Monday, January 30, 2012

ကြည်ဖြူကောင်းကင် ရဲသွေးဆင်သော်…

“ရဲရဲ….ဟဲ့….ငါ့ကိုခဏစောင့်ပါဦး….နင်ကလဲဟာ…..ငါတောင်းပန်ပါတယ်”

နောက်ကအမောတကော ကပ်လိုက်လာတဲ့ သူငယ်ချင်းမလေးကို သနားသွားရပြီး ခြေလှမ်းတွေကို ခဏရပ်တန့်လိုက်ပေမယ့် နည်းနည်းမှလှည့်မကြည့်ပဲ ကျောခိုင်းထားဆဲ။ အဲဒီ ယွန်း ဆိုတဲ့ သူငယ်ချင်းမကလေးဟာ ရုပ်ချောသလောက် နည်းနည်းတော့ ခပ်အူအူနိုင်လှတယ်လို့ ထင်တာပဲ။ ခုလည်း အတန်တန်ပြောထားတဲ့ကြားမှာပဲ သူလုပ်ချင်တာလုပ်လာပြီး ရဲရဲ ကို ရှိကြီးခိုးမတတ် တောင်းပန်နေပြန်တယ်။ ဘာပဲဖြစ်ဖြစ် ယွန်း နဲ့ ရဲရဲ ကဟိုးငယ်ငယ်ကတည်းက လည်ပင်းဖက်ပြီးပေါင်းလာတဲ့ ငယ်သူငယ်ချင်းဆိုတော့ ခဏနေတော့လည်း မခေါ်မပြောပဲမနေနိုင်ကြပြန်ဘူး။

“ကဲ…မယ်မင်းကြီးမ…ညည်းကိုသနားလာအောင် သိပ်လုပ်တတ်တယ်။ ပြော….ခုရှင်း…အဲဒိကိစ္စကို..ငါတကယ် မကျေဘူးနော်….”

“အရင်ကျေလိုက်ပါဟာနော်…ငါတမင်လုပ်တာမဟုတ်ရပါဘူး…ရဲရဲ ရယ်” 

ပြောရင်းဆိုရင်း ယွန်းက လက်ညှိုးနဲ့ လက်ခလယ်ကို ထပ်လို့ အကွင်းကလေးလုပ်ပြီး ရဲရဲ လက်ကိုအတင်းဆွဲပြီး ဖိနှိပ်ခိုင်းနေတော့တာ။ ရဲရဲ ဆိုတဲ့ ရဲရဲနီ ကလည်း မိန်းကလေးပေမယ့် ဘယ်တော့မှ မိန်းမဆန်ဆန် နုနွဲ့ပြီး မနေတတ်တဲ့အကျင့်အတိုင်း အဝေးကိုသာ ငေးကြည့်ပြီး မှူန်ကုပ်ကုပ်နေပြစ်လိုက်တယ်။ 

“အေးပါဟယ်…ငါရှင်းပြပါ့မယ်..နင်ကလည်း အဲလိုကြီးငါ့ကို တရားခံတစ်ယောက်ဘေးမှာရှိနေသလို ပုပ်သိုးမနေစမ်းပါနဲ့တော့…ဒီလိုဟာ….”


ယွန်းမှာ သက်ပြင်းကိုမသာမယာမှူတ်ထုတ်ပြီး သူမလုပ်ခဲ့တဲ့ အမှူရှင်းတမ်း စတော့တယ်။
“ဟို…နင်ငါ့ကို သူနဲ့စကားပြောနေတာတွေ့တဲ့အချိန်ကလေသိလား…..ငါ့ကိုတွေ့တော့ သင်းက ခပ်တည်တည် အရင်စနှုတ်ဆက်ပြီး ဟိုမေးဒီမေးနဲ့လုပ်နေတာ။ ပထမတော့ ငါတောင်ကြောင်သွားသေးတယ်..သူက လူကြီးလူကောင်းဆန်ဆန်ပဲ စကားတွေဘာတွေပြောနေတဲ့ပုံကသိလား…..ငါတို့တွေလုပ်ရမယ့် ပရိုဂရမ်က သူတို့တွေနဲ့ပူးပေါင်းပြီးလုပ်ရမယ်ဆိုတော့ ငါတို့ပရိုဂရမ်အကြောင်းစမေးတော့လေ…”

“အေး..သူမေးတိုင်းဖြေရအောင် သူကနင့်အမျိုးမို့လား ယွန်းမရဲ့..ကဲ….”

