Sunday, May 8, 2011

မိုးတိမ်စတွေရဲ့ အပေါ်မှာ....

အမေစံရဲ့ မျက်နှာမှာ သွေးစုပ်ဖြူရော်လို့နေပြီ..။ ဆိုင်းထိုးရန် ဘောလ်ပင် ကိုင်ထားသော လက်တို့ကလည်းတုန်ရင်လို့..အမေစံသည် စိမ်းပြာရောင် နောက်ခွဲယူနီဖောင်းနှင့် ခေါင်းစွပ်အစိမ်းနုရောင် ဝတ်ထားသော သူမ၏သူငယ်ချင်း ဆရာဝန်မကြီးဆီသို့ အားကိုးလွန်းကြီးစွာ မော့ကြည့်လိုက်သည်။


*****************_/\_/\_/\_/\_/\_****************

နားလည်မှုတို့ လွဲချိန်....
"စော" သည်းထန်စွာငိုလေပြီ..။ စော တစ်ယောက်တည်း တစ်စိမ်းတစ်ရံစာတွေကြား အားငယ်နေမှာကို ကြိုမတွေးမိတော့ဘူးလားဟု စော က ဆိုလျှင် ကိုယ့်မေမေဟာ စောရဲ့မေမေပဲ မဟုတ်လား ဟု"ခန့်" ကပြန်ဖြေမြဲ..။ ခန့် ရဲ့ အကြောင်းပြချက်က စောကိုလုံခြုံ နွေးထွေးသောနေရာမှာ မီးဖွားစေချင်သည်တဲ့လေ..။  စော အတွေးကတော့ ဒီလိုမဟုတ်.. စောကခြူခြာသူမို့ ခုလို ကိုယ်လေးလက်ဝန်ရှိနေစဉ် စောကို ပြုစုရမှာ ကြောက်လို့ဟု တစ်ထစ်ချစွပ်စွဲသည်..။ စော တို့နှစ်ယောက်စလုံး မွေးရပ်နှင့် ဝေးရာမှာ အလုပ်လုပ်ကြရသည်မို့ တစ်စုံတစ်ခု နာမကျန်းဖြစ်လျှင် ဘိုးသူတော် နှင့် တောင်ဝှေး ပဲရှိသည်မဟုတ်လား..။ ခန့် သည် အလုပ်ကိစ္စဖြင့် ခရီးထွက်ရလျှင် စော တစ်ယောက်တည်းအိမ်မှာကျန်နေခဲ့မှာ၊ စော တစ်စုံတစ်ရာဖြစ်လျှင် ချက်ချင်းကူညီမည့်သူမရှိဖြစ်နေမှာကိုစိုးသည်..။ စော ကတော့ ခန့် ရဲ့ သွေးကိုလွယ်ထားရပြီမို့ ဘယ်လိုအခက်အခဲတွေ ကြုံကြုံ ခင်ပွန်းသည်အနားမှာသာနေပြီး ကလေးကိုမွေးဖွားချင်သည်..။

"စော ကောင်းဖို့အတွက်ချည်းပဲ စော..သူတို့က စော ကိုလိုလေးသေးမရှိအောင် ပြုစုကြဦးမှာ.." ခန့်ပြောလေ့ရှိသော စကား။
 "ကျွန်မလိုချင်တာ အဲဒါတွေမဟုတ်ဘူးဆိုတာ ရှင်နားမလည်ပါဘူး.." စော နှင့် ခန့် တို့ အခန်းငယ်ကလေးသည် တိတ်ဆိတ်သွားခဲ့ပြီ..။ ကုတင်အစွန်းနှစ်ဖက်မှာတော့ ကျောခိုင်းတိုးတိတ်စွာ ထိုင်နေကြသော ခန့် နှင့် စော...။
     

နေရပ်ကခွာပြီ....
တိမ်စဖြူဖြူတွေ ကြားမှာ ရောက်နေသော စော...။ အငိုမျက်ဝန်းတို့ကတော့ မို့အစ်ယောင်အမ်းနေပြီ.။ ရင်ထဲမှာလည်း လှိုက်ကာနာကျင်လှသည်..။ လေယာဉ်မထွက်ခင် စောကိုတင်းတင်းကြပ်ကြပ် ဖက်ထားရင်း " နေကောင်းအောင်နေနော်" " စော ကို ကိုယ်ချစ်တယ်" ဟုတစ်ဖွဖွဆိုသော ခန့် ရဲ့ စကားများကြားယောင်ရင်း ပျော်ရာနေရာမှသည် တော်ရာဆီ၊ ခန့် မိခင်နေထိုင်ရာ မြို့လေးတစ်မြို့ဆီ..သို့..။

ချိုတစ်လှည့်၊ ခါးတစ်လှည့်....
သည်နေရာအသစ်မှာ စော ဘယ်လိုမှမပျော်၊ အစားသောက် အနေအထိုင်ကအစ စိတ်တိုင်းမကျ..၊ စော ဗိုက်ထဲကရင်သွေးကလေး အတွက် ဘယ်လိုအခြေအနေရောက်ရောက် အားတင်းထားရမည်လေ..။ တောင်ကုန်းလေးပေါ်မှ အိမ်မို့ စော သွားချင်သောနေရာသို့ ချက်ချင်းမသွားနိုင်၊ စားချင်တာစားရဖို့ မဖြစ်နိုင်..ခန့်၏ မိခင်ဖြစ်သူ အမေစံ က စောကိုတတ်နိုင်သလောက်ပြုစုသော်လည်း စော ရဲ့ကိုယ်အလေးချိန်ကရှိသင့်တာထက် နည်းနေသည်..။

