Saturday, February 4, 2012

အမှတ်တရ ၃၃…

သစ်ရွက်ကြွေချိန်..
အမှတ်တရ ကောက်ခဲ့တယ်။
အဲဒိ..သစ်ရွက်ကလေး..
ပါးလျမှေးမှိန်လို့…အမှိုက်တစ်ခုဖြစ်သွားပေါ့။

တစ်နေဝင်ချိန်..
အမှတ်တရ ဆေးခြယ်ခဲ့တယ်။
အဲဒိ..ပန်းချီကားလေး…
ဆည်းဆာရောင်သမ်းလို့…အလွမ်းတစ်ခုဖြစ်သွားပေါ့။

မီးစာကုန်ချိန်..
အမှတ်တရ ငေးခဲ့ဖူးတယ်။
အဲဒိ..မီးတောက်ကလေး...
ခပ်ပြင်းပြင်းလောင်ကျွမ်းလို့…ပြာကျချုပ်ငြိမ်းသွားပေါ့။

ခု..တစ်နေထွက်ချိန်..
ကြေးမုံပြင်ရှေ့…အမှတ်တမဲ့ ရပ်ကြည့်မိတယ်။
အထဲက..ပုံရိပ်ယောင်ကလေး…
တိုးတိတ်..အိုမင်း…နွမ်းလျလို့…
ခပ်တိုးတိုးဆိုတယ်..(သုံးဆယ့်သုံး)။
ဒါပေမယ့်၊
နှစ်လိုဖွယ် အပြုံးတစ်ခုတော့ဆင်ရင်းပေါ့…….။

ရေးသူ = အမည်မသိ မိုးပန်းချီး)
***


တစ်နေထွက်ချိန်၊ ဒီနေ့မှာ ကျွန်မအသက် သုံးဆယ့်သုံးနှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ ပျမ်းမျှလူ့ဘဝသက်တမ်းနဲ့ တွက်ကြည့်ရင် ဘဝရဲ့သက်တမ်းတစ်ဝက်မှာ ခြေအစုံလုံးချမိပြီးသားအချိန်လို့ ဆိုနိုင်ပါပြီ။ ကာလသုံးပါးထဲမှာ တစ်ပါးကသာ ပြန်လည်သုံးသပ်စရာတစ်ရပ်အနေနဲ့ကျန်ရစ်ပါတယ်။

“Yesterday is History”  ကုန်လွန်ခဲ့တဲ့ ကျွန်မရဲ့နေ့ရက် တွေကို ပြန်ပြောင်းတွေးကြည့်တဲ့အခါ..ရွှေရောင်လွှမ်းမနေခဲ့ပါဘူး…။ ရွှေလို့ထင်ရတဲ့ ဝါညိုရောင် မသမ်းတစ်သမ်းတွေနဲ့သာပါ။ ဒါပေမယ့်..ခုချိန်မှာတော့ အတိတ်ကို ပြုံးပြီးလှမ်းကြည့်နေနိုင်ပါပြီ။ ကျွန်မသဘောအရ ဖြတ်သန်းခဲ့ရတဲ့ အရေးပေါင်း သောင်းခြောက်ထောင် (လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ သာရေး၊ နာရေး၊ …ရေး) ကို ဂဏန်းသင်္ချာ၊ နံပါတ်တွေနဲ့ တွက်ကြည့်တိုင်းတာမနေပဲ…လက်ရှိစိတ်ကလေးတစ်ခုနဲ့သာ ပြောရမယ်ဆိုရင်တော့ ဖြစ်ပျက်ခဲ့ပြီးသားတွေမို့ မနှစ်လိုတာ၊ သဘောမကျတာ၊ နောင်တရတာတွေ ရှိမနေခဲ့တော့ပါဘူး။ အသက်ကလည်း စကားပြောလာပြီထင်ပါတယ်။ ဟေ့… ခင်ဗျားအသက်တစ်နှစ်ထပ်ကြီးပြန်ပြီနော်..တဲ့…။


“Tomorrow is Mistery” မနက်ဖြန်အကြောင်း တွေးကြည့်ရအောင်ကလည်း မရောက်သေးတဲ့ အနာဂတ်မို့ အတွေးနဲ့တင် လုံးလည်ချာလည်လိုက်ရင်း ကျွန်မအတွက်တော့ ဖွတ်မရ၊ ဓါးမဆုံးတဲ့အဖြစ်ရယ်ပါ။ ဖြစ်ချင်နေတာ၊ လုပ်ချင်နေတာတွေရှိထား၊ တွေးထားပေမယ့် အဲဒီရည်ရွယ်ချက် နဲ့ အတွေးပေါင်းများစွာကို လက်ရှိမှာ ခဏလွှတ်ချထားရတာပါပဲ။ အဲသလိုမှမဟုတ်ရင် အခုကျွန်မစာရေးနေရင်းတောင် နေ့လည်စာ အုန်းနို့ခေါက်ဆွဲချက်ဖို့ဆီ အတွေးရောက်တဲ့အခါ ရင်ဘတ်ထဲက ပြောချင်တာတွေ တိုးလို့တန်းလန်းဖြစ်သွားဦးမှာ။ ခုတောင် ဘယ်ရောက်သွားပါလိမ့်း)) ဟုတ်ကဲ့…အနာဂါတ်ကို မမျှော်တော့ပါဘူးး)

