Tuesday, January 29, 2013

အလွဲများနှင့် ယဉ်ပါးခြင်း...



ပထမတစ်ယောက်နာမည်က လုံးလုံး။ နောက်တစ်ယောက်ကတော့ ဝိုင်းဝိုင်း။ တိုက်ပဲတိုက်ဆိုင်လွန်းသည်။ နောက်ထပ်တစ်ယောက် ထပ်ရှာတော့လဲ ပြားပြား ပဲရောက်လာမလား? ချွန်ချွန်များဖြစ်နေမလား? လေးထောင့်များ ဖြစ်မလားနဲ့ ရင်တထိတ်ထိတ်ဖြစ်ရသည်။ အဲဒီလို ပုံသဏ္လာန်တွေပါတဲ့ နာမည်တွေဆိုရင် မြ မှာရင်ခုန်လိုက်ရတာအမော။ တစ်ခုခုတော့ ကမောက်ကမကြုံရဦးမှာပဲဆိုတဲ့ ကြိုတင်စိုးရိမ်စိတ်မျိုးနဲ့ ရင်ခုန်ရတဲ့ အခုန်မျိုးပဲဖြစ်သည်။ ခဲမှန်ဖူးတဲ့ စာသူငယ်ဆိုတော့လဲ မြကတော့ လေးခွမြင်တာနဲ့ အဖျားတက်ရပြီ။ ခုလဲ နောက်တစ်ယောက်ရှာနေတာ ကြာပဲကြာလှပြီ။ မိတ်ဆွေတစ်ယောက်အကူအညီနဲ့ ကောင်မလေးတစ်ယောက်ကို အလုပ်အင်တာဗျူးဖို့ ပြောထားပြီးနှင့်ပြီ။ အသိမိတ်ဆွေရဲ့ အဆက်အသွယ်နဲ့ရမယ့်လူဆိုတော့ နည်းနည်းတော့ စိတ်အေးရပါသည်။ ဒါပေမယ့် မြ ကတော့ ကိုယ့်ကံကြမ္မာကို တင်းပြည့်ကျပ်ပြည့်မယုံနိုင်သေး။ ဒီတစ်ခါတော့ ကံကောင်း ကောင်းပါရဲ့။
မြ တို့လင်မယားမှာက အခါလည်ကျော်ကျော် သမီးကလေးတစ်ယောက်ရှိသည်။ ရေခြားမြေခြား၊ နိုင်ငံရပ်ခြားမှာ အသက်မွေးဝမ်းကျောင်းရတာဆိုတော့ သမီးကလေးနောင်ရေးစိတ်အေးရအောင် လင်ရော၊ မယားရော အလုပ်ထွက်လုပ်ကြရသည်။ အရင်တုန်းကတော့ ဆွေးမျိုးညာတကာများက သမီးကလေးကို ခဏတဖြုတ်လာပြီး စောင့်ရှောက်ပေးပေမယ့် နှစ်ရှည်လများကျတော့ ဆွေမျိုးတွေမှာ သူ့အလုပ်နဲ့သူ၊ သူမိသားစုအရေးနဲ့သူ၊ အချိန်တန်တော့ သူတို့လဲ အိမ်ပြန်ကြရသည်။ နောက်တော့လဲ မြမှာ ယောက်ျားလုပ်သူ ကိုမောင်နဲ့ ရက်ပေါင်းများစွာ ခေါင်းချင်းဆိုင် တိုင်ပင်ပြီး သမီးကလေးကို ထိန်းကျောင်းစောင့်ရှောက်ပေးဖို့နဲ့ မြရဲ့ အိမ်မှုကိစ္စအချို့ကိုကူညီလုပ်ကိုင်ပေးဖို့ အိမ်အကူကောင်မလေးတစ်ယောက်ငှားဖို့ မြတို့နှစ်ယောက်လုံးသဘောတူစွာပဲ ဆုံးဖြတ်လိုက်ကြတော့သည်။ မြ တို့အတွက် တစ်ခြားရွေးခြယ်စရာ နည်းလမ်းမရှိတော့ပြီ။

xxxxx

“ညီမနာမည်ကိုပြောပါဦး”
“ဌေးဌေး လို့ခေါ်ပါတယ်။ ဒါပေမယ့် ထဆင်ထူး နဲ့ ထေးတာနော်အစ်မ”
“ဟေ..အင်း။ ဟုတ်ပါပြီ”
ကောင်မလေးနာမည်က ထဆင်ထူးနဲ့ထေးထေး၊ ထဝမ်းဘဲနဲ့ပဲဌေးဌေး ပုံသဏ္လာန်ပါတဲ့ နာမည်မဟုတ်လေတော့ မြ သက်ပြင်းခိုးချမိသည်။ ထေးထေးက ရခိုင်တိုင်းရင်းသူလေးမို့ စကားပြောတဲ့အခါ တိုင်းရင်းသူသံဝဲလေသည်။
“ကလေးလေးကို ကြည့်ပေးနိုင်ပါ့မလား။ အစ်မတို့ နှစ်ယောက်စလုံးက တနင်္လာနေ့ကနေသောကြာနေ့အထိ ရုံးတက်ရတာဆိုတော့ အိမ်မှာ ထေးထေးနဲ့ ကလေးပဲ ကျန်ခဲ့မှာ။ အိမ်အလုပ်တွေက အရေးမကြီးဘူး။ သမီးလေးကို အစ်မပြောတဲ့အတိုင်း ကိုယ့်ဆွေမျိုးသားရင်းလေးလို သေသေချာချာ ဂရုတစိုက်စောင့်ရှောက်ပေးဖို့ပါပဲ”
“ရပါတယ်အစ်မ။ အရင်အိမ်မှာလုပ်တုန်းကလဲ ကလေးပဲကြည့်ပေးခဲ့ရတာပါ”
“အရင်အိမ်ကနေ နှစ်မစေ့ခင် ဘာလို့အလုပ်ထွက်သွားတာလဲ ပြောပြနိုင်မလား”