 (၇)လထဲရောက်နေပြီ..။ ညဖက်အိပ်ပျော်ချိန်တွေနည်းသထက်နည်းကာ အားအင်ဆုတ်ယုတ်သလိုခံစားလာရသည်..။ ညတိုင်းလည်း တစ်ကိုယ်လုံးယားယံသောရောဂါကိုခံစားရသေးသည်...ကလေးကိုအန္တရာယ်ဖြစ်မှာစိုးသောကြောင့် ဘာဆေးမှမသောက်ပဲ ပေကပ်ကာနေသည်..။စောတစ်ကိုယ်လုံးမှာ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော မီးလောင်ဒဏ်ရာများလို အနီရောင်ဗျင်ချပ်များဖြင့် ရဲတွတ်ကာနေသည်..။
ခန့် သည် စော ပျော်စေရန် ပန်းစည်းကလေးများပို့ပေးတတ်သည်..  ခန့် ဖုန်းဆက်လျှင် စော ငိုမိသော်လည်း ကိုယ့်ဗိုက်ကလေးကိုလက်နှင့် တို့စမ်းလို့ အငိုရပ်ပစ်စေသည်ချည်း..။

 စောရဲ့ မေမေ ဖုန်းဆက်လာလျှင်တော့ စောအားရှိလှသည်..။ မေမေက "နေကောင်းအောင်နေနော် သမီးလေး" "ဗိုက်ထဲကကိုယ့်ကလေးကိုလည်းဂရုစိုက်" "အစားနည်းနည်းနဲ့ ခဏခဏစားပေးနော်" ဆိုလျှင် ဘာမှန်းမသိ စော မျက်ရည်ကျမြဲ.. "မွေးရင် နာလားဟင် မေမေ" ဟု စော ကမေးလျှင် "နာတော့ နာတာပေါ့ သမီးရယ်" ဟုဖြေကာ တိုးညင်းညင်းကလေး ရယ်တတ်သည်..။ စော ကိုယ်ဝန်သည် (၈)လထဲရောက်သည့်တိုင် ကလေးကမွေးရန် အသင့်အနေထားဖြစ်သော သားအိမ်သို့ ကလေးဦးခေါင်းစိုက်နေခြင်းမရှိ.. စောရဲ့ မေမေက စောကိုဗိုက်ခွဲမွေးစေချင်သည်..စော ကကျန်းမာရေးကောင်းသောသူမဟုတ်၊ နှလုံးအားနည်းသောရောဂါကြောင့် ခဏခဏဆေးရုံတက်ရတတ်သော စောပေ..။ စောသည် အိမ်ထောင်ကျသည့်တိုင် ကျန်းမာရေးအခြေအနေကြောင့် သားမွေးမှုမပြုရန် တားမြစ်ထားခြင်းခံရသူ။ ဒါပေမယ့် စောကိုယ်တိုင်က ခန့်ရဲ့ရင်သွေးလေး လွယ်ထားခွင့်ရလိုက်ခြင်းကို အလွန်ကျေနပ်ပျော်ရွှင်သူ..။
     
ဆေးရုံပေါ်မှာ..... 
သည်းသည်းမည်းမည်း မိုးရွာသွန်းနေသော..တနင်္လာနေ့ နံနက်စောစော ၅ နာရီ..
 စောကိုဆေးရုံတင်လိုက်ကြပြီ..အမေစံက သူမ၏သူငယ်ချင်းဖြစ်သူ သားဖွားမီးယပ်ဆရာဝန်မကြီး ရိုစီ ကိုဖုန်းဆက်အကြောင်းကြားပြီးသော်လည်း စောထက်ပို စိတ်လှုပ်ရှားနေသည်ထင်သည်.။.ထိုင်လိုက်ထလိုက်..ဟိုလျှောက်ဒီလျှောက်လုပ်လိုက်နှင့်..။

 နံနက် ၈း၀၀ နာရီ
 စောသည် နာကျင်မှုဝေဒနာကို နှုတ်ခမ်းဖိကိုက်ကာ တောင့်ခံနိုင်ဆဲ.။.ခါးရိုးထဲမှ တစ်ဆင့် နောက်ဖက်တင်ပဆုံရိုးမှသည် အရှေ့ဆီးစပ်နားအထိ ဝေ့ကာဝိုက်ကာတစ်ဆစ်ဆစ်ကိုက်ခဲနာကျင်လှပြီ..။ စောရဲ့ ဘယ်ဘက်လက်ဖမိုးပေါ်မှာ ဆေးထိုးအပ်တစ်ချောင်း စိုက်တပ်ထားရပြီ..oxytocin နှင့် အားဆေးရောစပ်ထားသော ဆေးပုလင်းငယ်ပါချိတ်ထားသည်မို့ တစ်ပိုတစ်ပါးသွားချင်လျှင် အနည်းငယ်တော့ခက်ခဲသည်..။ စောဘေးဘက်ဝဲယာမှ ကိုယ်ဝန်ဆောင်သည်များမှာ နာကျင်လွန်း၍ အော်ဟစ်ညည်းညူ နေပြီ..။ တစ်ချို့ကကုတင်အားတစ်ဒုန်းဒုန်းထုသည်..။ တစ်ချို့ကတော့ ခင်ပွန်းသည်နာမည်အော်ခေါ်ကာ နာကျင်မှုကိုသည်းမခံနိုင်ဖြစ်သူကဖြစ်..။ ကိုယ်ဝန်ဆောင်သည်အချင်းချင်းမို့ သူတို့အား မကြည့်ရက်နိုင်ဖြစ်ရကာ စောရွတ်နေကျ ဓာရဏပရိတ်၊ အင်္ဂုလိမာလသုတ်၊ မေတ္တာသုတ် စသည့် ရသမျှ ဂုဏ်တော်များ ရွတ်ဆိုပွားများပေးနေမိသည်..။ စောတို့အခန်းထဲမှာ လူနာကုတင်က (၈)လုံး.. ကုတင်အားလုံးပြည့်ုလုနီးပါး မွေးလူနာများရောက်လာကြပြီ..။
 
 နံနက် ၁၀း၀၀ နာရီ
 ဆရာဝန်မကြီးရောက်လာကာ ကလေးရင်ခုန်နှုန်း၊ စောရဲ့ သွေးပေါင်ချိန် စသည်များ စမ်းသပ်စစ်ဆေးမှုပြုပြီးနောက်...

