Tuesday, April 5, 2011

ကိုယ်တို့ အကြိုက်...မွန်းလိုက် :)

၁. နှိုးစက်ကို သုံးကြိမ်သုံးခါ ပိတ်ပြီးမှ အိပ်ယာကထရတာ ကြိုက်တယ်။ (snooze လုပ်ရတာ ကြိုက်လွန်းလို့ :))

၂. ရေချိုးခန်းထဲမှာ သီချင်းပေါင်းသောင်းခြောက်ထောင် အော်ဟစ်ဆိုပြီး ရေချိုးရတာကို ကြိုက်တယ်.. (အိမ်နီးနားချင်း များနှင့် အခန်းနီးနားချင်းများ နားဒုက္ခခံတော်မူကြပါကုန် (အသံသာ ရှာပါတယ်..ဟက်)

၃. ရုံးတက်ချိန် ၈း၁၅၊ အလုပ်စလုပ်ချိန် ၈း၄၅ လို့ကိုယ့်ဘာသာသတ်မှတ်ထားရတာကိုက အင်မတန်ကြိုက်စရာ (၁၅ မိနစ် မနက်စာ၊ ၁၅ မိနစ် ဘာညာကွိကွ ladies room :))

၎. "အလုပ်ဟူသမျှ ဂုဏ်ရှိစွ" ဆောင်ပုဒ်ကိုလက်ကိုင်ထားပြီး ကိုယ်လုပ်ချင်တာလုပ်နေရတာကို ကြိုက်မှကြိုက်..(အလုပ်ချိန်တွင်း ဘလော့ဂ်ဂင်းခြင်း ဆိုပါတော့ရှင်)

၅. အလုပ်နောက်ကျတဲ့ အခါ ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်၊ ဆင်ချေးတုန်း၊ ဆင်တစ်ကိုယ်လုံး ပုံလို့ ဆင်ခြေကန်ပြီး ကိုယ့်ကိုကိုယ် နည်းမျိုးစုံနဲ့ ခွင့်လွှတ်ရတာ အလွန်ကြိုက်..(အမြဲနောက်ကျတယ်မထင်လိုက်ပါနဲ့ တစ်ခါနဲ့ တစ်လှေတည်း ဘာာာ...)

၆. ကိုယ့်နာမည်အကြိမ်ကုဋေကုဋာပေါင်း များစွာခေါ်ပြီး အလုပ်ခိုင်းတတ်တဲ့ ဘော့စ်ရဲ့ ဖေးဘရိတ်ဖြစ်နေရတာကိုလည်း ကြိုက်တုန်း..(မောတော့မောတာပေါ့.. ဒါပေမယ့် မောပါဒယ် (._.))

၇. လခထုတ်ရက်များဆို ကြိုက်ကြိုက် ကြိုက်ကြိုက် များတောင် မည်နေသေး.. (တားတား စားချင်တာစားလို့ ရပြီးD)

၈. စနေ၊ တနင်္ဂနွေ နဲ့ အများပြည်သူ ရုံးပိတ်ရက်များဆို လာထား...အရမ်းးးးး ကြိုက် (ကိုယ်ကြိုက်တာ ကိုယ်လုပ်...ရေးးးးးး)

၉. အလုပ်စားပွဲပေါ်မှာ ဗိုက်ဆာရင်စားဖို့ အာလူးကြော်၊ Dark Chocolate၊ အချဉ်ပေါင်း များစွာ ကို လက်လှမ်းမီရာမှာ ထားရတာကိုလည်း ကြိုက်လိုက်သေးးးး (အစားက လူနဲ့တည့်တယ်ဆိုလား..)

၁၀. စကားမစပ်..ကတုံး(ခေါင်းတုံး) တွေကိုလည်း ကြိုက်တယ်းD (တစ်မျိုးတော့မထင်လိုက်ပါနဲ့..အိမ်ကလူကခေါင်းခဏခဏ တုံးလို့ပါ..ဆံပင်ရှည်လာရင် ခေါင်းယားတတ်တဲ့ သူ့အတွက်တော့ ကတုံးပြောင်ဖက်ရှင် ကသူနဲ့အလိုက်ဆုံး..ဆံပင်ငုတ်တိုလေးတွေထွက်လို့ လက်နဲ့သွားထိကြည့်ရင် အူယားစရာဖြစ်ရတာကိုတောင် ကြိုက်လိုက်သေး..)
****စာကြွင်း..အကြိုက်နံပါတ် ၁၀. က commercial break ပါ...အဟမ်းးးးးး*****



