Tuesday, December 18, 2012

ချစ်စရာ့ မေးစေ့ကလေး...



သက်တမျှ ၆လ ပြည့်တုန်းကလဲ မေးစေ့နှစ်ထပ်ရှိတာပဲး))
မတွေ့ဖြစ်တာ နှစ်အတော်ကြာပြီဖြစ်တဲ့ ကျွန်မရဲ့ငယ်သူငယ်ချင်းတစ်ယောက်နဲ့ အွန်လိုင်းမှာ စကားပြောဖြစ်ကြရင်း အမြဲလို လှလှပပလေးနေတတ်တဲ့ သူငယ်ချင်းက အသက်ကြီးလာတော့ ဝလာတယ်ဆိုတဲ့အကြောင်း၊ မေးစေ့နှစ်ထပ်တောင်ဖြစ်နေပြီဆိုတဲ့အကြောင်း ပြောပြရင်း၊ ဘယ်လိုလုပ်ရလဲ၊ နည်းရှိရင်ပေးပါဦးဆိုတော့ လေ့ကျင့်ခန်းဆိုလို့ တစ်ကနေတစ်ဆယ်ထိအောင် ရယ်ရမှာပျင်းတတ်တဲ့ကျွန်မအတွက် အခက်တွေ့ပါတော့တယ်။ ဒါပေမယ့် သူငယ်ချင်းမလေးကို ကူညီချင်တာနဲ့ ကိုယ်ကလည်း ( မဆိုသလောက်လေးး) ဝလာတာနဲ့ တစ်ချက်ခုတ် သုံး၊လေးချက်ပြတ်စေတော့ရယ်လို့ ဆုံးဖြတ်ချက်ချပြီးသကာလ သူငယ်ချင်းကို နည်းလမ်းရှာပေးမယ်ဆိုပြီး တတ်ယောင်ကားနဲ့ ရဲရဲကြီးအာမခံခဲ့ပါတယ်။ အဲဒါနဲ့ပဲ သူငယ်ချင်းအတွက်ရော၊ ဘလော့မှမိတ်ဆွေများ၊ မေးစေ့နှစ်ထပ်ဖြစ်လို့ စိတ်ပျက်နေတဲ့ ချစ်စရာ့ပျိုမဒီလေးများအတွက်ပါ ဒီပို့စ်ကိုရေးဖြစ်ပါတယ်။ အလှအပနဲ့ ကိုယ်ကာယလေ့ကျင့်ခန်းဖက်မှာ ပရို မဟုတ်တဲ့အတွက် အရေးအသား ဆီလျော်မှုမရှိခဲ့ရင် ခွင့်လွှတ်သည်းခံပေးဖို့ ကြိုတင်မေတ္တာရပ်ခံပါတယ်။ မေးစေ့နှစ်ထပ်လေးနဲ့ ချစ်စရာကောင်းလိုက်တာလို့ ချီးမွမ်းခံနေရဆဲသူတွေအတွက်တော့ ဒီပို့စ်က အသုံးမဝင်တော့ပါဘူးး) ကမ္ဘာမပျက်ခင် လှချင်သူများအတွက်ရယ်ပါး))

၁)  ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်ကျယ်လေး ၁၀ စက္ကန့်ကြာအောင် ဟထားပါ။ ပြီးလျှင် ပြန်ပိတ်ပါ။   

၂) ဦးခေါင်းကို မျက်နှာကြက်နဲ့ မျက်နှာချင်းဆိုင် အနေအထားရောက်အောင် မော့ထားပါ။ အဲဒီလိုမော့လိုက်တဲ့အခါ မေးစေ့လည်း အလိုလျောက် မော့ထားပြီးသားဖြစ်သွားပါလိမ့်မယ်။ မော့ထားတဲ့ အနေအထားမှာ နှုတ်ခမ်းကို အရှေ့ကိုစူထွက်ပြီး မျက်နှာကြက်ဆီသို့ ထော်ထားလိုက်ပါ။ ဦးခေါင်းမော့ နှုတ်ခမ်းထော်ထားတဲ့ အနေအထားမှာ ၅ စက္ကန့်ကြာတဲ့အထိထားပါ။ ပြီးလျှင် နှုတ်ခမ်းကို ပုံမှန်ပြန်ထားပါ။ ဦးခေါင်းကိုတော့ ဆက်မော့ထားရင်း နှုတ်ခမ်းစုထော်တဲ့အကြိမ် ၃ ကြိမ်မှ ၅ ကြိမ်အထိလုပ်ပေးပါ။ (ဒီလေ့ကျင့်ခန်း လုပ်တဲ့အခါ ကိုယ့်အခန်းတံခါးပိတ်ပြီးလုပ်ဖို့ အကြံပြုပါရစေ။ နို့မို့ သူများရယ်စရာဖြစ်နေပါလိမ့်မယ်။ ဘယ့်နှယ် ပွဲမဝင်ခင် အပြင်ကကျင်းပတာများ မျက်နှာကြက်ကြီး မော့ မော့ နမ်းရတယ်လို့း))