“စော နေသာရဲ့လား၊ မကြောက်နဲ့နော်.. နှလုံးသမားတော်ကြီးလည်း စောအတွက် အသင့်ရှိနေမှာ”
“ဟုတ်ကဲ့ ဆရာမ..စောဘာပဲဖြစ်ဖြစ် စောရဲ့ကလေးကိုရအောင် ယူပေးနော်..။ စောရင်သွေးကို ရအောင် ယူပေးပါနော်”
“သိပ်မစိုးရိမ်ပါနဲ့ စောရယ်..စောဘာမှမဖြစ်ပါဘူး..စော စိတ်သိပ်မာတာ ကိုယ်သိပါတယ်.. စော  လုပ်နိုင်မှာပါ..ခုသားအိမ်က ၄ စင်တီမီတာ ပွင့်နေပြီ အားတင်းထားနော်.. ကလေးဦးခေါင်းလည်း အောက်စိုက်နေပြီ သိလား”
“ဟင်…စောပျော်လိုက်တာ..ဒါဆို ရိုးရိုးမွေးနိုင်ပြီပေါ့နော်..ဆရာမကြီး” ပါးချိုင့်ကလေးများခွက်ဝင်နေအောင် ပြုံးနေသော စော ကို ဆရာဝန်မကြီးကကြင်နာစွာ စိုက်ကြည့်ကာ ခေါင်းကိုညင်သာစွာညိတ်ပြလိုက်သည်..။
 
 မွန်းတည့် ၁၂း၀၀ နာရီ..
“သားအိမ်က ၄ စင်တီမီတာကနေ မတက်သေးဘူး..အနာ (contractions) စိပ်နေပြီလား ဆရာမ”

 “ဟုတ်ကဲ့ ၅မိနစ်ခြားတစ်ခါနာနေပြီ.. painless ပေးလိုက်ရမလား ဆရာမကြီး? လူနာကညည်းနေတယ်..သတိလစ်သွားမှာစိုးရတယ်..။”

စောရဲ့အခြေနေကို ကြည့်ကာ သားဖွားဆရာမလေးက ဆရာဝန်မကြီး ရိုစီကိုမေးလိုက်ခြင်း..။ စော နှုတ်ခမ်းတို့သည် အနာသည်းမှုကြောင့် တစ်ဆတ်ဆတ်တုန်ခါနေပြီ..၊ဘေးဘက်မှ ကန့်လန့်ကာကို ဆုပ်ယူဆွဲခြေကာ အံကိုကြိတ်ထားသည်..။

“စော..painless ယူမလား..ဟင်..အနာသက်သာတဲ့ ဆေးတစ်လုံးထိုးပေးမယ်လေနော်..”

ဆရာဝန်မကြီးအမေးကို စောဘာပြန်ဖြေလိုက်သည်ပင်မသိ..ခဏကြာတော့ ဆရာဝန်မတစ်ယောက် စော လက်မောင်းမှာ ဆေးတစ်လုံးလာထိုးသွားတာသာသိလိုက်လေသည်..။
ဆရာဝန်မကြီးသည် လက်အိတ်စွပ်ကာ စောရဲ့သားအိမ်အခြေအနေတိုးတက်မှုရှိ၊မရှိ ကိုစမ်းသပ်နေသည်..။ တစ်ထုတ်ထုတ်နှင့် သားအိမ် အတွင်းထဲမှ အရာတစ်ခုခုကိုခြစ်ထုတ်နေဟန်ရှိသည်..။ စောကိုစိတ်လျှော့ထားရန် မှာကာအခန်းတွင်းမှ ခတ္တထွက်ခွာသွားလေသည်…။ 
အပြင်မှာ မိုးကသည်းကြီးမည်းကြီး မစဲပဲတသည်းသည်း ရွာနေသလို စောရဲ့ အနာကလည်းပိုလို့ သည်းကာလာသည်...။ စော ကုတင်ရဲ့မွေ့ရာတွေ စိုထိုင်းကုန်ပြီ..သွေးတွေလား..ရေတွေလား..လက်နှင့်စမ်းကြည့်မိတော့ ရေတွေလိုလို..။ ဘေးကဆရာဝန်မကို မူးနောက်ရီဝေနေသည့်ကြားမှ အသံခပ်တိုးတိုးကလေးနှင့်မေးမိသည်..။ ဆရာဝန်မလေးက ရေမွှာပေါက်သွားတာပါဟုဖြေသည်..။

"ဘုရား..ဘုရား..စောဖတ်ဖူးသော ဆေးပညာစာအုပ်ထဲမှာတော့ ရေမွှာပေါက်ပြီးပြီးချင်း ၂၄နာရီ အတွင်းကလေးမမွေးနိုင်လျှင်"…..စော စိတ်ထဲမှ ကြိတ်ကာဘုရားတမိသည်..။

 “အို….စောရဲ့ ရင်သွေးကိုစောမွေးနိုင်ရမှာပေါ့… ကလေးရေ..အားတင်းထားနော်..မေမေလည်း အားတင်းထားတယ်.. ကလေးလေး လူ့လောကထဲရောက်လာတဲ့အခါ မေမေ့ဝမ်းထဲမှာတုန်းကလို ပုံပြင်တွေ၊ ဝတ္ထုတွေ၊ ဇာတ်တော်တွေ၊ မြတ်စွာဘုရားသခင်ရဲ့ အဆုံးအမတော်တွေ၊ ဂုဏ်တော်တွေ အများကြီးရွတ်ပြရဦးမှာ..။ ပြီးတော့ မေမေ ကသီချင်းလည်းဆိုပြဦးမှာနော်..

“♪♫ မိတ္ထီလာကန်ဝယ်..ဖားကောက်ခဲ့ပါ့ကွယ်…
ဗျိုင်းရှေ့က ပျံကာပျံကာရယ်..မိုးစုန်းစုန်းချုပ်ပေါ့ ကလေးငယ်…ရယ်…
အိပ်ပါတော့ကွယ်..
ကြောင်ကြီးကိုက်လိမ့်မယ်..အိပ်ယာကနိုးရင် ကျောင်းသွားရဦးမယ်..♫♪” ပြီးတော့ ကလေးအတွက် မေမေရေးထားတဲ့ ဒိုင်ယာရီ စာအုပ်ကလေးကိုလည်း ကလေးကြီးလာတဲ့အခါ ပေးဖတ်ရဦးမှာ ကလေးလေးရေ….”

