားလည်တယ်ဆိုတာ မှန်တယ်နော်။ Snow နဲ့ Cyden တွေ့ပုံကလေးက ကဗျာဆန်ဆန်လေး။ အစ်မပန်းချီရဲ့ ကိုယ်တွေ့လားဟင်။ ဟိဟိး)။ ကျေနပ်တယ်၊ အားရတယ်၊ နှစ်သက်ပါတယ်ရှင်။ ရို့စ် တက်ဂ်ကတည်းက မောင်နှမတွေကို ပြောထားပါတယ်၊ အမေးအဖြေလို ဖြေစရာမလိုဘဲ ကိုယ် Mood ၀င်သလို ခရစ်စမတ်၊ နှစ်သစ်နဲ့ ပတ်သက်တဲ့ ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ ကြိုက်တာ ရေးပေးပါလို့။ ရေးပေးလို့ ကျေးဇူးတင် ချစ်ခင်လျက်ပါ အစ်မရေ..။

    ReplyDelete
  2. ဟင်... ရို့စ် ကွန်မန့် ရေးထားတာ ပျောက်သွားတယ်။ ဒီဇင်ဘာကို စိတ်ဆိုးနေတဲ့ပုံလေး ရေးထားတာ တစ်မျိုးလေး ဖတ်လို့ကောင်းတယ်။ ဒါပေမယ့် နှင်းမရှိတဲ့ နေရာမှာ ဒီဇင်ဘာကို တမ်းတနေတာလေးက သနားစရား)။ Snow နဲ့ Cyden တို့ တွေ့ပုံလေးက ကဗျာဆန်လိုက်တာ။ အစ်မပန်းချီရဲ့ ကိုယ်တွေ့တော့ မဟုတ်ပါဘူးနော် ဟိ။ နားလည်တယ်၊ ကျေနပ်တယ်၊ ပျော်ရွှင်တယ်၊ နှစ်သက်တယ်၊ ကျေးဇူးလည်းအများကြီးတင်တယ်။

    ReplyDelete
  3. ဝါး အရမ်းဖတ်ကောင်းတာဘဲ..
    ရေးတတ်လိုက်တာ တကယ်တကယ်
    မနာလိုတောင် ဖြစ်သွားတယ် ဟိဟိ
    သူများမှာတော့ ဒီလိုချစ်စရာဒီဇင်ဘာတွေရှိမနေတာ ရင်နာလိုက်တာ..
    ရှိလို့တော့ ရေးပစ်လိုက်မှာ သေချာတယ်..
    တကယ့်ကို Romantic feeling လေး ခံစားလိုက်ရတယ်..
    ဖတ်ပြီး ပျော်တယ်ကွယ်.. :)

    ReplyDelete
  4. ဖတ်လို့ကောင်းတယ် ပန်းချီ ရေ

    ReplyDelete
  5. ပို့စ်လေးကိုလဲဖတ်ပြီး ကြည်နူးတယ် ဆုတောင်းလေးကိုလဲကျေနပ်တယ်
    ပျောက်နေမှာကိုတော့မကျေနပ်ဘူး

    အချစ်ရယ် ကိုယ်လွမ်းနေပါ့မယ်ကွယ် ..း)

    လာဖတ်ဦး ကိုယ့်ဒီဇင်ဘာကိုနော်း)

    လွမ်းနေမယ့်
    မယ်ဝင်း

    ReplyDelete
  6. Romantic ဖြစ်အောင်ရေးတတ်တယ်နော်
    ကျွန်တော်လဲဒီလိုမရေးတတ်ဘူးဗျ

    ReplyDelete
  7. မမ လာဖတ်သွားတယ်နော်... သီချင်းလေးလည်း နားထောင်သွားတယ် :D :D

    ReplyDelete
  8. စာတွေလဲ ဖတ်သွားပါတယ် အစ်မ... သီချင်းလေးလဲ နားထောင်သွားပါတယ်... ပျော်စရာ ခရစ်စမတ်လေး ဖြစ်ပါစေလို့ လဲ ဆုတောင်းပေးလိုက်ပါတယ် အစ်မ...

    ReplyDelete
  9. သီချင်းလေးနဲ့  ပို့ စ်လေးက ကောင်းလိုက်တာ.Merry X-mas & Happy New Year မပန်းချီ

    ReplyDelete
  10. Merry X'mas & Happy New Year Sisး)

    CKA

    ReplyDelete
  11. Post လေးဖတ်လို့ကောင်းတယ် အစ်မရေ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

    ReplyDelete
  12. Lil Rose, ဖတ်လို့ကောင်းတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် ညီမလေးရေ...ကိုယ်တွေ့လားဆိုတော့း))))
    ချစ်မချောရေ...မနာလိုဖစ်နဲ့ ရေးပလိုက်းD
    အစ်မရွှေစင်...စာလာဖတ်ပြီးအားပေးသွားတာ ကျေးဇူးပါရှင်။
    ချစ်တဲ့မဒမ်ဝင်း...ကိုယ်ကလည်းလွမ်းနေပါတယ်...း)) အာဘွားးးးး
    ဘိုဖြူ..ကျွန်မလည်း အတင်းဖျစ်ညှစ်ပြီး ကြိုးစားရေးထားရတာပါး) လာဖတ်အားပေးလို့ကျေးဇူးပါနော်။
    ညီမလေး ကန်ဒီ...ကျေးဇူးတင်ပါတယ်း)
    ကိုညီရဲရေ...ကျေးဇူးတင်ပါတယ်ရှင်..ကျွန်မကပြန်ဆုတောင်းပေးဖို့ အိမ်အပြန်နောက်ကျနေခဲ့လို့း))
    ညီမလေးစန်းထွန်းရေ..ကောင်းသောနှစ်သစ်ဖြစ်ပါစေနော်။
    မမCKA...thank you and same to youး)
    အိပ်ယာရေ...ထပ်တူဖြစ်ပါစေရှင်...ကျေးဇူးးးးးးး။

    ReplyDelete
  13. ဒီဇင်ဘာပို့စ်လေးကို ဇန်န၀ါရီထဲေ၇ာက်မှ လာဖတ်နိုင်တာ အားနာစရာ ညီမရေ...။ ပို့စ်လေးကို ရိုမန်တစ်ဒီဇင်ဘာလို့ပဲ နာမည်ပေးလိုက်ချင်တယ်။ေ၇းထားတာ ညက်နေတာပဲ..။ အသက်မရှူပဲ ဖတ်သွားတယ်..။ အချစ်ဝတ္တုတွေ ရေးရင် ကောင်းမယ့်လက်...တကယ်..:)

    ReplyDelete
  14. အစ်မမြသွေး...
    အို...အချိန်ပေးပြီး စာလာဖတ်အားပေးတာကိုကပဲ ညီမအတွက် တစ်အားပါ မရေ။ ဟိ..အချစ်ဝတ္ထုရေးရတာ ညီမအတွက်တော့ အခက်ဆုံးအရာပါ။ နူးနူးညံ့ညံ့ ရသတွေပေးဖို့ မနည်းကြီး နုနေရသလိုမျိုးဖြစ်ဖြစ်နေလို့။ အားပေးလို့ ကျေးဇူးအများကြီးနော်..မး))

    ReplyDelete
  15. တစ်ကယ့်ကို ချစ်စရာ ဒီဇင်ဘာလေး..ကို အသက်သွင်းထားလိုက်တာများ... အသက်ဝင်လိုက်တာနော်...

    ReplyDelete

ရင်ထဲရှိတာပြော..း)