Saturday, February 11, 2012

တိရစ္ဆာန်ရုံကို သွားကြပါစို့ကွယ်...


တိရစ္ဆာန်ရုံကို သွားကြပါစို့ကွယ်... :)
ရာသီဥတုက သာသာယာယာ…။ စိတ်နှလုံးမှာ ချမ်းချမ်းမြေ့မြေ့။ ပြီးခဲ့တဲ့ စီအင်ဝိုင် ရုံးပိတ်ရက်ကလေးတစ်ရက် ကျွန်မတို့ဖက်မှာရှိနေခဲ့တယ်။ ဘယ်သွားမလဲ? ရုံးပိတ်ရက်ကြီးမှာ တိတ်တိတ်ဆိတ်ဆိတ်ရှိပြီး အပန်းပြေစေမယ့် လူသိပ်ပြီးမထူထပ်တဲ့နေရာ..။ စိတ်လိုက်မာန်ပါရှိတဲ့ အိမ်ကလူက ရုတ်တရက် တနင်္ဂနွေညကြီးပြောလာတယ်။ အွန်လိုင်းမှာ book လုပ်နေပြီနော်တဲ့။ သြော…သူရွေးချယ်တဲ့နေရာက လူသိပ်မရှုပ်ရှာတဲ့ တိရစ္ဆာန်ရုံ ပါတဲ့။ ကောင်းရော…။ သူ့ခမျာမှာ ပွဲတော်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနဲ့ အင်္ဂါမှာ အလုပ်လုပ်ရမှာဖြစ်လို့ တနင်္လာနေ့တစ်ရက်ပဲ မိသားစုနဲ့ အပြင်ထွက်လည်ဖို့ ရက်ဖြစ်လေတော့ ဘာပဲဖြစ်ဖြစ် ပါရမီဖြည့်ဖက် ကျွန်မက ခေါင်းညိတ်ပြီး သဘူတော ပါတယ်လုပ်ရုံပဲပေါ့လေ။ ၁၈ လပြည့်ပြီးဖြစ်တဲ့ သက်တမျှကလေးကလည်း အကောင်ပလောင်ကလေးတွေမြင်ရင် လှုပ်လှုပ်ရှားရှားဖြစ်တတ်နေပြီဆိုတော့ တိရစ္ဆာန်ရုံ ကိုရောက်ရင် သူဘယ်လို တုန့်ပြန်မလဲဆိုတာလည်း ကျွန်မ နဲ့ အိမ်ကလူက သိချင်ကြတာလည်းပါ ပါတယ်။ 
Macaw..
သမီးကလေးရဲ့ favorite movie of the month ကတော့ Rio ပါ။ အဲဒိဇာတ်လမ်းထဲက blue macaw (မြန်မာလိုဆို ကြက်တော၊ ကြက်တူရွေး အကြီးစားကို ဆိုလိုပါတယ်) အထီး နဲ့ အမ ငှက်ကလေးနှစ်ကောင်ဟာ သူမကလေးရဲ့ အသည်းစွဲပေါ့။ villain ဇာတ်ကောင်ဖြစ်တဲ့ nigel  အမည်ရ cockatoo ကတ္တဝါ ငှက်ရဲ့ ကကွက်အခန်းကိုရောက်ရင်တော့ ခိုးခိုးခစ်ခစ်နဲ့ ရယ်နေလိုက်တာ ဘယ်သူခေါ်ခေါ်ကို လှည့်မကြည့်တော့ဘူး။ 

ဒီလိုနဲ့ ကျွန်မတို့ သွားဖို့ အွန်လိုင်းမှာ လက်မှတ်ဖြတ်လိုက်ပါတယ်။ Zoo ရဲ့ information တွေကို ဒီမှာ ကြည့်နိုင်ပါတယ်။  မသွားရသေးသူများအတွက်ပါ။ Tram နဲ့ Boat Ride နှစ်ခုကို အကန့်အသတ်မရှိစီးနင်းခွင့်ပါတဲ့ လက်မှတ်ကိုဝယ်ဖြစ်ပါတယ်။ တစ်စောင်ကို 27 SGD ပါ။

ကဲ…Rio ဇာတ်ထဲက macaw လေးတွေကို သိပ်ကြိုက်တဲ့ ကျွန်မရဲ့ သမီးကလေး တကယ့်လက်တွေ့ အဲဒီငှက်ကလေးတွေကို တွေ့တဲ့အခါ ဘယ်လိုတုန့်ပြန်သလဲဆိုတာ သိရအောင် ကျွန်မတို့နဲ့အတူ လိုက်ခဲ့ကြနော်။
သူငယ်ချင်းရေ…တိရစ္ဆာန်ရုံကို သွားကြပါစို့ကွယ်…း))