ထေးထေးက မဖြေ။ ခဏနှုတ်ဆိတ်နေသည်။ 


“ပြောပြလို့ မရနိုင်တဲ့ အရာမျိုးဆိုရင်လည်း မပြောပဲနေနိုင်ပါတယ်”
“မဟုတ်ပါဘူး အစ်မ။ အရင်အိမ်ကအလုပ်ရှင်က ညီမရဲ့ဆွေမျိုးအိမ်ပါ။ ပြန်ချင်လို့ ပြန်တာပါ”
“သြော်..။ ဒါပေမယ့် အစ်မတို့နဲ့အလုပ်လုပ်မယ်ဆိုရင် အနည်းဆုံးတစ်နှစ်ပြည့်အောင်တော့ လုပ်မှရမယ်နော်။ ဘာလို့လဲဆိုတော့ အရင်ကောင်မလေးတွေတုန်းကလည်း လေးငါးလနေတော့ အိမ်လွမ်းလို့ဆိုပြီး ပြန်ကြတာဆိုတော့ အစ်မတို့မှာ အရမ်းဒုက္ခရောက်ရတယ်။ အားလုံးအစကနေပြန်သင်ပေးရလို့ မောရတာကအကြောင်းမဟုတ်ပါဘူး။ သမီးကလေးအတွက်ပါ။ သူ့ခမျာ တစ်ယောက်ပြီးတစ်ယောက် လက်ပြောင်းပြီး အကြည့်ခံရတာဆိုတော့ မျက်စေ့တွေလည်နေပြီ။ အဲဒါကြောင့်ပါကွယ်။ လုပ်နိုင်ပါ့မလား?”
“ဟုတ်ကဲ့ပါ အစ်မ။ ညီမနားလည်ပါတယ်။ လုပ်ပါ့မယ်လို့ ကတိပေးပါတယ်”

ထေးထေးကို အင်တာဗျူးပြီးနောက်တွင်တော့ မြမှာ စာရွက်စာတမ်းကိစ္စများအတွက် တစ်ယောက်တည်းဗျာများရပါသည်။ ကိုမောင်ကတော့ သူ့အလုပ်တစ်ခုတည်းနှင့်ပင် ရှုပ်လွန်းနေပြီမို့ ထိုကိစ္စများအတွက် ထူးထွေပြီး အကူအညီတောင်းမနေတော့ပဲ မြကိုယ်တိုင်ပင် အစိုးရဝက်ဘ်ဆိုက်ဒ်များတွင် လျှောက်လွှာများတင်ရ၊ အစိုးရရုံးများသို့ လိုသလိုသွားရနှင့် တော်တော်ဒေါင်ချာဆိုင်းသွားရသည်။ အရင်ကောင်မလေးနှစ်ယောက်တုန်းကတော့ အကျိုးဆောင်အကူအညီယူပြီး ခန့်ထားရတာဆိုတော့ အစိုးရရုံးကိစ္စများတွင် အထူးတလည် လိုက်လုပ်ပေးနေစရာမလိုဘဲ သူတို့တောင်းသလောက် အကျိုးဆောင်ခပေးလိုက်ရုံနှင့် ကိစ္စများချောရသည်။ အခုတော့ ကိုယ်ကိုယ်တိုင်လုပ်ရသည့်အခါ တော်တော်မောရပါသည်။ အစိုးရဘက်မှ အိမ်အကူအလုပ်လာလုပ်သူများအတွက် ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို နားလည်အောင်လိုက်ဖတ်ရ၊ အလုပ်ရှင်လုပ်ရမည့် မြတို့လိုလူများအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်းများကို သေချာမှတ်သားရ၊ အလုပ်သမားများအတွက် အသက်အာမခံကြေးနှင့် အလုပ်မလုပ်ချင်၍၊ အလုပ်ရှင်မကောင်း၍ အကြောင်းအမျိုးမျိုးဖြင့် ထွက်ပြေးသည့် အလုပ်သမားများလဲရှိဖူးသည့် အဖြစ်အပျက်များကြောင့် အလုပ်သမားထွက်ပြေးခဲ့လျှင် အလုပ်ရှင်များက အလျော်အစားပြန်ရနိုင်သည့် ဟိုကြေးဒီကြေးများ စသည်တို့ဖြင့် ချာချာလည်အောင် အလုပ်ရှုပ်ရပါသည်။  မြတို့အိမ်သို့ ထေးထေး ရောက်လာတဲ့အခါတွင် သက်ပြင်းမောများချမည်ပြင်ပြီးမှ ထေးထေးအတွက် ဆေးစစ်ပေးရဦးမည်။ အလုပ်သမားကဒ်လျှောက်ပေးရမည်။ အလုပ်သမားကဒ်သွားထုတ်ပေးရဦးမည်။ တသီတတန်းကြီး စဉ်းစားပြီးသည့်အခါမှာတော့ ဟင်းကနဲ လေပူတစ်ချက်သာ မှုတ်ထုတ်လိုက်နိုင်တော့သည်။ 

xxxxx

“ထေးထေး ….”
“ဗျာ….”
“ဟင်..ဘယ်လိုထူးလိုက်တယ် ထေးထေး?”
“ဘုရား လို့ထူးတာပါ အမား…”
“ဟမ်…အောင်မယ်လေး မမထေးထေးရယ် ကျုပ်ကို အဲသလိုမထူးပါနဲ့တော်။ တောင်းပန်ပါရဲ့။ ရိုးရိုးထူးပါအေ”
“ရိုးရိုးထူးတော့ ဘယ်လိုလဲ အမား….”
“ဟင်…အစ်မလို့ ပီအောင်ခေါ်ပါ ထေးထေးရယ်။ အေး.. ရိုးရိုးထူး ဆိုတာ ရှယ်ထူး မဟုတ်တာ သိပလား..”
“မသိဘူး အစ်မ”  ဒီတစ်ခါတော့ အစ်မလို့ ပီအောင်ပြင်ခေါ်ရှာပါသည်။ တော်ပါသေးရဲ့။
“အေးပါဟယ်…မသိရင်မှတ်ထား။ ရိုးရိုးထူးဆိုတာ “ရှင်” လို့ ခေါ်တယ်”
“အာ…အစ်မ ကလည်း…ဟင်းဟင်းဟင်း…”
မြနှင့် ထေးထေး ရဲ့ဇာတ်လမ်းက အဲသည်မှာ စတော့သည်။ ထေးထေးက တစ်ဟင်းဟင်းနှင့် ရယ်နေပေမယ့် မြမှာ မပြုံးနိုင်အားပဲ ဘုရားသာ တမိတော့သည်။ ကိုမောင်ကတော့ မြမျက်နှာကို ပြုံးပြုံးကြီးကြည့်လိုက်၊ ထေးထေးမျက်နှာကို တစ်လှည့်ကြည့်လိုက်နှင့် အဓိပ္ပါယ်ပါပါ ပြုံးနေတော့သည်။