    
“စောရယ်…ခုနကတင်ယောင်နေတာ အန်တီ..မျက်ရည်တွေလည်းရွှဲလို့.. အသံတော့သိပ်မထွက်ဘူး..တစ်အိအိနဲ့ အသံကြားမှ သူငိုနေမှန်းသိတာ..” အခန်းထဲဝင်လာသော အမေစံအားဆရာဝန်မလေးက စတင်စကားဆိုသည်..။
ဆရာဝန်မလေး အသံကြားသော်လည်း စောသည်နာကျင်လွန်း၍ ကန့်လန့်ကာအစကိုသာ အားကုန်ဆွဲယူထားသည်..။

“သမီး…အစော..”

“အမေ စံ…..”

အမေစံနှင့် ဆရာဝန်များကစောကို ဝိုင်းထူကာ ပက်လက်အနေအထားမှ ထိုင်စေသည်..။ အမေစံကစော ကိုကြင်နာသော၊ မျက်ရည်စွတ်စိုနေသော မျက်ဝန်းတို့ဖြင့် ဂရုဏာသက်စွာကြည့်ရင်း နူးညံ့ညင်သာစွာဖက်ထားလေသည်..။ အမေစံ၏ ပုခုံးစွန်းမှာ စော မျက်ရည်တို့ဖြင့် ရွှဲရွှဲစိုလေပြီ…။

“ရိုစီက အမေစံ့ ကို ခဏလာတွေ့ခွင့်ပေးလို့အထဲဝင်လာတာ…သမီးငိုနေတယ်ဆိုလို့…သိပ်ပင်ပန်းနေမယ်..မငိုနဲ့နော်..ခု ၆ နာရီထိုးခါနီးပြီ..သမီး သားအိမ်က ၆ စင်တီမီတာပဲပွင့်သေးတာ..”

“စံ… ကိုယ် စော ကို မွေးခန်းထဲပို့ထားလိုက်တော့မယ်..မွေးခန်းတစ်ခန်းအားနေပြီ..မွေးလူနာလည်းကုန်သလောက်ပဲ…အခြေအနေကို အနီးကပ်ကြည့်လို့ရအောင်..”

“ဆရာမ Anesthesia ပေးမယ့်ဆရာဝန်ရောက်ရင်ကျွန်မကိုပြော.. မွေးလူနာက တစ်ကိုယ်လုံးတုန်နေပြီ..သွေးပေါင် (BP) လည်းကျနေတယ်..၊ စံ ကိုယ် စော ကို Anesthesia ပေးမှရတော့မယ်..သဘောတူရဲ့လား..”

“အိုးး..ရိုစ့် ရယ်..ရှင်ကောင်းသလိုသာလုပ်ပါ..” အမေစံက ဆရာဝန်မကြီး ရိုစ့် ရဲ့အမေးကိုမဆိုင်းမတွပင် အဖြေပေးလိုက်သည်.. ဆရာဝန်မကြီးရိုစီသည် လိုအပ်သည်များကို တရစပ်မှာကြားပြီးနောက် စော ကို ဘီးတပ်ကုလားထိုင်ပေါ်တင်စေကာ မွေးခန်းသို့ ခေါ်ဆောင်သွားလေပြီ..။
 
ညနေ ၆း၄၅ နာရီ..
 စောအား လင်းထိန်လျှက်ရှိသော အဖြူရောင်မီးလုံးများတပ်ဆင်ထားသော မီးဆိုင်းကြီးတစ်ခုအောက်မှာ တစ်စောင်းအနေအထား လဲလျောင်းစေလျက် ဆရာဝန်၊ ဆရာဝန်မများ နှင့် ဆရာဝန်မကြီးရိုစီ တို့က စော၏ ခြေမှ၊ လက်မှ၊ ဘေးဘီဝဲယာများမှ ချုပ်ကိုင်ကာ တစ်ကိုယ်လုံးကို လေးကိုင်းပုံ ဖြစ်အောင်ကွေးစေသည်..။

“စော…မလှုပ်လိုက်နဲ့နော်..ခဏငြိမ်ငြိမ်လေးနေပေး..ကျောရိုးထဲဆေးထိုးထည့်ရမှာ..ဟုတ်ပြီနော်” စောပြန်မဖြေနိုင်..ခေါင်းကိုသာတွင်တွင် လှုပ်ကာနေသည်..
ဆရာဝန်များ ဇောချွေးပြန်အောင် ကြိုးစားလိုက်ရသည်.. ဆေးပေးပြီးပြီ..။ cervix dilation သိပ်နှေးတာပဲဟု အချင်းချင်းပြောနေသံ…သံဝတ္ထုများ အချင်းချင်းထိခတ်သံ…ဆရာဝန်မကြီးရဲ့ ဝိုးတဝါးစကားသံများ…ပြီးတော့..ပြီးတော့……။

ည ၈း၀၀ နာရီ…
အမေစံရဲ့ မျက်နှာမှာ သွေးစုပ်ဖြူရော်လို့နေပြီ..။ ဆိုင်းထိုးရန် ဘောလ်ပင် ကိုင်ထားသော လက်တို့ကလည်းတုန်ရင်လို့..။ အမေစံသည် စိမ်းပြာရောင် နောက်ခွဲယူနီဖောင်းနှင့် ခေါင်းစွပ်အစိမ်းနုရောင် ဝတ်ထားသော သူမ၏သူငယ်ချင်း ဆရာဝန်မကြီးဆီသို့ အားကိုးလွန်းကြီးစွာ မော့ကြည့်လိုက်သည်။
“သားအိမ်က ၆ စင်တီမီတာမှာတင် ဆက်မပွင့်တော့ဘူး..ထုံးစံက ၆ စင်တီမီတာပွင့်ပြီးတဲ့နောက် တစ်နာရီခြားကို ၁ စင်တီမီတာ ပွင့်ကိုပွင့်ရတော့မှာ.. ကိုယ်လည်းစိတ်မကောင်းပါဘူးကွယ်..သူ့ဆန္ဒက သဘာဝအတိုင်းမွေးချင်တာမဟုတ်လား.. ခွဲစိပ်ဖို့သဘောတူရင် ဒီစာရွက်မှာ ဆိုင်းထိုးလိုက်နော်…”