Journey Begins…..
သမီးကလေးကို အကောင်လေးတွေပြချင်တာ နည်းနည်းရယ်။ ကျွန်မတို့နှစ်ယောက်ရဲ့ လက်စွမ်းပြချင်တာ များများမို့ ကင်မရာအိတ် တစ်ယောက်တစ်လုံး ထည့်ပြီးတဲ့အခါ အိတ်နှစ်လုံးကြည့်ပြီး Zoo မရောက်ခင် နည်းနည်းရင်မောသွားပါတယ်။ ကျွန်မကတော့ ကိုယ့်ကင်မရာမှာ lens တစ်ခုသာတပ်ပြီး ထည့်ထားပါတယ်။ ဒါတောင် တော်တော်လေး လေးနေပြီ။ အိမ်ကလူကတော့ သူ့ကင်မရာနဲ့ lens သုံးလေးခုထည့်ထားတဲ့ အိတ်ကိုကြည့်ပြီး သက်ပြင်းခဏခဏချသံကြားရပါတယ်။ အို…သူ့ဒေါသနဲ့သူပဲ..နေပါစေ။ ဖိုးသူတော်ရော၊ တောင်ဝှေးရော ဘယ်သူ့ကို ဘယ်သူကမှ မကယ်နိုင်၊ မကူနိုင်တော့မှပဲလေ။ သမီးကလေးအတွက်ကတော့ အပြင်ထွက်ရင် အမြဲသယ်သွားနေကျအိတ်တစ်လုံးကို ညကတည်းက အိမ်အကူကောင်မလေးကို စီစဉ်ခိုင်းထားပြီးပါပြီ။ အာလူးကြော်၊ ဘာညာ၊ သာရကာ၊ နေကြာ၊ မာလကာ၊ ကွာစေ့၊ အချဉ်ပေါင်းတွေလည်း သယ်သွားသေးတယ်။ နောက်မှသိရတာက ကျွန်မတို့ သယ်သွားသမျှ စားစရာတွေ စားဖို့တောင် အချိန်မရပဲ ကင်မရာတကားကားနဲ့ အရှုပ်တွေလုပ်ရင်း အလုပ်တွေရှုပ်နေခဲ့ရတယ်ဆိုတာပါပဲ။ ကင်မရာသမားဖြစ်ရတဲ့ ဒုက္ခကလည်း တစ်ကယ့်ကို မလွယ်ရေးချမလွယ်။ နဖူးကချွေူး ခြေမကျအောင် လုပ်စားကြရမှာ။ ကျွန်မကတော့ ပရိုသမားမဟုတ်တဲ့ အပျော်တမ်းကင်မရာကိုင်သူရယ်ပါ။

ဟုတ်ပါပြီ။ ခရီးစဉ်စနေပါပြီ။ အရောက်နောက်ကျနေမှာစိုးတာကြောင့် အငှားယာဉ်လေးစီးပြီး zoo ရောက်သွားပါတယ်။ ကျွန်မတို့က အီးတစ်ကက် ဝယ်ထားပြီးပြီဆိုတော့ လက်မှတ်ရောင်းနေတဲ့ Q တန်းအရှည်ကြီးကို ယောင်လို့တောင်မှ စေ့စေ့မကြည့်ပဲ ခေါင်းမော့ရင်ကော့လို့၊ ဖုန်းထဲက အီးတစ်ကက်လေးပြလို့ ဝင်သွားတော့တာပေါ့။ လူတွေများသလားတော့ မမေးပါနဲ့လေ။ ခုပဲဖြေပါ့မယ်။ “အရမ်း” သုံးထပ်ကွမ်း လောက်ကိုများပါတယ်။ ကြိုတင်ဘွတ်ကင်သာ စုတ်မထားရင် အထဲကို ညနေစောင်းမှ ဝင်ရမယ်ထင်ရအောင်ကို များပါတယ်။ ဒါပေမယ့် ပျော်စရာကောင်းပါတယ်။ လူတွေများတဲ့နေရာသွားရင် ခေါင်းမူးတတ်တဲ့ ကျွန်မက ထူးဆန်းစွာပဲ ပျော်ရွှင်လန်းဆန်းနေတာတွေ့တဲ့ အိမ်ကလူက အံ့သြစရာပဲလို့ မဆိုင်းမတွ မျက်စောင်းခဲပြီးပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ပျော်ရင်ပြီးတာပဲမဟုတ်လား?း) 
ချစ်စရာ flip flop လေးများ၊ ဈေးကလည်း ချစ်စရား)
 ဝင်ဝင်ချင်းတွေ့ရတာက souvenir shop လေးပါ။ အပြင်မှာလည်း ရှိတဲ့ ပစ္စည်းမျိုးတွေကို ဒီဆိုင်လေးပေါ်တင်ထားကာမှ ပိုပြီးလှနေသလိုတောင်ထင်ရပါတယ်။ အဲဒီမှာရောင်းနေတဲ့ flip flop လေးတွေက အပြင်ကဈေးထက် နှစ်ဆပိုကြီးနေတာကိုတွေ့ရပါတယ်။ ဒီကိုလာလည်တဲ့ နိုင်ငံခြားသားများသာ ဝယ်မယ်ထင်ပါရဲ့။ zipper pals လေးတွေကတော့ သိပ်လှပါတယ်။ ကျွန်မကလိုချင်လို့ ဝယ်မယ်လုပ်တော့ အိမ်ကလူက ကလေးကလားတွေလုပ်ပြီတဲ့။ zipper pals လိုချင်တာ ကလေးကလားတဲ့လား။ ဒါနဲ့ပဲ ကိုင်ကြည့်ပြီး ဓါတ်ပုံသာရိုက်ခဲ့ရပါတယ်။ ကြည့်ပါဦး။ ချစ်စရာမကောင်းဘူးလားရှင်။ လှတယ်နော်း)
Zipper Pals လေးတွေ...
Feeding Time ဆိုတဲ့ ဆိုင်းဘုတ်နားရောက်တော့ အိမ်ကလူကို လက်တို့ပြီး ဒါ..ရှင့်ရဲ့အချိန်လေဆိုတော့ “ဟုတ်ရဲ့လားတဲ့” မျက်လုံးပေကလပ် ပေကလပ်လုပ်ပြီး သူကပြန်မေးပါတယ်။ ကျွန်မမှာရယ်လိုက်ရတာ။ အိမ်ကလူနှယ် “အ” ချက်ရှင်။ ကျွန်မက “အို..ဟုတ်တာပေါ့..မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအတွင်း ဒီနေ့ဘာဟင်းချက်မှာလဲလို့မေးပြီး၊ ဟင်းကျက်တော့မှာလားလို့လည်း ခဏခဏမေးတတ်တာ ဘယ်သူရှိဦးမလဲ။ ဒါ..ရှင့်အချိန်ပေါ့” လို့ဆိုတော့ “ဟုတ်မှာပါလေ” တဲ့။ ဒီတစ်ခါ ထူးထူးဆန်းဆန်း ကျွန်မ စနောက်နေတာကို သဘောမပေါက်ရလောက်အောင် တစ်ဆိတ်တော့ “အ” လွန်းတယ်လို့တော့ မထင်ဘူးလားရှင်။ ဒါပေမယ့် သူကတော့ ခပ်ပြုံးပြုံးကလေး နဲ့ ခပ်မဆိတ်ကလေးသာ နေနေတော့တယ်။ အဲဒိအပြုံးရဲ့ နောက်ကွယ်မှာ ဘာများရှိနေနိုင်ဦးမလဲနော်? 
Feeding Time :D
ပြင်ပစာတွေစားရင် သူတို့လေးတွေ နေထိုင်မကောင်းဖြစ်တတ်ပါတယ်း)
ခဏနေတော့ အိမ်ကလူက သူ့အိတ်ထဲလက်နှိုက်ပြီး တစ်စုံတစ်ရာကို ပြုံးပြုံးလေးထုတ်ယူပါတယ်။ ပြီးတော့ သူ့လက်ထဲပါလာတဲ့ အရာကလေးကို ကျွန်မနားကပ်ပြီးလာပြပါတယ်။ မင်းတို့ သားအမိပုံကို ခုနကလေးတင် လျှပ်တစ်ပြက်ခိုးရိုက်လိုက်တာတဲ့လေ။ အော..သူ့ကလဲ့စားချေပုံဟာ သိပ်လှပ မနေဘူးလား။ သူထုတ်ပြလိုက်တဲ့ အရာလေးက လမ်းညွှန်မြေပုံ (guide map) ပါ။ ခုနက သူ့အပြုံးဟာ သွေးရိုးသားရိုးမဟုတ်မှန်း ခုမှပဲ သဘောပေါက်တော့တယ်။ ဒါမျိုးတော့ ဘယ်ရမလဲလေ။ လမ်းညွှန်မြေပုံထဲက သားအမိက ကျွန်မတို့ထက်တော့ လှတာပေါ့လို့ ကမန်းကတန်းပြောချလိုက်မိတဲ့အခါ အိမ်ကလူ ရယ်တာများ အတောကို မသတ်ဘူး။ ကျွန်မနှယ် “အ”ချက်။ 
Guide Map :)
ဒီလိုနဲ့ နည်းနည်းဆက်လျှောက်တဲ့အခါ သမီးကလေးရဲ့ အချစ်တော် (macaw) ကြက်တူရွေး ငှက်ကလေးတွေကို တွေ့ပါတယ်။ အိမ်ကလူက ချီပြီးပြတော့ သူမကလေးက တုပ်တုပ်တောင် မလှုပ်ပဲ ငှက်ကလေးတွေကို စိုက်ကြည့်နေပါတယ်။ အိမ်ကလူက Rio ဇာတ်လမ်းထဲက သီချင်းဆိုပြတာတောင် သူ့အဖေကို ခပ်ငေးငေးလေးကြည့်ပြီး နားမလည်တဲ့ပုံလုပ်နေတော့မှ ငှက်တွေကို ကျွန်မက သေသေချာချာကြည့်မိပါတယ်။ သူမကလေးကြည့်နေကျ ကာတွန်းထဲက ငှက်ကလေးတွေနဲ့ သိပ်မှမတူပဲကိုး။ ဇာတ်လမ်းထဲက ငှက်ကလေးတွေဟာ ကာတွန်းဆွဲထားတာဆိုတော့ ချစ်စရာအလွန်ကောင်းနေပြီး အပြင်က ငှက်တွေဟာ ကာတွန်းထဲက အကောင်လေးတွေလောက် သိပ်မှမလှပဲ။ 
sign post လေးများ
ဇာတ်လမ်းထဲက ငှက်တွေက တစ်ကိုယ်လုံးအပြာရောင်ဖြစ်နေပြီး zoo ထဲက ငှက်တွေက အမွှေးရောင်စုံကလေးတွေဖြစ်နေတာကလည်း တစ်ကြောင်း၊ တစ်ကယ့်ငှက်ကလေးတွေရဲ့ အော်သံက ကာတွန်းထဲကလောက် မချိုတာတဲ့အပြင် ဇာတ်လမ်းထဲမှာလို အင်္ဂလိပ်လို စကားမပြောတတ်တာလည်း တစ်ကြောင်းကြောင့် သမီးကလေးခမျာ ဘယ်လိုမှစိတ်မလှုပ်ရှားတဲ့အပြင် ငှက်တွေထအော်လိုက်တဲ့အခါ တစ်ကိုယ်လုံးတုန်တက်သွားပြီး ငှက်တွေထက်ကျယ်တဲ့အသံနဲ့ ငိုရှာပါရော။ ကျွန်မတို့မှာ သမီးကလေးကို ချော့မော့ပြီး ငှက်ကလေးတွေအနားက ခပ်သုတ်သုတ်လေး ထွက်ခဲ့ရပါတယ်။