xxxxx

ထေးထေးက အလုပ်တော့ကြိုးစားလုပ်ရှာပါသည်။ အိမ်မှုကိစ္စအချို့နှင့် သမီးကလေး၏တာဝန်များအား စနစ်တကျသင်ပြပေးရသည်။ ပန်းကန်ခွက်ယောက်များကို မြ ကိုယ်တိုင်ဆေးပြရသည်။ ဆေးပြီးသည့်အခါစင်ပေါ်တွင် စီရရီထားပုံသိုပုံများ၊ ကလေးပြုစုနည်းများ၊ နို့ဗူးဖျော်နည်းဆေးနည်းများ၊ အဝတ်လျှော်နည်းလှန်းနည်းများ၊ တံမြက်စည်းလှည်းပုံလှည်းနည်းကအစ ရိုးရှင်းသည့် အချက်အပြုတ်လေးများအဆုံး ကကြီးမှအ အထိစိတ်လက်ရှည်စွာ သင်ကြားပေးရသည်။ ထေးထေးက ဗမာထမင်းဟင်း မချက်တတ်။ ရခိုင်တိုင်းရင်းသားဟင်းများသာ ချက်တတ်သည်။ ထေးထေးတို့ စားနေကျ ရခိုင်ဟင်းတွေကလည်း ရိုးရှင်းသည်။ ငရုတ်သီး၊ မကျည်းသီး၊ မရမ်းသီး နှင့် ငါးပိရှိလျှင် ဟင်းမယ်မယ်ရရ စားလို့ရပြီ။ ဗမာဟင်းတွေလို လုံးချက်ရတာ၊ ဆီကိုမွှေးနေအောင်သတ်ရတာမျိုး မရှိ။ ဆားပြားနယ်ဖတ်ပြီး ခဏပေါင်းထားရတာမျိုးမရှိ။ ဒါပေမယ့် ပထမကောင်မလေး လုံးလုံးအတိုင်းပင် ဘယ်လောက်သင်သင် ထေးထေးမှာ ဟင်းချက်ကောင်းမလာပါ။ ဟင်းလေးတယ်ဆိုလျှင် စားမရအောင် ပေါ့ရွှတ်နေပြီး၊ ပေါ့လွန်း၍ ဆားထည့်မချက်ဘူးလားဆိုလျှင် စားမရအောင် ငန်နေတတ်သည်။ ထို့အတွက်လည်း မြ မှာ စိတ်အနှောင့်အယှက်မဖြစ်ပါ။ ဟင်းကောင်းကြိုက်တတ်သော ကိုမောင့် မျက်စောင်းဒဏ်ကို တော့ မြမှာ ခဏခဏခံရသည်။ ဟင်းကို မင်းပဲ နေ့တိုင်းချက်ပါတော့လားကွာဟု ဆိုလာလျှင် အလုပ်ရှုပ်နေဟန်၊ မကြားဟန်သာ ဆောင်နေလိုက်ရသည်။ မြမှာက ရုံးကပြန်လာလျှင် သမီးကလေးကို လက်ပြောင်းတာဝန်ယူရတာမို့ ဟင်းကို ရုံးပိတ်ရက်များတွင်သာ ကိုမောင့်အကြိုက် ဖွယ်ဖွယ်ရာရာချက်ကျွေးနိုင်သည်။ နေ့တိုင်းတော့ မြကိုယ်တိုင် မီးဖိုချောင်မဝင်နိုင်ပါ။

“သင်ပေးထားတဲ့အထဲမှာ မရှင်းတာရှိရင် အစ်မကိုမေးနော် ဟုတ်ပြီလား။ ဒီအိမ်မှာ ထေးထေးလိုက်နာရမှာက နှစ်ချက်တည်းရယ်။ တစ်ခုက နားထောင်၊ နောက်တစ်ခုက ပြော။ နားထောင်ဆို တာ အစ်မ နဲ့ ညည်းအစ်ကို ပြောထားတဲ့အတိုင်း လုပ်ပေးရုံပဲ။ ပြော ဆိုတာက မရှင်းတာရှိရင်မေး၊ မကျေနပ်တာရှိရင်ပြော၊ အသိပေးစရာရှိတာရှိရင် ပေး။ လုပ်ချင်တာတစ်ခုခုရှိရင် ခွင့်တောင်း ဟုတ်ပြီလား။ အစ်မတို့ကို ကိုယ့်မိသားစုလိုသဘောထား။ ဒီအိမ်မှာ ပျော်သလိုနေ”

ထေးထေးအတွက် လိမ်းစရာ မျက်နှာ နှင့် ကိုယ်လိမ်းခရင်မ်၊ ဆပ်ပြာ၊ မျက်နှာသစ်ဆေး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ မျက်နှာလိမ်းပေါင်ဒါ နှင့် တစ်ခြား တစ်ကိုယ်စာ ပစ္စည်းလေးများ ဝယ်ထားပေတော့ ထေးထေးကပြုံးဖြီးဖြီးလုပ်နေသည်။ 