အမေစံကတော့ စော ကိုခွဲမမွေးစေချင်ပေ..ကိုယ်အလေးချိန်ကျပြီး အားအင်ကုန်ခမ်းလုဖြစ်နေသော စော ကို နောက်ထပ် သွေးတွေအများကြီးမဆုံးရှုံးစေချင်..။ အမေစံ၏ လက်တို့အတန်ငယ်တွန့်ဆုတ်နေပြီးမှ စာရွက်ပေါ်တွင် ခပ်သွက်သွက်ကလေး ဆိုင်းထိုးလိုက်သည်..။

“သူငယ်ချင်း ကလေးရော အမေပါတတ်နိုင်သလောက်…”

“စံ…စိတ်ချသူငယ်ချင်း..ကိုယ်လည်းမိခင်တစ်ယောက်ပဲ..နှစ်ယောက်စလုံးရဲ့ အသက်က ကိုယ့်အတွက် သိပ်အရေးကြီးတယ်..ချက်ချင်းတော့မခွဲသေးဘူး..ကိုယ်နောက်ထပ်နာရီဝက်လောက်စောင့်ကြည့်ချင်သေးတယ်.. think positive ok..”
 
ည ၈း၃၅ နာရီ...
 မွေးခန်းတစ်ခုလုံးအပ်ကျသံပင်မကြားရ..။ တိတ်ဆိတ်မှုကိုစတင်ဖြိုခွဲသူက ဆရာဝန်မကြီး ရိုစ့်….“အိုး…. 7 to 8 cm ဟေ့…” အခန်းထဲမှဆရာဝန်များအားလုံးပြိုင်တူပြုံးလိုက်ကြသည်..။ မွေးလူနာများရဲ့ဆန္ဒကို အလေးထားတတ်သော ဆရာဝန်မကြီး ပျော်နေတာကိုကြည့်လို့ အားလုံးလိုက်ပျော်ကြပါသည်..။ စောကတော့ နှစ်ခြိုက်စွာအိပ်မောကျနေဆဲ..။

 ည ၉း၂၀ နာရီ..

တိုင်ကပ်နာရီ ကိုကြည့်မိတော့ ၉ နာရီတောင်ခွဲလုနေပြီ..။ ဆရာဝန်မကြီး အနားရောက်လာကာ နိုးနေသော စောအားနေသာရဲ့လားဟုမေးကာ လက်အိတ်စွပ်ကာ စမ်းကြည့်ပြန်သည်..။
“ဘုရားသခင်… 10cm".." စောရေ…ညှစ်ချင်ရင်ညှစ်လို့ရပြီ..နေဦး..နေဦး..စောရဲ့ပေါင်ရင်းအောက်နားမှာ လက်ကိုင်စရာ ဘုကလေးနှစ်ခုရှိတယ်…အဲဒါကိုကိုင်ပြီး ညှစ်တော့မယ်ဆို ခေါင်းကနေ ကိုယ်အပေါ်ပိုင်း တစ်ပိုင်းပဲ အားပြုပြီး ညှစ်..ဟုတ်ပြီနော်..”

ရင်သွေးလေးကိုမကြာခင်မြင်ရတော့မည်မို့ စောရင်တွေအခုန်မြန်လှသည်.။ ဗိုက်ထဲမှ  ထိုးနာလာသည်..။ ညှစ်ကြည့်သည်…အားကုန်ညှစ်ကြည့်သည်..။ အင်းကနဲညှစ်လိုက်သော်လည်း ဘာမှအရိပ်အယောင်မပြသေး..။
 “တင်ပဆုံပိုင်းထောင်လာအောင် မညှစ်နဲ့..စော..”
  
 ည ၉း၄၄ နာရီ..
 စောနားကို ဆရာဝန်များဝိုင်းအုံကာလာကြသည်..။ စောရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ..စောရဲ့ခေါင်းဘက်မှာ…..။ ဆရာဝန်တစ်ယောက်ကတော့ စောရဲ့ ရင်ညွန့်အောက်နား ရင်ခေါင်းနေရာမှာ သူမ၏လက်ဝါးနှစ်ဖက်ကို အပေါ်အောက်ကြက်ခြေခတ်ထပ်တင်ထားကာ တွန်းအားပေးဖို့ အသင့်အနေအထားမှာရှိနှင့်ပြီ..

“အိုကေ..ရယ်ဒီ..ဝမ်း…တူး…သရီး…..ပွတ်ရှ် လို့အားလုံးပြိုင်တူညာသံပေးအော်တဲ့အခါ အားထည့်ပြီး ညှစ်မယ်..ဟုတ်ပြီနော် စော..” ဆရာဝန်မကြီးကိုစော ခေါင်းညိတ်ပြလိုက်သည်..။ မွေးလမ်းဝကိုကျယ်စေရန် ညှပ်ချသံနှင့် တစ်ပြိုင်နက် စော၏ အင့်ကနဲ ညည်းညူသံအပြီး..၊

 “ရယ်ဒီ..ဝမ်း…တူး…သရီး…..ပွတ်ရှ်”

 “အားးးးးးးးးးးးးးးးးးးးးးးးး”

“အိုး…ဟုတ်ပြီ..ဟုတ်ပြီ…ခေါင်းမြင်နေရပြီ…နောက်တစ်ခါအားစိုက်ပြီးညှစ်မယ်..”