Macaw လေးတွေရှိတဲ့ နေရာတစ်ဝိုက်နားမှာ Babirusa, Siamang (ape အမျိုးနွယ်ဝင်), False Gharial (Crocodile အနွယ်ဝင်), Mousedeer, white face monkey စတဲ့ တိရစ္ဆာန် ကလေးတွေကိုလည်း တွေ့နိုင်ပါတယ်။ Babirusa ကိုတွေ့တော့ အိမ်ကလူက Lion King ကာတွန်းထဲက ဇာတ်ဝင်သီချင်းဖြစ်တဲ့ Hakuna Matata (no problem) ဆိုတဲ့သီချင်းကို သမီးကလေးကို ဆိုပြနေပါတယ်။ ကာတွန်းထဲမှာ အဲဒိသီချင်းက Pumbaa အမည်ရ တောဝက်ကလေး (Warthog)Timon အမည်ရ မြွေပါ (Meerkat) ကလေး  နဲ့ ခြင်္သေ့ဘုရင်ဖြစ်မယ့် simba လေးရယ် သီချင်းဆိုရင်း အတူတူကြီးပျင်းလာကြတဲ့အခန်းရဲ့ နောက်ခံတေးသီချင်းပါ။ နောက်မှ ဆိုင်းဘုတ်ကို သေချာဖတ်မိတာက Babirusa က တောဝက်မဟုတ်ပါဘူး။ တောဝက်နဲ့ တူမယောင်နဲ့ကွဲပြီး၊ ဆင်မယောင်နဲ့လည်းလွဲပါတယ်။ warthog (တောဝက်) ရဲ့အစွယ်ဟာ သူ့ပါးစပ်ဘေးဘက်ကနေ ထွက်နေပြီး၊ Barbirusa ရဲ့အစွယ်ကတော့ နှုတ်သီးရဲ့အပေါ်ကနေထွက်နေပါတယ်။ တစ်ခုဝန်ခံစရာရှိတာက Barbirusa ဟာ ဝက် တော့ ဝက် ပါပဲ၊ ဒါပေမယ့် မြန်မာအခေါ် ဘာဝက်မှန်းကိုတော့ တိတိပပ ကျွန်မ မသိပါဘူး။ သိသူများရှိရင်လည်း ဗဟုသုတအနေနဲ့ ပြောပြပေးသွားစေချင်ပါတယ်ရှင်။
သူကလေး အိပ်နေမယ်..း)