၁၁. ညနေပိုင်းအိမ်ကလူနဲ့ ကာတွန်းကား ဒါမှမဟုတ် သရဲကား ကို စောင်လေးခြုံ၊ မီးလေးအမှောင်ချပြီး ကြည့်ရတာ quality time လေးမို့ တော်တော်လေးကြိုက်ပါတယ်.. (မယုံရင် အဲဒိလိုလေးကြည့် ကြည့်ပါလား)

၁၂. တစ်ချို့ သောညတွေမှာတော့ စကားမပြောတတ်သေး တဲ့ ၉လအရွယ် ရင်နှစ်သည်းချာ သမီးဦးရတနာကလေးနဲ့ video chat ရတာကိုတော့ အကြိုက်တကာ့ထဲကမှ အကြိုက်ဆုံးပါ..(စကားမပြောတတ်သေးတဲ့ သမီးလေးနဲ့ဘယ်လိုချတ်တုန်း မမေးပါနဲ့.....သူချတ်တတ်တတ်၊ မတတ်တတ်ပေါ့..ကိုယ်ကတော့ချတ်ရမှာပဲ...း))

၁၃. လမသာတဲ့ညတွေမှာ လများရယ်သာပါတော့လို့ဆုတောင်းပြီး တောင်စဉ်ရေမရတွေတွေး၊ အမေနဲ့ရွာကို လွမ်းရတာကို ကြိုက်သးတယ် (ပျော်စရာတွေ တွေးရင်းရေးရင်း ဒရာမာ မုဒ်ထဲရောက်ကုန်ပြီ)

၁၄. အိပ်ယာမဝင်ခင် တံမြက်စည်း လှည်း၊ မရိုးနိုင်တဲ့ မနက်ဖြန် အတွက် မီးပူတိုက်၊ မျက်နှာသစ်၊ သွားတိုက်၊ ခြေထောက် လက်ထောက်ဆေး အေးအေးချမ်ချမ်း သန့်သန့်ရှင်းရှင်းလေး ဖြစ်ပြီးမှ အိပ်ရတာ ကို အလွန် ခုံမင် နှစ်သက် ကြိုက်မိပါသေးရဲ့...(အဲလိုခြေမဆေးရရင် ယားနာပေါက်တတ်လို့းD)

၁၅. အိပ်ပြီဟေ့ လို့မီးမှိတ်ပြီဆိုရင် အိမ်ကလူက "ဂွတ်နိုက် လပ်ဗြူ" လို့နှုတ်ဆက်တဲ့ခါမတော့ "ဂွတ်နိုက် လပ်ဗြူတူးးးးးးးး" လို့ စိတ်ပါပါ မပါပါ ပြန်ပြောရတာ လည်းကြိုက်ပြီးသားးးး (သူ့ကိုလက်တို့ပြီး ပြန်မပြောကြေးနော်....နောက်တာ..းD)

၁၆. မအိပ်ခင် ရတနာသုံးပါး၊ မိဘ ဆရာ အမှူးထားလို့ သုခိတ ဒုက္ခိတ ဝေနေယျအပေါင်းတို့ကို ကျန်းမာရွှင်လန်းပါစေကြောင်း ဆုတောင်း မေတ္တာပို့ရတာ ကိုယ်စိတ်နှလုံးငြိမ်းချမ်းလို့ ကြိုက်လွန်လွန်းပါတယ်...(ဦးတုတ်ကြီး.....အဲလေ.. မိုးပန်းချီ မေတ္တောဝေတယ်.ပြည်သူအများ ကျန်းမာ ချမ်းသာကြပါစေရှင်....) (ဘယ်သူတွေ ဘယ်လိုပြောင်းပြောင်းပေါ့း))


*****ကျေးဇူးစကား*****
မမသက်ဝေ သတိတရ ခင်ခင်မင်မင် တဂ်လာတဲ့ "Daily Likes" ပို့စ် လေးပါ...ကျွန်မရဲ့ ပထမဆုံး တဂ်ပို့စ်လေးလည်းဖြစ်လို့ ပျော်ရွှင်စွာ၊ ဂုဏ်ယူဝင့်ကြွားစွာ၊ ကြိုက်လွန်းစွာ ရေးလိုက်ပါတယ်.. ချစ်ခင်ရသော မမ ကြေနပ်လိမ့်မယ် လို့လည်းမျှော်လင့်ပါရစေ...တဂ်တဲ့အတွက်လည်း ကျေးဇူးများစွာတင်ပါကြောင်း  ပြောချင်ပါတယ်...
အမှားပါခဲ့ရင် ပြင်ဆင်ရင်း ခွင့်လွှတ်ရင်း ဖတ်ပေးပါနော်...
ဒီပို့စ်ကိုလာဖတ်မိသူအားလုံးလည်း ကျန်းမာပျော်ရွှင်ကြပါစေ.....
လေးစားချစ်ခင်လျှက်....