“ဟာ…နင်ကလဲ ငါပြောတာဆုံးအောင် နားထောင်ပါဦး စိတ်ကြီးပဲဟာ..ငိုတောင် ငိုချင်လာပြီ…”

“အောင်မယ်လေး..ငိုတော့မငိုလိုက်နဲ့နော်…ငါရှက်တယ် နင်ငိုရင် အသံကပြဲကပြဲနဲ့…”

ယွန်းရဲ့ငိုမဲ့မဲ့မျက်နှာကချက်ချင်း ပြုံးယောင်ယောင်နဲ့ဆိုတော့…ရဲရဲမှာ ယွန်းကိုကြည့်ပြီး အသည်းတယားယား..။

“သူကပြောတယ်…ငါတို့ပရိုဂရမ် အစီအစဉ်နဲ့ သူတို့အစီအစဉ်ကို မာစတာလစ် လုပ်ချင်လို့တဲ့..နောက်တော့ အကောင်းကနေ နည်းနည်းဖောက်လာတယ်ဟ….နင့်ကိုလည်းလာမမေးချင်ဘူးတဲ့..အကြောမတည့်လို့တဲ့…”

“ဘာာာာာာ….သင်းက”

“ပြောသေးတယ်… နင်ကအရပ်ရှည်သလောက် လေကြောလည်းရှည်လို့တဲ့…..”

“တောက်…နေပါစေဦး”

ဒေါသကြောင့် ပြင်းပြင်းထန်ထန် တောက်တစ်ချက်ခေါက်လိုက်ပြီး ထိုင်ရာနေရာကနေထလိုက်ဖို့ ရဲရဲဟန်ပြင်တုန်း…
“ဟဲ့..ဟဲ့..နင်ကလည်း စိတ်ကိုလျှော့ပါဟာ…” ယွန်းကလက်ကိုတင်းကြပ်နေအောင် လှမ်းဆုတ်လိုက်လို့သာ..ထိုင်ခုံပေါ်ဝုန်းကနဲ ပြန်ထိုင်ချဖြစ်တာ။ 

“နေစမ်းပါဦး..သင်းကို ဘယ်သူက ပရိုဂရမ် မာစတာလစ် လုပ်ခိုင်းတာလဲ…”

“ငါတို့…Care person ကလုပ်ခိုင်းတာ….”

“ဟွန်း..သူ့များခိုင်းရက်တယ်။ ငါအဲဒိပွဲမပါချင်တော့ဘူးဟာ…”

“နင်ကလုပ်ပြီ…နင်မပါရင်ဘယ်ဖြစ်မလဲ….သိသိကြီးနဲ့ဟာ…နင်ပဲစထားတဲ့ဇာတ်လမ်း…ဆုံးအောင်တော့လုပ်ရမှာပေါ့”

အမယ်..မယ်မင်းကြီးမ ယွန်းက ခုတော့တရားဟောပြီ။ သူမပြောတာလည်းဟုတ်တာပဲ.. …ဒီနှစ် နှစ်သစ်အစမှာ ပရိုဂရမ်တစ်ခုခုလုပ်ပြီး fresher welcome လုပ်ဖို့ ကျောင်း care person ကို ရဲရဲ ကိုယ်တိုင် အကြံပေးခဲ့တာ။ ဖြစ်ချင်တော့ မျက်နှာကြောမတည့်တဲ့ သူရှိတဲ့ အတန်းနဲ့မှ ပူးပေါင်းလုပ်ရမယ်လို့ cp ကပြောလာတော့တယ်။ သင်းကို ကြည့်မရတာတော့ ခုမှမဟုတ်…ဟိုးနှစ်စ ပထမနှစ်အတန်းစတက်ကတည်းက။ နာမည်ကိုလည်းကြည့်ဦး…ဘာတဲ့….ခိုင်ကြည်ဖြူ တဲ့….မိန်းမလိုလို ယောင်္ကျားလိုလိုနာမည်နဲ့လူ။ စတွေ့ကတည်းကိုက ရန်ပွဲနဲ့စခဲ့တာပဲမဟုတ်လား…။

“ဟေ့..ဒါဘယ်သူ့စာအုပ်လဲ..ရဲရဲနီ တဲ့”

အတန်းထဲကို နောက်ကျမှဝင်လာပြီး ရဲတင်းလွန်းတဲ့မျက်နှာပေးနဲ့ သူမနာမည်ကို ခပ်ကျယ်ကျယ် အော်လည်းခေါ်သေး..ဘယ်သူ့စာအုပ်လဲလို့လည်း မေးသေးတဲ့ ဂွစာလိုလူ…။ နည်းနည်းတော့ရှက်သွားပေမယ့် ခပ်တည်တည်ထရပ်ပြီး မျက်နှာချင်းဆိုင်လိုက်တယ်…ဘယ်ရမလဲ…။

“ဟေ့..အဲဒါ ငါ့စာအုပ်ကွ… ကိုယ့်စာအုပ်ပေမယ့် ခပ်တင်းတင်းပဲပေါ့ ဘာရမလဲ..သူ့လုပ်ပုံကိုကြည့်မှမရပဲ…”

“အော..နင့်စာအုပ်လား..ဟာဟ ယောင်္ကျားနာမည်ကြီး…”