“ရယ်ဒီ..ဝမ်း…တူး…သရီး…..ပွတ်ရှ်”

 “ဝေးးးးးးးးးးးးးးး မိန်းကလေး…ကွ”

 မွေးပြီ… စာရဲ့ သမီးလေးကို ရှောရှောရှူရှူမွေးလိုက်နိုင်ပြီ….မွေးချိန် ၉း၄၅ နာရီ။ “မိန်းကလေး…ကွ” ဟုဆိုသောကြောင့် အားလုံးတစ်သောသောရယ်ကြသည်…။ ကလေးငိုသံကိုစောမကြားမိသေး။…ချက်ချင်းဆိုသလို သွေးအလိမ်းလိမ်းပေကျံနေသော သမီးလေးကို စာရဲ့ရင်ဘတ်ပေါ်တင်ကာ အညစ်အကြေးသုတ်သင်နေသည်..။ ပြောမပြတတ်သော ရင်ခုန်နွေးထွေးမှုကို  တစ်မဟုတ်ချင်း ခံစားလိုက်ရသည်ဖြစ်ခြင်း…။ သမီးလေးနေမှကောင်းရဲ့လား စိတ်ပူမိသည်..။ စော သမီးလေးကို ရေစင်ရှိရာသို့ ခေါ်သွားကြပြီ…။

    “အူဝဲ…အူဝဲ……အူဝဲ”

 စောအခုတော့ ကောင်းကောင်းကြီးပြုံးနိုင်ပါပြီ…။ အားနည်းနွမ်းလျနေပေမယ့် အလွန်တရာကျေနပ်သောအပြုံး..၊ တစ်ခါဖူးမှ မကြားဖူးသော သာယာညွတ်နူးဖွယ်အသံသာကိုကြားရသကဲ့သို့ ကြည်နူးချမ်မြေ့မှုအပြည့်ဖြင့် ပြုံးသောအပြုံး…။ ဆရာဝန်မလေး သည်သမီးလေးကို အ နှီးဖြူလွလွကလေးဖြင့် ထုပ်ပိုးကာ စောအနားကပ်ကာလာပြသည်…ဒီကလေးလေးဟာ စောရဲ့ ဗိုက်ထဲမှာ ကိုးလကျော်ကျော် ဆယ်လနီးပါးရှင်သန်လို့ စောနဲ့အတူတူ အသက်လိုက်ရှူရသူကလေး..။ "သားတို့ ရုပ်ရည် သီတာမည်သား ရေကြည်ချမ်းမြ တစ်ပေါက်ကျက မိဘတို့ဝမ်း ငြိမ်းစတမ်း" ဆိုသော သံပေါက်ကလေးကို သတိရမိသည်..။ ချစ်စရာကောင်းလိုက်တဲ့သမီးလေး…။ သူမကလေးကိုကြည့်ရင်း ကြည်နူးရာက စော မောလာသည်..။ အသက်ရှူရတာလည်း ကြပ်လာသည်..။

“စော..ဟေး…..စော….ဆရာမ လူနာကိုအောက်ဆီဂျင် မြန်မြန်ပေးဖို့လိုတယ်….စော..တောင့်ထားစမ်း..stay with me, စော…”
ဆရာဝန်မကြီး ရိုစီ သည် ဆရာဝန်မလေးတစ်ယောက်ကို အလျင်စလိုအော်ပြောကာ စောကိုလည်းပါးစပ်မှ တစ်တွတ်တွတ်ပြောနေသည်..။
ခဏအကြာမှာတော့ စောကို ကုတင်ပေါ်မတင်ကာ အရေးပေါ်ခန်းသို့ ခေါ်ဆောင်သွားကြပြီ..။ ဆရာဝန်မကြီး၏ စိုးရိမ်ကြောင့်ကြသံ၊…အားပေးစကားသံ၊…ခပ်ပြင်းပြင်းမြန်မြန်တွန်းနေသော ဘီးတပ်ကုတင်ရဲ့ တစ်ဂျုံးဂျုံးသံများကို ဟိုးအဝေးကြီးကလာသလို စောကြားနေရသည်..။

အရေးပေါ်လူနာဆောင်...

 စောမျက်လုံးအစုံတို့ကမှိတ်လျှက်ရှိနေပေမယ့် ပုံရိပ်တွေကိုမြင်နေရသယောင်..။ ...စော ဘေးနားမှာ အနီ၊ အပြာ၊ အစိမ်းရောင် ခေါင်းဆောင်းများဆောင်းထားသော သူများ..။သူတို့ဘယ်သူတွေလည်း စောမသိ..။စောကိုသူတို့ကခပ်တည်တည်ပင်ကြည့်နေကြသည်..။ တစ်ယောက်သောသူကတော့ စောကိုသူတို့နှင့် လိုက်ခဲ့ရန်ပြောနေသလိုလို..ခပ်သဲ့သဲ့တီးတိုးပြောနေသံ..။

နောက်တော့ညင်ညင်သာသာ ခေါ်သံတစ်ခု..စောရဲ့နာမည်..။ စောရေ..စောရေ..သမီးလေး စောရေ ဟုခေါ်နေသံ..
 
စောရဲ့မေမေ့အသံ..အသံလာရာဆီကို စောကြည့်လိုက်တော့....ဟိုးအမြင့်ကြီးဆီက မိုးတိမ်စတွေရဲ့အပေါ်မှာ...."မေမေ"..... ။ ဟိုး.....မိုးတိမ်စတွေရဲ့ အပေါ်မှာရှိနေသော မေမေသည် စောနဲ့ သိပ်မဝေးသလိုပါ..။

မေမေက စောရဲ့သမီးလေးကိုပွေ့ချီကာထားသေးသည်..။ မေမေ့ နဘေးမှာ ခန့်ရဲ့ မေမေ အမေစံ..။ စောကို အမေရင်းနှင့်မခြား ကြင်နာနွေးထွေးမှုတွေ ပေးသူ အမေစံ။ သူတို့ကစောကိုပြုံးကာကြည့်နေကြသည်..။ ခုနက အရောင်စုံ ဝတ်ဆင်ထားကြသော သူတွေကလည်း စောကိုဘာလို့စောင့်နေကြပါလိမ့်..။ စောသူတို့ကိုလှည့်မကြည့်ချင်တော့..သူတို့နဲ့လည်းစောမလိုက်ချင်ပါ..။ စောမှာ ခုမှမွေးပြီးကာစ အင်မတန်ချစ်စရာကောင်းတဲ့သမီးလေး ရှိနေပြီလေ..။
 မေမေ၊ အမေစံ၊ သမီးလေး တို့ကို စော အားကုန်အော်ခေါ်သော်လည်း စော ခေါ်နေတာကို မကြားကြချေ.။ ပြီးတော့ ချစ်သော ခန့်...လူရောင်စုံများရဲ့ ခပ်လှမ်းလှမ်းမှာ ညှိုးငယ်သော မျက်နှာထားနှင့် ရပ်နေသော ခန့်...။ ခန့်ဘာကြောင့် စောအနားကိုမလာသလဲ ဆိုတာကိုစောနားမလည်..။ ခန့်က စောကိုလက်လှမ်းပြနေတာလား၊ လက်လှမ်းပေးနေတာလား စောမဝေခွဲတတ်..။