၃)  မေးစေ့ကို ရှေ့သို့ဆန့်ထုတ်ပါ။ ၁၀ စက္ကန့်ကြာအောင်ထားပါ။ ဦးခေါင်းနဲ့ ပုခုံးကတော့ ပုံမှန် မတ်မတ်ပဲထားပါ။ ဦးခေါင်းနဲ့ ပုခုံး လိုက်ပါဆန့်ထွက်ခြင်း မပြုမိပါစေနဲ့။ (မြန်မာဆန်ဆန်ဆိုရရင်တော့ ဇာတ်ထဲက မြန်မာကကွက်တစ်ခုဖြစ်တဲ့ မေးထိုးအကလေးနဲ့တောင် ဆင်ပါသေးတယ်။ ဒီလေ့ကျင့်ခန်းကောင်းကောင်းလုပ်တတ်ပြီဆိုရင် ဇာတ်ထောင်လို့ရပြီးD)


၎) ခန္ဓာကိုယ်မတ်မတ် ထိုင်လျက်အနေအထားမှာ ဦးခေါင်းကို နောက်ဖက်သို့ ရောက်နိုင်သမျှရောက်အောင် လှန်ပြီး မှီပါ။ ၁၀ စက္ကန့်ကြာအောင်ထားပါ။

သူက အိတ်ထဲ အမြဲ မပါမဖြစ်း)
၅) ပီကေကို လူအတော်များများကြိုက်မယ်ထင်ပါတယ်။ ပီကေစားခြင်းဖြင့်လည်း မျက်နှာကြွက်သားတွေကို အလုပ်လုပ်စေနိုင်ပြီး မျက်နှာနဲ့ မေးရိုးတစ်လျှောက်ပိုနေတဲ့ အဆီတွေကို လျှော့ကျစေနိုင်ပါတယ်။ sugar free ပီကေ ကိုရွေးချယ်ဝယ်ယူပြီး ဝါးတာပိုသင့်တော်ပါတယ်။ ပီကေဝါးနေတဲ့အချိန်မှာ မျက်နှာအမူအရာအမျိုးအမျိုးလုပ်ရင်း လှပတဲ့မေးရိုးလေးပုံပေါ်စေမှာဖြစ်တဲ့အပြင် မျက်နှာမှာရှိတဲ့ အကြောများဖြေလျော့နိုင်ပါသေးတယ်။ တန်ဆေးလွန်ဘေး ဆိုသလို အစားများရင် မေးရိုးကားလာနိုင်တာကိုတော့ သတိပြုစေချင်ပါတယ်။ (စာရေးသူကတော့ တစ်ပတ်မှာ သုံး၊လေးရက်လောက် ပီကေစားပေမယ့် မေးရိုးကားမလာပါဘူးး))

(ခြင်္သေ့ကျွန်းမှာတော့ ပီကေမရောင်းပါဘူး။ ထင်တာမမှားဘူးဆိုရင်တော့ ပီကေစားတာ၊ လွှင့်ပစ်တာတွေ့ရင် ဒဏ်ငွေ ၅၀၀၀ SGD ဆိုလားပဲ။ မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှား စတဲ့ အိမ်နီးချင်းနိုင်ငံများရောက်ခဲ့ရင်တော့ တိုးတိုးတိတ်တိတ်လေး ဝယ်ယြူပီး တိတ်တိတ်တိုးတိုးလေး စားနိုင်ပါတယ်။ အများကြီးတော့ မသယ်ခဲ့နဲ့ပေါ့ရှင်။ ဥပဒေလက်တစ်လုံးခြားလုပ်ရတာ လွယ်မှတ်လို့း)) စားပြီးလို့ လွှင့်ပစ်တဲ့အခါ စက္ကူ သို့မဟုတ် ပလတ်စတစ်တစ်ခုခုနဲ့ ထုပ်ပိုးပြီးမှ အမှိုက်ပုံးထဲအရောက် ပစ်ပြီး သန့်ရှင်းမှုဖြင့် ကုသိုလ်ယူပါး)