ဒီလိုမျက်နှာပြောင်လွန်းတဲ့ ယောင်္ကျားမျိုးကို ရဲရဲနီ ကလည်း နည်းနည်းမှမကြိုက်…အလျှော့လည်းမပေးချင်ပေါင်…။ ကံကောင်းချင်တော့ ဆရာအပြင်သွားနေတုန်း အပ်ထားခဲ့တဲ့  ကျောင်းသား profile စာအုပ်ကို မနေ့ကမှ ယွန်းနဲ့ စပ်စပ်စုစုလှန်လှောကြည့်ရင်း သူ့ကိုနာမည်နဲ့လူ တွဲပြီးသိနေခဲ့တယ်။

“အော်ဟော်…နင့်နာမည်ကျတော့ရော…ခိုင် ကြည် ဖြူ တဲ့…မိန်းမဆန်လွန်းလှတယ် ကျွတ်..ကျွတ်…”

“ဟမ်..နင်ကငါ့နာမည်သိနေပါလား…စိတ်ဝင်တစားစုံစမ်းထားတယ်ပေါ့…ဟဲဟဲ…”

ကြည့်စမ်း…ကြည့်စမ်း..သင်းဟာ တစ်ဆိတ်တော့လွန်လွန်းမနေဘူးလား…?

“အောင်မာ…ရာရာစစ နင့်ကိုစိတ်ဝင်စားရအောင်… အန်ချင်လိုက်တာ….မနေ့က ကျောင်းသား profile တွေထဲမှာတွေ့မိတာ.. မိန်းမနာမည်နဲ့ ယောက်ျားဓါတ်ပုံကြီးဖြစ်နေလို့ သိနေတာဟေ့…သိရဲ့လား…”

“ဘာပဲဖြစ်ဖြစ် ငါ့နာမည်ကလှပြီးသား..အဖေ ဦးကြည်ဖြူပိုင်၊ အမေ ဒေါ်ခိုင်ထက်ခိုင် တို့ရဲ့ချစ်လှစွာသော သားအလိမ္မာလေး…. ခိုင်ကြည်ဖြူ…အဲဒါဘာဖြစ်လဲ….နင့်နာမည်ကတော့ တစ်မျိုး…ရဲ ရဲ နီ တဲ့….ဟားဟား…”

“ဟွန့်…မေးသေးလို့လား…..စိတ်ပျက်စရာပဲ…ဘယ်လိုကြီးလဲဟ..မိန်းမနဲ့ရန်ဖြစ်လိုက်တာ ကက်ကက်ကိုလန်လို့”

တစ်ချိန်လုံးဘေးမှာ ငြိမ်နေတဲ့ ယွန်းကမနေနိုင်ပဲ ဝင်ပြောမိတဲ့အထိ အဲဒိလူလုပ်ပုံက။

“အေး..လန်မှာပေါ့…သူ့နာမည်ကိုကြည့်ပါလား….နာမည်ထဲမှာနည်းနည်းထပ်ဖြည့်သင့်တာ ခိုင်ကြည်ဖြူကက်ကက်လန် လို့….”
အမယ်…သူက ရဲရဲ ချက်ချင်းပေးလိုက်တဲ့ နာမည်ကြားပြီးတာတောင် စိတ်ဆိုးပုံမပြပဲ သွားကြီးဖြဲပြီး ရယ်ကျဲကျဲလုပ်နေတာ ဘာတွေဆင်ကြံကြံနေမှန်းမှမသိပဲ။

ရဲရဲ စကားစမပြီးခင်လေး Lecturer ဝင်လာတာကြောင့် ဇာတ်ကလေးပုပြီး အသာငြိမ်နေလိုက်ရလို့သာ…မဟုတ်ရင်တော့လား…သင်းနဲ့က ပွဲကြီးပွဲကောင်း။

***

“2012 Fresher welcome day…”

“အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ် နှစ်ထောင့်တစ်ဆယ်နဲ့နှစ် ပါခင်ဗျာ” 

“ကြွရောက်လာကြသော ဆရာ၊ ဆရာမများ၊ ဂုဏ်သရေရှိ လူကြီးမိဘများနှင့် တကွ အသစ်စက်စက်ကျောင်းသား၊ ကျောင်းသူ များအား မင်္ဂလာရှိသော နှစ်သစ်မှာ အားလုံးပဲ မင်္ဂအပေါင်းနဲ့ ခညောင်းပါစေလို့ Computer Engineering တတိယနှစ်တွင် အတန်းတက်ရောက်လျှက်ရှိသော ကျွန်တော် ခိုင်ကြည်ဖြူ မှ လေးစားစွာဆုမွန်ကောင်း စတင်ခြွေပါရစေ ခင်ဗျာ…xxxxxxx xxxxxxx xxxxxxx”

စင်မြင့်ပေါ်မှာ မင်္ဂလာ နှုတ်ခွန်းဆက်စကားဆိုနေတဲ့ သူ့အသံက ခါတိုင်း ရဲရဲ နဲ့ ရန်ဖြစ်တုန်းကလို အသံမျိုးမဟုတ်ပဲ အသံဝါဝါနဲ့ နားထောင်လို့တော့ တစ်မျိုးကောင်းနေသား။

“ဟဲ့…နင့်လူက ဘယ်ဆိုးလို့လဲ..ဒီလိုကျတော့လဲ လူလူသူသူပါလား…”

“ယွန်းမနော်…ငါဒီနေ့ စိတ်မဆိုးချင်ဘူး…ဘာငါ့လူလဲ…နင့်လူ နင်သာယူလိုက်”

“ဟိ…ဒီလိုခန့်ခန့်ညားညားဆိုလို့ကတော့ လာထား….”