“ညီမမှာ သနပ်ခါးဗူးတွေပါတယ် အစ်မ”
“ဟေ..ဟုတ်လား” ထေးထေး ထုတ်ပြသော သနပ်ခါးဗူးဆိုတဲ့အရာကို ကြည့်လိုက်တော့ အာချီ မိတ်ကပ်ဗူးနှင့် မျက်နှာလိမ်းပေါင်ဒါများ။
“အဲဒါ သနပ်ခါးမှမဟုတ်တာ ထေးထေးရဲ့”
“ညီမက အဲဒါကို သနပ်ခါးလိုလိမ်းလိုက်တာပဲ ဟင်းဟင်း”
“ဟေ။ ….ထေးထေးက ရခိုင်သူဆိုတော့ ဘယ်နားမှာနေတာလဲ။ ရန်ကုန်မှာလား၊ ရခိုင်ဖက်မှာလား”
“ညီမတို့က ‘စိုက်တွေ’က မဟုတ်ပါဘူးအစ်မ”
“စိုက်တွေဆိုတာ?”
“စိုက်တွေလေ အစ်မရဲ့။ စိုက်တွေ။ ညီမက တောင်ကုတ်က”
“သြော်..အေး…သိပြီ။ စစ်တွေကို ပြောတာလား?”
“အင်း.. ဟုတ်တယ်..အဲဒီ စိုက်တွေကိုပြောတာ”
“ဟုတ်ပါပြီ”  မြ သက်ပြင်းချမိပြန်ပါသည်။ မှားတဲ့အခါလည်း မှားပေမပေါ့ ထေးထေးရယ်။

xxxxx

မြ နှင့် ကိုမောင် စိတ်ပူနေရပါသည်။ သမီးကလေးမှာ အစားလဲ မစားတော့။ ရေပင်မသောက်တော့ပါ။ အဖျားတိုင်းကြည့်တော့ မရှိ။ ခါတိုင်းလို ဆော့ကစားခြင်းလည်းမရှိ။ တစ်ရက်လောက်စောင့်ကြည့်ပြီး ဆရာဝန်သွားပြသောနေ့မှာတော့ သမီးက အဖျားတက်နေပြီ။

“လည်ချောင်းပိုးဝင်တာပါ။ လောလောဆယ်တော့ အဖတ်နဲ့ ရေကိုသောက်ဦးမှာမဟုတ်သေးဘူး။ နို့တိုက်ရင်တော့ သောက်ပါလိမ့်မယ်။ ပိုးသတ်ဆေးနဲ့ အဖျားကျဆေးပေးလိုက်မယ်။ ကလေးရဲ့ အစားအသောက်၊ ရေနဲ့ ကစားစရာပစ္စည်းတွေကို ဂရုတစိုက် သန့်ရှင်းအောင်ထားပါ”
သောက်ရေကိုတော့ တစ်အိမ်သားလုံး ကျိုသောက်တဲ့အတွက် သမီးကလေးရောဂါမှာ သောက်ရေကြောင့် မဖြစ်နိုင်ပါ။ ထေးထေးက လုံးလုံးလိုပင် ဆေးကြောသည့်အခါများတွင် မစင်တတ်။ ခဏခဏပင် ဆေးကြောခြင်းအတတ်ကို ပြန်သင်ပေးရသည်။ အရင်နေ့တွေက ဖိနပ်ကို ခြေနှင့်တစ်ခါတည်းထိုးမစီးဘဲ လက်နှင့်မကိုင်ကာ မြေပြင်တွင်ပြစ်ချစီးပြီးမှ အမှိုက်သွားပြစ်သော ထေးထေးသည် ပြန်ရောက်တဲ့အခါများတိုင်း လက်ဆေးဖို့ပြောရသည်။ လက်မဆေးဘဲ ထမင်းဟင်းချက်ရန် ပြင်နေတတ်တာမို့ အမြဲသတိပေးရသည်။ ရေချိုးဖို့ကိုလည်း အမြဲပြောရသည်။

“ထေးထေး”
“ရှန်..ဆရာ…”
“ရှန် နဲ့ ဆရာ အနောက်ထား။ လူလာဦး”

ကိုမောင် ထေးထေးကို ဆူတော့မည်လား? မြ က ထေးထေးနှင့် ကိုမောင့်ကို ကွန်ပျူတာကိုင်ရင်း ကြည့်နေလိုက်သည်

“အေး..ညည်းကို ညည်းအစ်မ ဝယ်ထားပေးတဲ့ hand sanitizer က အလှကြည့်ဖို့မဟုတ်ဘူးနော်။ ဆေးဖို့ ကြားလား။ မညစ်ပတ်နဲ့။ ခုညည်းညီမလေး ဖျားနေပြီ။ တစ်ခုခုမသန့်လို့ ဖြစ်ရတာ။ တစ်ခါမှဒီလိုမဖြစ်ဖူးဘူး”
“ဟုတ်..ဟုတ်ကဲ့ပါ ဆရာ” ထေးထေးက ကိုမောင့်အား ဘာကြောင့်ရယ်တော့မသိ ဆရာဟုခေါ်သည်။
ကိုမောင့်အသံက ပျော့ပျောင်းပေမယ့် မျက်နှာထားက တည်လွန်းတော့ ထေးထေးမှာ မျက်လုံးလေးကလယ်ကလယ်နှင့် ဟုတ်ကဲ့နေရှာသည်။ ပြီးတော့ ကိုမောင်က မြ ဖက်ကို စောင်းငဲ့ကြည့်ကာ…

“ဟေ့..မြ ရာ။ မင်းနောက်ထပ်တိုင်းရင်းသူ တစ်ယောက်လောက် ထပ်ခန့်ပါဦးလား။ လူမျိုးစုံသွားရအောင်။ ဘယ်လိုလဲ။ ပထမတော့ ချင်းမလေး၊ နောက်တော့ ကရင်၊ ခု ရခိုင်။ နောက်တော့ မွန်တို့၊ ကချင်တို့၊ ရှမ်းတို့များ ခန့်ဦးမလား?”
“ဒီမှာ အလုပ်များနေတယ်နော် ကိုမောင်။ လျှောက်ပြောမနေနဲ့” ကိုမောင်က မြအား အငေါ်ပဲတူးတာလား၊ ရိတိတိပဲပြောတာလား၊ စိတ်ပဲတိုလို့ပဲလားမသိ ထိုစကားကိုပြောလိုက်လျှင် မြ ကပင် ကိုမောင် နဲ့ စကားအခြေအတင်မဖြစ်ခင် အလုပ်ကိုအကြောင်းပြပြီး ကြိုတင် အငေါ်တူးပြစ်လိုက်တော့သည်။