“And today is a GIFT!” လက်ရှိ။ လက်ရှိမှာတော့ ကျွန်မ မွေးနေ့အတွက် စာတစ်ပုဒ်ဖြစ်အောင် ဖြစ်ညှစ်ရေးနေပါတယ်။ စာရယ်လို့လည်း မဟုတ်ပါဘူး။ ရေးစရာရှာကြံရင်း ကိုယ့်မွေးနေ့ကို အကြောင်းပြုပြီး ရေးစရာရသွားတာပါပဲ။ ကျွန်မစာရေးတိုင်း ဖြစ်တဲ့စိတ်ကလေးကတော့ ကျွန်မစာကို လာဖတ်မိသူ၊ စာချစ်သူတိုင်း တစ်ခုခုလေးရသွားစေချင်တာပါ။ အဓိက ကတော့ ပျော်စေချင်တာပါ။ အနည်းဆုံးတော့ စာဖတ်သူရဲ့ မျက်နှာပေါ်ကို စက္ကန့်ပိုင်းဖြစ်ဖြစ် အပြုံးတစ်ခုဆင်ယင်ပေးချင်တာ ကျွန်မရင်ထဲကလာတဲ့ စေတနာအရင်းခံပါ။ စာဖတ်အားနည်းတဲ့ ကျွန်မဟာ စာရေးလည်းထင်သလောက်မကောင်းပါဘူး။ စာသိပ်မရေးတတ်ပေမယ့် စာရေးချင်လို့ကို ရေးနေပါတယ်။ ကျွန်မရေးတဲ့ မတတ်တစ်ခေါက်စာတွေကို လာဖတ်သူ တစ်ယောက်ယောက်ရှိနေသရွေ့၊ ဒါမှမဟုတ် ရေးဖို့ခွန်အားရှိနေသ၍ ရေးနေဦးမယ်ထင်ပါရဲ့။ ကျွန်မစာရေးတဲ့အခါ ဦးဏှောက်ထက် နှလုံးသားနဲ့သာ ရေးပါတယ်လို့ ဆိုရင်ဖြင့် ကြီးကြီးကျယ်ကျယ်ပြောနေသလို ထင်စရာရှိပါတယ်။ အမှန်ကတော့ သုတပိုင်းအားနည်းတာပါ။ ရသပိုင်းကျတော့လည်း အားမသာပြန်ပါဘူးး)) ဒါပေမယ့် ကျွန်မစာကိုလာဖတ်သူထဲမှာ ကျွန်မနဲ့ ရင်ခုန်သံခြင်းတူသူရှိနေသေးတယ်ဆိုရင် ကျွန်မတတ်သလောက်၊ မှတ်သလောက်နဲ့ ကြိုးစားအားထုတ်ရင်း ခွန်အားရှိသလောက် စာတွေဆက်ရေးနေပါမယ်။ အမှန်ပြောရရင် ကျွန်မစာကို လာဖတ်အားပေးတဲ့သူက လက်ဆယ်ချောင်းတောင် ပြည့်မယ်မထင်ပါဘူး။ တစ်ခါတစ်လေတော့ စာလာဖတ်နေကျသူတွေကိုလည်း သိပ်ကိုအားနာရပါတယ်။ စာအရေးကျဲတဲ့အပြင် တစ်ခါတစ်လေ ဘလော့ဂ်ကို ပိတ်လိုက်ရကောင်းနိုးနိုးဖြစ်ရတဲ့ အကြိမ်ပေါင်းများစွာရှိခဲ့ပါတယ်။ ဘာဖြစ်လို့မှန်းတော့ မသိပါဘူး။ ကျွန်မဘလော့ဂ်ကို လာဖတ်သူနည်းပေမယ့် အဲဒီ စာလာဖတ်သူအနည်းအကျဉ်းဆီက ရတဲ့ခွန်အားနဲ့ပဲ လိပ်ထက်မက နှေးကွေးတဲ့နှုန်းနဲ့ ခရီးဆက်နေတဲ့ ကျွန်မရဲ့ဘလော့ဂ်ဟာ နှစ်နှစ်တာကာလကိုလွန်လို့ သက်ဆိုးရှည်စွာ အခုချိန်ထိ တည်မြဲနေသေးတဲ့အတွက်လည်း ကျေးဇူးတင်မဆုံးဖြစ်ရပါတယ်။ မွေးနေ့အတွက်ရေးရင်း လမ်းချော်ပြန်ပါပြီ။ အဲဒါမှ မိုးပန်းချီ အစစ်ပါ။ ကျွန်မစာရေးရင် ကွေ့ပတ်နေတာနဲ့ လိုရင်းကို ကောင်းကောင်းမရောက်နိုင်ပါဘူး။ ဒါပေမယ့် စာရေးရင် အနည်းဆုံးတော့ အမှားနည်းအောင် သတိထားရေးပါတယ်။ ရေးပြီးတိုင်း နောက်တစ်ခေါက်ပြန်စစ်တတ်အောင် လေ့ကျင့်ထားတာပါပဲ။းD