မိကျောင်းမျိုးနွယ် False Gharial
ဒီအကောင်ကို ရုတ်တရက်ကြည့်ရင် မိကျောင်းလို့ပဲ ပြောမိကြမယ်ထင်ပါတယ်။ သူ့နာမည်က false gharial ပါတဲ့။ false gharial ဆိုမှတော့ True Gharial လည်းရှိနိုင်တယ်နော်လို့ အိမ်ကလူကိုလက်တို့ပြီးပြောတော့ ဖြစ်နိုင်တယ်၊ သူလည်းမသိဘူးတဲ့၊ အိမ်ရောက်မှ ဂူဂယ်ကြည့်တဲ့။ ကျွန်မကလည်း မနေနိုင်၊ မနိုင်ထိုင်ရှိလှတာမို့ ဖုန်းနဲ့ပဲကောက်ပြီး ဂူဂယ်ကြည့်လိုက်တော့ တကယ်ပဲ True Gharial ဆိုတာရှိပါတယ်။ True နဲ့ False Gharial တို့ရဲ့ကွာခြားချက်ကို ဒီမှာ ကြည့်နိုင်ပါတယ်။ သေချာတာတစ်ခုကတော့ False Gharial ဟာ မိကျောင်းမျိုးနွယ်ပါပဲ။ 

ဒါကတော့ နောက်တစ်မျိုး။ mousedeer ပါတဲ့။ သမင်မျိုးနွယ်မှာတောင် ကြွက်သမင် ဆိုတာ ရှိသေးတယ်ဆိုပဲ (နောက်တာပါဗျာ :D) ဒါလည်း သေသေချာချာမသိပါဘူး။ ချစ်တော့ချစ်စရာလေးပါ။ သူကအပင်တွေကြားမှာ ပုန်းနေလို့ ကျွန်မနဲ့လည်း အလှမ်းဝေးတာကြောင့် အိမ်ကလူရဲ့ အားကောင်းတဲ့ Zoom Lens နဲ့လှမ်းရိုက်ခိုင်းရပါတယ်။
ပုန်းနေရှာတဲ့ Mousedeer
နောက်တစ်နေရာဖြစ်တဲ့ ကျွန်မတို့အမျိုးတွေရှိတဲ့ နေရာကို သွားကြရအောင်ပါ။ လူဆိုတာ မျောက်ကဆင်းသက်လာတာလို့ ဆိုကြတယ်မဟုတ်လား။ အဲဒီမျောက်ကလေးတွေက ရိုးရိုးမျောက်လေးတွေမဟုတ်ပါဘူး။ တင်ပါးမှာ Blusher ဆိုးထားပါသေးတယ်။ ဒီ Baboons လေးတွေက ကျွန်မတို့ရဲ့ ရွှေမြို့တော်ကြီးက Baboons တွေလို ဝူတို့ လို့ တစ်ခါမှ မအော်ကြပါဘူး။ လူတွေကြည့်နေတာကို ရှက်လို့ထင်ပါရဲ့။ တစ်ကောင်သောသူကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးတဲ့။ ကြည့်ပါဦး။ ကြည့်သောသူမြင်၏ တဲ့လေ :D ကဲ..ဘာပြောဦးမလဲ? ;)
သူတို့ သားအမိတွေလည်း ကြင်ကြင်နာနာ...း)
Baboons အပြင် Chimpanzee (မျောက်ဝံ) တွေလည်းတွေ့နိုင်သေးတယ်။ ကျွန်မစိတ်ထင် ဒီ zoo မှာ မျောက်အမျိုးစုံအောင် တွေ့နိုင်ပါတယ်။ Singapore Zoo ကို တိရစ္ဆာန်ရုံလို့ နာမည်မတပ်ပဲ မျောက်ရုံ လို့သာ နာမည်တပ်လိုက်ချင်ပါတော့တယ်။ 
Malayan Tapir (ကြံသူတော်
မျောက်ရွာ အလွန်လေးမှာ ကျွန်မတို့ သိပ်မြင်ဖူးလေ့ မရှိတဲ့ Tapir (ကြံသူတော်) ကို လည်းတွေ့နိုင်ပါတယ်။ ပထမတော့ သူ့နှာမောင်းကဆင်နဲ့တူနေလေတော့ ကျွန်မက ကြံ့ဆင်လို့တောင် ထင်လိုက်ပါသေးတယ်။ စာအုပ်ထဲမှာရှာကြည့်တော့မှ ကြံသူတော် မှန်းသိရပါတယ်။
ကျားဖြူး)
Ibex
အဲဒီကနေ နည်းနည်းဆက်လျှောက်လာကြတဲ့အခါ white tiger အပြင် Ibex (တောင်ဆိတ်ရိုင်း) ကိုတွေ့ကြရမှာပါ။ တောင်ဆိတ်ရဲ့ ဆိုင်းဘုတ် Female or Doe ဆိုတာကို မြင်တော့ ကျွန်မက Sound of Music ဇာတ်လမ်းထဲက ဇာတ်ဝင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Do Re Mi” သီချင်းကို သမီးလေးအတွက် ဆိုပြမိပါတယ်။ ကျွန်မတို့ ဘေးနားမှာရှိနေတဲ့  Caucasian ကလေးလေးတွေက ကျွန်မနဲ့အတူ လိုက်ဆိုနေတာကို တစ်အံ့တစ်သြ ကြားလိုက်ရပါတယ်။
Doe..a deer, a female deer.
Ray...a drop of golden sun.
 Me…a name I call myself.
Far…a long long way to run.
Sew…a needle pulling thread.
La…a note to follow Sew.
Tea..a drink with jam and bread. That will bring us back to Doe..oh..oh..oh ♫းDးD ပျော်စရာကြီးနော်။ 