၆) တကယ်လို့များ မေးစေ့နှစ်ထပ်ဖြစ်တာဟာ ကိုယ့်ရဲ့ကိုယ်အလေးချိန်နဲ့ ဆက်စပ်နေပြီဆိုရင်တော့ ပုံမှန်ကိုယ်ကာယ လေ့ကျင့်ခန်းဖြစ်တဲ့ အေရိုးဗစ်လိုမျိုး၊ လမ်းအမြန်လျှောက်တာမျိုး စတဲ့လေ့ကျင်ခန်းတွေကို မှန်မှန်လေးလုပ်သင့်ပါတယ်။ အဲဒါမှကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပြီး ကြွက်သားတွေလည်း ကျန်းမာသန်စွမ်းနေစေမှာပါ။

***

ဝန်ခံချက်။ ။ ဒီပို့စ်ထဲကအချက်အလက်တွေက မတူညီတဲ့ online source တွေမှာ ကျွန်မကိုယ်တိုင် ရှာဖွေမွှေနှောက်ရင်းရထားတဲ့ အချက်အလက်တွေမို့ citation တွေ၊ link တွေ နဲ့ အကိုးအကားစုံစုံလင်လင် ဖော်မပြနိုင်တဲ့အတွက် သည်းခံခွင့်လွှတ်ဖို့ မေတ္တာရပ်ခံပါရစေ။ နည်းလမ်းတော်တော်များများရှိသေးပေမယ့် လေ့ကျင့်ခန်းလုပ်ရမှာပျင်းသူတွေအတွက် အလွယ်ကူဆုံးနည်းတွေကိုပဲ ရေးသားဖော်ပြထားပါတယ်။ ပီကေကြိုက်တဲ့ ကျွန်မအတွက်ကတော့....း))

အားလုံးပဲ အေးချမ်းသာယာသော နေ့ဖြစ်ပါစေရှင်။

မေတ္တာအားဖြင့်
မိုးပန်းချီ

 

6 comments:

  1. မိုးရေ.....သိသင့်တာလေးလေးတွေသေချာဖတ်ခဲ့တယ်
    အဲလိုလဲလုပ်ကြည့်နေတယ် ဟီး
    နံပါတ်၁-၂-၃-၄ ကိုလေ

    ReplyDelete
    Replies
    1. အစ်မစံပယ်ရေ...လေ့ကျင့်ခန်းလုပ်ကြည့်နေတယ်လား? ပိုပြီးအလှတိုးလာရင် fb မှာ အလှတွေ မျှဝေဦးနော် :)) ကျေးဇူး..မ။

      Delete
  2. ညီမရေ.
    မရောက်တာအတော်ကြာလို့ ခုမှ တခေါက်ရောက်လာရတယ်။ လေ့ကျင့်ခန်းကအမြဲလုပ်နိုင်ရင်
    ကျန်းမာရေးအတွက် ကောင်းမယ်ဆိုတာ သိရက်နဲ့ အပျင်းကြီးနေမိပါရဲ့...
    ချမ်းမြေ့ပျော်ရွှင်ပါစေ...
    ချစ်တဲ့
    သဒ္ဓါ

    ReplyDelete
    Replies
    1. မဒါရေ..သတိတရလာလည်သွားတာ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီကလဲသတိတရရှိပါတယ်..မရေ။ လူကမလှုပ်သာလွန်းလို့ စာတွေတောင်လိုက်မဖတ်နိုင်ဘူးရယ်။ အတူတူပဲ ညီမလဲလေ့ကျင့်ခန်းလုပ်ရင် mr.bean လိုပဲလုပ်နေတား)) မဒါလည်း ပျော်ရွှင်အေးချမ်းပါစေ။
      ချစ်တဲ့..

      Delete
  3. အစ်မပန်းချီရေ အနော်က ပီကေအရမ်းကြိုက်တာ။ နေ့တိုင်းဝါး တစ်နေကုန်ဝါးတာ။ ငယ်ငယ်ကဆို ပီကေတောင် အရည်ပျော်ကျသွားဖူးတယ်။ ကံကောင်းတာက ခုထိမေးရိုးမကားဘူး။ အာရုံကြောအားနည်းတာ ပီကေ၀ါးတာနဲ့များဆိုင်မလားမသိဘူး။

    ReplyDelete
    Replies
    1. အကြိုက်တူနေပြီ ညီမလေးရေ။ ပီကေဝါးလွန်းရင် အာရုံကြောတွေကို အလုပ်ပေးနေသလိုဖြစ်တဲ့အတွက် အားနည်းတတ်ပါတယ်။ နည်းနည်းလျှော့စား။ ကိုယ့်ကိုကိုယ်လည်း သတိပေးနေတား)

      Delete

ရင်ထဲရှိတာပြော..း)