တစ်ကယ်တော့ ကျွန်မရဲ့ ပစ္စုပ္ပန်အကြောင်း လေးပြောချင်တာ။ ခမ်းခမ်းနားနားတော့ မပြောတတ်ပါဘူးရှင်။ လောလောလတ်လတ် အကြောင်းကလေးပြောရရင် မနက်ကတင် မှန်ကြည့်ရင်း ငေးကြည့်နေမိတဲ့ ငွေမင်ရောင် ဟိုက်လိုက် (high light) ဖောက်ထားတဲ့ ကျွန်မရဲ့ဆံပင်ပေါ့။ ပြီးခဲ့တဲ့ နှစ်ပါတ်လောက်ကမှ သတိထားမိတဲ့ ကျွန်မရဲ့ ဦးခေါင်းထက်က ဆံပင်ဖြူကလေး သုံးချောင်းအကြောင်းပေါ့။ ဆံပင်ဖြူ တွေ့တွေ့ချင်း မအံ့သြမိပေမယ့် ဇရာက ကျွန်မကိုလာပြီး နှုတ်ဆက် မိတ်ဖွဲ့နေပြီဆိုတော့ မှန်ကြည့်ရင်း အိမ်ကလူကို အမောတကောပြောပြမိတယ်။ အိမ်ကလူကလည်း မထူးဆန်းသလိုမျက်နှာထားနဲ့ပေမယ့် ကိုယ့်ကိုကိုယ် အသက်ကြီးနေပြီဆိုတာ သိပြီလားလို့ဆိုလာတယ်။ ခုတော့ ကျွန်မ ဆံပင်ဖြူသုံးချောင်းပေါက်နေပါပြီ။ ရှစ်တန်းလောက်ကတည်းကတပ်တဲ့ စာကြည့်မျက်မှန်ကလည်း ဒီဂရီတက်နေပါပြီ။ ဆံပင်ရှည်ရှည်လေးနဲ့ ယဉ်ယဉ်လေးလို့ (ရူးလည်းရူးနေသေးတယ် :D) အိမ်ကလူကပြောပေမယ့် ဟိုတစ်ပင်၊ ဒီတစ်ပင် ဆံပင်ဖြူသုံးချောင်းနဲ့ တစ်နှစ်ခွဲသမီးလေးအကြောင်းကိုပဲ တွေးနေမိတတ်တဲ့ အမေအိုဖြစ်လို့နေပါပြီ။ အမေ၊ အစ်မတွေနဲ့တွေ့တဲ့အခါ ကလေးလိုဖြစ်နေတတ်တဲ့ ကျွန်မက ကိုယ့်အိမ်မှာတော့ စကားနည်းနည်းများတဲ့ အိမ်ရှင်မကြီးဖြစ်လို့နေပါပြီ။ အရင်က တစ်နေကုန်ထိုင်ပြီး ဒါမှမဟုတ် မတ်တပ်ရပ်ပြီး အလုပ်လုပ်ရင်လည်း အပူအပင်မရှိ အိပ်ပျော်တတ်တဲ့ကျွန်မ..ခုတော့ ဟိုနေရာကနာ၊ ဒီနေရာကနာနဲ့ တစ်ပတ်မှာ ရှစ်ရက်လောက် ဆေးကူရတဲ့ ခန္ဓာကိုယ်တစ်ပတ်နွမ်းကြီး ပိုင်ဆိုင်လို့နေပါပြီ။ “အမေရယ်၊ မေ့တတ်လိုက်တာ” ဆိုပြီး မေ့တတ်လွန်းတဲ့ ကျွန်မအမေရဲ့ ပစ္စည်းတစ်ချို့ကို ကျွန်မကိုယ်တိုင်ရှာပြီး အမေ့လက်ထဲထည့်ရင်းပြောခဲ့တဲ့စကားကို ခုတော့ အိမ်ကလူက ကျွန်မအတွက်ပြောတဲ့စကားဖြစ်နေပါပြီ။ ဒီလိုနဲ့ အိုမင်းရင့်ရော်လာနေတဲ့ ခန္ဓာကြီးကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ ကျွန်မရဲ့ အတွင်းစိတ်ကရောဘယ်လိုနေမလဲ?

ရတနာသုံးပါး ဂုဏ်ကျေးဇူး နဲ့ မိဘ၊ဆရာတို့ရဲ့ သွန်သင်ဆုံးမမှုအောက်မှာ အသက်အရွယ်ကြီးရင့်ခြင်းနဲ့ ရင်ကျင့်တည်ငြိမ်ခြင်းဟာ ကျွန်မအတွက်တော့ တည့်တည့်ကြီးအချိုးကျအောင် ကြိုးစားနေထိုင်တတ်နေပါပြီ။ ရတနာသုံးပါးကို သက်ဝင်ယုံကြည်တဲ့နေ့ကစလို့ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ ဆိုတဲ့တရားကို အမြဲလိုနှလုံးသွင်းဖြစ်အောင်လည်း ကြိုးစားပါတယ်။ ဒီနေရာမှာ ဘာသာရေးအကြောင်းကို ဦးတည်တာမဟုတ်ပါဘူး။ အသက်ကြီးလာတာနဲ့ အချိုးညီအောင် ထားတတ်လာတဲ့ စိတ်ကလေးရဲ့ ရလာဒ်ကိုပါ။ ငယ်တုန်းကဆို ဒေါသဖြစ်ရင်၊ တစ်ခုခုကို မကျေမချမ်းဖြစ်ရင် တော်တော်နဲ့ မအိပ်နိုင်၊ မစားနိုင်၊ တစ်မှိုင်မှိုင်၊ တစ်တွေတွေဖြစ်တတ်တဲ့ ကျွန်မဟာ ခုဆို တစ်ခုခုမကျေနပ်စရာတွေ့ပြီးတိုင်း ဘာမှမဖြစ်ခဲ့သလို နေနိုင်လာပါတယ်။ အညှိုးအတေးဆိုတာ ပုံပြင်ထဲက စကားလိုဖြစ်လာပါတယ်။ အဲသလိုဆိုတော့ ကျွန်မမှာ လောဘ၊ ဒေါသ၊ မောဟ မရှိတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အရင်ကလောက်မပြင်းထန်ပဲ လျော့နည်းပါးလျားတဲ့ လောဘ၊ ဒေါသ၊ မောဟနဲ့ သာမန်ပုထုဇဉ်လူသားတစ်ဦးပါပဲ။ ခုချက်ချင်းဒေါသဖြစ်ပြီး၊ ခုချက်ချင်း ပြေလွယ် အေးလွယ်တဲ့သူ တစ်ဖြည်းဖြည်းဖြစ်လာနေတာကလည်း ကျွန်မဦးထိပ်ထားတဲ့ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးပါပဲ။ 
ကိုယ်ပြုတဲ့အမှုဟာ ကိုယ့်ဆီတစ်နေ့ပြန်လာမှာပါ။ အဲဒီတော့ ခုလက်ရှိ အသက်ရှုသွင်းလို့ ရနေတဲ့ စက္ကန့်ပိုင်းကလေးမှာ ဘယ်သူတစ်ဦး တစ်ယောက်အပေါ်မှာမှ အမုန်းမပွားပဲ ကိုယ့်စိတ်ကို ကိုယ်ပြန်စစ်နေဖို့သာပါ။ လက်ရှိအသက်ရှုနေနိုင်ချိန်ကလေးကိုသာ တန်ဖိုးထားချစ်မြတ်နိုးဖို့သာပါ။ ကျွန်မလည်း အမှားများနဲ့သူမို့ ကိုယ့်ကိုကိုယ် သတိပေးရင်း ချရေးရုံသက်သက်ပါပဲ။