စကားမစပ်၊ ဓါတ်ပုံတွေကို ကြည့်ရင် အပြင်မှာဆို သူတို့ ဘယ်လောက်များ လှလိုက်ကြမလဲဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ (ကြွားတား)))။ ဒါ့အပြင် Asian Elephant ကိုလည်းတွေ့ရမှာပါ။ ကျွန်မစိတ်ထင် မြန်မာပြည်ကများ ဝယ်ယူထားသလားလို့းP ရန်ကုန်က မိုမိုကြီး တွေနဲ့ မတူဘူးလားရှင်။ 
အဖိုးတန် poo poo :)
ကြည့်လိုက်ရတဲ့ အကောင်ပလောင်တွေ၊ ရိုက်လိုက်ရတဲ့ ဓါတ်ပုံတွေ နဲ့ လျှောက်လိုက်ရတဲ့ လမ်းရှည်ရှည်ကြီးတွေကြောင့် ဗိုက်ဆာနေကြပြီ။ ကျွန်မတို့ ရောက်နေတဲ့ ဆင်တွေရှိရာနေရာနဲ့ ထမင်းစားမယ့်နေရာက နည်းနည်းလှမ်းလေတော့ Tram နဲ့ နှစ်မှတ်တိုင်လောက်စီးသွားပြီး Kids’ world မှာဆင်းပါတယ်။ အဲဒီမှာပဲ ဖြစ်သလို KFC စားလိုက်ကြရပါတယ်း)) ဆာဆာနဲ့ဆိုတော့ စားကောင်းလိုက်တဲ့ဖြစ်ခြင်း။ ဒါပေမယ့် ကျွန်မတို့ သုံးယောက်သားမှာ (ကျွန်မ၊ အိမ်ကလူ နဲ့ အိမ်အကူ ကောင်မလေး) အစာလွန်နေတာကြောင့် ကြက်ကြော်နှစ်တုံးလောက်စီကို အကုန်ကုန်အောင် မနည်းစားလိုက်ကြရပါတယ်။ 
Boat ကလေးတွေမှာလည်း နာမည်ရှိကြတယ်း)
ဗိုက်ပြည့်သွားပြီဆိုတော့ သမီးကလေးလည်း Stroller ထဲမှာအိပ်ပျော်သွားပါပြီ။ ကျွန်မတို့မှာလည်း ဗိုက်လေးပြီး ပင်ပန်းနေတာနဲ့ boat စီးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ Boat Ride စီးကြတဲ့အခါ ဒီဖက်ကမ်း (Station 1) ကနေ ဟိုဖက်ကမ်း (Station2) ကိုကူးချိန် ၁၅ မိနစ် တိတိကြာပါတယ်။ Boat စီးပါမယ်ဆိုမှ မိုးပြေးလေးက တစ်အေးအေး၊ ရေလှိုင်းကလည်း တစ်ဖွေးဖွေး ဆိုတော့ နည်းနည်းကြောက်စိတ်ဝင်မိတဲ့ ကျွန်မက ဒီဖက်ကမ်းက တာဝန်ရှိသူတစ်ယောက်ကို Safe ဖြစ်ပါ့မလားလို့ ခပ်ညည်းညည်းလေးမေးမိပါတယ်။ သူက မကြောက်ပါနဲ့ သိပ် Safe ဖြစ်ပါတယ်လို့ ပြန်ဖြေပါတယ်။ သူကအဲသလိုပြောပေမယ့်လည်း Boat Jetty က မိုးရေတွေနဲ့မို့ ခပ်ချောချောဖြစ်နေတာနဲ့ ကျွန်မမှာ တွန့်ဆုတ် တွန့်ဆုတ်လုပ်လျှောက်ရင်း Boat ပေါ်ဘယ်လိုရောက်မှန်းမသိရောက်လာရပါတယ်။ Boat ပေါ်ရောက်ရောက်ချင်း နေရာအနှံ့ မျက်လုံးကစားကြည့်မိတော့ Life saving jackets  နဲ့ တစ်ခြားသက်ကယ်ပစ္စည်းအချို့ကို တွေ့မှ ထိုင်ခုံမှာခပ်တည်တည် ထိုင်နိုင်ပါတော့တယ်။ 
သက်ကယ်ဘောတွေရှိသားပဲးD
ဟိုဖက်ကမ်းမှာ မိုးတွေညို့နေပြီ
Boat ပေါ်ကနေ မြစ်ရေပြင်ထဲကို ငေးကြည့်ရတဲ့ အမျိုးအမည်မသိ အရသာကြောင့် ကျွန်မတို့ ငယ်တုန်းက အဖွားရဲ့ဇာတိ ဧရာဝတီမြစ်နဖူးပေါ်က ဆူးဂဏန်းရွာကလေးရဲ့ ပုံရိပ်ဟောင်းတစ်ချို့ကို ပြန်မြင်ယောင်မိစေပါတယ်။ ဧရာဝတီမြစ်ရေပြင်ပေါ်ကို လှေကြီး၊ သင်္ဘောကြီးတွေဖြတ်လို့ လှိုင်းလုံတွေလာပြီဆို မြစ်ကမ်းနားအိမ်က ကစားဖော် ကောင်ကလေး၊ ကောင်မလေးတွေက “လှိုင်းလုံးကြီးတွေ လာနေပြီဟေ့” လို့ အော်လိုက်တာနဲ့ ကျွန်မက အိမ်ပေါ်ကအပြေးဆင်း၊ မြစ်ကမ်းအစပ်က ချည်တိုင်မှာ ကပ်ချည်ထားတဲ့ လှေငယ်ကလေးပေါ် အပြေးတက်ပြီး လှိုင်းစီးကြရတဲ့ ပျော်ရွှင်ကြည်နူးမှုကတော့ တစ်သက်မမေ့စရာပါ။ အဖွားဇာတိဖြစ်တဲ့ ရွာကလေးကို ကျွန်မတို့ကျောင်းပိတ်ချိန် နွေရာသီရောက်မှသာ တစ်ခါတစ်ရံ သွားလည်ကြရပေမယ့် ရွာကကျွန်မသူငယ်ချင်းလေးတွေဟာ ကျွန်မလို မြို့သူထုံအအကို အမြဲသတိတရရှိကြပြီး သွားလည်တိုင်း ငယ်ပေါင်း၊ ကြီးဖော်တွေလို သိပ်ခင်ကြပါတယ်။ Zoo ထဲက Boat ပေါ်မှာရောက်နေတဲ့ ကျွန်မရဲ့ စိတ်အစဉ်က ပျော်သလိုလို၊ ဆွေးသလိုလို ဖြစ်နေတာကိုတော့ အိမ်ကလူတစ်ယောက် ဘယ်လိုမှနားလည်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မအတွက်တော့ ခုလို မြို့ပြမှာရနိုင်တဲ့ အပျော်ဟာ ကျေးလက်က သဘာဝအပျော်ကို ဘယ်လိုမှ မမီနိုင်ပေမယ့် အနည်းဆုံးတော့ ကျွန်မတို့ ရှုပ်နေကျတစ်နေ့တာ အလုပ်တွေကနေ ဖယ်ခွာစေပြီး စိတ်ချမ်းမြေ့မှုကို ပေးတာတော့ အမှန်ပါပဲ။ 
Boat Jetty ရဲ့မြင်ကွင်း