“ဟယ်…အံ့ပါရဲ့….နင်ဟာလေ…အိနြေ္ဒကိုမရဘူး…အေး…ဒီမှာကြည့် ဘယ်လောက်ဝတ်စားထားထား စင်ပေါ်ကဆင်းလာရင်ကြည့်ကြည့် နဂိုရုပ်ပဲ…ရုပ်ထွက်တော့မှာမဟုတ်ဘူး…စင်ပေါ်မှာဆိုတော့ အဝတ်အစားတွေ…ဆလိုက်တွေနဲ့မို့ ကြည့်ကောင်းတယ်ထင်ရတာ….”

“နင်ကလဲ…ဒီလို သူများမင်္ဂလာယူနေတဲ့နေ့မှာ နည်းနည်းလောက်များ အကောင်းမြင်ပါဦးတော့လား…တကတည်းမှပဲ..”

“ဘာရယ်….နင်ရောမင်္ဂလာယူချင်ရင် စင်ပေါ်တစ်ခါတည်းလိုက်တက်သွားပါတော့လား…ငါ့ကို တွေ့တိုင်းသရော်တော်တော်လုပ်ပြီး ရစရာမရှိအောင် ပြောထားတဲ့လူကို နည်းနည်းမှ မကြည်ဖြူနိုင်ပါဘူး…”

“ရော်…နင့်စကားထဲမှာတောင် သူ့နာမည်ပါနေပြီ မိရဲရေ…ကြည့်လုပ်…ကြည့်လုပ်….အဟက်….နင်အဲလောက်သူ့ကို ကြည့်မရဖြစ်နေတာ မပင်ပန်းဘူးလား…..အေး..သိပ်အမြင်ကပ်ရင် သိပ်ကြင်တတ်တယ်နော်…သတိထား”

ယွန်းကတော့ ပြောလေကဲလေ..မန်းလေပြဲလေ ဖြစ်နေတာမို့ မျက်စောင်းတစ်ချက်သာ ခဲပြီးထိုးလိုက်ရတယ်။

“အေး..ဟုတ်တယ်…သူ့ကို ယပင့်ညလေးသတ်နဲ့ကို ကျဉ်ချင်တာ”

“ဟုတ်ကဲ့ ယခု အစီအစဉ်များကို ဆက်လက် ကြေညာမယ့်သူကတော့ မ ရဲရဲခိုင် ဖြစ်ပါတယ်ခင်ဗျာ….”

“အို….”

“ဟင်….”

“ဘာတွေလဲ….”

ရဲရဲ ကိုယ်တိုင်အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားနဲ့ဖြစ်နေတုန်း…ဟင်ကနဲဖြစ်သွားတဲ့ စင်နောက်ကွယ်ကလူတွေရဲ့အသံကြောင့် စင်ပေါ်ကနေ ကြေညာလိုက်တဲ့ ကြည်ဖြူက မျက်နှာပျက်သွားပြီး စင်ဘေးကိုကလှည့်ကြည့်လိုက်တယ်…မေးဆတ်ပြတယ်…စင်ဘေးကကြည်ဖြူ့သူငယ်ချင်းက ပါးစပ်နည်းနည်းလှုပ်ပြီး တစ်ခုခုပြောလိုက်တာကိုတော့ မြင်လိုက်ရတယ်။ နောက်တော့ ခေါင်းတစ်ချက်ကုတ်ပြီး ချီတုန်ချတုန်လေသံနဲ့...

“အဲ…မ ရဲရဲကြည်ဖြူ ဖြစ်ပါတယ်….အာ… သည်းခံပါခင်ဗျာ မရဲရဲနီ ဖြစ်ပါတယ်ခင်ဗျာ…”