ပီတိ ၃၃ * ဘာပဲဖြစ်ဖြစ် အခုလက်ရှိအချိန်မှာရှိနေတဲ့ ကျွန်မရဲ့ ရုပ်ပိုင်း နဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းကို အပြုံးတစ်ခုနဲ့အတူ ဖြည်းဖြည်းသာသာလေး ထွေးပွေ့ထားလိုက်ပါပြီ။ ဒီအသက်အရွယ်မှာ အကြည်နူးရဆုံးတစ်ခုကတော့ သမီးကလေးတစ်ယောက်ရဲ့ မိခင်ဖြစ်ခွင့်ကို ပိုင်ဆိုင်ထားခြင်းပါပဲ။ မိန်းမဖြစ်ရခြင်းနဲ့ မိခင်ဖြစ်ရခြင်းအတွက် တစ်ဘဝစာ မေတ္တာများစွာရင်းနှီးမြှုပ်နှံပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျွန်မရဲ့ အမေ နဲ့ အဖေ(ဘဝခြားပြီးဖြစ်သော) ကို ဒီပို့စ်နဲ့အတူ လက်ဆယ်ဖြာအုပ်မိုးပြီး ရှိခိုးဦးချပါတယ်။ ပြီးတော့ ကျွန်မရဲ့ သမီးကလေးကို ဖခင်မေတ္တာအပြည့်အဝပေးနေတဲ့ အိမ်ကလူကိုလည်း ကျေးဇူးတင်ပါတယ်။ အပေါ်နားမှာ ပြောခဲ့တဲ့ စကားလေးထပ်ပြောပါရစေ “ကျွန်မဘလော့ဂ်ကို လာဖတ်သူနည်းပေမယ့် အဲဒီ စာလာဖတ်သူအနည်းအကျဉ်းဆီက ရတဲ့ခွန်အားနဲ့ပဲ လိပ်ထက်မက နှေးကွေးတဲ့နှုန်းနဲ့ ခရီးဆက်နေတဲ့ ကျွန်မရဲ့ဘလော့ဂ်ဟာ နှစ်နှစ်တာကာလကိုလွန်လို့ သက်ဆိုးရှည်စွာ အခုချိန်ထိ တည်မြဲနေသေးတဲ့အတွက်လည်း ကျေးဇူးတင်မဆုံးဖြစ်ရပါတယ်”။

ဧည့်ခံပွဲ ၃၃း) * ဒီကနေ့ကတော့ ကျွန်မရဲ့ ၃၃ နှစ်မြောက်မွေးနေ့လည်းဖြစ်၊ တိုက်တိုက်ဆိုင်ဆိုင် ပို့စ် ၃၃ ပို့စ်မြောက်တဲ့နေ့လည်းဖြစ်ပြန်တယ်ဆိုတော့ အားလုံးအတွက် မေတ္တာပို့ရင်း၊ ကျွန်မပြုသမျှ ကုသိုလ်ကောင်းမှုတွေကို ခုနစ်ရက်သားသမီးများအတွက် အမျှပေးဝေရင်း၊ ကျွန်မဘလော့ဂ်ကို မျက်စေ့လည် လမ်းမှားရင်းဖြစ်ဖြစ်၊ တမင်တကာ တကူးတကန့်ဖြစ်ဖြစ် လာရောက်အားပေးနေတဲ့ ရပ်ဝေး၊ ရပ်နီးမှ မိတ်ဆွေ၊ သူငယ်ချင်း၊ ဘလော့ရောင်းရင်းများကို ကျေးဇူးတင်ရင်း၊ ကျွန်မမှားခဲ့တာ ရှိရင်လည်း ခွင့်လွှတ်ကျေအေးဖို့ တောင်းပန်စကားဆိုရင်း (အသက် သေချာမသိပဲ အစ်ကို၊ အစ်မ၊ မောင်လေး၊ ညီမလေး လို့ ကျွန်မ တစ်ရင်းတစ်နှီး ခေါ်ဆိုဆက်ဆံမိတဲ့  ချစ်သောမိတ်ဆွေ ဘလော့ဂ်ဂါများလည်း ကျွန်မရဲ့အသက်အတိအကျကို သိပြီမို့ မှားခေါ်မိခဲ့ရင် ချစ်သောစိတ်နဲ့ ပြန်လည်လို့ ပြင်ဆင်ပေးနိုင်ပါတယ်ရှင်) ဘလော့ဂ်ကြွလာသော မိတ်သဟာများကို တည်ခင်းကျွေးမွေးပါရစေ။ (စကားမစပ်။ ဆံပင်ဖြူ သုံးချောင်း ပေါက်တာကို တွေ့ရှိ သံဝေဂရတဲ့ အထိမ်းအမှတ်လည်း ဖြစ်းD)။ စားချင်တာသာ စားသွားနော်း)) ။ 
starter အနေနဲ့mushroom soup :)