Boat ပေါ်မှာငြိမ့်ငြိမ့်လေးစီးမျောနေတုန်း မိုးဖွဲလေးတွေ မျက်နှာပေါ် လာမှန်တဲ့ အရသာကလည်း အေးအေးစိမ့်စိမ့်ရှိလွန်းလို့ ခေါင်းကိုမော့ပြီး ရုတ်တရက် သီချင်းလေးတောင် ညည်းမိပါတယ်။ xxx လှေကလေးကို....လှော်....မည်...ဘေးမသမ်းပဲ အေးချမ်းတော့သည်...မြစ်ကမ်းခြေ ရေ...နဒီ စိမ်းလဲ့လဲ့ကြည်.....xxx ကျွန်မရဲ့နောက်နားမှာ ရှုခင်းတွေကို ရိုက်ဖို့ မတ်တပ်ရပ်ပြီး လိုက်ပါလာတဲ့ အိမ်ကလူက ခေါင်းကိုတစ်ချက်ပုတ်လိုက်မှ ယောင်ပြီး သီချင်းညည်းနေတဲ့ ကျွန်မ ကိုယ့်ကိုကိုယ်သတိထားမိပြီး ကိုယ်ရှိန်သတ်ရတဲ့ အဖြစ်း)) နိုးနေတဲ့ သက်တမျှကလည်း သူ့ဘာသာဗေဒနဲ့သူ သီချင်းလေးညည်းနေလေရဲ့ xxx Ahhh..huh...huhhhhh...harrrrrrးo) xxx
 
ချစ်စရာ Old Fishing Jetty
Boat စီးရတာပျော်လာတာနဲ့ တန်လည်းတန်အောင် နှစ်ခေါက်စီးမယ်ဆိုပြီး နှစ်ခေါက်တိတိ Station1 ကနေ Station2၊ Station2 ကနေ Station1 အထိစီးပြီးတဲ့အခါ မိုးနည်းနည်းမှောင်လာတာနဲ့ ကျွန်မတို့ ပြန်ကြပါတော့မယ်။ Station1 က Exit နဲ့ ဝေးမဝေးမြေပုံကြည့်မိတော့မှ Station2 နားမှာ Exit ဖြစ်နေတာကြောင့် Boat ကို ခပ်ပျော်ပျော်ကြီးပဲ နောက်တစ်ခေါက် ထပ်စီးလာကြရပါတော့တယ်။ တိရစ္ဆာန်လေးတွေ အများအပြား တွေ့ခဲ့ရပေမယ့် ဓါတ်ပုံတွေအများကြီး ရိုက်ခဲ့မိတဲ့ ကိုယ့်အပြစ်ကြောင့် ပုံတွေရွေးပြီး တင်တဲ့အခါ အခက်အခဲရှိခဲ့ပါယ်။ ဒီလောက်နဲ့ပဲ လုံလုံလောက်လောက် နှိပ်စက်ပါရစေတော့ရှင်း) အပြန်လမ်းမှာတော့ အပျော်တွေကို Zoo မှာပဲ ထားခဲ့လိုက်ပါတယ်။ နောက်တစ်နေ့မှာ အိမ်အလုပ်တွေ၊ တစ်ခြားသော အလုပ်တွေနဲ့ ပြန်ပြီး ပုံမှန်လည်ပတ်ကြရဦးမှာမဟုတ်လား။ "Will Resume Work As Usual..းD"
ဒီပုံက အချပ်ပို အနေနဲ့ပါ.....(ပေးပါ၊ ပေးပါဆို...၊ ဟေး.... ရပြီးD)

*သတိတရ ယူဆောင်သွားဖို့ လိုနိုင်မယ့် ပစ္စည်းအချို့*

ယပ်တောင် (စင်္ကာပူ ရာသီဥတုက အစိုးမရတာကြောင့်ပါ) ကျွန်မတို့သွားတဲ့နေ့က မနက်ပိုင်း နေအရမ်းပူပြီး၊ နေ့လည်ပိုင်းမှာ ရုတ်တရက် မိုးကစွေနေလိုက်တာ ပြန်ချိန်ထိပါပဲ)