"အူဝဲ....အူဝဲ......အူဝဲ.......အူဝဲ......." စော သမီးလေးငိုနေပြီ..သူနို့ဆာနေလို့ငိုနေတာဖြစ်မှာပဲ...။ "" စော ကိုသမီးလေးဆီခေါ်ပေးပါ..သမီးလေးဆီခေါ်သွားပေးကြပါ.." စော အော်နေ၊ ပြောနေတာတွေကို ဘယ်သူမှမကြားရတော့ဘူးလား..။

ရုတ်တရက်ဆိုသလိုပင် စောဆန့်တန်းကာပေးနေသောလက်ကို နွေးသောလက်တစ်စုံတို့ လာထိသည်ကိုခံစားရသည်..။ "ခန့်" ခင်ပွန်းသည်ခန့်ရဲ့လက်ပဲ..။ ထိုလက်တို့ကို စောမှာရှိသမျှ အင်အားတို့ဖြင့် အမိအရဖမ်းဆုပ်ကာထားလိုက်မိတော့သည်..။ သမီးလေးကို နို့တိုက်ရမည်လေ...စောရဲ့မိခင်နို့တိုက်လို့ သမီးလေးကို ကြီးပြင်းစေရဦးမှာ မဟုတ်လားလေ..။

 မေမေကတော့...မွေးကင်းစသမီးလေးကို ကဗျာတစ်ပုဒ်ရွတ်ပြနေသည်ထင်သည်..။ စောကြားနေရသလိုလိုပါပဲ... စောငယ်ငယ်က မေမေနှင့်အတူရွတ်ဖူးခဲ့သော "တို့မေမေ" ကဗျာလေး.."

"ကျွေးမွေးသုတ်သင် သက်ဆုံးပင်
ချစ်ခင်ရှာပေ တို့မေမေ။

ငယ်စဉ်ကာလ စည်းကမ်းပြ
ဆုံးမခဲ့ပေ တို့မေမေ။

အရွယ်ရောက်လာ ကျောင်းအပ်ကာ
ပညာပေးပေ တို့မေမေ။

ကျမ်းမာဖို့ရေး သင့်ရာကျွေး
လေးစားအပ်ပေ တို့မေမေ။

ဝတ်စားဆင်ယင် မြတ်နိုးကြင်
ချစ်ခင်အပ်ပေ တို့မေမေ။ "
သမီးလေးအတွက် စောဆက်ပြီး ရှင်သန်နေပါရစေ..။
 
*****************_/\_/\_/\_/\_/\_****************
ဝန်ခံချက်
ကိုယ်တွေ့ဖြစ်ရပ်မှန်ကို အသက်သွင်းပုံဖော်ထားတာမို့ အမှားတစ်စုံတစ်ရာပါခဲ့ရင် ခွင့်လွှတ်ရင်း၊ ပြင်ဆင်ရင်းဖတ်ရှုပေးကြပါရှင်..
အပေါ်မှာတင်ထားတဲ့ ပုံကလည်း ကျွန်မကိုယ်တိုင် တောင်ခြစ်၊ မြောက်ခြစ်နဲ့ တတ်သလောက် ပုံဖော်ရေးဆွဲထားတာဖြစ်ကြောင်းပါ..း))
ကျေးဇူးတင် ဆုတောင်းစကား
ဒီပို့စ်ရေးဖြစ်အောင် inspiration ပေးတဲ့ ကျေးဇူးတော် အနန္တမေတ္တာရှင် မေမေ့ကို အရင်ဆုံးကျေးဇူးတင်ရင်း ဒီကပဲ ကန်တော့လိုက်ပါရစေ..ပြီးတော့
မြင့်မိုရ်တောင်ထက်မြင့်မားသော၊ ဟိုး..မိုးတိမ်စရဲ့အပေါ်မှာရှိကြသော တစ်လောကလုံးမှ အနန္တမေတ္တာရှင် ရဲရဲတောက်အာဇာနည် မိခင်လောင်းများ၊ မိခင်များအားလုံးအား လေးစာဦးညွှတ်လျှက်...
"Happy Mother's Day" ပါရှင်....း)

9 comments:

  1. မိခင်တယောက်ရဲ့ အနူးညံ့ဆုံး မေတ္တာတွေကို အလှဆုံး စကားလုံးတွေ နဲ့ ချယ်မှုန်း သီကုံးထားတဲ့ စာစုလေးထဲကို ကိုယ်တိုင် စီးမျောပါဝင် နာကျင်ခံစား ကြည်နူး ပျော်ရွှင်...

    Happy Mother's Day ပါ ညီမလေးရေ...

    ReplyDelete
  2. မမသက်ဝေ..
    စာလောဖတ်ပြီး ခံစား နာလည်ပေးသွားတာကို အများကြီးကျေးဇူးတင်ပါတယ်..

    Happy Mother's Day too ပါ..မရေ..း)

    ReplyDelete
  3. ဖတ်ရင်းမျက်ရည်ဝဲမိတယ်... မိန်းမမီးနေ ဆိုသလို... သားသမီးကို အသက်လုပြီးမွေးရတဲ့ မိခင်တွေရဲ့ အတွေ့အကြုံကို ဖတ်ရတာ ရင်ထဲတလှပ်လှပ်နဲ့...

    ရင်သွေးလေးတစ်ယောက် လူ့လောကထဲကို ခေါ်လာဖို့၊ သူ့ကို ပျိုးထောင်ဖို့၊ သူနဲ့ ပတ်သက်လာသမျှ အရာရာ ရင်ဆိုင်ဖို့ဆိုတာ ကမ္ဘာပေါ်မှာ အခက်ဆုံးအလုပ်လို့ ယုံကြည်ထားတာကြောင့် မမပန်းချီနဲ့ မိခင်တိုင်းကို ရင်ထဲကနေ အရမ်းလေးစားမိပါတယ်...