grilled beef and big prawn :) Breeks Restaurant က မှာထားတာနော်း)

ဘဲကင်ကြိုက်တတ်သူများအတွက်း))
abalone & noodles..သူငယ်ချင်းမှာပေးတာ။ ကျွန်မက အဲဒါသိပ်မကြိုက်း)
ဒါက ကျွန်မလက်ရာ crispy pork. black pepper နဲ့အရင်ပြုတ်ပြီး၊ ဆီနဲ့ကြော်၊ အရေခွံကို ရေလေးနဲ့တောက်ထားတား)
ဝက်သားမစားသူများအတွက် ကိုယ်တိုင်ချက် ပုစွန်ဆီပြန်လေးပါ။ ဓါတ်ပုံထဲမှာသာ ဆီမြင်ရတာပါ။ အရိုက်ကျွမ်းကျင်လို့းD
chicken with old cucumber soup ချက်ရတာလွယ်လွယ်လေးနဲ့ အရသာရှိပါတယ်။
ဒါက ပင်လယ်စာ၊ squid, fried fish, french fries, butter rice & prawns :) ဒါကဆိုင်ကမှာတားD
အချိုပွဲ young coconut with jelly. ချိုချိုမွှေးမွှေးလေးရယ်
strawberry smoothie :)
Choco vanilla shake :))

* ဒီနေ့ လမ်းသွားရင်း ကျွန်မမြင်ဖူးတဲ့ ဘလော့ဂ်ဂါတစ်ချို့နဲ့ အမှတ်မထင်ဆုံမိခဲ့ရင်လည်း လက်တို့ပြီး မုန့်လိုက်ကျွေးဖို့ စိတ်ကူးထားပါသေးတယ် :D

ကုသိုလ် ၃၃* ဒီနေ့တော့ ဘုန်းကြီးကျောင်းတက်လို့ တရားနာရင်း ကုသိုလ်ယူဖို့ ရည်ရွယ်ထားပါတယ်။ ငယ်တုန်းက မွေးနေ့ဆို လက်ဆောင်ထုပ်တွေမျှော်တတ်ပြီး၊ ကျွန်မကိုချစ်သော၊ ကျွန်မကချစ်သော သူများနဲ့ မွေးနေ့တစ်နေ့တာ ကုန်ဆုံးခဲ့ဖူးပါတယ်။ အသက် ၂၅ ကျော်ကတည်းက မွေးနေ့ရောက်ရင် လက်ဆောင်မမျှော်တတ်တော့သလို၊ အေးအေးလူလူလေးပဲ တစ်နေ့တာကုန်ဆုံးချင်တော့တယ်။ တစ်ကယ်တော့ မွေးနေ့ဆိုတာ အမေ့ဗိုက်ထဲက ကျွန်မကို မွေးထုတ်လိုက်တဲ့ နေ့သာလျှင် ဘဝအတွက် အရေးပါတာမဟုတ်လား။
***

ဒီကနေ့ ဆင်ခြင်မိတဲ့ Quote
မြင်မြင်သမျှ အနိစ္စ။

ဒီကနေ့ မေတ္တာပို့။
သဗ္ဗေသတ္တာ၊ ဝေနေယျာ ချမ်းသာကိုယ်စိတ် မြဲပါစေ။

ဒီကနေ့ ဆုတောင်း။
……….

ကျွန်မရဲ့ Quote of the day ဖြစ်နေတဲ့ သီချင်းထဲက စာသားတစ်ချို့…
အသက် ၃၃ (တေးရေး/ဆို = မျိုးကျော့မြိုင်)
ရွေးလိုက်ဦး… စိတ်လိုအင်များအတွက်….။
တွေးလိုက်ဦး…. အတ္တစိတ်များနဲ့…..။
ချစ်လိုက်ဦး… ဘဝမှာ အချစ်ဆုံးတဲ့….။
အားလုံးသိတယ်… အားလုံးရဲ့အလယ်…
ပြောလိုက်ဦး… ကိုယ်ဆင်ခြေများနဲ့…။
ဆွေးလိုက်ဦး…. အထီးကျန်နေ့များထဲ…။
နောက်ကျတော့မယ်…. အတွေးများပတ်လည်….
သွားလိုက်ဦး… မဆုံးနိုင်တဲ့ ခရီးထဲ…….
အသက် သုံးဆယ့်သုံး… အထီးကျန်ဆန်လွန်းသတဲ့….:P
အို..လုပ်ပါဦး… အကျည်းတန်ကျန်တော့မယ်….။
အို..နောက်ကျတတ်တယ်… ဘလော့ဂ်လည်းရေးတယ်…:D
မျောလိုက်ဦး… မဆုံးနိုင် အချစ်များနဲ့…………………….
(နောက်ဆုံးတော့လည်း ခုလို အဖျားရှုးသွားတာပဲး)))
***