ထီး (သို့) မိုးကာ (စင်္ကာပူ ရာသီဥတုက အစိုးမရတာကြောင့်ပါပဲ)

သတင်းစာ (သို့) သယ်ရလွယ်ကူမယ့် ခေါက်ဖျာအပျော့ (တွေ့တဲ့အရိပ်အာဝါသကောင်းကောင်းအောက်မှာ ခဏတစ်ဖြုတ်နားနိုင်အောင်ပါ)

နေ့လည်စာ နဲ့ ရေဗူး (တစ်ခါသုံးဗူးကလေးများနဲ့ထည့်ရင် ပိုအဆင်ပြေပါတယ်။ စားပြီးတဲ့အခါ တစ်ခါတည်း လွှင့်ပစ်နိုင်အောင်ပါ။) 

တစ်ခါသုံး စက္ကူလက်ကိုင်ပုဝါအစို နဲ့ အခြောက် (လက်ဆေးစင်တွေမှာ လူများတဲ့အခါ ခဏတစ်ဖြုတ်သုတ်ထားနိုင်အောင်လို့ပါ)

ရှုဆေး၊ သကြားလုံး (လူများတဲ့ဒဏ် မခံနိုင်တဲ့အခါ) ဒီအချက်ကတော့ ကျွန်မအမြဲကျင့်သုံးရပါတယ်။ ယပ်တောင်နဲ့ ခေါက်ဖျာလည်း ပါမသွားခဲ့လို့ နည်းနည်း ကသိကအောက်ဖြစ်ခဲ့ရတာကလွဲလို့ စိတ်ချမ်းမြေ့စရာ အလည်အပတ်လေးတစ်ခုဖြစ်ခဲ့ပါတယ်ရှင်။ 

ကျွန်မတို့နဲ့အတူ လိုက်ပါလာတဲ့ မိတ်ဆွေများလည်း ဒီလောက်ဆို တော်တော်မောလောက်ပြီပေါ့။ ခေတ္တခဏနားပါရစေ...း)

***
ဒီပို့စ်ထဲက information တစ်စုံတစ်ရာ ချွတ်ချော်မှားယွင်းနေခဲ့မယ်ဆိုရင် ကျွန်မရဲ့လေ့လာချက်အားနည်းလို့သာဖြစ်ပါတယ်။ မှားတာတွေ့ခဲ့ရင် ပြင်ဆင်ပေးသွားပါရှင်။ ကျေးဇူးတင်ပါတယ်။


လှပသော၊ အေးချမ်းသော weekend ပါး)

မေတ္တာအားဖြင့်
မိုးပန်းချီ



16 comments:

  1. ပျော်စရာကြီးး))) သက်တမျှပုံလေးတွေ တင်ပါဦးလေ....

    ReplyDelete
  2. ဟိ..တင်လိုက်ပါဦးမယ်လေ ချစ်မရေး))

    ReplyDelete
  3. တို့လဲလိုက်မယ်ချန်မထားနဲ့နော်
    သွားချင်တယ် မရောက်ဖူးသေးဘူး
    ဌက်လေးတွေကချစ်ဖို့ကောင်းတယ် သမီးလေးပုံကိုကြည့်ပြီးချစ်နေတယ် ပုံလေးယူထားတယ်နော် စက်ထဲသိမ်းထားပြီ
    ချစ်လို့-----
    ပန်းချီ ဆိုဒ်ထဲကပုံလေးကိုလဲချစ်တယ် ဆိုဒ်ကိုဖွင့်တိုင်းသူ့ပုံလေးကိုအရင်ကြည့်မိတာ
    ခင်မင်တဲ့ jasmine

    ReplyDelete
  4. ပန်းချီပို့စ်ကိုဖတ်တော့မှာ တိရိစ္ဆာန်ရုံမရောက်ဖြစ်တာ ဆယ်နှစ်နီးပါးတောင်ရှိပါရောလား.....။ လိုက်ပို့စရာခေးလဲမရှိလေ..ဟိ ဟိ။

    ReplyDelete
  5. သွားပြီးပြီအစ်မ... မြေပုံကြီးကိုင်ပြီး ခေါင်းတွေမူးလို့ ခြေတိုအောင် လျှောက်ရတာ အရမ်းပင်ပန်းတယ်...

    ReplyDelete
  6. အစ်မစံပယ်..ကျွန်မတို့နဲ့အတူလိုက်ခဲ့တော့ မောမှာပေါ့း)) သက်တမျှလေးကိုချစ်တဲ့အတွက် ကျေးဇူးတင်ပါတယ် မရေ။
    မမိုး..ခေးငှားမယ်လေ..ဟဲဟဲ..ဆယ်နှစ်တောင်ရှိပြီဆိုတော့ အတော်တောင်ကြာပြီပဲ။
    ရဲရဲး)) ဟုတ်တယ် ကျွန်မ ပထမအကြိမ်သွားဖူးတုန်းကတော့ အဲလိုပဲ ပင်ပန်းတယ်။ အခုဒုတိယအကြိမ်မှာတော့ Tram နဲ့ Boat ride အကန့်အသတ်မရှိစီးလို့ရတဲ့ လက်မှတ်ကိုဝယ်လိုက်တော့ မပင်ပန်းတော့ဘူးး)

    ReplyDelete
  7. သက်တမျှလေးကအမေတူသမီးလေးဖြစ်မယ်ချစ်စရာကောင်းတယ်း)
    စိတ်ရှည်စွာနဲ့သေသေချာချာတင်ပေးတဲ့အတွက်ကိုယ်တိုင်
    အလည်သွားနေရသလိုခံစားရတယ်မိုးရေ။
    တီတင့်လည်းတစ်နေ့တော့ရောက်အောင်သွားလည်အုံးမှပဲး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. Zoo ကို လိုက်လည်သွားတယ် ညီမ...
    ညီမ စာရေးတာ သိပ်သွက်တော့ ကိုယ်တိုင် ညီမတို့နဲ့ အတူတူ လိုက်လည်ရသလို ပျော်စရာကောင်းလှပါတယ်...
    သက်တမျှလေး အမွေးရောင်စုံနဲ့ ငှက်တွေ ကြက်တူရွေးတွေ တွေ့ပြီး နားမလည်နိုင် ဖြစ်ပြီး ငိုသွားတာကို ဖတ်ပြီး ရယ်မိတယ်... သဘာဝကို ကာတွန်းအရုပ်တွေက လွှမ်းမိုးသွားတာနော်...