အို….ဘာတွေဖြစ်နေကြတာလဲ။ ရဲရဲ စင်ပေါ်ကိုမတက်ရဲပါဘူး…ကြည်ဖြူဆိုတဲ့လူဟာ ရဲရဲနာမည်ကြေညာပြီးကတည်းက ပြုံးတုံ့တုံ့လုပ်ပြီး ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် စင်နောက်ကို မပြေးရုံတမယ် ဝင်ပြေးသွားတာတွေ့လိုက်တယ်။ စင်အောက်မှာရှိနေတဲ့ ကြည်ဖြူ့သူငယ်ချင်းတွေကလည်း ပြုံးစိစိဖြစ်သူကဖြစ်၊ တီးတိုးပြောသူကပြော နဲ့မို့ ရဲရဲ မျက်နှာကို ဘယ်နားသွားထားရမှန်းမသိအောင် ထူပူနေတော့တယ်။ ဘယ်ကနေဘယ်လို စင်ပေါ်ရောက်သွားမှန်းမသိတဲ့ ရဲရဲတစ်ယောက် ရှက်ရှက်နဲ့ပဲ အစီအစဉ်တွေကို ဘယ်လိုကြေညာပြီးသွားမှန်းတောင် မသိလိုက်ပါဘူး။ စင်ပေါ်က ပြန်လှည့်ဆင်းလာတော့ မျက်နှာငယ်လေးနဲ့ ကိုယ်တော်ချော ကြည်ဖြူက ရဲရဲကို မဝံ့မရဲ လှမ်းကြည့်လို့… ဒေါသအရှိန်မပြေသေးတဲ့ ရဲရဲက ချက်ချင်းကို မျက်နှာလွှဲပြီးသား… ရဲရဲ နာမည်ကို မှားကြေညာစရာအကြောင်းမှမရှိတာ..။ ဒါ..သူ..တမင်သက်သက်လုပ်တာ။

“ရဲရဲ……”

“………..”

“ရဲရဲ…ငါ တမင်လုပ်တာမဟုတ်ပါဘူး…တောင်းပန်ပါတယ်” 

“ဘာမှလာရှင်းပြမနေနဲ့…ခုလို တည်တည်တံ့တံ့လုပ်ရမယ့်ပွဲမျိုးမှာတောင် နင် ကပျက်ကချော်လုပ်ရဲတာ အံ့သြစရာပဲ”

“ဟောဗျာ… ငါ ဒီလောက်အောက်တန်းမကျပါဘူး။ တမင်သက်သက်လုပ်တာလည်းမဟုတ်ရပါဘူးကွာ…တကယ်ကို အနူးအညွတ်တောင်းပန်ပါတယ်။ နင့်ကိုနောက်ချင်တယ်ထားဦး….ကာလံဒေသံတော့ ငါရွေးတတ်ပါတယ်ဟာ”

“ရှိပါစေတော့ ကြည်ဖြူ။ ငါနင့်ကို ဘာမှ ခွန်းတုံ့မပြန်လိုတော့ဘူး။ ငါဒီလိုမျိုး အရှက်ထပ်မကွဲရအောင် နောက်ဆိုနင့်ကို ဝေးဝေးကရှောင်တော့မယ်”

ကြည်ဖြူ မျက်နှာအပျက်ကြီးပျက်ပြီး ကျန်ခဲ့ပေမယ့် ရဲရဲဘယ်လိုမှ စိတ်ကိုလျှော့မရ။ တစ်နေကုန် အစီအစဉ်တွေထဲမှာ ပါဝင်စီးမျောနေပေမယ့် စိတ်နဲ့လူနဲ့ကလည်း မကပ်လှ။ အိမ်ကိုသာအပြေးပြန်ချင်နေတော့တယ်။ ကြည်ဖြူ တမင်လုပ်တာလို့ပဲ တစ်ထစ်ချရိုးစွတ်နေတဲ့ စိတ်ကိုလည်းပြင်မရ။ တမင်လုပ်တာ ဟုတ်ချင်မှဟုတ်မှာပါဆိုတဲ့ ဖြေတွေးစိတ်ကလေးကိုတောင် အတင်းခေါင်းခါပြီး မောင်းထုတ်ပြစ်ရလောက်အောင် သူ့ကို မုန်းတီးပါတယ်။

***

ဒီနေ့ကျောင်းတက်ရတာ နည်းနည်းတော့ ပျင်းစရာကြီးလို့ ရဲရဲစိတ်ထဲထင်တာပဲ။ အရိပ်ထဲမှာထိုင်နေပေမယ့် နေအပူရှိန်က မျက်နှာကိုလာဟပ်လို့ မျက်မှောင်တောင် ကျုံ့ထားရတဲ့အထိ။ တိုက်လိုက်တဲ့ လေကလည်းပူစပ်စပ်ကြီး..ဇန်နဝါရီလဆန်းက ဒီလောက်တောင် ပူအိုက်နေရအောင် ဒီရက်အတွင်းရာသီဥတုတွေက မညီမညွတ်ဖောက်ပြန်နေတာ။ ကျောင်းဆောင် ချွန်ချွန်ကြီးရဲ့ထိပ်နားကလေပူအလုံးတွေက ဝေ့ပြီးတိုက်လာလိုက်တာ ရဲရဲ ထိုင်နေတဲ့ ရှေ့ သစ်ပင်တန်းအစပ်နားက အရွက်တွေတောင်ဝေ့ဝေ့ဝဲဝဲပြန့်ကျဲလို့ တစ်လွင့်လွင့်ကျလာနေတယ်။ ဘာရယ်မှန်းမသိပဲ တစ်စုံတစ်ခုကို အလိုမကျသလို၊ ဒေါသပဲဖြစ်မိနေသလိုလို။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က fresher welcome မှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်က မစဉ်းစားပဲ ခြောက်ခြောက်သွေ့သွေ့ကြီး အာရုံထဲ တစ်ခုပြီးတစ်ခုပြန်ပေါ်နေတာကိုလဲ နည်းနည်းမှ မနှစ်မြို့နိုင်။ 

“ဟဲ့…ရဲမ……ဘာတွေစဉ်းစားခန်းဝင်နေတာလဲ?”