စကားချပ်။ ။ မွေးနေ့ဆိုရင် အဖြူရောင်ပဲ ဝတ်ချင်တဲ့ စိတ္တဇကတော့ သုံးဆယ့်သုံးနှစ်တိုင်အောင် အရိုးစွဲနေခဲ့ပါပြီ။ ဘာရောဂါလည်းတော့မသိပါ။ ဒီနှစ်လည်း အဖြူရောင်ပါပဲ။ အဖြူရောင်လေးပါ... :D
ကဲ..အားလုံးလက်တွေ လေထဲကိုမြှောက်ထားလိုက်..ကျွန်မနဲ့အတူ တဒင်္ဂပျော်ရွှင်ကြည်နူးရအောင်း)) (ဘာမှလည်းမဆိုင်ဘူး ထင်ရင်တော့ လက်တွေပြန်ချထားလိုက်ပါးP)

ဖြည့်စွက်ချက်။ ။ ဒီနေ့ မနက် 00:00 နာရီမှာ အိမ်ကလူပေးတဲ့ မွေးနေ့လက်ဆောင် ပန်းစည်းကလေးရယ်၊ မွေးနေ့ကဒ်ကလေး တစ်ကဒ်ရယ်၊ heart-to-heart locket ပါတဲ့ဆွဲကြိုးလေးတစ်ကုံးရယ်ကိုတော့ လူစုံမှပဲ ဖဘမှာတင်ပြီးကြွားပါတော့မယ်။ ဒါ့ပုံမရိုက်ရသေးလို့းD

မေတ္တာအားဖြင့်
မိုးပန်းချီ 33း)

18 comments:

  1. အစ်မ မျှလိုက်ကောင်းမှု့ကုသိုလ်တွေကို ကျွန်တော်မျှယူသွားသလို
    မွေ့နေ့ လေးမှသည်း နောင်နှစ်ပေါင်း ၇၀ တိုင်တိုင် ချစ်စွာသောမိသားစုလေးနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ပါစေ
    ကြောင်းကို ဆုတောင်းခဲ့ပါတယ်။

    ReplyDelete
  2. ရေးထားတဲ့ကဗျာလေး အရမ်းကိုကောင်းတယ်
    ၃၃ ဆိုတာ ဘယ့်နဲ့ အိုမင်းခြင်းမဖြစ်သေးပါဘူး
    ဘ၀တောင်မစရသေးဘူး မိန်းကလေးတစ်ယောက်ရဲံ့အလှဆုံးအချိန်
    ထဲမှာရှိနေဆဲပါပဲ
    (၂၅-၃၅)လေ မွေးနေ့မှစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း
    လိုအင်အားလုံးပြည့်ဝပါစေလို့
    ချစ်တဲ့ jasmine

    ReplyDelete
  3. jasmine(တောင်ကြီး)February 04, 2012 2:41 AM

    အမဆိုရင်အသက်ကြီးပြီ
    ဘ၀ကိုတော်တော်ရုန်းကန်ရတယ်
    အခုလည်းမလေးရှားကတိုင်းမင်းကြီးရုံးမှာနိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတာအဆင်မပြေသေးဘူး
    ၃၃ ဆိုတာဘာမှအသက်မကြီးသေးဘူး
    အားမလျှော့နဲ့နော်
    ခင်ခင်မင်မင် jasmine

    ReplyDelete
  4. Happy Birthday မမိုး..မွေးနေ့ မှသည် ကျန်းမာပျော်ရွှင်စွာဖြင့် စာတွေ အများကြီး ရေးနိုင်ပါစေ..

    ReplyDelete
  5. Happy Happy Birthday to you, sis!! Your life is peaceful and hamonic with your precious family, you have a lovely daughter. So it means you had and you'll always have golden days :). I have also many white hair, so don't worry about that :P. Ok, I eat prawn curry, thanks. May you be always happy on your special day and every single days!!

    Love,
    rose.

    ReplyDelete
  6. ချစ်သော ညီမလေး....
    စာတွေ ရေးတတ်လာလိုက်တာ....
    အသက် ၃၃....း)))
    ချစ်စရာ သမီးငယ်လေး သက်တမျှကို ပိုင်ဆိုင်ခွင့်ရထားသူကလေးးးး
    ဂရုတစိုက် ချစ်ကြင်နာတတ်တဲ့ ခင်ပွန်းရဲ့ မေတ္တာအပြည့်ရသူလေးးးး
    မိရိုးဖလာထက် ကျော်လွန်သော ဘာသာတရား ရင်မှာ ရှိသူကလေးးး
    ညီမလေးဟာ မျက်စေ့အောက်မှာတင် လူလားမြောက်ခဲ့ပြီပေါ့.....
    အမေ့မွေးကျေးဇူးတွေကို သတိတရရေးထားတာလေးတွေ့တော့ ကြည်နူးမိပါရဲ့.......

    မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော မွေးနေ့ ဖြစ်ပါစေ...ချစ်ညီမလေးရေ....