    ချစ်ခင်လေးစားတဲ့
    Annoying Person

    ReplyDelete
  4. အမေတယောက်ရဲ့အဖြစ်ကို ခံစားရေးဖွဲ့ထားတာလေး သိတ်ကောင်းပါတယ် ညီမရေ....။ အဆုံးထိ စိတ်တထင့်ထင့်နဲ့ ဆွဲခေါ်သွားလိုက်တာ....။
    Happy Mother's dayပါ ညီမလေးရေ.....

    ReplyDelete
  5. သူသူရေ..
    မိခင်တွေအပေါ် ခံစားနားလည် လေးစားတဲ့ ညီမလေးရဲ့ စိတ်ဓါတ်ကိုလည်း လေးစားမိပါတယ်..ကျေးဇူးကမ္ဘာနော် သူသူရဲ့မွေးမေမေကိုလည်း Happy Mother's Day wish လေး လက်ဆင့်ကမ်းဆုတောင်းပေးလိုက်ပါတယ်..

    မမချစ်ကြည်ရေ..
    အဆုံးအထိ ခံစားဖတ်ရှုပြီး ချီးကျူးစကားဆို၊ ဆုလည်းတောင်းပေးသွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်..
ံHappy Mother's Day too to your lovely mom နော်မမး))

    လေးစားချစ်ခင်စွာဖြင့်..း)

    ReplyDelete
  6. မပန်းချီရဲ့ အဖြစ်မှန်လေးနဲ့ ဆက်စပ်ပြီး ရေးထားတဲ့ ၀တ္ထုတိုလေး လာဖတ်ပါတယ်။ ဖတ်ရတာ ရင်ထဲ မောလိုက်တာ။ နောက်ဆုံးမှာ စောက အသက်ရှင် ကျန်ခဲ့တာလားပာင်။

    မိခင် မေတ္တာကို အထင်အရှား မြင်တွေ့ရတယ်။ သိပ်ကို နာကျင်စေတဲ့ မီးဖွားခြင်း ဝေဒနာကို သားသမီးတွေ အတွက် ကျော်ဖြတ်နိုင်တဲ့ မိခင်တွေရဲ့ စိတ်ဓာတ်လေးကိုလည်း လေးစား မြတ်နိုးမိတယ်။ ရို့စ် ညီမလေးလည်း ကိုယ်ဝန်နဲ့ ဆိုတော့ သူ မွေးခါနီးမှာ ရို့စ် သူ့ အနားမှာ ရှိနေမှာ။ ပို့စ်လေး အတွက် ကျေးဇူးပါ မပန်းချီ။ မပန်းချီနဲ့ မပန်းချီရဲ့ သမီးလေး ကျန်းမာ အေးချမ်းပါစေရှင်။

    ReplyDelete
  7. rose ရေ..

    စာလာဖတ်တာ ကျေးဇူးအများကြီးတင်ပါတယ်..စော အသက်ရှင်ကျန်ခဲ့၊ မကျန်ခဲ့ ကတော့ စာဖတ်သူကိုယ်တိုင် လိုရာဆွဲတွေးလို့ရအောင် ဇာတ်ကိုသိမ်းထားပါတယ်..း))
    ဟုတ်တယ် ရို့စ် ရေ.. ကျွန်မကိုယ်တိုင်မိခင်နေရာကိုရောက်တာ တစ်နှစ်တောင်မပြည့်တတ်သေးပေမယ့် သမီးလေးကိုမီးဖွားတဲ့အခါမှာတော့ ကျွန်မမေမေ နဲ့ ကမ္ဘာတစ်ဝှမ်းက မိခင်များရဲ့ မေတ္တာအတိမ်အနက်ကို တကယ်ကိုနားလည်သဘောပေါက်ပြီး သိခွင့်ရခဲ့ပါတယ်။ ရင်သွေးလွယ်ထားရတဲ့ ရို့စ်ညီမလေးနဲ့ ရို့စ်တို့တစ်မိသားစုလုံးလည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေရှင်..။

    ReplyDelete
  8. မိခင်တစ်ယောက်ရဲ့ ကိုယ်တွေ့အတွေ့အကြုံနဲ့ မိခင်မေတ္တာကို ပေါင်းစပ်ရေးဖွဲ့ထားတာမို့ အသေးစိတ်ရှိလှပြီး စိတ်ဝင်တစား ဆွဲဆောင်မှုကောင်းလှပါတယ်
    မိဘတွေရဲ့ သားသမီးတွေအပေါ်ထားတဲ့ မေတ္တာတရားကို ပြက်ပြက်ထင်ထင် မြင်သာစေတဲ့ စာကောင်းလေးတစ်ပုဒ်ပါ။ အမေတွေ မိခင်တွေအားလုံး ပျော်ရွှင်ကျန်းမာပါစေ .

    ReplyDelete
  9. rose ရေ..
    စာလာဖတ်သွားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ စော အသက်ရှင်ကျန်ခဲ့၊ မကျန်ခဲ့ကတော့ စာဖတ်သူကိုယ်တိုင် လိုရာဆွဲတွေးလို့ရအောင် ဇာတ်ကိုသိမ်းထားပါတယ်း))
    ဟုတ်တယ် ရို့စ် ရေ..ကျွန်မကိုယ်တိုင်မိခင်နေရာရောက်တာ တစ်နှစ်တောင်မပြည့်တတ်သေးပေမယ့် သမီးလေးကိုမီးဖွားပြီးတဲ့အခါမှာတော့ ကျွန်မမေမေနဲ့ ကမ္ဘာတစ်ဝှမ်းက မိခင်များအားလုံးရဲ့ မေတ္တောအတိမ်အနက်ကို တကယ့်ကို နားလည်သဘောပေါက်ပြီး သိခွင့်ရခဲ့ပါတယ်.. ရင်သွေးလွယ်ထားရတဲ့ ရို့စ်ရဲ့ညီမလေးနဲ့ ရို့စ်တို့တစ်မိသားစုလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေရှင်..။

    ချော...
    အလည်လာပြီး စာဖတ်သွားတဲ့အတွက် အထူးကျေးဇူးပါ..။ ချောရဲ့ မှတ်ချက်လေးကိုဖတ်လို့ အားလည်းတက်ရပါတယ်း)

    ReplyDelete

ရင်ထဲရှိတာပြော..း)