    ReplyDelete
  9. တို့လည်းလိုက်မယ်ချန်မထားနဲ့ မိုးပန်းချီသွားတော့ ပျင်းလှတယ်..
    ဟဲဟဲ
    စုံလိုက်တဲ့ အကောင်တွေ..
    တိရိစ္ဆာန်ရုံဆိုလည်း အဲဒီလို စုံစုံစိစိ ရှိနေရင်တော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်
    မဟုတ်ရင်တော့ ပျင်းစရာကြီး။
    ခုတော့ မိုးပန်းချီတို့နဲ့ အတူတူလိုက်ခဲ့တာ ပျော်သွားတယ်
    သက်တမျှလေးက ချစ်ဖို့ကောင်းတယ်။။

    ReplyDelete
  10. မရောက်ခဲ့ဘူး မပန်းချီရေ..အမပို့ စ်ကို ဖတ်ပြီး လည်လိုက်တာ သိပ်ကောင်း..

    ReplyDelete
  11. ပျော်စရာကြီး ညီမ ရေ

    ချစ်တဲ့
    အမရွှေစင်

    ReplyDelete
  12. လှလိုက်တဲ့ပုံတွေ။ အရမ်းကြိုက်တယ်ဗျာ။ အကောင်တွေလဲစုံ၊ ဗဟုသုတလဲရ၊ အစ်မမိုးပန်းချီ ရဲ့သမီးလေးကလဲ တအားချစ်ဖို့ကောင်းကြောင်းပါ။

    ReplyDelete
  13. တီတင့်ရေ...တီတင့်ပြောတာဟုတ်မှဟုတ်း))
    စိတ်ရှည်ရှည်လိုက်လည်သွားလို့လည်း ကျေးဇူးတင်ပါတယ်နော်။ နောက်တစ်ခါဒီကိုလာလည်ရင် လိုက်ပို့ပါ့မယ်။
    မမသက်ဝေ...သက်တမျှအဖြစ်က တကယ်ကိုငိုအားထက်ရယ်အားသန်တယ်လို့ ပြောရမယ် မရေ။ ညီမပြောချင်တာလေးတွေ မြင်အောင်ဖြစ်ပေးသွားတာလည် ကျေးဇူးတင်လိုက်တာ မရေး)) ဘွာာာာာား
    မမချောရေ...ထားခဲ့ပါဘူး..မောင့်ရွှေနွယ်ရိုးရယ် ခိုးရာလိုက်တော့ကွယ်..တစ်ခါတည်းခေါ်သွားပြီးD ကျေးဇူးတင်ပါတယ် မ
    ညီမလေးစန်းထွန်းရေ..နောက်တစ်ခါ ဒီရောက်ရင်လက်တို့လိုက်လေ..တူတူသွားရအောင်း)
    ချစ်မ ရွှေစင်..ပျော်တယ်ဆိုလို့ ကျေးဇူးအများကြီးး))
    8Yar ရေ...စိတ်ဝင်တစားဖတ်ရှုအားပေးသွားလို့ ကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete
  14. မမိုးရေးထားတာလေးက ဖတ်ရတဲ့လူကို ပါ ပျော်တပြုံးပြုံးနဲ့ တိရိစ္ဆာန်ရုံကို အတူတူလိုက်လည်နေမိစေတယ်။ တကယ်က ရောက်ဖူးပြီးသား။ အဲဒီတုန်းကတောင် အခုမမိုးနဲ့လိုက်လည်တာလောက် မစုံခဲ့သလိုပဲ.။ :D

    သက်တမျှကတော့ ထာဝရချစ်စရာကောင်းမှကောင်း....း)

    ReplyDelete
  15. ဟန်ကြည်February 17, 2012 10:58 AM

    တိရစ္ဆာန်ရုံတစ်ခေါက်ရောက်ဖြစ်သွားရပြန်ပြီ...ကျေးဇူး...

    တကယ့်ငှက်ကလေးတွေက ကာတွန်းငှက်ကလေးတွေလောက် မလှလို့ သက်တမျှ ငိုတယ်ဆိုတာ ဖတ်ရတော့ ရယ်လိုက်ရတာလေ...ဟုတ်ပါရဲ့ ကလေးဆိုတာ အင်မတန် ဖြူစင်ရိုးသားကြတာကလား...

    လင့်ခ်ချိတ်ထားလိုက်ပါတယ်...

    ReplyDelete
  16. ညီမလေးအင်ကြင်းရေ..ကိုယ်တို့နဲ့အတူ ဒုတိယအကြိမ် ပျော်ပျော်ပါးပါးလိုက်လည်သွားလို့ ကျေးဇူးအများကြီးတင်ပါတယ်နော်။ သက်တမျှကို ချစ်ပေးလို့ အာဘွားးးး))
    အစ်ကိုဟန်ကြည်...တိရစ္ဆာန်ရုံလိုက်လည်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။ သက်တမျှအဖြစ်ကတော့ မြင်စေချင်ပါဘိ..းD လင့်ခ်ချိတ်ပေးလို့ ကျေးဇူးပါ အစ်ကို။ အခုလေးပဲ ဒေါ့ကွန်း ထားပါတယ်းD အစ်ကို့လင့်ခ်လည်း မချန်ခဲ့ဘူး။ ရှာလိုက်ပါ့မယ်။

    ReplyDelete

ရင်ထဲရှိတာပြော..း)