    ချစ်တဲ့
    မကြီး

    ReplyDelete
  7. အစ်မရေ...
    လွန်ခဲ့တဲ့ ၂ရက်ကမှ ဒီဘလော့လေးကို စသိတာပါ။ ပို့စ်တွေအားလုံး မွှေနှောက်ရှာဖတ်သွားပါတယ်....
    အမြဲလည်ဖို့ တစ်အိမ်တိုးလာပြီ....ရေးပုံတွေကို သဘောကျတယ်...တချို့ ဘ၀အစိတ်အပိုင်း၊ အယူအဆ တွေက ကိုယ်နဲ့ ဆင်နေတယ်...

    ReplyDelete
  8. ပျော်ရွှင်ဖွယ်မွေးနေ့လေးကို ချစ်ရတဲ့မိသားစုလေးနဲ့အတူ နှစ်စဉ်နှစ်တိုင်း ပိုင်ဆိုင်ဖြတ်သန်းခွင့်ရနေပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဆန္ဒအားလုံး ပြည့်ဝပါစေမိုးရေ။ နှလုံးသားနဲ့ရေးလိုက်တဲ့ စာလေးတွေကို အမြဲဖတ်နေမယ်နော်။
    ချစ်တဲ့
    သဒ္ဓါ

    ReplyDelete
  9. ချစ်ညီမလေး... ပျော်စရာ မွေးနေ့လေး ဖြစ်ပါစေ...

    အော်... အသက်... အသက် လို့ ခပ်တိုးတိုးညည်းတာ ကြားလို့ သများကိုများ ခေါ်သလားလို့ အပြေးကလေး လာခဲ့တယ်... ဒီရောက်တော့ မုန့်တွေ ကျွေးနေတာနဲ့တိုးလို့ အဝစားပြီး ပြန်သွားပြီ... ...း))

    ReplyDelete
  10. ပျော်ရွှင်ဖွယ်မွေးနေ့ လေး ဖြစ်ပါစေ အစ်မ... ကျွန်တော့် အသက်က သုံးဆယ်ဆိုတော့ အစ်မလို့ ခေါ်တာ မှန်ပါတယ်... ဒီနေ့ မွေးနေ့ မှ နောင်မွေးနေ့ အဆက်ဆက်တိုင် ပျော်ရွှင်ဖွယ် မင်္ဂလာမွေးနေ့ လေးတွေ ဖြစ်ဖို့ တောင်းဆုပြုလိုက်ပါတယ် အစ်မ...

    ReplyDelete
  11. မွေးနေ့မှသည် နေ့ရက်တိုင်း
    ပျော်ရွှင်နိုင်ပါစေ ..း))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  12. နွေတေးရှင် (မင်းဧရာ)၊ မွေးနေ့ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်ရှင်း)
    အစ်မစံပယ်၊ အားပေးသွားတဲ့အတွက် ကျေးဇူးပါ မရေ။ အစ်မလည်း အခက်အခဲတွေ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်နော်။ အစ်မပြောလို့ အလှဆုံးအချိန်ရောက်နေမှန်း ခုမှသိတော့တယ်။ ကျေးဇူး..ဟိ။
    Lovely sis Rose, Thank you so much for the well wishes. so now, I'm no longer worry about my white hairs bcos I have you as my white hairs partner haha. JOKE!! Thanks for having my cook, prawns as well. Love you. Muahh
    ချစ်သော မကြီးရေ၊ ချစ်သောမျက်စေ့နဲ့ ကြည့်ပြီးရေးသွားတဲ့ ကောမန့်အတွက် ဝမ်းသာကြည်နူးရင်း၊ ကျေးဇူးလည်းတင်ရပါတယ်။ I felt so touched with your sweet comment. Love, your lil sis :))
    Anonymous, စာတွေလာဖတ် အားပေးပြီး ကောမန့်ချန်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ ဘလော့ဂ်ရေးနေတဲ့သူဆိုရင်တော့ ကျွန်မလည်းစာတွေလာဖတ်နိုင်အောင် လင့်ခ်ချန်ခဲ့ပါနော်း)
    မဒါရေ၊ အမြဲအားပေးနေတဲ့အတွက်ရော၊ မွေးနေ့ဆုတောင်းအတွက်ပါ ကျေးဇူးတစ်လှေကြီးတင်ပါတယ်ရှင်။ အာဘွားးး))
    ချစ်မမ သက်ဝေ၊ ခေါ်နေတာကြာလှဘီးD မွေးနေ့ဆုတောင်း နဲ့အတူ တစ်ဝကြီးစားသွားလို့ ကျေးစ်ဇူးစ် အများကြီးဇ်း))
    ညီရဲ၊ ကျွန်မထက်သုံးနှစ်ကြီးများတောင် ငယ်တယ်ဆိုတော့ ရဲရဲ လို့ပဲခေါ်တော့မယ်းD if you don't mind. ရဲရဲ ဆိုတဲ့နာမည်နဲ့ ကျွန်မမှာ မိန်းကလေးရော၊ ယောက်ျားလေး သူငယ်ချင်းပါ ရှိပါတယ်။ နာမည်လေးက လှပြီးခေါ်ရတာ ချစ်စရာကောင်းပါတယ်လေ...နော့်း)) မွေးနေ့ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါရှင်။
    ဆောင်းနှင်းရွက်၊ ကျေးဇူးအများကြီးတင်ပါတယ်ရှင်း)) ♥