xxxxx

“ဟဲလို…အစ်မ”
“ဟယ်လို…အင်း ပြော ထေးထေး”
“ညနေစာ ဟင်းချက်ဖို့လေ အစ်မ အဲဒါ ချိန်သီး မရှိတော့ဘူး”
“ဘာရယ်..ဘာတုန်း ချိန်သီးဆိုတာ? အဲဒါနဲ့ ညနေစာဟင်း နဲ့ဘာဆိုင်တုန်း ထေးထေးရဲ့”
“ဟိုလေ..အချိန်လေ..အချိန်.. ဟင်းထဲထည့်ချက်တဲ့ အချိန်ကိုပြောတာ”
“ဟင်းးးး” မြမှာ သက်မတစ်ခု ခပ်ပြင်းပြင်းချပြစ်လိုက်သည်။ “မကျည်းနှစ်လား? မကျည်းအချဉ်ကို ပြောတာလား..”
“ဟင်းဟင်း..အဲဒါ..အဲဒါ” ထေးထေးက ကျေနပ်သည့်အသံနှင့် ထောက်ခံကာ တစ်ဆက်တည်း အသံကုန်ဟစ်ကာအော်တော့သည်။ “အမယ်လေး အစ်မရေ…အဝိတ်တွေ၊ အဝိတ်တွေ…”
“အဲ့…လန့်လိုက်တာ ညည်းဟာက ဘာတုန်း…”
“မိုးတွေရွာနေတယ် အစ်မရေ.. အဝိတ်တွေ ရုတ်ဖို့ ခုမှသတိရတယ် ခဏလေး…”

ထေးထေးကပြောပြီး ဖုန်းကို ချက်ချင်းဘေးချကာ ပြေးလေပြီ။ မြ မှာတော့ဖုန်းကိုကိုင်ထားလျက်က ထေးထေးရဲ့ အဝိတ်တွေဆိုတဲ့ အသံက နားထဲ ပဲ့တင်ထပ်နေတုန်း။ အဝတ်တွေကိုပြောတာပဲ နေမှာ။ ကိုယ့်ဘာသာ ဘာသာပြန်လိုက်ရသည်။ ပထမကောင်မလေး လုံးလုံး နှင့်တုန်းကတော့ ချင်းမလေးဆိုပေမယ့် မြန်မာစကားကောင်းကောင်းပြောနိုင်သည်။ အလုပ်လုပ်လျှင် မသေမသပ် ဖြစ်တတ်သည်မှလွဲ၍ ကျန်တာပြောစရာသိပ်မရှိ။ လုံးလုံးအိမ်ပြန်ရသည့် အဓိကအကြောင်းအရင်းမှာ အိမ်ဖော် အလုပ်ကို မလုပ်ချင်ဘဲ လာလုပ်ခြင်းကြောင့်ဖြစ်သည်။ လုံးလုံးတို့ အိမ်က ဆင်းဆင်းရဲရဲအထဲကမဟုတ်။ ကိုယ်ပိုင် အိမ်ဆိုင်ကလေးနှင့် နေနိုင်စားနိုင်သည်။ ဒုတိယကောင်မလေး ဝိုင်းဝိုင်းက ကရင်မလေး။ သူမကလဲ ဆင်းရဲလို့ လာလုပ်ခြင်းမဟုတ်။ ဝိုင်းဝိုင်းက တစ်ခါတရံ လိမ်ပြောတတ်သည်မှလွဲ၍ အဆင်ပြေသည်။ အိမ်ရှင်းတတ်သည်။ ဝိုင်းဝိုင်းမှာ ဆယ်နှစ်ကျော် သားကလေးတစ်ယောက်ရှိသောကြောင့် အိမ်လွမ်းနာဖြစ်ကာ ပြန်ခြင်းဖြစ်သည်။ ဝိုင်းဝိုင်းက ပထမကောင်မလေး လုံးလုံး နှင့် လက်ရှိကောင်မလေး ထေးထေးတို့လို မြ တို့ သမီးလေးနှင့် ပူးပူးကပ်ကပ်မရှိ။ သမီးကလေးကို ဝိုင်းဝိုင်းက မချစ်တတ်ပေ။ အဲဒါတစ်ခုတော့ ထေးထေး က လုံးလုံး နှင့် ဝိုင်းဝိုင်းထက်သာသည်။ ထေးထေးက  သမီးကလေးအား သွေးသားအရင်းအချာ တစ်ယောက်လိုပင် ချစ်ရှာသည်။ 

“ဟူး…အစ်မ..အစ်မ ရှိသေးလား…”
 “အေး…အရှင်လတ်လတ်ကြီးရှိသေးပါ့အေ..ပြော…”
“ကလေးအတွက်လေ အစ်မ၊ ကြိတ်သား ချက်ပေးရမလားလို့”
“ကြိတ်သား?...ညည်းကို အစ်မ နားလည်အောင် လိုက်လုပ်နေရတာ မောတယ်အေ.. ရှင်းရှင်းပြော”
“ကြိတ်သားလေ အစ်မရယ်…ကြိတ်..ကြိတ်..”
“မြတ်စွာဘုရား…ကြက်သား မဟုတ်လားဟယ်? အေး အဲဒိ ကြိတ်သားကိုပဲ ချက်ပေးလိုက်”
“ဟဲဟဲ…အစ်မသိသွားပြီ။ နေဦးအစ်မ မနက်က အစ်မပြောသလို လိုတာတွေ စာရင်းရေးထားတယ်။ မေ့လွန်းလို့။ ရေးထားတဲ့ စာရွက်သွားယူလိုက်ဦးမယ်။