“အာ…နင်ကလဲ လန့်လိုက်တာ….ဘာလို့နောက်ကျနေတာလဲ? နေ့လည်မှ အတန်းရှိတဲ့နေ့ဆို အမြဲနောက်ကျတတ်တဲ့ နင့်အကျင့်ဆိုးကို ပြင်ဦး။ attendants မပြည့်ရင် နင်စာမေးပွဲဖြေလို့မရဘူးဆိုတာ သိပြီးသားနော်”

“သိပါ့…ခုမှကျောင်းတက်တာ တစ်လမပြည့်သေးဘူး နင်ငါ့ကို ဆူနေပြီ။ ဒါနဲ့…ငါ..နင့်ကို စကားနည်းနည်းပြောလို့ရမလား”

“ဟမ်…ဘာတွေထူးထူးဆန်းဆန်း စကားပလ္လင်ခံနေတာလဲ ခုမှ? ဘာလဲ…ဟိုလူအကြောင်းမို့လား...”

“နင်သိနေတယ်လား? နင်တို့ကလဲဟာ..ကျောင်းဖွင့်တာမှ နှစ်ရက်နဲ့တစ်ပိုင်းရှိသေး…ရန်သူကြီးတွေလိုဖြစ်နေတာ သဘာဝမကျပါဘူး…”

“ဟဲ့…နေပါဦး..နင့်ကိုဟိုက ရှေ့နေလိုက်ခ ဘယ်လောက်ပေးထားလို့ နင်ကသူ့ဘက် ပါချင်ချင်ဖြစ်နေရတာလဲ…သူဘယ်လောက် ရဲတင်းပြီး အော်ဂလီဆန်အောင် ငါ့ကိုလှောင်ပြောင်ထားသလဲဆိုတာ နင်အသိပဲနော်…။ တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ်၊ ဟိုးပထမနှစ်စတက်ကတည်းက အရည်မရ၊ အဖတ်မရ စကားလုံးတွေနဲ့ ငါ့ကိုအမြဲအလဲထိုးဖို့ ကြိုးစားနေတဲ့ သူကိုနင်မို့ စိတ်မနာနိုင်သေးတာ ငါတော့ စဉ်းစားမရချင်တော့ဘူး။ နင်ငါ့သူငယ်ချင်း ယွန်း မှဟုတ်သေးရဲ့လား?”

“နင်…နင်…ဘယ်လိုပြောလိုက်တာလဲ ရဲရဲရယ်။ ငါ..နင့်ကိုကိုယ်ချင်းမစာလို့ပြောတာမဟုတ်ဘူးနော်။ နင်သူ့ကို မုန်းလွန်းတာမကောင်းဘူးလို့ ငါထင်တယ်။ ခွင့်လွှတ်သင့်တာလည်း ခွင့်လွှတ်ရအောင် ငါကဝင်ပါနေရတာ…နင်တို့ကိစ္စမှာ ငါနေတတ်ရင် အနေသာကြီးရယ်။ ကြည်ဖြူ ထောင့်မကျိုးတာငါသိပါတယ်…နင်လည်းသူ့ကို သိလာတာ နှစ်နှစ်နီးပါးရှိနေပြီပဲ။ ဒါပေမယ့် သူက လူတိုင်းကိုအဲလိုဆက်ဆံနေတာတော့ မဟုတ်ဘူးလို့ငါမြင်တယ်။ သူကလည်း နင့်ကိုမှ ဘာကြောင့် မခံချိမခံသာဖြစ်အောင် အသည်းအသန် တမင်လိုက်လုပ်နေရတာလဲဆိုတာကိုတော့ ငါလဲစဉ်းစားမရတာ အမှန်။ နင်ကလည်း မိန်းကလေးလိုမှ မနေတဲ့ဟာကို။”

“ငါမိန်းမ မဆန်တာနဲ့ ဘာဆိုင်လဲ? ဒီမှာ..ယွန်း…ငါ့ကိုလိုက်စတာမဟုတ်ဘူး..လိုက်နှောင့်ယှက်နေတာ။ ကျွတ် သူ့အကြောင်းပြောရတာလေကုန်တယ်ဟာ”

“အေး..ငါလည်းပြောချင်လွန်းလို့တော့မထင်နဲ့။ ဟိုက..ငါ့ကိုအကူအညီတောင်းလွန်းလို့သာ မပြောချင်လည်းပဲ ပြောရဦးမှာ” 