8 comments:

  1. ချစ်ကြည်အေးApril 05, 2011 9:34 PM

    အကြိုက်တူတာတွေ တော်တော်များ၏...ဟိဟိ:) မြူးမြူးသွက်သွက်လေး ရေးတာလည်း ကြိုက်ပါသည်...:)))

    ReplyDelete
  2. ပန်းချီနဲ့ အကြိုက်တူတာတွေ တွေ့ရတာကို ကြိုက်တယ်...
    အကြိုက်ဆုံးကတော့ အလုပ်စားပွဲပေါ်မှာ အာလူးကြော်နဲ့ Dark Chocolate ရှိနေတယ်ဆိုတာရယ် ၉ လအရွယ် သမီးလေးနဲ့ ချက်တယ်ဆိုတာရယ် ပါပဲ...။
    ပြီးတော့ မိုးပန်းချီဆိုတဲ့ နာမည်လေးကိုလဲ ကြိုက်သေးတယ်...

    အခုလိုရေးပေးတာ အမကလဲ အများကြီး ကျေးဇူးတင်ပါတယ်... နောင်ကိုလည်း မပျက်မကွက် ဆက်ဆက် တက်ဂ်ပါအုံးမယ်... မကြာခဏ တက်ဂ်တတ်လွန်းလို့ မမချစ်ကြည်က နာမည်တောင် ပြောင်းပေးနေပြီ... မတက်ဝေ တဲ့...း))

    ReplyDelete
  3. ခေါက်ဆွဲသုပ်စားနေတုန်း နံပါတ်၅ကိုဖတ်မိတော့ နင်သွားတယ် :S

    ReplyDelete
  4. မမချစ်ကြည်.
    အကြိုက်တူတာတွေများတယ်ဆိုလို့ ဂုဏ်ယူပါ၏..
    ရေးတာကြိုက်တဲ့အတွက်လည်း ပျော်မိပါသည်။
    ကျေးဇူးပါ..မး)

    ချစ်တဲ့

    ReplyDelete
  5. မမသက်ဝေ..
    မနဲ့အကြိုက်တူတာတွေရှိတဲ့ အတွက်ထပ်ဂုဏ်ယူပါ၏..
    ပန်းချီတို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူတာတွေများနေပြီ..ဟိ..
    မိုးပန်းချီနာမည်ဖြစ်တည်ခြင်းအကြောင်းလေးစာရေးပါဦးမယ်..ပွဲမတောင်းပဲလည်း ရေးချင်ရက်လက်တို့..း))တဂ်တိုင်းလည်း မပျက်မကွက်ရေးပါ့မယ် မမ..စကားမစပ် မ.နာမည်အသစ်ကလေးကချစ်စရာနော်..ဟီးးးးး (မမချစ်ကြည်နှယ် ပေးတတ်ရန်ကော)

    ချစ်တဲ့

    ReplyDelete
  6. ဖတ်ရတာ ပျော်စရာကြီးတော့
    အဒေါ်ကြီးတွေ လာမဖတ်ရလို့ တြံမက်စည်းနဲ့ ရိုက်မထုတ်ရင် နောက်လည်း လာဖတ်ပါဦးမယ်

    ReplyDelete
  7. မမသီတာ..
    လင့်ခ်ချန်မထားခဲ့တော့ ဘယ်လိုခေါ်ရမလဲလို့ မရဲ့ ဘလော့ဂ်ကိုလိုက်ရှာလိုက်ရတာ ဖတ်ဖတ်ကိုမော ရင်ဖတ်နောက်ကကျော.. :D
    ဖတ်ရတာ ပျော်တယ်ဆိုလို့ ပန်းချီကလည်းပျော်ပါတယ်.မ.
    စာလာဖတ်တာကိုပဲကျေးဇူးအများကြီးတင်လှပါပြီ မရေ..ဘလော့ဂ်မှာ တံမြည်စည်း ထည့်မထားပါဘူးမ..ဟီးးးးး.နောက်လည်းလာပါဦးနော်..

    ချစ်ခင်တဲ့

    ReplyDelete
  8. @Craton,
    ကျွန်မထက် အတော်လေးငယ်မှန်း ဘလော့ဂ်ဂါအစ်မတစ်ယောက်ဆီကသိရလို့ အရင် comment reply ကိုဖျက်လိုက်ပါတယ်ရှင့် :)
    စာလာဖတ်ပြီး မန့်သွားတဲ့အတွက် ကျေးဇူးပါ..
    နင်သွားတဲ့အတွက်တော့ ဆောဒီးးးးး.. :D

    ခင်မင်ခြင်းအားဖြင့်

    ReplyDelete

ရင်ထဲရှိတာပြော..း)