တစ်အောင့်လောက်ကြာတော့ ထေးထေး စာရွက်ယူလာကာ ဆက်ပြောသည်။
“ဆရာစားနေကျ မနေးစာ ကြေးဥ”
“ဟမ်…”
“ကြေးဥလေ အစ်မ..နှစ်ဥပဲကျန်တော့လို့”
“ကြက်ဥလုပ်စမ်းပါ…နှစ်လုံးလုပ်စမ်းပါအေ။ မနက်စာ ကြက်ဥ…ဟုတ်သလား?”
“အင်း။..အဲဒါ။ ..ဝယ်ရမှာ”
“ပြီးတော့ရော…”
“အမေးသား အဝင်း ချက်လိုက်ရမလား”
“ဘယ်က အဝင်းက လာပြီး ဘာချက်ဦးမှာ? ဟင်းးးးး” တော်တော်ကြာစဉ်းစားပြီးမှ ဟမ်ဘာဂါလုပ်စားသည့် အမဲသားအဝိုင်းလေးတွေကို ပြောတာပဲဖြစ်မှာလို့ ကိုယ့်ဘာသာတွေးယူလိုက်ရသည်။
“ဘာလို့လဲ အစ်မ ရုံးမှာ အလုပ်တွေရှုပ်နေလို့လား..ဒါဆိုနောက်မှ ပြန်ဆက်မယ်လေ”
“အမယ်လေး မယ်မင်းကြီးမ ညည်းကိုပြောတာ..မောတယ်ဆိုတာ။ ကျုပ်မှာ ဘာသာပြန်တစ်ယောက်ထပ်ငှားရမလိုဖြစ်နေပြီ။ ဘာသာပြန်နေရတာ မောလွန်းလို့…။ ကဲ..ဆက်ပြော”
“ခုနကပြောတာလေ.. အမေးသား အဝင်း ချက်လိုက်ရမလားလို့…”
“ညည်းရဲ့အဝင်းကို မချက်နဲ့..နေပါဦး…”
“ဒါဆို ဗစွမ်? ဗဇွမ် ချက်မလား အစ်မ”
“ပုစွန် ကိုပြောတာလား?”  တစ်ဖက်မှ ဟုတ် ဖြေသံကြားရသည်။ “အေးအဲဒီ ဗဇွမ် ပဲချက်။ ဒီနေ့ သောကြာနေ့။ မနက်က အစ်မမှာခဲ့တာ မှတ်မိလား?”
“မေ့….မေ့သွားပြီ အစ်မ။ ဘာမှာခဲ့တာလဲ”
“ညည်းကတော့လုပ်ပြီ။ အိပ်ယာခင်း။ ကလေး အိပ်ယာခင်း”
“သြော်…မှတ်မိပြီ အစ်မ။ အစ်မတို့ အခန်းထဲကဟာရော အသိုက်တွေနဲ့ လဲလိုက်ရမလား”
“အသိုက်တွေ? မြတ်စွာဘုရား…ဘယ်က အသိုက်တွေနဲ့ လဲမှာတုန်း?”
“အသိုက်တွေလေ။ မနေ့က အစ်မလျှော်ခိုင်းထားတဲ့ အသိုက်တွေ”

 မြ မှာ ကျုံ့ထားသော မျက်ခုံးနှစ်ခုကို ဖြည်းဖြည်းချင်းလျှော့ချလိုက်သည်။ ဒီနေ့တော့ ထေးထေး စကားကို ဘာသာပြန်ရတာနဲ့တင် အလုပ်ပြီးတော့မှာ မဟုတ်။ လျှော်ထားတဲ့ အိပ်ယာခင်းအသစ်တွေကို ပြောတာများလား?

“အသစ်တွေကို ပြောတာမဟုတ်လား…ဟင်..။ အေး လုပ်ချင်သလိုသာလုပ်တော့ကွယ်”
“ဟုတ်ကဲ့ အစ်မ။ အရေးကြီးတာပြောမလို့ မေ့နေတာ”
“..ပြော”
“သမီးလေးကလေ ရွှေးပျောင်းပျောင်းလေးပဲ ထွက်တယ်။ ရေချိုးပေးလိုက်ရမလား”
“လာပြန်ပြီ၊ ဘာတုန်း ရွှေးပျောင်းပျောင်းဆိုတာ။ ညည်းနဲ့ ကျုပ်နဲ့တော့ ဒုက္ခပါပဲ ထေးထေးရယ်”
“ရွှေးလေ အစ်မရယ်။ ရွှေးပျောင်းပျောင်း ဆိုတာ ရွှေးနည်းနည်းပဲထွက်တာကိုပြောတာ”
“ဟမ်.. ချွေးနည်းနည်းထွက်တာ? အေး…ရေချိုးပေးလိုက်။ ညည်းဗမာစကား ကောင်းကောင်းတတ်တယ် မဟုတ်လား။ နည်းနည်းလို့ ပြောတတ်ရဲ့သားနဲ့ ပျောင်းပျောင်းလို့ မပြောနဲ့လေ။ အစ်မ နားမလည်ဘူး သိလား။ အသံဝဲတာကို ဘာသာပြန်ရတာနဲ့ စကားလုံးအသစ်တွေကို ဘာသာပြန်ရတာနဲ့ ကျုပ်ရူးတော့မှာပဲ အေရယ်”
“ဟုတ်ကဲ့….အဟွတ်..အဟွတ်”
“နေမကောင်းဘူးလား ထေးထေး?”
“ကောင်းပါတယ်အစ်မ။ လည်ချောင်းနည်းနည်းယားတာရယ်၊ နှာခေါင်းထဲက နည်နည်း ဆာနေတာရယ်” ဒီတစ်ခါတော့ နည်းနည်း ဆိုတာကို ပျောင်းပျောင်း လို့ မပြောတော့။ ဒါပေမယ့် နှာခေါင်းထဲက ဆာနေတယ် ဆိုတာဘာပါလိမ့်။ ထေးထေးတို့တော့ လုပ်ချလိုက်ပြန်ပြီ။
“ဆာနေတယ် ဆိုတာ ဘာကိုပြောတာလဲ ပြောဦး”
“ဆာတာလေ။ ဆာတာတာ ဖြစ်နေတာ..သိလား”
“မသိဘူး။ နှာရည်ယိုသလား”
“မယိုတော့ မယိုဘူးအစ်မ။ ရှောက်ရှောက်လေးဖြစ်ပြီး ဆာနေတာ….”
“ဟင်းးးးးးး….ထေးထေးရေ… ကျုပ်အလုပ်ဆက်လုပ်လိုက်ဦးမယ်။ ဒီနေ့တော့ ညည်းပြောချင်တာပြောပြီး လုပ်ချင်သလိုသာလုပ်ပါတော့အေ…နော်”