ယွန်းကပြောပြီးပြီးချင်း ကိုယ်ကို နည်းနည်းပြင်ထိုင်လိုက်ပြီး၊ မျက်လုံးတွေကလည်း ဂဏာမငြိမ်ရှိလွန်းလှတယ်။ ယွန်းအမူအရာကလည်း တစ်မျိုးထူးဆန်းနေသေးတော့။

“ဘာအကူအညီလဲ? နင် သူ့ဆီက အရှုပ်ထုပ်တွေသယ်လာပြန်ပြီလား? ဟဲ့..ဘာဖြစ်နေတာလဲ။ နင့်ကြည့်ရတာ ပြာယာကိုခတ်နေတာပဲ..ယွန်းမရယ်။ မှန်းစမ်း…”

ပြောရင်းဆိုရင်းပဲ…ရဲရဲလက်ကို ယွန်းရဲ့နဖူးပေါ်တင်ရင်း ဟိုစမ်း၊ ဒီစမ်းလုပ်ကြည့်မိရတဲ့အထိ ယွန်း မူတွေက ပျက်နေလွန်းတာ။

“ဟာ…ငါဘာမှမဖြစ်ပါဘူး…။ ဒီလိုအလုပ်မျိုးလည်း တစ်ခါမှမလုပ်ဖူးတော့ တစ်မျိုးပဲ..။ ဘယ်ကဘယ်လို စရမှန်းတောင် မသိတော့ဘူး”

“အာ..ယွန်း ဘာလဲ..နင်ဘာဖြစ်နေတာလဲ... တစ်ကတည်း..”

“အေး…နင်..နင့်ကိုယ်ကို ငါ့ဘက်နည်းနည်းစောင်းထိုင်လိုက်၊ ငါပြောမယ်။ နင့်ရဲ့ညာဖက်ကို လှမ်းမကြည့်လိုက်နဲ့နော်”

ယွန်းပြောကာမှ ရဲရဲမှာ ညာဖက်ကိုလှည့်ကြည့်မိရက်သား။ ညာဖက်ခပ်လှမ်းလှမ်းက ခပ်အုပ်အုပ် ခပ်ဆိုင်းဆိုင်း ခရေပင်တန်းကလွဲလို့ ဘာမှမတွေ့မိပေမယ့် ရုတ်တရက်မို့ ခေါင်းနပန်းတော့ ကြီးသွားတာအမှန်။

“ဟဲ့…ဘာလဲ…ငါကြက်သီးတွေတောင်ထတယ်ဟာ…နင်ကလဲ ဘာလဲဆို…”

“ဘာမှမလဲဘူး။ ထပ်လှည့်မကြည့်နဲ့တော့..ဟို…ဟို…. ဟိုဘက်ခြမ်းက ခရေပင်အောက်နားမှာ သူရှိတယ်”

ပြောပြီးပြီးချင်း ရဲရဲလက်ကို လှမ်းကိုင်လာတဲ့ ယွန်းရဲ့လက်ဖျားတွေမှာတော့ အေးစက်လို့ရယ်။

***

ဆက်ပါမယ်း)

ဒီပို့စ်က ညီမငယ်တစ်ယောက်ကို တင်နေတဲ့အကြွေးဆပ်တာပါ။ တနင်္လာနေ့ဆိုတော့ ပေါ့ပေါ့ပါးပါးလေးဖြစ်သွားအောင်ပါ။ အပေါ်ပုံကလည်း ခပ်ပြုံးပြုံးပုံလေးဆွဲတာ အဆွဲမတတ်တော့ နှုတ်ခမ်းထော်သလိုဖြစ်သွားတာ သည်းခံပါးD ဒီနေ့က တနင်္လာနေ့မဟုတ်လားရှင်။ မနက်ဖြန် အင်္ဂါ၊ သဘက်ခါ ဗုဒ္ဓဟူး.. ပြီးတော့ ကြာသပတေး၊ သောကြာ..အဲသလိုလေးတွေးလိုက်တော့ ပိတ်ရက်ကလေးတွေနဲ့ နီးလာပြန်ပြီမဟုတ်လားး)))

အားလုံးပဲ....မပြာသော တနင်္လာနေ့ပါရှင်။ 

မေတ္တာအားဖြင့်
မိုးပန်းချီ

19 comments:

  1. ကောင်းခန်းရောက်နေပြီ...အဆက်မျှော်မယ်ကွယ်....။

    ReplyDelete
  2. ဖတ်ကောင်းနေတယ် အမရ..။ ဘာဆက်ဖြစ်မယ်သိဝူး။ ရဲ နဲ့ ကြည်ဖြူများ ကြိုက်သွားကြမလား မသိ.. :P

    ခင်မင်လျက်
    Junemoe

    ReplyDelete
  3. Lil sis, Myat Kyi...
    Thank you :) muahh.
    Lil sis, Junemoe...pyaw pya woo..hik :)) Thanks for the comment.