    ReplyDelete
  13. မနေ့က ဖဘမှာမွေးနေ့အတွက် နှုတ်ဆက်ပန်းလေးပေးခဲ့ပေမယ့်
    ဘလော့ကို ဒီကနေ့မှဝင်ဖြစ်လို့
    Happy Belated Birthday မိုးရေး)
    မွေးနေ့ရက်မြတ်ကလေးကစလို့ ကိုယ်စိတ်နှစ်ပါးကျန်းမာစွာနဲ့
    အစစအရာရာ အောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ပါစေလို့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14.း)
    ၃၃လားပျိုတုန်းရွယ်တုန်း လှတုန်းပါအေရယ်

    ReplyDelete
  15. ချစ်တဲ့မမိုး

    ဘလော့မှာလင့်ကလုံးဝတက်မလာဘူး
    ဖဘမှာတွေ့လို့ဆုတောင်းလိုက်ပေမယ့် ဘလော့တက်မလာလို့ မတွေ့မိဘူး ခုမှ အသစ်မတက်လို့နှိပ်ကြည့်မိမှတွေ့တယ် ဟက်ပီးဘီလိတ်တက်ဘတ်ဒေးပါနော်
    အသက် 33 များဘ၀မစသေးပါဘူးနော်.
    ဟွန့် ပြည့်စုံတဲကဘ၀ကိုပိုင်ဆိုင်ထားတဲ့သူကိုအားကျမိပါရဲ့ ..
    သက်တမျှဆိုတဲ့နာမည်လေးကလဲ စိတ်ထဲစွဲနေပါရဲ့
    မိသားစုလေးနဲ့အတူနောင်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်ခြင်းတွေပိုင်ဆိုင်ရရှိပါစေ..
    ချစ်သော မမြ၀င်း

    ReplyDelete
  16. ချစ်ညီမပန်းချီရေ...
    အမြဲနောက်ကျနေတဲ့ မမြသွေး မွေးနေ့လေးမမှီတော့ပေမယ့် ကွန်နက်ရှင်လေးကောင်းတုန်း အပြေးလာခဲ့ပါတယ်။ မွေးတော့ န့မတိုင်ခင် Facebookမှာ Wish ကြိုလုပ်ခဲ့ပါသေးတယ်ညီမရေ..။

    http://www.facebook.com/photo.php?fbid=2520687785425&set=a.2461517826213.106070.1500221639&type=3&theater

    မှတ်ချက် - သက်တမျှလေးကို အားကီး အများကီး ချစ်တယ်..
    ဘ၀မှာ အောင်မြင်သော၊ ပျော်ရွှင်သော၊ စိတ်ချမ်းမြေ့သော မွေးနေ့ရက်များစွာကို ချစ်သူများနဲ့ အတူတကွ ကျော်ဖြတ်နိုင်ပါစေနော်..။ စာတွေ ဆထက်တိုး အများကြီး အားကြီး မတရားကြီး ရေးနိုင်ပါစေ...။
    ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျပါစေလို့....။

    ချစ်သော...
    မြသွေးနီ

    ReplyDelete
  17. ချစ်ညီမပန်းချီရေ...
    အမြဲနောက်ကျနေတဲ့ မမြသွေး မွေးနေ့လေးမမှီတော့ပေမယ့် ကွန်နက်ရှင်လေးကောင်းတုန်း အပြေးလာခဲ့ပါတယ်။ မွေးတော့ န့မတိုင်ခင် Facebookမှာ Wish ကြိုလုပ်ခဲ့ပါသေးတယ်ညီမရေ..။

    http://www.facebook.com/photo.php?fbid=2520687785425&set=a.2461517826213.106070.1500221639&type=3&theater

    မှတ်ချက် - သက်တမျှလေးကို အားကီး အများကီး ချစ်တယ်..
    ဘ၀မှာ အောင်မြင်သော၊ ပျော်ရွှင်သော၊ စိတ်ချမ်းမြေ့သော မွေးနေ့ရက်များစွာကို ချစ်သူများနဲ့ အတူတကွ ကျော်ဖြတ်နိုင်ပါစေနော်..။ စာတွေ ဆထက်တိုး အများကြီး အားကြီး မတရားကြီး ရေးနိုင်ပါစေ...။
    ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျပါစေလို့....။

    ချစ်သော...
    မြသွေးနီ

    ReplyDelete
  18. ချစ်ညီမပန်းချီရေ...
    အမြဲနောက်ကျနေတဲ့ မမြသွေး မွေးနေ့လေးမမှီတော့ပေမယ့် ကွန်နက်ရှင်လေးကောင်းတုန်း အပြေးလာခဲ့ပါတယ်။ မွေးတော့ န့မတိုင်ခင် Facebookမှာ Wish ကြိုလုပ်ခဲ့ပါသေးတယ်ညီမရေ..။

    http://www.facebook.com/photo.php?fbid=2520687785425&set=a.2461517826213.106070.1500221639&type=3&theater

    မှတ်ချက် - သက်တမျှလေးကို အားကီး အများကီး ချစ်တယ်..
    ဘ၀မှာ အောင်မြင်သော၊ ပျော်ရွှင်သော၊ စိတ်ချမ်းမြေ့သော မွေးနေ့ရက်များစွာကို ချစ်သူများနဲ့ အတူတကွ ကျော်ဖြတ်နိုင်ပါစေနော်..။ စာတွေ ဆထက်တိုး အများကြီး အားကြီး မတရားကြီး ရေးနိုင်ပါစေ...။
    ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျပါစေလို့....။

    ချစ်သော...
    မြသွေးနီ

    ReplyDelete

ရင်ထဲရှိတာပြော..း)