xxxxx

ထေးထေးသည် လုံးလုံးလိုပင် အလုပ်လုပ်ရာမှာ မသေမသပ်။ ညစ်တီးညစ်ပတ်လုပ်တတ်သည်။ အဲဒါက မြအတွက် ရေးကြီးခွင်ကျယ်လုပ်စရာ ကိစ္စဖြစ်မလာခဲ့။ သန့်သန့်ရှင်းရှင်းလုပ်တတ်အောင် ထပ်ခါတလဲလဲ သင်ပေးရပေမယ့် မြ စိတ်မညစ်။ ဝိုင်းဝိုင်းလို တစ်ခါတရံ လိမ်ပြောတတ်သည်။ ဒါကလဲ အနှောင့်အယှက်မဖြစ်။ ဆူခံရမှာစိုး၍ အသေးအမွှားအမှားများ လိမ်ပြောတာကို ခွင့်လွှတ်နိုင်သည်။ တစ်ခါတရံ ပြောထားတဲ့အတိုင်းမလုပ်ပဲ လုပ်ချင်တာလုပ်တတ်သည်။ ဒါလည်း မြတို့အတွက် ကြီးမားသော ပြဿနာဖြစ်မလာ။ အဓိကအချက်မှာ ထေးထေးရဲ့ဘာသာစကား အသစ်တွေ၊ ခပ်ဝဲဝဲအသံတွေနှင့် နေ့စဉ် နပန်းလုံးရခြင်းသည်ပင် မြအတွက် တော်တော်ပင်ပန်းလွန်းသည်။ ဒါပေမယ့် ကိုမောင်နဲ့မြကတော့ ထေးထေးရဲ့ လုပ်ကိုင်ပြောဆိုတတ်ပုံများနှင့်  ယဉ်ပါးစပြုနေပါပြီ။ အသားကျဖို့ကတော့ အပတ်တကုတ်ကြိုးစားရဦးမည်။ ထေးထေးက သမီးကလေးကိုလည်း ချစ်သည်။ သမီးကလေးကလည်း ထေးထေးနှင့်ဆိုလျှင် မြတို့ မျက်စေ့ရှေ့မှာပင် ခိုးခိုးခစ်ခစ်နှင့် လှည့်ပတ်ကာ ကစားနေတတ်သည်။ 

“အစ်မ ချိန်သီး ကုန်နေပြီ”
“ဘာရယ်”
“ချိန်သီးလေ။ အချိန်” ထေးထေးက နှုတ်ခမ်းကိုလိုတာထက် ပိုထော်ပြီး ပြောလိုက်သည်။
“အေး…ချိန်သီးကုန်ရင် သွားဝယ်။ ရော့။ ချိန်သီးလဲ ဝယ်ခဲ့။ နာရီပါဝယ်လာခဲ့”
“နာရီ???? ဟွန့်…အစ်မကလဲ လာနောက်နေတယ်.. ဟင်းဟင်းးးး”

ထေးထေးကရယ်နိုင်ပေမယ့် မြကတော့ မရယ်မိပါ။ ကိုမောင်က မြ မျက်နှာကို တစ်ချက်လှမ်းကြည့်ကာ ခေါင်းကုတ်ရင်း ပြုံးနေသည်။ စိတ်ရှုပ်လာတော့ နားကြပ်တတ်ကာ သီချင်းနားထောင်ဖို့ပြင်လိုက်သည်။ နားကြပ်က ခလုတ်တစ်ခုကို နှိပ်ချလိုက်တာနဲ့ သီချင်းတစ်ပုဒ် အလိုလျောက် နားထဲစီးဝင်လာသည်။

xxxx နည်းနည်းလေးတော့ လွဲနေမယ်…လွဲလွဲလေးလည်း ကောင်းပါတယ်.. xxxx စိတ်ကျေနပ်ရင်ပြီးတာပဲ…နေတတ်ရင် အေးဆေးလေး
xxxx နည်းနည်းလေးတော့ လွဲနေမယ်…လွဲလွဲလေးလည်းကောင်းပါတယ်.. xxxx စိတ်ကျေနပ်ရင်ပြီးပြီ ကောင်းသားပဲ…လိုအပ်ရင်ရူးလိုက်ဦး xxxx
“ဟွန့်… လူကိုလာနောက်နေတယ်….ကိုငှက်ကတော့…” ကိုငှက်လို့ အများကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်  ထူးအိမ်သင် ကို မဆီမဆိုင် စိတ်ထဲမှပင် မကျေမချမ်း ရေရွတ်လိုက်မိသည်။ ကိုမောင်က မြကို မျက်မှောင်ကျုံ့ရင်း စူးစမ်းသလို လှမ်းကြည့်နေသည်။ မြ ပြုံးလိုက်မိသည် ထင်ပါသည်။

xxxxx
xxxxx 


ဘောင်ထဲကထွက်ရေးရတာ တစ်ခါတစ်ခါပျော်စရာကောင်းတယ်။ တကယ်တော့ အပျော်ပါး))
အားလုံးပဲ ပျော်ရွှင်ပါစေ။

မေတ္တာအားဖြင့်
မိုးပန်းချီ 

26 comments:

  1. ရင်ထဲရှိရာပြောရရင် ကြိုက်တယ်။
    အမြန်ဖတ်သွားရလို့။ ပြန်လာဖတ်ဦးမယ်။

    ReplyDelete
    Replies
    1. ကျေးဇူးအစ်မဖြိုးး) “အေးရိပ်” အဆက်လေးမျှော်နေတယ်း))

      Delete
  2. ဘာဖြစ်မလဲ ဆိုပြီး မောမောနဲ့ ဖတ်လာပြီးမှ ...