    ReplyDelete
  4. ဗိုလ်အောင်ချီ တို့ကတော့စာရေးတော်ချက် ပန်းချီဆွဲတော်ချက်
    ဆက်ရန်ကတော့မကောင်းဘုူး ဆန့်တငန့်ငန့်နဲ့ မြန်မြန်ဆက်ပါး)

    ချစ်တဲ့

    မမြဒမ်

    ReplyDelete
  5. မမဆွဲထားတဲ့မိန်းကလေးပုံလေးက ချစ်စရာလေး
    တန်းလန်းကြီး ထားခဲ့တယ် ခရေပင်နားက လူက ခိုင်ကြည်ဖြူလားဟင်.. ယွန်းက သူ့ကိုရင်ခုန်နေတာလား... သုံးပွင့်ဆိုင်ဇာတ်လမ်းများလား ဟိဟိဟိ

    မမနေကောင်းပါတယ်နော်.. :D :D

    ReplyDelete
  6. pls continue....really nice to read

    ReplyDelete
  7. ဗိုလ်အောင်ဒင် မြန်မြန်ဆက်ပါဗျို့ ..ဒီမှာ သိချင်လှပြီ..

    ReplyDelete
  8. စာဖတ်ကောင်းချိန် မီးပျက်တာများနေပြီနော် ဟင်ဟင်း
    မြန်မြန်တင်ပါဗျို့

    ReplyDelete
  9. အိမ်း........ကျောင်းတုန်းက..ဇာတ်လမ်းလေးတွေလားကွယ်
    :P

    ReplyDelete
  10. ဆက်ရန်လေးကို စိတ်ရှည်စွာစောင့်နေပါတယ်ဗျာ

    ReplyDelete
  11. မမိုးရေ..အစ်မကောမန့်က spam ထဲရောက်နေတား)ရေးဖို့စဉ်းစားနေပါပြီ.း)) ကျေးဇူးတင်ပါတယ် မရေ။
    ချစ်သော မမြဒမ်..ငန့်ငန့်မဖြစ်အောင် ဆက်ပါ့မယ်းD ဘွာာာာားစ်
    ညီမလေး Candy..အင်း..ဘယ်သူများလဲမသိဘူးနော်..း))လေးပွင့်ဆိုင်ဖြစ်ချင်ဖြစ်နေမှာ..ချစ်လို့စတာ။ နေကောင်းပါတယ် ညီမလေးရေ ကျေးဇူးနော် <3
    Sandi..Thank you so much :). will do continue
    ညီမစန်းထွန်း..ဟုတ်ကဲ့..ဒင် မြန်မြန်ဆက်နိုင်အောင် ကြိုးစားနေပါတယ်း))
    အစ်မဂျက်စ် လျှပ်စစ်အားတွေပြည်တွင်းမှာ သုံးမကုန်၊ ရောင်းစားလိုက်လို့ပါးD မကြာမည် လာမည် မျှော့း))
    Anonymous..ဒီလေသံသိသလိုပဲးD ကျောင်းတုန်းက ဇာတ်လမ်းတွေများလားဆိုတာ ဟုတ်များနေမလား...ဟိ။
    ဘိုဖြူ အချိန်ပေးဖတ်ပြီး စိတ်ရှည်စွာ စောင့်နေမယ်ဆိုလို့ ကျေးဇူးး)

    ReplyDelete
  12. ဆက်စရာရှိ ဆက်ပါ..

    ဂျူတီ အစ် ဂျူတီ မို့လို့ ကျုပ်ကို ခွင့်လွှတ်ပါ ဗိုလ်အောင်ဒင် :D

    ReplyDelete
  13. မိုးက ဝတ္ထုတိုလည်းပိုင်ပိုင်နိုင်နိုင်ရေးတတ်တယ်နော်။
    တီတင့်လိုအပ်ရင် အကူအညီတောင်းဘို့လူတစ်ယောက်တိုးလာပြီး)
    ဆက်ရန်လေးစောင့်မျှော်နေတယ်မိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. ဝါး....သူငယ်ချင်းကပန်းချီလည်း၇တာပလြား..လာလှချည်လား..ဟားဟားဟားကောင်းတယ်ဟေစာတွေဖတ်၇တာ...

    ReplyDelete
  15. ဖတ်ကောင်းနေတုန်းလေး ဆက်ပါမည် ဆိုတော့ စောင့်ရမှာပေါ့...

    ဒါနဲ့ စကားမစပ် ကျွန်တော့် ငယ်နာမည်က ရဲရဲတဲ့... ခုတော့ မိန်းမ နာမည်ကြီး ဖြစ်နေပြီ...

    ReplyDelete
  16. ဆန့်တငံ့ငံ့ကိုဖြစ်လို့....
    ဆက်ရန်မျှော်နေပါမည်...

    ReplyDelete
  17. Waiting Waiting Waiting

    ReplyDelete
    Replies
    1. ဇာတ်သိမ်းရေးပေးပါ့မယ် Sandi ရေး) စောင့်ဖတ်နေလို့ ကျေးဇူးပါ။

      Delete

ရင်ထဲရှိတာပြော..း)