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
    Replies
    1. မိုးနတ်ကြယ်စင် >>>း))

      ဆောင်းနှင်းရွက် >>>းD

      Delete
  3. ဖတ်ရင်း အူတက်အောင် ရယ်သွားတယ်...
    ညနေကျရင် ချိန်သီး သွားဝယ်ရင်း တခါတည်း အ၀ိတ် အသိုက်တွေပါ ၀ယ်လာခဲ့မယ်နော်...
    ကြိတ်သားဟင်းကိုတော့ မနေးစာ ချက်မှာပေါ့... ဟီဟိ

    ReplyDelete
    Replies
    1. ကိုယ့်ဘာသာ ရေးတုန်းကတော့ ခပ်တည်တည်ပဲ (အဟိ) အစ်မကောမန့်ဖတ်ပြီးတော့မှ အူတက်အောင်ရယ်မိတော့တာ…း))))) ပြောလည်းပြောတတ်းD

      Delete
  4. အလွဲလေးတွေကြောင့် ကာယကံရှင်က စိတ်အနှောင့်အယှက်ဖြစ်ရပေမယ့် စာဖတ်သူတွေကတော့ သဘောတကျကျနဲ့ ပြုံးသွားမိတာ။း)ဖတ်ပြီး ပြုံးပျော်ရပါတယ် ညီမပန်းချီ။း))

    ReplyDelete
    Replies
    1. မဇွန် သဘောတကျဖတ်သွားတဲ့အတွက် ညီမကလဲ ကျေးဇူးတင်ပါတယ် မရေး))

      Delete
  5. အစ်မရေ ဖတ်ရတာ နူးနူးညံ့ညံ့လေးနဲ့ ချစ်စရာလေး။ တိုင်းရင်းသူလေးတွေရဲ့ စကားဝဲတာလေးတွေက ရယ်ချင်စရာလေး။ ဖတ်ရတာ တကယ်ကြည်နူးမိပါတယ်။ ဘောင်ထဲမှာနေရတာ မကောင်းဘူးအစ်မ။ထွက်သာထွက်။

    ReplyDelete
    Replies
    1. ထွက်ပြီ။ ထွက်ပြီ။ ညီမလေး.. ဘောင်ထဲကပြောပါတယ်း)) တိုင်းရင်းသူအသံလေးတွေ တကယ်တော့ ချစ်စရာလေးပါ ကိုယ်ကသာနားမလည်တားD

      Delete
  6. ရခိုင်(တိုင်း၇င်းသူ)တယောက်နဲ့ တွေ့ပြီး အလွဲလေးတွေက ကြည်နူးဖို့ကောင်းပါတယ်
    ဖတ်ရင်းနဲ့ပြုံးမိတယ်

    ReplyDelete
    Replies
    1. ခုထိသိပ်နားမလည်သေးဘူး အစ်မစံပယ်ချိုရေ…း))

      Delete
  7. နေမကောင်းလို့ မပြုံးနိုင်တာကြာပြီ ခုမှပဲရယ်ဖြစ်တော့တယ်..။ ညီမလဲ စိုက်တွေကပါ..။ ဖျားပြီးကေ နှာခေါင်းချောက်ချောက်ပြီးဆာနေလို့း) ဘာသာပြန်ဖို့လိုရင်ပြောနော်အမ

    ReplyDelete
    Replies
    1. :D ညီမလေး ဆုမြတ်က ရခိုင်မလေးလား? အဲလိုစကားဝဲရင် နားလည်ရခက်ပေမယ့် ချစ်စရာကောင်းတယ်း)

      Delete
  8. ဟားဟား..အမ ပို့ စ်ပြီး ရယ်လိုက်ရတာ..လွဲလွဲလေးလည်း ကောင်းပါတယ်..း)

    ReplyDelete
    Replies
    1. အပျော်ပါ ညီမလေး စန်းထွန်း။ လိုအပ်ရင် ရူးလိုက်ဦးဆိုပဲး))

      Delete
  9. အစ်မကြီးရဲ့ ပိုစ့်ကိုဖတ်ရတော့ ရခိုင်က ကျွန်တော့်သူငယ်ချင်းကို သတိရမိသွားတယ်
    ဟုတ်ပါ့ အစ်မ ရေးထားတဲ့ အတိုင်းပဲ ရယ်လိုက်ရတာလည်း အူကိုနာလို့ ။

    အနေကြာလာတဲ့အခါ နားလည်သွားမှာပါ။

    ReplyDelete
    Replies
    1. အဟုတ်ပဲ။ ရယ်စရာကောင်းသလို ချစ်စရာလည်းကောင်းကြပါရဲ့ ကိုမင်းဧရား) ကျေးဇူး။

      Delete
  10. ညီအစ်မနှစ်ယောက်စလုံး စာရေးကောင်းတယ်။
    တစ်နေ့လုံးအလုပ်တွေနဲ့စိတ်တွေမွမ်းကြပ်နေခဲ့တာ
    အခုမှပွင့်သွားတော့တယ် မိုးရေ။ အသက်တစ်ရက်ရှည်သွားပြီး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. :)) ကျေးဇူးအများကြီးတင်ပါတယ် တီရေး)) တီတင့်လဲ အေးငြိမ်းချမ်းမြေ့ပါစေ။

      Delete
  11. ဘာပြောရမှန်းတောင်မသိတော့ဘူး
    အူကိုတက်ရော..အစ်မရယ်း))

    အမီးက ဒီဘလော့ကိုအခုမှပထမဆုံး လာလည်ဖြစ်တာပါ :D

    ReplyDelete
    Replies
    1. ပထမဆုံးအကြိမ် စာလာဖတ်သွားတဲ့ အမီး anonymous ကို ကျေးဇူးတင်ပါတယ် :))

      Delete
  12. ညီမရေ...
    အစ်မလည်း စိတ်ထဲက ရှောက်ရှောက်ကလေးဖြစ်ပြီး ဆာနေတယ်.. ဟိဟိ..
    ရယ်လိုက်ရတာ..ဟယ်..
    ဒီနေ့အစ်မသက်ဝေရယ်.. အစ်မဆွိရယ်.. ညီမရယ်..
    အစ်မ.. စာတွေ ဖတ်ပြီးရယ်မိတာ စိတ်တောင်အတော်ပေါ့ပါးသွားရတယ်..

    ReplyDelete
    Replies
    1. အစ်မမြသွေးရေ…ညီမစာဖတ်ပြီး စိတ်ပေါ့ပါးသွားရတယ်ဆိုလို့ ကျေးဇူးအများကြီးတင်ပါတယ်း)
      ချစ်တဲ့…

      Delete
  13. ဖတ်ပြီးသားပေမယ့် ပြန် ဖတ်ရင်းနဲ့ ရယ်တာ ရယ်တာဆိုတာလေ... နောက်ထပ်အဲ့လိုမျိုးတွေ ရေးပါဦး ညီမရယ်... :D :D :D

    ReplyDelete

ရင်ထဲရှိတာပြော..း)